လူအုပ်ထဲတွင် တစ်စုံတစ်ယောက်ကို လင်းရှောင်မြင်လိုက်မိသည်။ ၎င်းက မိန်းမမြင်သည်နှင့် ငမ်းငမ်းတက်ဖြစ်နေတတ်သော အိမ်ရှေ့စံမင်းသား ဖူရှန့်ကျွင်းဖြစ်သည်။ ဖူယွီကျွင်း၏ စကားများက မှန်ကန်သည့်ပုံပင်။ ဖူရှန့်ကျွင်းက မိုရွှီ၏ဆွဲဆောင်မှုတွင် နစ်မြောသွားပုံ မပေါ်ပေ။ မိုရွှီက သူ့နောက်သို့ လိုက်လာခဲ့ပြီးဖြစ်သော်လည်း ထိုလူက ဤနေရာကိုရောက်လာပြီး အကဖျော်ဖြေမှုကို လာကြည့်ချင်စိတ် ရှိနေသေးသည်။
မိုရွှီက ဤမင်းသားကို အသုံးချမည်ကို စိုးရိမ်စရာမလိုတော့သည့်ပုံပင်။ အိမ်ရှေ့စံမင်းသားက မူလတည်းက မိုရွှီ့ကို အလေးအနက်သဘောကျခဲ့သည် မဟုတ်ပေ။
ဒါဆိုရင် ...
လင်းရှောင် သံသယမကင်းစွာဖြင့် မျက်တောင်က်ို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ဒီအကမယ်လေးက ပိုပြီးကလေလေ ပိုပြီးအသက်ဝင်လာလေ ပါပဲလား ... ဘာလို့ အဲ့လိုထင်ရပါလိမ့် ...
သူမ၏ ပုံပန်းသွင်ပြင်မှ ရမ္မက်များပြည့်နေသည့် ခံစားချက်က ပို၍ကြီးထွားလာနေသော်လည်း သူမ မျက်လုံးများမှ သိမ်မွေ့မှုက ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းသွားသည်ဟုပင်ထင်ရသည်။ သူမပါးပြင်ပေါ်မှ ရဲတွတ်နေသည်ကို မျက်နှာချေမှုန့်ဖြင့်ပင် ကွယ်ဝှက်ထား၍မရပေ။
ဒါ ခုနက အကနဲ့ လုံးဝကွဲပြားသွားတာပဲ ...
လင်းရှောင် မျက်ခုံးများတွန့်ချိုးလျက် အကမယ်လေးကို စူးစမ်းနေမိသည်။ သူမ အကြည့်ကနေရာပြောင်းသွားတိုင်း သူသည်လည်း ထိုနေရာကိုလိုက်၍ ကြည့်နေမိသည်။
ရုတ်တရက် နက်မှောင်နေသော မျက်ဝန်းတစ်စုံဆီသို့ လင်းရှောင် အကြည့်ရောက်သွားသည့်အခါ လန့်သွားမိသည်။ ထိုအကမယ်လေးကြည့်နေသည်မှာ သူတို့နှင့် မျက်နှာချင်းဆိုင်မှ သီးသန်းအခန်းဖြစ်သည်။ ထိုနေရာတွင် ထိုင်နေသူက အနက်ရောင်ပေါ်တွင် ရွှေရောင်ပန်းပွင့်များ ထိုးထားသည့်ဝတ်စုံကိုဝတ်ဆင်ထားကာ ချောမောခံ့ညားသော်လည်း တောင့်တင်းသောခန္ဓာကိုယ်ရှိသူတစ်ယောက်ဖြစ်သည်။ ၎င်းက မူတိုင်းပြည်ဧကရာဇ် မူချုံးယွမ်ဖြစ်သည်။
လင်းရှောင် အံ့အားသင့်ပြီး မျက်လုံးများပြူးကျယ်သွားသည်။ မယုံနိုင်စရာမြင်ကွင်းကြောင့် မတ်တပ်ရပ်လိုက်မိပြီး မူဧကရာဇ်ကို ကြောင်အစွာစိုက်ကြည့်နေမိသည်။
လင်းရှောင်၏ ရုတ်တရက် လှုပ်ရှားလိုက်မှုကြောင့် ဖူယွီယွင်းပင် ထိတ်လန့်သွားသည်။
လင်းရှောင် စိတ်နှင့်လူနှင့်ပြန်ကပ်သွားပြီး မျက်လုံးများ မှိတ်လိုက်ပြီးနောက် ထိုနေရာကိုပြန်ကြည့်လိုက်သည်။ ၎င်းက အမှန်ဖြစ်မဖြစ် ဒုတိယအကြိမ်ကြည့်ပြီး အတည်ပြုချင်နေသည်။
သို့သော် သူပြန်ကြည့်လိုက်သည့်အခါ ထိုနေရာတွင် မည်သူမျှ မရှိတော့ပေ။
စိတ်ထင်တာများလား ...
လင်းရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။
လင်းရှောင် ထူးဆန်းနေသည်ဟုထင်၍ ဖူယွီကျွင်းလည်း မနေနိုင်ပဲ သူကြည့်နေသည့်နေရာကို လိုက်ကြည့်မိသည်။ လင်းရှောင်ကြည့်နေသည့်နေရာတွင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို မတွေ့ရသောအခါ မနေနိုင်တော့ပဲ ရယ်လိုက်မိသည်။
" အစေခံလေး မင်းဘာလို့ ရုတ်တရက်ကြီးကြောက်သွားတာလဲ ... ဘာဖြစ်လို့လဲ ..."
လင်းရှောင် အသိစိတ်ပြန်ဝင်သွားပြီး ဖူယွီကျွင်းကိုကြည့်လိုက်မိသော်လည်း ဘာမှမပြောမိရန် သူ့ကိုယ်သူ တားမြစ်လိုက်သည်။ နောက်ဆုံးတွင် ခဏတာတွေးလိုက်ပြီးနောက် တိတ်တဆိတ်ဖြင့် ခေါင်းခါလိုက်သည်။
သူ ရှင်းလင်းစွာ မမြင်လိုက်ရသည့်အရာကို မပြောခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။
ထိုအတွေးဖြင့် ခေါင်းစဉ်ပြောင်းပြောလိုက်သည်။
" အရှင့်သားပြောတော့ အိမ်ရှေ့စံမင်းသားက ဒီအကမယ်လေးကို လိုချင်နေတာကြာပြီဆို ဘာလို့ သူဒီလောက်တည်ငြိမ်နေနိုင်ရတာလဲ ..."
လင်းရှောင်၏အမြင်အရ အိမ်ရှေ့စံမင်းသားမှာ တခြားလူများ၏ အလိုဆန္ဒကို လေးစားမည့်လူမျိုး မဟုတ်ပေ။
ထိုစကားကို ကြားသည့်အခါ ဖူယွီကျွင်းက ရယ်လိုက်သည်။
" မင်းက ဒီစားသောက်ဆိုင်ရဲ့ ထူးခြားချက်အကြောင်း မသိဘူးပဲ ... ဒီစားသောက်ဆိုင်က သီချင်းဆိုတဲ့လူတွေနဲ့ အကမယ်တွေက သူတို့အရည်အချင်းတွေကိုပဲ ရောင်းစားကြတာ ခန္ဓာကိုယ်မပါဘူး ... ဒီဆိုင်ပိုင်ရှင်က ကျန်းဟူမှာ နာမည်ကြီးတဲ့လူလို့ပြောကြတယ် ... မင်းမှုထမ်းတွေကို ဆန့်ကျင်ရမှာလည်းမကြောက်ဘူး ...အဲ့ဒါကြောင့် တစ်ယောက်ယောက်ကိုလည်း ကျေးဇူးကြွေးတင်မခံဘူး ..."
" အိမ်ရှေ့စံမင်းသား ဖြစ်နေရင်တောင်မှလား ..."
" အစ်ကိုတော်ဖြစ်နေရင်တောင် မရဘူး ..."
" ဟား ..."
အခြေအမြစ်မရှိဟု တွေးမိသွား၍ လင်းရှောင်ရယ်လိုက်မိသည်။
" ဒီနေရာက အရှင့်သားရဲ့ ရှောင်တိုင်းပြည်လေ ... တစ်တိုင်းပြည်လုံးကို တော်ဝင်မိသားစုက ပိုင်တာပဲ ... မမျှော်လင့်ထားပဲ စားသောက်ဆိုင်လေးတစ်ခုကို တော်ဝင်မိသားစုက ဝယ်လို့မရဘူးပေါ့ ..."
" ဒီစားသောက်ဆိုင်တည်ရှိမှုကို ကန့်သတ်ထားလို့ရသေးတယ်မလား ..."
လင်းရှောင် သံသယဝင်နေသည်။
ဖူယွီကျွင်းက သက်ပြင်းချလိုက်သည်။
" ဒီစားသောက်ဆိုင်က ရတဲ့ ဝင်ငွေတစ်ဝက်က တိုင်းပြည်ကို အခွန်ဆောင်ရတာ ... အရင်တုန်းကဆိုရင် ရှောင်တိုင်းပြည်က ငွေကြေးအင်အားချို့တဲ့တယ် ဒါပေမဲ့ ဒီစားသောက်ဆိုင်က ငွေအများကြီးရှာပေးခဲ့တာ ... အဲ့ဒါကြောင့် ဒီစားသောက်ဆိုင်ရဲ့ပိုင်ရှင်ကို တော်ဝင်မိသားစုက အတော်လေးကို လေးစားရတယ် ... ခမည်းတော်ကိုယ်တိုင်ကလည်း ဒီစားသောက်ဆိုင်ကို ပိတ်ပစ်ဖို့တွန့်ဆုတ်နေတယ် ... အဲ့အပြင် အစ်ကိုတော်က ဒီနေရာကို ခဏခဏလာနေတာကိုလည်း မကြိုက်ဘူး ..."
" အခုကိစ္စကိုလည်း ခမည်းတော်သိသွားမှာကို အစ်ကိုတော်က စိုးရိမ်နေရတယ် ..."
ဖူယွီကျွင်းက ဤစာကြောင်းကို နောက်ဆုံးမှပြောလိုက်သည်။
" ဒါဆိုရင် ဒီစားသောက်ဆိုင်က တစ်ခုခုပဲပေါ့ ..."
လင်းရှောင် နောက်ဆုံးတွင် သဘောပေါက်သွားသည်။
ဖူယွီကျွင်း ခေါင်းငြိမ့်ပြလိုက်သည်။
လင်းရှောင်က ထပ်မေးလိုက်သည်။
" ဒါဆိုရင် ဒီကိစ္စအပေါ် အရှင့်သားရဲ့အမြင်ကရော ..."
ဖူယွီကျွင်းက အပြုံးမမည်သော အပြုံးတစ်ခုပြုံးလိုက်ပြီး လင်းရှောင်ကို ပြန်မဖြေပေ။ လင်းရှောင်က ဖူယွီကျွင်း၏အတွေးများကို ရှင်းရှင်းလင်းလင်းသိသွားသည်။ ထိန်းချုပ်မရနိုင်သော အရာများက စိတ်မသက်မသာဖြစ်စေသည်။ ထို့ကြောင့် ဖူယွီကျွင်းက ဤစားသောက်ဆိုင်၏သမိုင်းကို စုံစမ်းစစ်ဆေးနေခြင်းဖြစ်လိမ့်မည်။
သူ သိချင်စိတ်ပေါ်လာ၍ ဖူယွီကျွင်းကို မေးလိုက်သည်။
" ဒါဆိုရင် အရှင့်သား ဒီဆိုင်အကြောင်း ဘာသိထားလဲ ..."
ဖူယွီကျွင်းက ရှက်ရွံ့သွားဟန်ဖြင့် ခေါင်းခါပြီး ဝိုင်ကိုသောက်လိုက်ပြီးနောက် ဖြေလိုက်သည်။
" ငါ သိထားတဲ့ တစ်ခုတည်းသောအရာက သူတို့ကရှောင်တိုင်းပြည်က မဟုတ်ဘူးဆိုတာပဲ ... အဲ့ကိစ္စအတွက်လည်း သက်သေပြစရာမရှိသေးဘူး ..."
“……” လင်းရှောင် တိတ်ဆိတ်သွားသည်။
သူတို့ တကယ်ကို ဘာမှမသိတာပဲ ...
ဤစားသောက်က ရှောင်တိုင်းပြည်အတွက် မဟာအန္တရာယ်ကြီးတစ်ခုဟု ခံစားမိလာသည်။ ထိုသို့တွေးမိသော်လည်း ခေါင်းခါလိုက်ပြီး အလိုလိုသိစိတ်မှ နက်နက်နဲနဲမတွေးတောရန် သတိပေးနေသည်။ သူ အကြောင်းအရာပြောင်းလိုက်သည်။
" ဒါဆိုရင် ဒီကို ဘာလုပ်ဖို့လာတာပါလဲ ... လုပ်စရာကိစ္စရှိသေးလို့လား ..."
" ကိစ္စတစ်ခုကို အတည်ပြုဖို့လေ ..."
လင်းရှောင် ချင့်ချိန်တွေးလိုက်ပြီးနောက် အောက်ထပ်တွင် ဖျော်ဖြေမှုကို ကြည့်နေသည့် အိမ်ရှေ့စံမင်းသား ဖူရှန့်ကျွင်းကိုကြည့်ကာ ဆက်စပ်မိသွားသည်။
" အိမ်ရှေ့စံမင်းသားက နာမည်ကြီးအကမယ်လေးရဲ့ ဖျော်ဖြေမှုကို လာကြည့်မကြည့် သေချာအောင်လို့တော့ ကျွန်တော်မျိုးကို မပြောနဲ့နော် ..."
ဖူယွီကျွင်း ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
" သူလာပြီဆိုရင် ကိစ္စနှစ်ခုကို သက်သေပြပြီးသားဖြစ်သွားပြီ ... ပထမတစ်ခုက သူ မိုရွှီ့ကို ရင်ထဲမရှိဘူး ... သူမက ကစားစရာသက်သက်ပဲ ... ဒုတိယတစ်ချက်ကတော့ မိုရွှီ အဆိပ်မိနေတယ်ဆိုတာကို သူမသိသေးလောက်ဘူး ... မဟုတ်ရင် သူမက ကစားစရာပဲဆိုရင်တောင် အဆိပ်ခတ်ခံရတာကိုသိသိကြီးနဲ့ အကြင်နာမမဲ့လောက်ဘူး ..."
" တခြားတစ်ခု ရှိသေးတယ် ... "
လင်းရှောင်ဆက်ပြောလိုက်သည်။
" မိုရွှီက ထွက်ပြေးသွားပေမယ့် အိမ်ရှေ့စံရဲ့အိမ်တော်ကို မသွားခဲ့ရင်ရော ..."
ယခုလေးတင် မြင်လိုက်ရသည့် မူဧကရာဇ်ကိုတွေးမိပြီး သူ၏နှလုံးသားထဲတွင် မသက်မသာဖြစ်လာသည်။
ဖူယွီကျွင်း မျက်ခုံးပင့်ပြီး လင်းရှောင်ကို သင်္ကာမကင်းဖြင့် ကြည့်နေသည်။
ဒီအစေခံငယ်လေးက သူနဲ့အတွေးတူနေတာပဲ ... မိုရွှီက ရှောင်တိုင်းပြည်ကို မမှီခိုလောက်ဘူးလို့ သူတို့နှစ်ယောက်လုံး ထင်နေကြတယ် ... ဖူရှန့်ကျွင်းဆီကလွဲရင် သူမက သွားစရာနေရာမရှိဘူး ... ဒါဆိုရင် အစေခံငယ်လေးက ဒီဖြစ်နိုင်ချေကို ဘာလို့ထပ်တိုးပြီး ပြောလိုက်တာလဲ ...
ဖူယွီကျွင်းက ထိုသို့တွေးမိပြီး မေးမည်အပြုတွင် ပထမထပ်မှ ဆူညံသံများထွက်ပေါ်လာသည်။
လင်းရှောင် အောက်ငုံ့ကြည့်လိုက်သည့်အခါ ဖူရှန့်ကျွင်းက အကမယ်ဟုန်ယဲ့ကို ဆွဲခေါ်နေသည်ကို အံ့ဩစွာတွေ့လိုက်ရသည်။ ဖူယွီကျွင်းနှင့်လင်းရှောင်တို့ အကြည့်ချင်းဖလှယ်ကြပြီး အောက်ထပ်ကို ပြိုင်တူဆင်းသွားကြသည်။
" ဟုန်ယဲ့ ငါနဲ့ပဲလိုက်နေပါလား ... ငါမင်းနောက်ကိုလိုက်နေတာ သုံးနှစ်လောက်ရှိပြီ ... ဒီမင်းသားက ဘယ်သူ့နောက်ကိုမှ သုံးနှစ်တောင် မလိုက်ဖူဘူးနော် မင်းက ပထမဆုံးပဲ ..."
သူတို့အောက်ထပ်ကိုရောက်သည့်အခါ ဖူရှန့်ကျွင်း၏ စိတ်ကြီးဝင်နေသည့်စကားများကို ကြားလိုက်ရသည်။
ဟုတ်ယဲ့က ပုံမှန်သာနေသည်။ ဖူရှန့်ကျွင်းကို သူမဆက်ဆံသည့်ပုံက ခယနေခြင်းမဟုတ်သော်လည်း အလွန်အမင်းကြောက်ရွံ့နေသည်မဟုတ်ပေ။ သူမက လှပစွာ အရိုအသေပြုလိုက်ပြီး သူ့ကိုငြင်းဆိုလိုက်သည်။
" မင်းသားရဲ့ နက်ရှိုင်းတဲ့အချစ်အတွက် ကျွန်တော်မျိုးမ အကြွေးတင်မိနေပါပြီ ... ဒါပေမဲ့ ဟုန်ယဲ့က မင်းသားနဲ့ထပ်တူမခံစားရပါဘူး ..."
သူမစကားများကြောင့် ဖူရှန့်ကျွင်း၏ မျက်နှာက အေးစက်သွားသည်။ စိတ်အလိုမကျစွာဖြင့် မျက်လုံးများမှေးကျဉ်းလိုက်ပြီး သူ့ရှေ့မှမိန်းကလေးကို အေးစက်စွာပြုံးပြလိုက်သည်။
" ဟုန်ယဲ့ ... ငါမင်းကိုမျက်နှာသာပေးနေတုန်း အရှက်မဲ့မနေနဲ့ ... ငါ့သည်းခံမှုက ကန့်သတ်ချက်ရှိတယ် ... သုံးနှစ်ဆိုတဲ့အချိန်က ကန့်သတ်ချက်တစ်ခုဖြစ်နေပြီးပြီ ငါပြောချင်တာကို သဘောပေါက်တယ်မလား ..."
ဖူရှန့်ကျွင်းထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားမိသဖြင့် ဟုန်ယဲ့ထိတ်လန့်သွားပြီး နောက်ကိုအနည်းငယ်ဆုတ်လိုက်သည်။
ဟုန်ယဲ့က နောက်ကိုကပ်သွားသဖြင့် ဖူရှန့်ယွင်းက ပို၍ဒေါသထွက်လာတာ သူမအနားကို တဖြည်းဖြည်းတိုးလာသည်။
" ဟုန်ယဲ့ သေချာစဉ်းစားစမ်းပါ ... ငါက ရှောင်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားဖြစ်နေဆဲပဲနော် ... မင်းကို သနားကြင်နာပီ့း ပြင်ဆင်ဖို့သုံးနှစ်တောင်စောင့်ပေးခဲ့တာကို မင်းကငါ့ကိုငြင်းပယ်တယ်ပေါ့ ... ဆီလျော်မှုမရှိလိုက်တာ ..."
ထိုစကားများကြောင့် ဟုန်ယဲ့ နှုတ်ခမ်းများကိုက်ထားမိသည်။ ထိုအချောအလှလေးက နှုတ်ခမ်းကိုက်ထားသဖြင့် ဒေါသထွက်နေသည်ကို သိနိုင်သော်လည်း တင့်တယ်နေဆဲပင်ဖြစ်သည်။ ထိုမြင်ကွင်းကို ဖူရှန့်ကျွင်းက လောဘတကြီးကြည့်နေပြီး ဟုန်ယဲ့ကိုပိုင်ဆိုင်ရန် ဆုံးဖြတ်ချက်က ပြင်းထန်လာသည်။
ဟုန်ယဲ့က မျက်ခုံးများတွန့်ချိုးလျက် ကြာမြှင့်စွာတွေးပြီးနောက် တုံ့ပြန်လိုက်သည်။
" အရှင့်သား စနောက်နေတာပဲဖြစ်မယ် ... ဟုန်ယဲ့က အစတည်းက အရှင့်သားနဲ့ ကိစ္စတစ်ခုကိုမှ သဘောမတူထားခဲ့ပါဘူး ... ဟုန်ယဲ့ကို ပြင်ဆင်ဖို့ အချိန်ပေးခဲ့တယ်ဆိုတာ ဘာသဘောပါလဲ ...ရှောင်တိုင်းပြည်က အိမ်ရှေ့စံမင်းသားရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိပါဘူး ... အိမ်ရှေ့စံမင်းသားအထက်မှာ ဧကရာဇ်ရှိသေးတယ် ... ပြီးတော့ မင်းသားဒီလိုလျှောက်ပြီး ထင်ရာစိုင်းနေတာကို ဧကရာဇ်က မုန်းတီးပါတယ် ... သေချာစဉ်းစားရမယ့်လူက ဟုန်ယဲ့မဟုတ်ပဲ အိမ်ရှေ့စံမင်းသားပါ ..."
အရမ်း သတ္တိရှိတာပဲ ...
လင်းရှောင် လူအုပ်ထဲမှ ကြည့်နေလျက် မျက်ခုံးပင့်လိုက်မိသည်။
သူမက ဖူရှန့်ကျွင်းကို ပွင့်ပွင့်လင်းလင်း ငြင်းရုံမကဘူး ... ရှောင်တိုင်းပြည်ဧကရာဇ်က်ိုပါသုံးပြီး အိမ်ရှေ့စံမင်းသားကို ဖိအားပေးလိုက်သေးတယ် ... ဒီ ဟုန်ယဲ့ဆိုတဲ့တစ်ယောက်က သာမန်တော့မဟုတ်ဘူး ...
ရှောင်တိုင်းပြည်ဧကရာဇ်က မင်းသားက ဒီလိုလျှောက်ပြီးထင်ရာစိုင်းနေတာကို မကြိုက်တာ လူအများက သိတဲ့ကိစ္စဆိုပေမယ့် အိမ်ရှေ့စံရှေ့ကို မျက်နှာချင်းဆိုင်ပြီး ပြောရဲတာတော့ ဟုန်ယဲ့တစ်ယောက်ပဲ ရှိမယ်ထင်တယ် ...
သို့ရာတွင် ထိုသို့ဖြစ်နေသော်လည်း ဖူရှန့်ကျွင်းက စင်မြင့်ပေါ်မှ ဆင်းမလာသေးပေ။
လင်းရှောင် ထင်သည့်အတိုင်းပင် ဖူရှန့်ကျွင်းက ထိုနေရာတွင် ဒေါသပေါက်ကွဲနေပြီဖြစ်သည်။
သူ၏ မျက်နှာက အလွန်အမင်းနီရဲနေကာ မျက်လုံးထဲတွင် ရက်စက်မှုများဖြင့် ပြည့်နေသည်။
" မင်းက အကမယ့်အဆင့်ပဲရှိပြီးတော့ ခမည်းတော်ကိုအကြောင်းပြပြီး ငါ့ကိုခြိမ်းခြောက်ရဲတယ်ပေါ့ ... ဒီမင်းသားက မင်းကို နူးနူးညံ့ညံ့ဆက်ဆံပြီး အခွင့်အရေးပေးတာတာကို မင်းက အထင်လွဲနေပုံပဲ ... ဒါဆိုရင်တော့ ဒီမင်းသားကို မကြင်နာလို့ဆိုပြီး အပြစ်မပြောနဲ့တော့ ... လာကြစမ်း သူ့ကိုဖမ်းလိုက်ကြ ..."
အမိန့်ပေးလိုက်သည်နှင့် ဖူရှန့်ကျွင်းခေါ်လာသည့် အစောင့်အားလုံးက ဟုန်ယဲ့ထံသို့ချဉ်းကပ်လာကြသည်။
ဟုန်ယဲ့က တဖြည်းဖြည်း နောက်ဆုတ်နေသည်။ လက်နက်ကိုင်ဆောင်ထားသော အစောင့်များပေါ်လာသည်နှင့် စောင့်ကြည့်နေသောလူအုပ်ကြီးက ပြန့်ကျဲသွားသည်။ နွေဦးမျှော်လင့်ချက်စားသောက်ဆိုင်ထဲမှ သက်ဝင်လှုပ်ရှားမှုက ပျောက်ကွယ်သွားပြီး လူအနည်းငယ်သာ ကျန်ရှိတော့သည်။
သူတို့ကို ကွယ်ထားသောလူအုပ်ကြီးမရှိတော့သောကြောင့် သူတို့ရောက်နေသည်ကို သိရှိသွားမည်စိုး၍ ပုန်းရှောင်ရန် လင်းရှောင်ကို ထောင့်တစ်နေရာသို့ဆွဲခေါ်သွားသည်။
လင်းရှောင် လှည့်ကြည့်လိုက်သည့်အခါတွင် ဖူယွီကျွင်း၏ မျက်နှာက ပွဲကြီးပွဲကောင်းတစ်ခုကိုကြည့်ရတော့မည့်ပုံဖြစ်နေပြီး ဝင်ပါရန် စိတ်ကူးရှိပုံမရပေ။
လင်းရှောင် မျက်ခုံးပင့်လိုက်ပြီး သင်္ကာမကင်းဖြင့်မေးလိုက်သည်။
" အရှင့်သားက လိင်ကွဲတွေအပေါ်မှာဆို နူးညံ့တဲ့ခံစားချက်ရှိတယ်မလား ... ဟုန်ယဲ့ ရဲ့ အကပညာကထူးချွန်ပြီး သူမကလည်းလှတယ် ... သူမကို အရှင့်သားရဲ့ အစ်ကိုတော်လက်ထဲ ထည့်ပေးလိုက်ရမှာ နှမျောစရာကြီး ..."
ဖူယွီကျွင်း၏မျက်နှာက တောင့်ခဲသွားပြီး လင်းရှောင်ကိုကြည့်လိုက်သည်။
" နှမျောစရာကြီးတဲ့လား ..."
ဒီအကမယ်လေးကိုတော့ သနားပေမယ့် နှမျောစရာကြီး ဆိုတာကတော့ နည်းနည်း ... ဘာပဲဖြစ်ဖြစ် သူ့အစ်ကိုတော်က တော်ဝင်မိသားစုမျိုးရိုးပဲလေ ... ဒါပေမဲ့ ဒီအစေခံငယ်လေးရဲ့မျက်လုံးထဲမှာ သူ့အစ်ကိုတော်က ဘာမှမဟုတ်သလိုပဲ ...
ဖူယွီကျွင်းက ရယ်စရာကောင်းသည်ဟု ခံစားမိလိုက်သော်လည်း လင်းရှောင်ပေါ်သို့ ကြည့်သောအကြည့်တွင် နူးညံ့မှုများတိုးပွားလာသည်။ သူ ချောင်းဟန့်လိုက်သည်။
" ခဏလောက်စောင့်ကြည့်နေရအောင်လေ ... တစ်ယောက်ယောက်က ဝင်တားရင်တားမှာပေါ့ ..."
“……” လင်းရှောင် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။
ထောင့်တစ်ထောင့်မှာ ပုန်းနေတဲ့သူတို့ကလွဲရင် စားပွဲထိုးတွေပဲ ရှိတယ်လေ ... ဘယ်သူရှိသေးလို့လဲ ...
တစ်ယောက်က တစ်ခုခုလုပ်ဖို့ စောင့်ကြည့်ဦးမယ်တဲ့လား ...
လင်းရှောင်၏မျက်လုံးက အရောင်လဲ့သွားသည်။
ဖူယွီကျွင်းက ဒီစားသောက်ဆိုင်ရဲ့ နောက်ကွယ်ကလူတွေကို စောင့်ကြည့်ချင်နေတာများလား ...
ဒါပေမယ့် အဲ့လူကလည်း အကမယ်ဆိုတဲ့ အသေးအဖွဲ တည်ရှိမှုလေးအတွက် ထွက်လာမယ်တဲ့လား ...
" အား ... ရှင်တို့ အနားကပ်ရဲကပ်ကြည့်လိုက် ..."
လင်းရှောင်၏ အတွေးများကို စူးစူးဝါးဝါး အသံတစ်ခုက နှောင့်ယှက်လိုက်သဖြင့် ထိုနေရာကို ကြည့်လိုက်မိသည်။ ဟုန်ယဲ့မှာ မည်သည့်အချိန်က ဝန်းရံထားခံရမှန်း မသိလိုက်ပေ။ဟုန်ယဲ့၏ မျက်နှာက ထိတ်ထိတ်ပျာပျာဖြစ်နေပြီး ဖူရှန့်ကျွင်း ၏မျက်နှာကလည်း လူယုတ်မာနှင့် တူလာသည်။
ဟုန်ယဲ့၏ ထိတ်ထိတ်ပြာပြာ အမူအယာကြောင့် သူမ မိတ်ကပ်များ ပျက်သွားသော်လည်း ၎င်းက သူမအလှကို မထိခိုက်ပေ။ သူမ၏ အားနည်းနေသောပုံကြောင့် ယောက်ျားသားများကို သနားလာစေပြီး ကာကွယ်ပေးချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
ဟုန်ယဲ့၏ အသွင်ပြင်က သူ၏စွဲလန်းမှုကို ပိုမိုနှိုးဆွပေးနေသည်နှင့်တူ၍ ဖူရှန့်ကျွင်းက ပို၍ လောဘတကြီးပုံမျိုးဖြစ်လာသည်။
ဟုန်ယဲ့က သူ၏လက်ထဲတွင်ရှိသည်ဟု ဖူရှန့်ကျွင်းယုံကြည်လာသည်။
ဟုန်ယဲ့ အလိုမကျဖြစ်စွာအော်ဟစ်နေသော်လည်း ထိုနေရာတွင် သူ့ကို ကူညီပေးမည့်လူမရှိပေ။