အပိုင်း ၅၅
Viewers 12k

လင်းရှောင်က ဖူယွီကျွင်းကို စိုက်ကြည့်နေသော်လည်း သူ၏အမူအယာက စောင့်ဆိုင်းလိုသည့်ပုံသာဖြစ်နေသည်။ လင်းရှောင်က ဆက်မကြည့်နေနိုင်တော့ပဲ ပုန်းနေရာမှ ထွက်လာသည်။
" အိုး ... အိမ်ရှေ့စံမင်းသားပါလား ... တိုက်ဆိုင်လိုက်တာ ..."
လင်းရှောင်က အံ့ဩချင်ယောင်ဆောင်ပြီးအော်လိုက်သဖြင့် ဖူရှန့်ကျွင်း၏အာရုံက သူ့ဆီရောက်လာသည်။
ဖူရှန့်ကျွင်းလှည့်ကြည့်လိုက်သည့်အခါ လင်းရှောင်ဖြစ်နေ၍ ဂရုမစိုက်ပဲ ပြောလိုက်သည်။
" ငါ့ညီတော်ရဲ့ အထူးဧည့်သည်ပဲ ... လင်း ဘာပါလိမ့် ..."
" လင်းရှောင်ပါ ..."
ဖူရှန့်ကျွင်း၏ဘေးမှ သက်တော်စောင့် နားနားကပ်၍ တီးတိုးပြောလိုက်သည်။ ထိုအခါမှ ဖူရှန့်ကျွင်းက သတိရပြီး ပြောလိုက်သည်။
" ဟုတ်သားပဲ လင်းရှောင် ... မင်းက ညီတော်ရဲ့အိမ်မှာပဲ လိမ်လိမ်မာမာနေရမယ့်အစား ဘာလို့ ဒီနေရာကို ရောက်လာတာလဲ ...
လင်းရှောင် မျက်ခုံးပင့်လိုက်ပြီး ထိတ်လန့်၍ ကူကယ်ရာမဲ့နေသော ဟုန်ယဲ့ကို အရိပ်အမြွက်ပြသည့်သ‌ဘောဖြင့် ကြည့်လိုက်သည်။
" အိမ်ရှေ့စံ ရောက်နေတဲ့ကိစ္စကြောင့် ကျွန်တော်မျိုးလည်း ရောက်နေတာပါပဲ ..."
ဖူရှန့်ကျွင်းက ဟုန်ယဲ့ကို နူးညံ့စွာကြည့်နေသော လင်းရှောင်ကိုကြည့်ကာ ဒေါသပေါက်ကွဲလာပြီး လက်ညိုးထိုးလျက် လင်းရှောင်ကို ဆဲရေးတော့သည်။
" မင်းကိုယ်မင်း ဘာကောင်လို့ထင်နေလဲ ... ငါအလိုရှိတဲ့အရာကိုမှ တပ်မက်ရဲတယ်ပေါ့ ... လာကြစမ်း သူ့ကိုပါဖမ်းလိုက် ..."
" ဟေး ..."
ဖူရှန့်ကျွင်း၏ သက်တော်စောင့်တစ်ယောက်ကို လင်းရှောင် လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားက ကျွန်တော်မျိုးကို တကယ်ဖမ်းချင်တာလား ... လင်းရှောင်က ဒုတိယမင်းသားရဲ့ အထူးဧည့်သည်နော် ... တကယ်လို့ ကျွန်တော်မျိုးကိုဖမ်းလိုက်ရင် သူ့ကို ရှင်းပြရခက်သွားမှာပေါ့ ...
ဖူရှန်းကျွင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ လင်းရှောင်ကို ခက်ထန်စွာကြည့်ပြီး သူ၏ စကားများကြောင့်တွေးဆနေမိသည်။
မိုရွှီ၏တည်နေရာကို မသိရသည်ကို သတိရပြီး လင်းရှောင်က သူ့ကို စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည်။ ချောင်းဟန့်၍ မျက်ခုံးများပင့်လိုက်သည်။
" ဒီမနက်တုန်းက အိမ်ရှေ့စံမင်းသားက ဒုတိယမင်း‌သားအိမ်တော်ကိုလာပြီး ထူးခြားပြောင်မြောက်အောင်လှပတဲ့ အချောအလှလေးကို ခေါ်ဆောင်ဖို့လာတယ်လေ .. အဲ့တုန်းက လင်းရှောင် သဘောမတူခဲ့မိဘူး ... ဒါပေမဲ့ ဒီလိုဆိုရင်ရော ဘယ်လိုလဲ ... ကျွန်တော်မျိုးကို ဒီဟုန်ယဲ့ဆိုတဲ့မိန်းကလေးကိုပေးပါ ... ကျွန်တော်မျိုးက အချောအလှလေးကို အရှင့်သားရဲ့အိမ်တော်ကို အရောက်ပို့ပေးပါ့မယ် ..."
လင်းရှောင်ပြောပြီးသည်နှင့် ဖူရှန့်ကျွင်း၏မျက်နှာမှ ‌သဲလွန်စ ရလိုရငြား အကဲခတ်နေမိသည်။
ထိုအကြောင်းကို ကြားသည့်အခါ ဖူရှန့်ကျွင်း အနည်းငယ် အာရုံပြောင်းသွားပုံရပြီး လင်းရှောင်ကို အံ့ဩစွာဖြင့် ကြည့်နေသည်။ လင်းရှောင်ကိုကြည့်ရသည်မှာ ညဏ်ကောင်းပုံရပြီး သူ၏စူးရှထက်မြက်သော မျက်လုံးများက တစ်စုံတစ်ခုကိုစဉ်းစားပြီး ဉာဏ်နီဉာဏ်နက်များ ထုတ်နေပုံပေါ်သည်။
ထိုမြင်ကွင်းကြောင့် ဖူရှန့်ကျွင်း မနေနိုင်ပဲ လှောင်ပြောင်မိသည်။
ဒီလင်းရှောင်က မိုရွှီကို ဟုန်ယဲ့နဲ့ လဲချင်နေတာလား ... ဒါပေမဲ့ မိုရွှီက သူ့လက်ထဲမှာလေ ... သူက တကယ်မသိတာလား ငါ့ဆီက စကားလာနှိုက်နေတာများလား ...
မည်သို့ပင်ဖြစ်စေ ဖူရှန့်ကျွင်း၏ မျက်လုံးများက အထင်အမြင်သေးပုံပေါက်နေသည်။
တကယ်လို့ မိုရွှီက သူ့လက်ထဲမှာဆိုရင်တော့ လင်းရှောင်ပြောတာက ဖြစ်နိုင်သေးတယ် ... ဒါပေမဲ့ အခုတော့ မိုရွှီက သူ့နန်းတော်မှာရောက်နေပြီ ဘာလို့ သူနဲ့ညှိနှိုင်းနေရတော့မှာလဲ ...
ဟုန်ယဲ့ကို ရအောင်လုပ်ရမှာကမှ မှန်ကန်တဲ့နည်းလမ်းပဲ ...
ထိုအတွေးများဖြင့် ဖူရှန့်ကျွင်းက အထင်အမြင်သေးစွာပြောလိုက်သည်။
" ဒီမင်းသားက ဟုန်ယဲ့ကိုပဲ လိုချင်တယ် ..."
လင်းရှောင်မျက်လုံးများ အရောင်လက်သွားသည်။ ဖူရှန့်ကျွင်းက လုံးဝတွန့်ဆုတ်မနေပေ။ မိုရွှီက ဖူရှန့်ကျွင်း၏နေရာတွင် ရောက်နေသည်မှာ ဖြစ်နိုင်သော်လည်း တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ထင်ပြီး လင်းရှောင် စိတ်မသက်မသာဖြစ်လာသည်
မျက်လုံးများမှိတ်လျက် ခဏတာ စဉ်းစားမည်ပြုသော်လည်း ဖူရှန့်ကျွင်းက အချိန်မဖြုန်းချင်သည့်အတွက် အဓိပ္ပါယ်မရှိသည့်စကားများပြောလာသည်။
" ဒီမင်းသားက မင်းကိုထွက်သွားဖို့ နောက်ဆုံးအခွင့်အရေးပေးမယ် ... ဒီကိစ္စကို မမြင်ခဲ့ဟန်ဆောင်ပြီး တံခါးကနေထွက်သွားပါ မဟုတ်ရင်တော့ မင်းလည်း ဟုန်ယဲ့နဲ့အတူ ငါ့အိမ်တော်ကိုလိုက်ခဲ့ပြီး ငါ့ရဲ့ 'ဧည့်သည်' အဖြစ်နေရမယ် ..."
လင်းရှောင် မျက်ခုံးပင့်ပြီး ပြန်‌ပြောမည်အပြုတွင် အနောက်ဘက်မှ ဖူယွီကျွင်း၏အသံ ထွက်ပေါ်လာသည်။
" အစ်ကိုတော် ဘယ်သူတွေကို ဧည့်သည်အဖြစ် ဖိတ်မလို့လဲ ... ကျွန်တော်ရော လာလို့ရလား ..."
လင်းရှောင်လှည့်ကြည့်လိုက်သည့်အခါ ဖူယွီကျွင်းကိုမြင်၍ တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်က အလွန်ဝမ်းမြောက်နေသည့်ပုံဖြစ်ကာ ဖူယွီကျွင်းအပေါ် သူ့ဘဝက မူတည်နေကြောင်းပြော‌ပြနေသယောင်ပင်။ သူ့ကိုကြည့်ရသည်မှာ သခင်အိမ်ပြန်လာသည်ကိုစောင့်နေသည့် ကြောက်ပေါက်လေးနှင့်တူပြီး အလိုလိုက်ခံချင်ပုံပေါက်နေသည်။
ဖူယွီကျွင်းက သူ၏ကိုယ်ပိုင်အတွေးတစ်ခုကြောင့် ကြည်နူးမိသွားပြီး ကိုယ်တိုင်မသိလိုက်ပဲ လင်းရှောင်၏ခေါင်းကို ပွတ်ပေးလိုက်မိသည်။ သူ၏ ညင်သာသောအပြုအမူက တန်ဖိုးကြီးသည့် ရတနာတစ်ခုကို နူးနူးညံ့ညံ့ကိုင်တွယ်နေသည်နှင့်ပင် တူနေသည်။
လင်းရှောင် မျက်မှောင်ကြုတ်ပြီး ဖူယွီကျွင်း၏လက်ကိုဖယ်ကာ သူ့ကို ထူးဆန်းစွာကြည့်လိုက်သည်။
ဖူယွီကျွင်း၏ အာရုံက သူ့ထံမှ ဖူရှန့်ကျွင်းထံသို့ရောက်သွားသည်ကို မြင်လိုက်ရသည်။
" ဒီမိန်းမပျိုလေး ဟုန်ယဲ့ရဲ့ အဆင့်အတန်းက နိမ့်ပါးလွန်းပါတယ် ...သူမက ခမည်းတော်အကြောင်းပြောလိုက်ပေမယ့် သူမစကားလုံးတွေက အရေးမကြီးပါဘူး အဲ့ဒါကြောင့် သူအတော်များများကတော့ ယုံမယ်မထင်ဘူး ... ဒါပေမဲ့ ကျွန်တော်က ခမည်းတော်ကို သွားပြောရင်တော့ သူယုံမလားမသိဘူးနော် ..."
ဖူယွီကျွင်း၏ စကားများတွင် ပြင်းထန်သည့် ခြိမ်းခြောက်မှုများပါဝင်နေသည်။
" မင်း ... မင်း ဘာသဘောနဲ့ပြောတာလဲ ..."
ဖူရှန့်ကျွင်းကလည်း ထို ခြိမ်းခြောက်မှုကို ခံစားမိသွားသော်လည်း လက်မလျော့သေးပဲ ဆက်မေးနေလိုက်သည်။
" မင်း ခမည်းတော်ကို သွားပြောမယ်လို့တော့ မပြောနဲ့နော် ..."
" တကယ်လို့ အဲ့ဒီဟုန်ယဲ့ဆိုတဲ့ မိန်းကလေးကို ခေါ်သွားဖို့ ဆုံးဖြတ်ထားတယ်ဆို‌ရင်ပေါ့ ..."
ဖူယွီကျွင်းက ပြုံးလျက်ပြောလိုက်သည်။
" မင်း ..."
ဖူရှန့်ကျွင်းက ဖူယွီကျွင်းကိုကြည့်ကာ အံကြိတ်ထားသည်။
" ညီတော် ငါတို့နှစ်ယောက်က ဘယ်တုန်းကများ တစ်ယောက်ကိစ္စကို တစ်ယောက်က ဝင်ရှုပ်ဖူးလို့လဲ ... ဘာလို့ ဒီတစ်ခါမှ အစ်ကိုတော်ကို ဆန့်ကျင်နေရတာလဲ ..."
" အတိတ်တုန်းက အစ်ကိုတော်က အမြဲပြဿနာရှာပေမယ့် တစ်ခါမှ သာမန်ပြည်သူတွေကို အတင်းအကျပ် ဖိအားမပေးဖူးဘူးလေ ... အခု အစ်ကိုတော်က အမှားလုပ်မိတော့ ညီဖြစ်တဲ့ ကျွန်တော်က တားဆီးပေးရမှာ သဘာဝပဲလေ ... မဟုတ်ရင် ကျွန်တော်က ခမည်းတော်ကိုရှင်းပြဖို့ ခက်ခဲသွားမှာပေါ့ ဟုတ်တယ်မလား ..."
" ခမည်းတော်ကို အကြောင်းပြပြီး ငါ့ကိုဖိအားမပေးစမ်းပါနဲ့ ..."
ဖူရှန့်ကျွင်းက မခံမရပ်နိုင်ဖြင့် ဖူယွီကျွင်းကို မသေမချင်းဓားနှင့်ထိုးသတ်ချင်လောက်သည့်အကြည့်မျိုးဖြင့် ကြည့်နေသည်။ ထိုအကြည့်က အလွန်သန်မာလွန်းလှသဖြင့် လင်းရှောင်ပင် ကြက်သီးထလာသည်။
ဖူယွီကျွင်းက ထိုကဲ့သို့အကြည့်မျိုးကို ကျင့်သားရနေသကဲ့သို့ မျက်နှာတစ်ချက် မပျက်သွားသည့်အပြင် ပြုံးနေသေးသည်။
အဆုံးတွင် ဖူရှန့်ကျွင်းက အရှုံးကို လက်ခံလိုက်ရသည်။ ဝတ်ရုံလက်ကိုခါပြီး ဟုန်ယဲ့ကိုတစ်ချက်ကြည့်ကာ သူ၏လူများနှင့်အတူ စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားသည်။
လင်းရှောင် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်ကို ဖူယွီကျွင်းက သဘောကျစွာကြည့်နေသည်။
" မင်း အရမ်းကြောက်နေရင်လည်း ဘာလို့ အပြေးတစ်ပိုင်း ထွက်သွားသေးလဲ ..."
" အဲ့ဒါ ဘာလို့လည်းဆိုတော့ ... သူမ ဒုက္ခရောက်နေတာကို မြင်လို့လေ ..."
လင်းရှောင် နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။
" ပြီးတော့ အရှင့်သား မပေါ်လာရင်လည်း ကျွန်တော့်မှာ နည်းလမ်းတစ်ခုရှိတယ် ..."
" ဟုတ်ပါတယ် မင်းမှာအမြဲတမ်း နည်းလမ်းတစ်ခုတော့ ရှိနေတာပဲ ..."
လင်းရှောင်တွင် နည်းလမ်းတစ်ခုခုရှိမည်ကို ဖူယွီကျွင်းယုံကြည်သည်။
ဒီအစေခံလေးက မူတိုင်းပြည်နန်းတော်ထဲမှာတောင် အကြာကြီးနေပြီး သူ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်ခဲ့တာပဲ... အချိန်အကြာကြီး အသက်ရှင်နေခဲ့ပြီး အထိန်းတော်ကုန်းကုန်းတောင်မှ ဖြစ်ခဲ့သေးတယ် ...
ကိစ္စအတော်များများမှာ အသိအမှတ်ပြုမခံခဲ့ရရင် ဒီလောက်ကြာကြာ အသက်ရှည်မှာမဟုတ်ဘူး ...
" ဒါ ..."
နှစ်လိုဖွယ်ကောင်းလောက်အောင် နူးညံ့သည့်အသံတစ်ခု ဘေးမှထွက်လာသဖြင့် ယောက်ျားလေးနှစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ ဟုန်ယဲ့က သူတို့ကို လှပစွာ အရိုအသေပြုလိုက်သည်။
" သာမန်ပြည်သူ ဟုန်ယဲ့က ဒုတိယမင်းသားနဲ့ သခင်လေးကို ဂါရဝပြုပါတယ် ... ဟုန်ယဲ့ကို ကယ်တဲ့အတွက် အရှင့်သားတို့နှစ်ယောက်ကို ကျေးဇူးအများကြီးတင်ပါတယ် ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင် မသိဘူး ..."
လင်းရှောင် မျက်ခုံးပင့်လိုက်သည်။
ဒီဟုန်ယဲ့က ဒီလောက်တင်းမာသွားတဲ့အခြေအနေမှာတောင် သူတို့ ဘယ်သူဘယ်ဝါဆိုတာ သိသေးတယ်ပေါ့ ရိုးတော့မရိုးဘူး ...
ဖူယွီကျွင်းနှင့် လင်းရှောင်တို့ အကြည့်ချင်းဖလှယ်လိုက်သည်။ ဖူယွီကျွင်းက ဟုန်ယဲ့ကို ထူပေးလိုက်သည်။
ဟုန်ယဲ့က ရှက်ရွံ့စွာဖြင့် ဖူယွီကျွင်းကို ခိုးကြည့်လိုက်သည်။ ထိုအကြည့်က အလွန်ညှို့ယူဖမ်းစားနိုင်သဖြင့် ယောက်ျားတိုင်း၏ ဝိညာဉ်တစ်ဝက်ကို ထွက်ပေါ်လာစေနိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ထုံထိုင်းသွားစေနိုင်သည်။ ဖူယွီကျွင်းက သဘောကျသွားဟန်ဖြင့် ဟုန်ယဲ့ ပါးပြင်ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ သူ၏မျက်နှာက သိမ်မွေ့နေကာ နူးညံ့စွာဖြင့် သူမကိုနှစ်သိမ့်လိုက်သည်။
" မိန်းကလေးဟုန်ယဲ့ အန္တရာယ်မရှိတော့ပါဘူး ... အရမ်း မစိုးရိမ်ပါနဲ့တော့ ..."
" ဟုန်ယဲ့ မစိုးရိမ်ပဲ နေပါ့မလား ..."
ဟုန်ယဲ့က မျက်ရည်တစမ်းစမ်းဖြင့် နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
" အဲ့ဒီ အိမ်ရှေ့စံမင်းသားက အရှင့်သားရဲ့ အစေခံကို နားပူနားဆာလုပ်နေတာ တော်တော်ကြာခဲ့ပြီ ... ဒုတိယမင်းသားနဲ့ သူရဲကောင်းလေးသာ ဒီနေ့ဝင်ပြီး ကာကွယ်ပေးခဲ့ပေမဲ့ နောက်တစ်ခါဆိုရင် ဟုန်ယဲ့ကို ဘယ်သူက ကယ်တင်ပေးပါ့မလဲ ..."
သူမ ထိုစကားများပြောနေလျက် ထိုကိစ္စကို ဝမ်းနည်းပူဆွေးဖွယ်ပြောလျက် ကျယ်လောင်စွာငိုပြီး ပုလဲလုံးကဲ့သို့ မျက်ရည်များ အဆက်မပြတ်ကျဆင်းလာသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး လင်းရှောင်အံ့ဩလွန်း၍ ဘာမှမပြောနိုင်တော့ပေ။
ဖူယွီကျွင်းမှာ လင်းရှောင်နှင့်မတူပဲ ထိုမြင်ကွင်းကို ရင်းနှီးနေပုံဖြင့် အင်္ကျီအတွင်းမှ လက်ကိုင်ပဝါကို ထုတ်ပေးပြီး ဟုန်ယဲ့၏ မျက်ရည်များကို သုတ်ပေးနေသည်။ သူက နူးညံ့ညင်သာစွာဖြင့် သူမကိုနှစ်သိမ့်ပေးနေသဖြင့် သူမအငိုရပ်သွားသည်။
လင်းရှောင် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ချိန်တွင် ဟုန်ယဲ့က တစ်ဖက်သို့လှည့်လာပြီး သူ့ရှေ့တွင် ဒူးထောက်လိုက်သည့်အတွင် လင်းရှောင်လန့်ပြီး ထခုန်မိမတတ်ဖြစ်သွားသည်။
" သူရဲကောင်းလေးရဲ့ အဆင့်က အိမ်ရှေ့စံထက်နိမ့်တယ်ဆိုတာသိပါတယ် ဒါပေမဲ့ ကိုယ့်အသက်ကိုယ် အမှုမထားပဲ ဟုန်ယဲ့ အသက်ကိုကယ်ခဲ့တယ် ... သူရဲကောင်းလေးကို ဟုန်ယဲ့မှာ ကျေးဇူးဆပ်စရာ မရှိပါဘူး ... အဲ့ဒါကြောင့် သူရဲကောင်းလေးဆီမှာပဲနေပြီး အလုပ်အကျွေးပြုခွင့်ပေးပါလား ..."
“……” သူမဆိုလိုတဲ့ အလုပ်အကျွေးပြုတယ်ဆိုတာ သူထင်နေတဲ့ဟာပဲလား ...
သူ၏ရှေ့မှ မျက်နှာနီမြန်းနေသော အမျိုးသမီးကို လင်းရှောင် အကဲခတ်နေသည်။ ဤနေရာမှကြည့်လျှင် သူမ၏အဝတ်အစားများအတွင်းမှ ရင်သားများကို ထင်ရှားစွာ မြင်နေရသည်။
မိန်းကလေးတစ်ယောက်က သူမသဘောဖြင့် သူ့အနားသို့ရောက်လာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ လင်းရှောင် ဘဝင်မြင့်ပြီး မြောက်ကြွကြွဖြစ်လာသည်။
သို့ရာတွင် သူ့ထံတွင်လည်း အကြောင်းပြချက်ရှိသဖြင့် ခေါင်းဟန့်ပြီး ငြင်းဆိုရန် ပြင်လိုက်ချိန်တွင် ဖူယွီကျွင်းက သူ့ကိုတံတောင်နှင့်တွတ်ပြီး သူ့အစားဖြေလိုက်သည်။
" သူလည်း အစေခံမိန်းကလေးတစ်ယောက်လိုနေတာ အတော်ပဲ ... ငါတို့ပြန်ရင် လိုက်‌လာခဲ့လေ ..."
ဟုန်ယဲ့က မျက်နှာသာပေးခံရသဖြင့် ဝမ်းသာသည့် အမူအယာဖြစ်သွားသည်။ မျက်ရည်များပေနေသည့်မျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်လွင်နေပြီး အလျင်အမြန်ပင် ကျေးဇူးတင်လိုက်သည်။
" ဒုတိယမင်းသားနဲ့ သူရဲကောင်းလေးတို့ကို ကျေးဇးအများကြီးတင်ပါတယ် ... ဟုန်ယဲ့က အရှင့်သားတို့နှစ်ယောက်ကို ဂရုစိုက်ပေးဖို့ တတ်စွမ်းသလောက်ကြိုးစားပါ့မယ် ..."
လင်းရှောင်၏ မျက်မှာက ထူးဆန်းသွားပြီး ဖူယွီကျွင်းကိုတစ်ချက်ကြည့်ကာ လက်ကာပြလိုက်သည်။
" ငါ့ကို သူရဲကောင်းလေးလို့ မခေါ်ပါနဲ့ သခင်လေးလို့ပဲခေါ်ပါ ..."
" ဟုန်ယဲ့ သိပါပြီ ..."
……
ဟုန်ယဲ့နှင့် ပြောပြီးသည့်အခါ လင်းရှောင်က ဘေးမှ ဖူယွီကျွင်းကို တစ်ချက်ကြည့်လိုက်သည်။
" သူမကို ငါတို့နဲ့ ဘာလို့လွယ်လွယ်ခေါ်လိုက်တာလဲ ...စိတ်ဝင်စားလို့လား ..."
လင်းရှောင်က ရန်ထောင်နေသည်။
ဖူယွီကျွင်းက မျက်ခုံးပင့်ပြီး ပြုံးကာ မေးလိုက်သည်။
" ငါက စိတ်ဝင်စားတယ်ဆိုရင်ရော ဘာဖြစ်လဲ ..."
" ဒါဆိုလည်း သူမကို အရှင့်သားရဲ့ အစေခံလုပ်ခိုင်းလေ ... ကျွန်တော်မျိုးကိုပါ ဆွဲထည့်ရလား ..."
လင်းရှောင် မျက်ဆံလှန်လိုက်သည်။
ဖူယွီကျွင်းက ပြုံးပြီး သူ့နားကပ်လာသည်။
" ဘာလို့လဲ သဝန္တိုတာလား ..."
လင်းရှောင် မျက်နှာက ရှုံ့မဲ့သွားပြီး ဖူယွီကျွင်းကို စက်ဆုပ်စွာကြည့်နေသည်။
ဖူယွီကျွင်း၏အပြုံးက တောင့်ခဲသွားပြီး ရှက်ရွံ့သွားပုံရသည်။ သူ ချောင်းဟန့်၍ ဖြေလိုက်သည်။
" သူမ လက်တွေက အသားမာတက်နေတယ် ... ဆိုလိုတာကတော့ သူမက သေချာပေါက် သိုင်းပညာတတ်တယ် ... မင်းကို ဘာလို့ချဉ်းကပ်လာတာလဲ သိချင်လို့လေ ..."
" ဘယ်လို ... ဒီလောက်အန္တရာယ်များတာကို အရှင့်သားကဘာလို့ ..."
" မပူပါနဲ့ မင်းမှာ ငါရှိတယ်လေ ဘာကြောက်စရာလိုလဲ ... ပြီးတော့ မင်းလည်းအခု သိုင်းပညာလေ့လာထားတာပဲလေ ..."
လင်းရှောင် အံကြိတ်လိုက်သည်။
" ကျွန်တော်မျိုးရဲ့ သေးနုပ်တဲ့ သိုင်းပညာလေးနဲ့ အရှင့်သားလိုလူမျိုးတွေကို ဘယ်လိုရင်ဆိုင်ရမှာတုန်း ..."
" ‌ကိုယ့်အကြောင်း ကိုယ်သိတယ်ပေါ့ ..."
ဖူယွီကျွင်း ပြုံးနေသည်။
" ဒါဆိုလည်း သင်ယူဖို့ကျန်နေတာတွေ မြန်မြန်သင်လေ ... ငါ့လို ဆရာကောင်းတစ်ယောက်ကို မင်းဘယ်မှာမှ ရှာလို့မရဘူး ... ငါတို့ ဒီနေ့ လေးနာရီလောက် မြင်းပေါ်မှာ သိုင်းလေ့ကျင့်ကြမယ် ..."
လင်းရှောင် ရှုံ့မဲ့သွားသည်။ ဖူယွီကျွင်းက သူ့ကို ကစားနေကြောင်း သံသယဝင်လာသည်။
ထိုလူနှစ်ယောက်မှာ ဆူညံစွာ စကားနိုင်လုနေသည့်အတွက် ခေါင်မိုးပေါ်သို့ ဖျတ်ခနဲတက်သွားသည့် အနီရောင်ပုံရိပ်တစ်ခုကို မမြင်လိုက်ပေ။
နွေဦးမျှော်လင့်ချက်စားသောက်ဆိုင်၏ တိတ်ဆိတ်သော သီးသန့်ခန်းတစ်ခုတွင် အနက်ရောင် ဝတ်စုံဝတ်ထားသည့် လူတစ်ယောက်က မျက်နှာသေဖြင့် ထိုင်ကာ လက်ဖက်ရည်ငှဲ့နေသည်။
ရုတ်တရက် အနီရောင်ပုံရိပ်တစ်ခုက သူ့ရှေ့တွင်ပေါ်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
ထိုလူက သူမကို တစ်ချက်ကြည့်နေပြီး သူမ၏မျက်နှာမှ ပဝါကို ချွတ်လိုက်သည်ကို တွေ့လိုက်ရသည်။ ပဝါ၏အောက်တွင် လှပသော်လည်း ပရောပရည်မျက်နှာတစ်မျိုးပေါ်လာသည်။
" ဟုန်ယဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ် ..."
ယခုရောက်ရှိလာသည့် အမျိုးသမီးမှာ ဒုတိယမင်းသားအိမ်တော်တွင် နေထိုင်ခွင့် ရရှိသွားသည့် ဟုန်ယဲ့ဖြစ်သည်။
သူမရှေ့က လူတွင် အချိုးအစားကျသည့်မျက်နှာ နဂါးမျက်ခုံးနှင့် ဇာမဏီမျက်လုံးများရှိသည်။ ထိလူက မွန်မြတ်သော အငွေ့အသက်များ ရှိနေပြီး ဂုဏ်သိက္ခာနှင့် ပြည့်စုံသူဖြစ်သည်။ ၎င်းက မည်သူမျှ မထင်မှတ်ထားသည့် မူတိုင်းပြည်ဧကရာဇ် မူချုံးရွှမ်ဖြစ်သည်။
" အရှင်မင်းကြီး အရှင့် ကြင်ယာတော်ရဲ့ဘက်ကို ဟုန်ယဲ့က အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါပြီ ..."
" ကိုယ်တော်သိတယ် ... နောက်ဆိုရင် ကိုယ်တိုင်လာစရာမလိုဘူး ..."
ဧကရာဇ်၏ လေသံက အလိုမကျ စွာ ဆူပူသည်နှင့်တူနေ၍ .ဟုန်ယဲ့၏မျက်နှာ မည်းမှောင်သွားသည်။
" ဂရုတစိုက်မိ မေ.တွးမိတာ ဟုန်ယဲ့အမှားပါ အရှင် ..."
" ထားလိုက်ပါ ..."
ဧကရာဇ်က ခွက်ကိုမြှောက်၍ လက်ဖက်ရည်သောက်ကာ သက်ပြင်းချလိုက်သည်။
" ဒီလိုတွေဖြစ်ကုန်မှတော့ သွားပြီးပြင်ဆင်ထားလိုက်ပါ ... ကိုယ်တော် ဒီနေ့ည ကြင်ယာတော်ကို သွားတွေ့မယ် ..."
ဟမ် ...
အံ့ဩသွားသည့်မျက်နှာဖြင့် ဟုန်ယဲ့က သတိလက်လွတ်ဖြစ်ပြီး ဧကရာဇ်ကို ခေါင်းမော့ကြည့်လိုက်မိသည်။ သို့ရာတွင် ဧကရာဇ်၏ ရေခဲတမျှ အေးစက်သောအကြည့်ကြောင့် ‌ချက်ချင်းပင် ခေါင်းငုံ့ကာ လိုက်နာလိုက်ရသည်။
" အမိန့်အတိုင်းပါ ..."