အပိုင်း ၁၈၅
Viewers 62k

အခန်း ၁၈၅ “မင်းရဲ့ဆုံးဖြတ်ချက်အတွက် နောင်တရလိမ့်မယ်…”


“မင်းရဲ့ ၀က်နံရိုးချိုချဉ်ကြော်ရနေပါပြီ… ကောင်းကောင်းသုံးဆောင်ပါ….”


ပုဖန်၏ အသံကို ကြားလိုက်သည်နှင့် အဖိုးအိုက အတွေးထဲတွင် နစ်မြောနေရာမှ ရုန်းထွက်လိုက်ပြီး ပုဖန်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ ထို့နောက် ထိုင်နေရာမှ မတ်တပ်ရပ်လိုက်လေသည်။ သူ၏ အရေးအကြောင်းများနှင့် ပြည့်နေသော မျက်၀န်းထဲတွင် တွန့်ဆုတ်၀န်လေးနေမှု များ ဖြစ်ပေါ်နေလေသည်။


အဆင့်ခုနစ် သူတော်စင်အဆင့်များ အတွက် ငါးလမ်းကြောင်း သိမြင်မှု သစ်သီး၏ ဆွဲဆောင်နိုင်စွမ်းမှာ အလွန်ကြီးမားလှပေသည်။ မည်သည့် သူရဲကောင်းမဆို ငါးလမ်းကြောင်းသိမြင်မှု သစ်သီး၏ ဆွဲဆောင်မှုကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ငါးလမ်းကြောင်း သိမြင်မှုသစ်သီးပင်က ရှင်သန်ကြီးထွားလာပြီး သစ်သီးသီးလာသည်နှင့် သူတော်စင်အဆင့်တစ်ယောက်ကို စစ်နတ်ဘုရား ဖြစ်လာစေရန် ကူညီနိုင်ပေသည်။ အနည်းငယ်မျှသာ ရှိနေသော စစ်နတ်ဘုရား အဆင့်များပင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီး၏ ဆွဲဆောင်နိုင်စွမ်းကို တွန်းလှန်နိုင်လိမ့်မည် မဟုတ်ပေ။


“မင်းက ဒီဆိုင်ပိုင်ရှင်လား…” အဖိုးအိုက ပုဖန်ကိုစေ့စေ့ကြည့်လိုက်ပြီး မေးလိုက်သည်။


ပုဖန်က အဖိုးအိုကို တည်တည်ငြိမ်ငြိမ် ပြန်ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။ 


“ဒီမှာ မင်းစိုက်ထားတဲ့အပင်က ဘာပင်လဲ ဆိုတာကို သိလား….” အဖိုးအိုက ပန်းအိုးထဲမှ အပင်ငယ်လေးကို လက်ညှိုးထိုးပြလိုက်ပြီး တင်းမာသော အမူအယာနှင့် မေးလိုက်သည်။


အဖိုးအို၏ တင်းမာခက်ထန်သော မျက်နှာထားကြောင့် ပုဖန်က စိတ်ထဲတွင် အံ့အားသင့်သွားသော်လည်း ခပ်တည်တည်နှင့် ခေါင်းခါပြလိုက်ပြီး တုန့်ပြန်လိုက်သည်။


“မသိဘူး…”


ပုဖန်က ထိုမျိုးစိမှ မည်သည့်အပင် ပေါက်လာမည်ကို ပုဖန်က အမှန်တကယ်ပင် သိရှိနေခြင်း မရှိပေ။ အကယ်၍ အဖိုးအိုသာ သိရှိနေပါက ပုဖန်က မေးခွန်းအချို့မေးရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။


“မင်းတကယ် မသိဘူးလား…. ဒါဆို ဘာဖြစ်လို့ ဒီအစိကို ရဖို့ မိသားစုတစ်ရာ ပြိုင်ပွဲကို သွားပြိုင်တာလဲ…”


အဖိုးအို၏ နှုတ်ခမ်းများပင် မဲ့ရွဲ့သွားပြီး မခံမရပ်နိုင်အောင် ဒေါသထွက်လာသောကြောင့် အသံကျယ်ကျယ်နှင့် မေးလိုက်လေသည်။ အကယ်၍ ပြိုင်ပွဲတွင် ပုဖန်ကို ထည့်မတွက်ပါက သူ၏ တပည့်နှစ်ယောက်က အနိုင်ရရှိပြီး သစ်စိလေးကို ဆောင်ယူလာနိုင်မည်ဖြစ်သည်။


“ဒီမျိုးစေ့လေး ကြီးထွားလာရင် မယုံနိုင်စရာ ကောင်းတဲ့ ကိစ္စ ဖြစ်လာမှာလား…”


ပုဖန်က ရှူးရှူးရှားရှားဖြစ်နေသော အဖိုအို၏ အမူအယာကို ကြည့်၍ အပင်ပေါက်လေးအကြောင်းကို သိလိမ့်မည်ဟု ခန့်မှန်းလိုက်မိလေသည်။


အဖိုးအိုက ပုဖန်ကို သနားစရာ သတ္တဝါတစ်ကောင်ကဲ့သို့ ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။


“မင်းက တကယ်ပဲ ဒီအပင်လေးက ကောင်းတဲ့ အရာတွေ ဖြစ်လာမယ်လို့ ထင်နေတာလား… … ဟုတ်တယ်.. တချို့ရတနာပစ္စည်းတွေက အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ကြောက်စရာကောင်းတဲ့ သေခြင်းတရားပဲ…”


“သေခြင်းတရားနဲ့ တွေ့ရမှာလား… အဲလောက်တောင် ကြောက်စရာကောင်းတာလား…”


ပုဖန်၏ နှလုံးသားထဲတွင် တုန်လှုပ်သွားလေသည်။ 


“ဒါပေမယ့် ဒီမျိုးစေ့လေး ကြီးထွားလာရင် အဆိပ်အတောက်တွေကို ထုတ်လွှတ်မှာလား… မဖြစ်နိုင်ဘူး… သစ်ရွက်လေးတွေမှာ ပေါ်နေတဲ့ လိုင်းလေးတွေကနေ သန်စွမ်းတဲ့ စွမ်းအင်တွေပဲ ထုတ်လွှတ်ပေးနေတာလေ…”


“အဖိုးတန် ကျောက်မျက်က ဘေးအန္တရာယ်တွေကို ဆောင်ကျဉ်းလာတယ်ဆိုတဲ့ စကားကို မင်းကြားဖူးလား… မင်းမှာ အန္တရာယ်တွေကို ကာကွယ်နိုင်စွမ်း မရှိပဲနဲ့ အဖိုးတန်ပစ္စည်းကို ကိုင်ဆောင်ထားမယ်ဆိုရင် သေမင်းကို ရင်ဆိုင်နေတာနဲ့ တူတူပဲ…”


ပုဖန်က မျက်လုံးများ ပေကလပ် ပေကလပ်နှင့် အိုးတိုးအမ်းတမ်း ဖြစ်သွားလေသည်။ အဖိုးအို၏ ရေးကြီးခွင်ကျယ် စကားများကို အနှစ်ချုပ်လိုက်လျှင် ထိုသစ်ပင်လေးမှ အဖိုးတန် ရတနာများ ရရှိမည်ဟု ပြောဆိုနေခြင်းသာ ဖြစ်လေသည်။ အကယ်၍ ပုဖန်တွင် ကာကွယ်နိုင်စွမ်း မရှိပါက ပုဖန်အတွက် ၀မ်းနည်းဖွယ် ကိစ္စများသာ ကြုံတွေ့ရမည်ဟု သူက ဆိုလိုနေခြင်း ဖြစ်လေသည်။


သို့သော် ထိုစကားကြောင့် ပုဖန်က စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။ အပင်ပေါက်လေးထံမှ အဆိပ်သင့်သော အရာများသာ ထွက်ပေါ်လာလျှင် ပုဖန်တွင် ရွေးချယ်စရာမရှိပဲ စွန့်ပစ်လိုက်မည်ဖြစ်သည်။ သို့သော် ပုဖန်၏ ကာကွယ်စောင့်ရှောက်နိုင်စွမ်းကို မေးခွန်းထုတ်လာလျှင် ပုဖန်က ခပ်အေးအေးဖြင့် ရယ်မောနေမည်သာ ဖြစ်လေသည်။


“ဒီဆိုင်ငယ်လေးရဲ့ အစောင့်အရှောက်ကို တကမ္ဘာလုံကတောင် အသိအမှတ် ပြုထားတာ… တကယ်လို့ ငါ့ဆိုင်ကတောင် ကာကွယ်နိုင်စွမ်းမရှိရင် မင်းလို ပိန်ပိန်ပါးပါး အဆင့်ခုနစ် သူတော်စင်တစ်ယောက်ကလား.. ဟမ့်…”


အဖိုးအိုက ပုဖန်ကို ဆက်မပြောတော့ပဲ ခုံတွင် ၀င်ထိုင်၍ သူ၏ ဟင်းပွဲကို စတင်စားသောက်လိုက်သည်။ ပန်းကန်ထဲမှ ၀က်နံရိုးချိုချဉ်ကြော်က သူ၏ စားချင်စိတ်ကို နှိုးဆော်နေလေသည်။ ပုဖန်၏ ၀က်နံရိုး ချိုချဉ်ကြော်က လိမ္မော်ရောင် ကြည်ကြည်လေး တောက်ပနေပြီး သင်းပျံ့မွှေးကြိုင်သော ရနံ့များ ထုတ်လွှတ်နေလေသည်။ ထိုရနံ့က အဖိုးအို၏ ခံတွင်းထဲတွင် သားရေများ စိုစွတ်လာစေသည်။


အဖိုးအိုက ဝါးတူနှင့် ၀က်နံရိုးချိုချဉ်ကြော်တစ်ဖက်ကို ကောက်ကိုင်၍ ပါးစပ်အတွင်း ထည့်လိုက်လေသည်။ လိမ္မော်ရောင် အချဉ်ရည်များက ခံတွင်းတစ်ခုလုံးကို ပျံ့နှံ့သွားပြီး နူးညံ့စိုအိ၍ မွှေးပျံ့သော အသားအရသာက သူ့ကို ယစ်မူးသွားစေလေသည်။


“အစားကောင်းကြိုက်သူတွေအတွက် ကောင်းမွန်တဲ့ အစားအသောက်ကို တွေ့ရှိဖို့ဆိုတာ အလွန်ကို ခဲယဉ်းတယ်…”


ထိုမကောင်းဆိုးဝါးစားဖိုမှုး၏ အစွမ်းက ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။ အဖိုအိုကိုယ်တိုင်ပင် ထိုအဆင့်သို့ မရောက်ရှိနိုင်ပေ။ သူ့ရှေ့မှ လူငယ်လေး၏ အချက်အပြုတ် စွမ်းရည်က အလွန်ပင် အဆင့်အတန်း မြင့်မားလှပေသည်။ သို့သော် ကောင်းမွန်သည့် အရသာက သူ့ကို အံ့အားသင့်သွားစေပြီး ၀က်နံရိုးချိုချဉ်ကြော်ကို မျိုချလိုက်သည်နှင့် ဝိဥာဉ်စွမ်းအင် အမြော်ကအများ ပါ၀င်နေသောကြောင့် မျက်လုံးများပင် ပြူးကျယ်သွာေးလသည်။ 


“ဘာလို့ ဒီဟင်းပွဲထဲမှာ ဝိဥာဉ်စွမ်းအင်တွေ အမြောက်အများ ပါ၀င်နေတာလဲ… ပိုင်ရှင်မှာ ပါ၀င်ပစ္စည်းတွေရဲ့ စွမ်းအင်ကို ထိန်းသိမ်းထားနိုင်တဲ့ ထူးခြားတဲ့ နည်းလမ်းတွေ ရှိနေတာလား…” အဖိုးအိုက တွေးတောနေလေသည်။


၀က်နံရိုးတစ်ချောင်း စားလိုက်ပြီးနောက် ကောင်းမွန်သည့်အရသာအကြောင်းကို အဖိုးအိုက မတွေးမိပဲ အတွင်းတွင် ပါ၀င်နေသည့် များပြားလှသည့် စွမ်းအင်များအကြောင်းကိုသာ တွေးတောနေမိလေသည်။ ထိုစွမ်းအင်များ အားလုံးကို စုပေါင်းလိုက်ပါက သက်စောင့်ဆေးထက်ပင် ပို၍ များပြားနေလေသည်။ သူက ၀က်နဲရိုးချိုချဉ်ကြော်တစ်ပွဲကို သလင်းကျောက်ငါးဆယ် ကျသင့်သည်မှာ အလွန်တန်လှသည်ဟု ရုတ်တရက် ခံစားမိလာလေသည်။


ပုဖန်က အဖိုးအိုပေးသည့် သလင်းကျောက်ငါးဆယ်ကို အိတ်ထဲထည့်လိုက်ပြီး အဖိုးအိုက သေသေချာချာ ကြည့်လိုက်လေသည်။ ငွေးရှင်းခါနီးတွင် တွန့်ဆုတ်မနေတတ်သော စားသုံးသူများကို သူက အလွန်နှစ်သက်လေသည်။ 


“ပိုင်ရှင်ပု.. ဒီအပင်ပေါက်လေး ငါ့ကိုပေးလိုက်ဖို့အတွက် ဆွေးနွေးနိုင်မလား… မင်းသိသင့်တာက မင်းရဲက ကျင့်ကြံခြင်းအဆင့်နဲ့ ဒီအပင်ပေါက်လေးကို လုံခြုံအောင် မကာကွယ်နိုင်ဘူး…. အဲဒါကို မင်းသိသင့်တယ်…” အဖိုးအိုက ပြောဆိုလိုက်သည်။


ပုဖန်က ဆွံ့အသွားလေသည်။ 


“ဘယ်လိုဖြစ်ပြီး ငါ့ပိုင်နက်က မလုံခြုံရတာလဲ… ဒီအဖိုးကြီးကတော့ ရူးနေပြီထင်တယ်…”


“မရဘူး…” ပုဖန်က အေးစက်စက် ငြင်းပယ်လိုက်သည်။


“ဘုရင်အဆင့်ပဲ ရှိသေးတဲ့ ဒီငတိက ငါ့ရဲက ကမ်းလှမ်းချက်ကို ငြင်းပယ်ရဲတာလား….”


အဖိုးအိုက ရုတ်တရက် ဒေါသထွက်သွားလေသည်။ 


“ဒီအဖိုးအိုက မင်းကို လိမ်ပြောနေတာ မဟုတ်ဘူး… ဒီအပင်ပေါက်လေး ကြီးပြင်းလာတာနဲ့ သူတော်စင်အဆင့် အများအပြားကို ဆွဲဆောင်နိုင်လိမ့်မယ်….” အဖိုးအိုက ပုဖန်ကို ဆက်လက် ရှင်းပြလိုက်သည်။


“အာ… လျမ်းလျမ်းတောက် ကျော်ကြားတဲ့ သူတော်စင်အဆင့်တွေလား… သူတို့ ဒီကိုလာပြီး ပြသနာ လာရှာရဲရင် သူတို့ကို အ၀တ်ချွတ်ပစ်လိုက်ဖို့ ငါက ၀န်လေးနေမှာမဟုတ်ဘူး…” ပုဖန်က ရှူတည်တည်နှင့် ပြန်ပြောလိုက်သည်။


….


ကျွင်းအာက သူမ၏ သွယ်လျှသော ခန္ဒာကိုယ်လေးကို ပေါ်လွင်စေသည့် ပန်းပွင့်လေးများ ပါသော၀တ်စုံကို ၀တ်ဆင်ထားလေသည်။ သူမ၏ လက်ထဲတွင်လည်း ဥအနှစ်မုန့် ထည့်ထားသော ဗူးတစ်ဗူးကို သယ်ဆောင်လာပြီး ထိုဥအနှစ်မုန့်အတွက် ပုဖန်ထံမှ အကြံဥာဏ်များ ရယူလိုနေလေသည်။ 



သူ့ရှေ့မှ လူငယ်၏ မျက်၀န်းများ တောက်ပသွားသည်ကို မြင်လိုက်ရသောကြောင့် အဖိုးအိုက သိချင်စိတ်နှင့် အနောက်သို့ လှည့်ကြည့်လိုက်လေသည်။ စားစရာဗူး တစ်ခုကို ကိုင်ဆောင်ထားသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ကျွင်းအာ၏ ရုတ်တရက် ရောက်လာမှုက သူတို့နှစ်ယောက်ကြားမှ တင်းမာမှုများကို လမ်းလွဲသွားစေပြီး နှစ်ယောက်လုံးက ကျွင်းအာကို အာရုံစိုက်လိုက်ကြသည်။


ဆိုင်ထဲတွင် စားသုံးသူများ နည်းပါးသောကြောင့် ဖက်တီးဂျင်တို့လူစု ထွက်ခွာသွားချိန်တွင် ဆိုင်ထဲ၌ နေရာလွတ်များသာ ဖြစ်နေလေသည်။ 


ကျွင်းအာက ဗူးလေးထဲမှ ဥအနှစ်မုန့်ကို ထုတ်ယူလိုက်သည်။ အဖုံးဖွင့်လိုက်သည်နှင့် မွှေးကြိုင်လှသော ရနံ့များ ထွက်ပေါ်လာလေသည်။ ထိုရနံ့များက ပုဖန်၏ ဥအနှစ်မုန့်နှင့် မယှဉ်နိုင်သော်လည်း တော်တော်လေး ကောင်မွန်နေလေသည်။


“ပု…ပု… ပိုင်ရှင်ပု… ကျေးဇူးပြုပြီး ငါလုပ်ထားတဲ့ ဥအနှစ်မုန့်လေးကို မြည်းကြည့်ပါဦး …”


ကျွင်းအာက ပြောလိုက်ပြီးသည်နှင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ပုဖန်ကို လေးလေးစားစား ကြည့်နေလေသည်။ 


ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး ဥအနှစ်မုန့်ကို သေသေချာချာ အကဲခတ်လိုက်သည်။ ထိုဝါကျင့်ကျင့် ဥအနှစ်မုန့်၏ ပုံသဏ္ဍာန်က သူ့ကို ပထမအကြိမ် မြည်းစမ်းစေခဲ့သော ဥအနှစ်မုန့်ထက် ပိုမိုကောင်းမွန်ပေသည်။ ပုဖန်က မုန့်ကို ကောက်ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်နှင့် ပြင်းထန်သော မွှေးရနံ့များ ထွက်ပေါ်လာလေသည်။ ထိုမွှေးရနံ့များက သူ၏ စိတ်ကို မြင့်မားသော ကောင်းကင်ပြင်နှင့် ကျယ်ပြန့်သော လွင်ပြင်များထံသို့ ခေါ်ဆောင်သွားလေသည်။


ကျွင်းအာက မျက်လုံးဝိုင်းလေးများနှင့် ပုဖန်ကို လေးလေးနက်နက် စိုက်ကြည့်နေလေသည်။ ပုဖန်ထံမှ ချီးမွန်းစကားကို သူမက အလွန်ကြားလိုနေလေသည်။ သို့မှသာ သူမက ပုဖန်ထံမှ ဥအနှစ်မုန့် ပြုလုပ်နည်းကို သင်ယူနိုင်မည်ဖြစ်သည်။ 


ပုဖန်က ဥအနှစ်မုန့်ကို ခေါင်းတညိမ့်ညိမ့် နှင့် ဝါးစားနေပြီး ကျွင်းအာကို သေချာစွာ ပြန်ကြည့်လိုက်လေသည်။


“အရသာက ဘယ်လိုနေလဲ….” ကျွင်းအာက စိတ်လှုပ်ရှားနေဟန်နှင့် မေးလိုက်လေသည်။


ပုဖန်က ချက်ချင်းပြန်မဖြေပဲ တက်ကြွနေသည့် ကျွင်းအာကို သေချာစွာ စိုက်ကြည့်လိုက်သည်။ ပြီးမှ အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ 


“ငါမျှော်မှန်းထားသလောက် မကောင်းသေးဘူး… ပြန်ပြီးတော့ လေ့ကျင့်လိုက်ဦး… ပီးတော့မှ နောက်ထပ် ထပ်လုပ်ပြီး ငါမြည်းဖို့ ယူလာပေး…”


ပုဖန်၏ ရုတ်တရက် ငြင်းပယ်မှုက ကျွင်းအာက တက်ကြွနေသော နှလုံးသာကို စိတ်ပျက်အားလျော့သွားစေလေသည်။ 


“တောင်း… တောင်းပန်ပါတယ်… ငါသေချာပေါက်ကို ပိုကြိုးစားပါ့မယ်… နောက်တစ်ခေါက် ငါလုပ်လာမယ့် ဥအနှစ်မုန့်က ပိုင်ရှင်ပုကို လုံး၀ ကျေနပ်စေရပါမယ်…”


ပုဖန်က ကျွင်းအာ၏ သဘောထားကို အလွန်သဘောကျသွားလေသည်။ သူ၏လုပ်ထားသည့် ဥအနှစ်မုန့်က ပုဖန်၏အရည်အသွေးကိုမမှီသော်လည်း သူမက လက်လျော့အရှုံးပေးခြင်းမရှိပဲ ချက်ပြုတ်ခြင်း နည်းပညာများကျု သင်ယူလိုနေဆဲပင် ဖြစ်သည်။ 


ကျွင်းအာက ဆိုင်ထဲ၀င်သွားပြီး တခဏအတွင်းပင် ပြန်ထွက်လာလေသည်။ သူမ၏ လက်ထဲတွင် စားစရာ ဗူးလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလေသည်။


စားသောက်ဆိုင်ထဲတွင် အခြားသော စားသုံးသူများ မရှိတော့သောကြောင့် အဖိုအိုတစ်ယောက်သာ ကျန်နေတော့သည်။


“ဥအနှစ်မုန့်… အဲဒီကလေးမလေး လုပ်ထားတဲ့ ဥအနှစ်မုန့်က တော်တော်လေးကို ကောင်းတယ်လေ… စမ်းသပ်မှုကို ဘာလို့ မအောင်တာလဲ…” အဖိုးအိုက သိချင်စိတ်ကို မထိန်းချုပ်နိ်ုင်ပဲ မေးလိုက်လေသည်။


ပုဖန်က မျက်မှောင်ကြုံ့၍ အဖိုးအိုက စိုက်ကြည့်လိုက်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။


“အကြောင်းပြချက်မရှိဘူး… ငါက မကောင်းဘူးဆို မကောင်းဘူးပဲ…”


အဖိုးအို၏ မျက်နှာက ရှုံ့မဲ့သွားပြီး ပြောစရာစကားမဲ့သွားလေသည်။


ပုဖန်က ရှုံ့မဲ့နေသော အဖိုးအိုကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောတော့ပဲ မီးဖိုချောင်ထဲသို့ ဦးတည်လိုက်လေသည်။ 


“ဒီစိတ်ဝိဥာဉ်အပင်ပေါက်လေးကို ငါ့ကိုပေးလိုက်ဖို့ မင်းမှာ စိတ်ကူး မရှိဘူးလား…” အဖိုးအိုက ပုဖန်၏ နောက်ကျောကို ကြည့်၍ မေးလိုက်လေသည်။ 


ပုဖန်က အဖိုးအိုကို လှည့်မကြည့်တော့ပဲ လေ့ကျင့်ချက်ပြုတ်ရန် မီးဖိုခန်းအတွင်း ၀င်ရောက်သွားလေသည်။ သူက အဖိုးအိုနှင့် စကားနိုင်လုပြီး စိတ်အနှောက်အယှက် အဖြစ်မခံနိုင်ပေ။


အဖိုးအိုက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး အပင်ပေါက်လေးကို ၀မ်းနည်းကြေကွဲစွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပုဖန်ကို လှမ်းပြောလိုက်လေသည်။


“လူငယ်လေး… မင်းရဲက ဆုံးဖြတ်ချက်အတွက် မင်းနောင်တရလိမ့်မယ်… ကြောက်စရာကောင်းတဲ့ သူတော်စင်အဆင့်တွေ မင်းကို လာဝိုင်းတဲ့ အချိန်ထိ စောင့်လိုက်ဥိးပေါ့… အဲဒီအခါကျမှ မင်းဘယ်လို ဖြေရှင်းမလဲ ဆိုတာကို ငါစောင့်ကြည့်ဦးမယ်…”


ထို့နောက် အဖိုးအိုက ခေါင်းခါယမ်းလိုက်ပြီး ဆိုင်ထဲမှ ထွက်ခွာသွားပြီး လမ်းကြားလေးထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။