အပိုင်း ၁၈၆
Viewers 52k

အခန်း ၁၈၆ “ဝိုင်ထုတ်လုပ်ဖို့ အချိန်ကောင်းပဲ…”


နူးညံ့သော ငှက်မွှေးတောင်လေးများကဲ့သို့ နှင်းပွင့်လေးများက လေနှင်ရာ မျောလွင့်နေပြီး အင်ပါယာမြို့တော်၏ လမ်းမများထက်သို့ ဆင်းသက်လာလေသည်။


လေအအလင်းအင်ပါယာမြို့တော်အတွင်းတွင် အုပ်ချုပ်မှုနည်းစနစ် ပြောင်းလဲမှုများ များစွာ ဖြစ်ပေါ်ခဲ့ပြီး နက်နဲသော ကောင်းကင်ဘုံ ဂိတ်တခါးအနီးတွင် အစောင့်အရှောက်များ ထူထပ်စွာ ချထားလေသည်။ နန်းတော်အတွင်းမှ ခန်းမကြီးများသို့ ၀င်ရောက်ရာတွင် နက်နဲသော ကောင်းကင်ဘုံ ဂိတ်တခါးကို အဓိက အသုံးပြုခဲ့သော်လည်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဂျိချန်းရွဲ့က အခြားလမ်းကြောင်းကို ပြောင်းသုံးရန် အမိန့်ထုတ်ခဲ့လေသည်။


ထို့ကြောင့် နန်းတော်သို့ သွားရောက်ရာတွင် နက်နဲသော ကောင်းကင်ဘုံ ဂိတ်တခါးကို မဖြတ်သန်းရတော့ပဲ အနောက်တံခါးမှ ၀င်ရောက်နိုင်ပေသည်။ ထိုသို့ ပြောင်းလဲရခြင်းက အခြားအကြောင်းများကြောင့် မဟုတ်ပဲ ဂိုဏ်းများက သူပုန်များကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သော နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်က နက်နဲသော ကောင်းကင်ဘုံ ဂိတ် ရင်ပြင်ကျယ်အတွင်း ရှိနေသောကြောင့် ဖြစ်သည်။


အင်ပါယာမင်းမြတ်ဖြစ်သော ဂျိချန်းရွဲ့က နတ်နဲသော ကောင်းကင်ဘုံအတွင်းမှ အင်အားကြီးမားလှသော အစီအရင်ကို ကာကွယ်ရမည်ဖြစ်သည်။ ထို့အပြင် နက်နဲသောကောင်းကင်ဘုံအတွင်းတွင် မြို့တော်၏ ထူးခြားလေးနက်သော သမိုင်းကြောင်းများလဲ ရှိနေလေသည်။ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီးနောက် ဂျိချန်းရွဲ့က ထိုအရာများကို လျို့ဝှက်ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။


အင်ပါယာမြို့တော်၏ လမ်းမကျယ်ပေါ်တွင် အဖိုးအိုတစ်ယောက်က လက်နောက်ပစ်၍ တဖြည်းဖြည်းချင်း လျောက်လှမ်းနေလေသည်။ ငှက်မွှေးတောင်လေးများကဲ့သို့ လေထဲတွင် မျောလွင့်နေကြသော နှင်းပွင့်လေးများက အဖိုးအို ခန္ဒာကိုယ်ပေါ်သို့ ကျဆင်းလာသော်လည်း မမြင်ရသည့် အားတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ကြရလေသည်။


“ငါ အင်ပါယာမြို့တော်ထဲမှာ ငါ လှည့်လည်သွားလာခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီ…. ဧကရာဇ် ချန်းဖန်တောင်မှ နတ်ရွာစံသွားပြီ… အချိန်ဆိုတဲ့အရာက ကမ္ဘာကြီးရဲ့ ပြောင်းလဲမှု များစွာကို ဆောင်ယူလာခဲ့တာပဲ..”


အဖိုးအို၏ မျက်နှာက အရေးအကြောင်းများနှင့် ပြည့်နေသော်လည်း လန်းဆန်းသော မျက်၀န်းများနှင့် ပတ်၀န်းကျင်ကို အကဲခတ်လိုက်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်လေသည်။


ဧကရာဇ်ချန်းဖန်က ကြီးမြတ်လှသော ဘုရင်တစ်ပါး ဖြစ်ခဲ့ပြီး သူ၏ အုပ်ချုပ်မှုအောက်တွင် လေအလင်းအင်ပါယာက အရှိန်အဟုန်နှင့် တိုးတက်လာခဲ့သည်။ မရေမတွက်နိုင်သော ဂိုဏ်းများကို ဖြိုခွင်း၍ အင်ပါယာကို အညံ့ခံစေခဲ့သည်။


“အင်း စိတ်မကောင်းစရာပဲ… လေအလင်းအင်ပါယာရဲ့ ငြိမ်းချမ်းမှုက အဆုံးသတ်သွားတော့မယ်… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်သာ ကြီးလာပြီဆိုရင် ဂိုဏ်းကြီးတွေရဲ့ စစ်သူရဲတွေကို ဆွဲဆောင်နိုင်လိမ့်မယ်… လေအလင်းအင်ပါယာမြို့တော်က ဒီလိုနဲ့ပဲ ပျက်ဆီးသွားရတော့မှာပဲ….”


အဖိုးအိုက သက်ပြင်းချလိုက်သည်။ သူက ပုဖန်၏ ဆိုင်ငယ်လေးမှ ထွက်လာခဲ့သော်လည်း ဆိုင်ငယ်လေးက ထူးခြားကြောင်း ပုဖန်၏ ဟင်းပွဲများက မကောင်းဆိုးဝါးဆန်သည့် အဆင့်မြင့်စားဖိုမှုးတစ်ယောက် ဖြစ်သည့် သူပင် ချီးကြူးရကြောင်း ပုဖန်ကလည်း ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို အပင်ပေါက်အောင် ပျိုးထောင်နိုင်ခဲ့ကြောင်း ၀န်ခံရပေမည်။


အဖိုးအိုက ဆိုင်ငယ်လေး၏ ရှေ့တွင် သူ့ကိုပင် ဒူးထောက်ကျစေခဲ့သော ဖိအားတစ်ခုအကြောင်း ပြန်လည်သတ်ိရသွားသည်။ သူ့ကို ဖိအားပေးနိုင်သည့်အရှိန်အဝါက ဆိုင်၏ အခြေခံ အုတ်မြစ်သာ ဖြစ်နိုင်ပေသည်။ ဖန်ဖန် ဆိုင်ငယ်လေးက စျေးမတန်တဆ တောင်းသော်လည်း အင်ပါယာမြို့တော်အတွင်းတွင် ယခုထက်တိုင် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ခြင်းမှာ ကြီးမားသော နောက်ခံရှိသောကြောင့်ဟု သူက တွေးမိလိုက်လေသည်။


ဘုရင်အဆင့်သာ ရှိသေးသော ပုဖန်က ဆိုင်ငယ်လေးကို ကာကွယ်ရန်ပင် မလုံလောက်ချေ။ သူ၏ရှုထောင့်မှ ကြည့်လျင် ဖန်ဖန်ဆိုင်ငယ်လေး၏ လျို့ဝှက်အစောင့်အရှောက်က သူတော်စင်အဆင့် ဖြစ်နိုင်ပေသည်။ သူတော်စင်အဆင့်ဖြစ်သော သူ့ကိုပင် ဒူးထောက်ကျသွားစေသည့် စွမ်းအားများအရ ထိုအစောင့်အရှောက်၏ စွမ်းအားက သူတော်စင်အဆင့်ထက် မြင့်နိုင်ပေသည်။ သို့သော် ငါးလမ်းကြောင်းသိမြင်မှု အပင် ထွက်ပေါ်လာသည်နှင့် ရောက်လာနိုင်သူများက သူတော်စင်အဆင့် တစ်ယောက်နှစ်ယောက်သာ မဖြစ်နိုင်ပေ။


အဖိုးအိုက လက်နှစ်ဖက်ကို နောက်ပစ်၍ သူ့ရှေ့တွင် မြင်နေရသော နက်နဲသောကောင်းကင်ဘုံ ဂိတ်တခါးသို့ အေးဆေးစွာ လျောက်သွားလိုက်သည်။


“ဘယ်သူလဲ…”


နက်နဲသော ကောင်းကင်ဘုံ ဂိတ်တခါးအနီးတွင် စောင့်ကြပ်ရန် တာ၀န်ကျနေသော အဆောင့်များက အဖိုးအိုကို သတိပြုမိသွားပြီး လှမ်းမေးလိုက်လေသည်။


အဖိုးအိုက ပြုံးလိုက်ရာ သူ့မျက်နှာပေါ်မှ အရေးအကြောင်းများပင် လှုပ်ခါသွားလေသည်။ ထို့နောက် ရှေ့သို့ ခြတစ်လှမ်းတိုးလိုက်ပြီး အဆောင့်၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ နှင်းများ ဖုံးလွှမ်းနေသည့် နက်နဲသော ကောင်းကင်ဘုံ ဂိတ်တခါးအတွင်းသို့ ခြေချလိုက်သည်နှင့် ဆူညံသံအချို့ ထွက်ပေါ်လာလေသည်။ သူက ခပ်လှမ်းလှမ်းသို့ အကဲခတ်လိုက်ပြီး အသက်ပြင်းပြင်း ရှိုက်လိုက်လေသည်။


“နဂါးခေါင်းနှစ်ဆင့် ကပ်ဘေး မှော်အစီအရင်က ဒီမှာလား…”


အဖိုးအိုက လေးထောင့်ကျောက်တိုင်များကို သေချာစွာ စူးစိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ နောက်ကျောမှ စူးရှသော လေတိုးသံနှင့်အတူ ကြံ့ခိုင်သန်မာသော ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။


ရှောင်မန်က နက်နဲသော ကောင်းကင်ဘုံ မြေကွက်လပ်သို့ ဆင်းသက်လိုက်ပြီး ကျောက်တိုင်များကို လေ့လာနေသော အဖိုးအိုကို လက်သီးဆုတ်၍ အရိုအသေ ပြုလိုက်သည်။


“စီနီယာ မတွေ့တာတောင် ကြာပြီနော်…”


အဖိုးအိုက နောက်လှည့်၍ ရှောင်မန့်ကို စိုက်ကြည့်လိုက်ပြီး ရယ်မောပြောဆိုလိုက်သည်။


“အရင်တုန်းက လူငယ်လေးက အခုတော့ သူတော်စင်အဆင့်တောင် ရောက်နေပြီပဲ… မင်းရဲ့ ပါရမီ အရည်အချင်းက ကောင်းမွန်တာပဲ…”


“စီနီယာ့ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်… ဘုရင်မင်းမြတ်က စီနီယာ့ကို တွေ့ဆုံဖို့ ဆန္ဒရှိနေပါတယ်.. အဲဒါကြောင့် နန်းတော်ထဲကို ၀င်ပြီး ဘုရင်မင်းမြတ်နဲ့ တွေ့ဆုံသွားပါဦး…..” ရှောင်မန်က အဖိုးအိုကို အကြည့်မလွဲပဲ ပြောလိုက်လေသည်။


“ကောင်းတာပေါ့… ဒီအဖိုးကြီးကလဲ ဧကရာဇ်ချန်းဖန်နေရာကို ဆက်ခံနိုင်ခဲ့တဲ့ ဘုရင်အသစ်ကို တွေ့ချင်နေတာ….” အဖိုးအိုက ပေါ့ပေါ့ပါးပါး တုန့်ပြန်လိုက်သည်။


မြေရိုင်းလွင်ပြင် ဗဟိုနယ်မြေထဲတွင် ဝိဥာဉ်သားရဲတစ်ကောင်က ကျယ်လောင်စူးရှစွာဖြင့် အော်ဟစ်မြည်တမ်းလိုက်သည်။ အေးခဲနေသော မြေရိုင်းလွင်ဒေသမှ အခြားသားရဲများအားလုံးက ထိုအသံကို ခေါင်းထောင်၍ နားစွင့်လိုက်ကြသည်။


ဘန်း… ဘန်း… ဘုန်း…


ခြုံနွယ်သစ်ပင်များ ရုတ်တရက် ကျိုးကြေသွားပြီး ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာသောကြောင့် မြေမျက်နှာပြင်တစ်ခုလုံး တုန်ခါသွားလေသည်။


ကျယ်လောင်သော အသံနှင့်အတူ အမွှေးရှည်ဆင်ကြီးများကဲ့သို့ ကြီးမားလှသည့် စိတ်ဝိဥာဉ်သားရဲတစ်ကောင် ထွက်ပေါ်လာလေသည်။ ထိုသားရဲက အနီရောင်အမွှေးများနှင့် ဓါးရှည်ကဲ့သို့ ချွန်မြနေသည့် အစွယ်ရှည်နှစ်ချောင်းနှင့် ခြင်္သေ့ကြီးတစ်ကောင် ဖြစ်လေသည်။ ထိုခြင်္သေ့က အဆင့်ခုနစ် မီးခြင်္သေ့ဖြစ်ပြီး အလွန်ရက်စက်ကြမ်းကြုတ်ကာ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်မြင့်မားလေသည်။


ထိုခြင်္သေ့၏ ကျောပေါ်တွင် လူတစ်ယောက် ထိုင်နေလေသည်။ ထိုသူ၏ အရပ်အမောင်းက မြင့်မားလှပြီး မျက်နှာအသွင်အပြင်ကလဲ ကျောက်သားကို ထွင်းထုထားသကဲ့သို့ ကြည့်ကောင်းလှသည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် အနီရောင် အစက်တစ်ခု ရှိနေပြီး နီရဲသော ၀တ်ရုံရှည်ကို ၀တ်ဆင်ထားသည်။ သူ၏ ပုံသဏ္ဍာန်က ကြမ်းတမ်လှသော သဘာ၀နှင့် ဆန့်ကျင်၍ ဆွဲဆောင်မှု ရှိနေလေသည်။


ထိုသူကမီးခြင်္သေ၏ ခေါင်းကို ငြင်သာစွာ ပွတ်သပ်လိုက်ပြီး ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။


“နောက်ဆုံးတော့ ငါတို့ မြေရိုင်းလွင်ပြင်ထဲက ထွက်လာနိုင်ပြီ… မီးကလေး…မင်းပျော်ရဲ့လား….”


ဝေါင်း….


မီးခြင်္သေက ခေါင်းကိုမော့၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။ ထိုအမူအယာက ထိုသူ၏ စကားကို ထောက်ခံလိုက်ပုံရလေသည်။


“ဟား..ဟား…ဟာ…ဟား…. ဟုတ်ပါပြီ… ငါက ရေကလေးနဲ့ မိုးကြိုးကလေးတို့ကိုပါ တစ်ခါတည်းခေါ်သွားမယ်… ငါတို့ အပြင်ရောက်ပြီဆိုတာနဲ့ လတ်ဆတ်တဲ့လေကို တဝြကီး ရှူရှိုက်နိုင်ပြီ… ဒါပေမယ့် ငါတို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ လေအလင်းအင်ပါယာကိုလဲ မြန်မြန်ရောက်ဖို့ လိုသေးတယ်….” ထိုသူက ခြင်္သေ့ကြီး၏ လည်ဆံမွှေးများကို ပွတ်သပ်လိုက်ပြီး ညှင်ညှင်သာသာ ပြောလိုက်လေသည်။


သဘာ၀အားဖြင့် မီးခြင်္သေ့တွင် လျှင်မြန်စွာ တုံ့ပြန်တတ်သော ဥာဏ်ရည်ရှိသောကြောင့် ချက်ချင်းခေါင်းလှည့်၍ ထွက်သွားလေရာ အနီရောင်၀တ်ရုံကို ၀တ်ဆင်ထားသူက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ ထိုသူပျောက်သွားပြီးနောက် စိတ်ဝိဥာဉ်သားရဲများကို စီးနင်းထားသော အမျိုးသားအမျိုးသမီး သုံးယောက် ပေါ်လာလေသည်။ ထိုသူများထံမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ထွက်ပေါ်နေလေသည်။


“ဘုရားကျောင်းသခင် ရှောက်က အရမ်းကိုမြန်လွန်းတယ်…” အနီရောင်၀တ်စုံ၀တ်ထားသော အမျိုးသမီးက အဝေးကို မျှော်ကြည့်လိုက်ပြီး စိတ်ပျက်စွာ ပြောလိုက်သည်။


“ဘုရားကျောင်းသခင်ရှောက်ရဲ့ မီးခြင်္သေ့က အမြန်နှုန်းအားသာချက် ရှိနေတယ်လေ… ငါတို့မမှီနိုင်တာပုံမှန်ပါပဲ…. ဒါပေမယ့်လဲ စိတ်ပူစရာမလိုပ်ါဘူး… သူ့ရဲ့ သိုင်းအဆင့်နဲ့ မီးခြင်္သေ့ရဲ့ခွန်အားကိ်ု ပေါင်းလိုက်ရင် သူတို့ အန္တရာယ်မရှိပါဘူး….” အနီရောင်၀တ်ထားသော အခြားတစ်ယောက်က ပြန်ပြောလိုက်သည်။


“ဘုရားကျောင်းသုံးခုလုံးက ငါတို့လို စွမ်းအားမြင့်တဲ့ လူတွေကို လေအလင်းအင်ပါယာကို သွားဖို့ စေလွှတ်ခဲ့တယ်ဆိုတော့ ဘာတွေများဖြစ်နေလို့လဲ…. ဘယ်လောက်ကြီးမားတဲ့ ကိစ္စတွေ ဖြစ်နေလို့ ဒီလောက်အများကြီး စုဝေးရတာလဲ…”


“ဘုန်းတော်ကြီးက လေအလင်းအင်ပါယာမှာ ကောင်းမွန်တဲ့ ကံကြမာတွေ ကျရောက်လာနိုင်တယ်လို့ ကြိုတင် နမိတ်ဖက်ခဲ့တယ်… ဒါကြောင့် ဘုရားကျောင်းသခင်ရှောက်ကို ရှာဖွေရေးမှာ ဦးစည်းဖို့ စေလွှတ်လိုက်တာ….”


“လေအလင်းအင်ပါယာ… အထူးသဖြင့် အင်ပါယာမြို့တော်မှာ ဘုန်းတော်ကြီးကိုတောင် သတိပြုမိစေတဲ့ ဘာကိစ္စတွေ ဖြစ်လာမှာမို့လဲ…”


……


“ဆရာ … ငါတို့ ခုချက်ချင်းပဲ ပိုင်ရှင်ပုကို သွားရှာမှာလား….”


အင်ပါယာမြို့တော်၏ အပြင်ဘက်တွင် ထူးဆန်းသော ယူနီကွန်းကို စီးထားသော ထန်းယင်က သူ့ဘေးမှ နီယန့်ကို ကြည့်၍ မေးလိုက်သည်။


နီယန်က သူမလက်ထဲမှ ကြီးမားလှသော စိတ်ဝိဥာဉ်သစ်သီးကို တစ်ကိုက်ကိုက်လိုက်ရာ သစ်သီးမှ အရည်များက သူမမျက်နှာသို့ စင်သွားလေသည်။ သူမ၏ ပါးနှစ်ဖက်ကလဲ ဖောင်းကားနေသောကြောင့် လှပသော မျက်နှာက ရယ်ရွှင်ဖွယ် ကောင်းနေလေသည်။ သူမက အင်ပါယာမြို့တော်ကို လက်ညိုးထိုးလိုက်ပြီး ဗလုံးဗထွေးနှင့် တစ်စုံတစ်ခုကို ရေရွတ်၍ ယူနီကွန်း၏ တင်ပါးကို ဖနောင့်နှင့် ပေါက်လိုက်လေသည်။ ယူနီကွန်းက ရုတ်တရက် ထပြေးလိုက်သောကြောင့် သူမ၏ အင်ပါယာမြို့တော်ထဲသို့ ရှေ့ဆုံးမှ ၀င်ရောက်သွားလေတော့သည်။


ထန်းယင်က အစားကြူးလှသော သူ၏ ဆရာမကို ကူရာမဲ့စွာ လှမ်းကြည့်လိုက်ပြီး နောက်မှ လိုက်ပါသွားလေသည်။ သူတို့နှစ်ယောက်က အင်ပါယာမြို့တော်သို့ ဒုတိယအကြိမ် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ဤခရီး၏ နောက်ကွယ်မှ အကြောင်းရင်းများကို သူက သိရှိနေခြင်းမရှိပေ။ 


သူ၏ ဆရာက အင်ပါယာမြို့တော်တွင် ကောင်းမွန်သော အရာများ ပေါ်ပေါက်လာမည်ဟု ပြောဆို၍ ခေါ်ခဲ့သောကြောင့် သူက လိုက်ပါလာခြင်း ဖြစ်သည်။ အင်ပါယာမြို့သို့ လာရခြင်း၏ ကောင်းမွန်သော အချက်တစ်ချက်မှာ ပိုင်ရှင်ပု၏ ကောင်းမွန်သော ဟင်းပွဲများကို ထပ်မံ စားသောက်နိုင်ခြင်းပင် ဖြစ်သည်။


…….


နောက်ဆုံးစားသုံးသူ ပြန်သွားပြီးနောက် ကွမ်းရှောင်ယီက ညောင်းညာနေသော အကြောများကို ဖြေလျှော့လိုက်ပြီး ပုဖန်ကို နှုတ်ဆက်၍ ကွမ်းစံအိမ်သို့ ပြန်သွားလေသည်။


ပုဖန်က ကျဆင်းနေသော နှင်းစက်လေးများကို ကြည့်၍ လတ်ဆတ်သော လေအေးများကို တခဏမျှ ရှူရှိုက်လိုက်သည်။ ထို့နောက် တံခါးများကို ပိတ်လိုက်လေသည်။ တခါးပိတ်လိုက်ပြီးနောက် ပုဖန်က မီးဖိုချောင်အတွင်း ၀င်သွားလိုက်ပြီး ဗီဒိုအသေးလေးကို ဖွင့်လိုက်လေသည်။ 


ထို့နောက် စိတ်ဝိဥာဉ်စွမ်းအင်များ ပြည့်နှက်နေသော အဆင့်ခုနစ် စိတ်ဝိဥာဉ် ဆေးပင် သုံးမျိုးကို ကြည့်လိုက်ပြီး သူ၏ မေးစိကို ပွတ်၍ တွေးတောနေလေသည်။


“ဒီအချိန်က နဂါးရှင်သန်ခြင်းဝိုင်ထက် ကောင်းမွန်တဲ့ ဝိုင်ချက်လုပ်ဖို့ အချိန်ကောင်းပဲ….”