အပိုင်း ၁၈၇
Viewers 62k

အခန်း ၁၈၇ “ပိုင်ရှင်ပု၏ အန္တရာယ်”


ညအချိန်တွင် နှင်းများ ကျဆင်းနေပြီး လနှစ်စင်းက တိမ်များကြားတွင် ပုန်းကွယ်နေလေသည်။


လေအလင်းအင်ပါယာနန်းတော်၏ အဓိကခန်းမကြီးထဲတွင် တေးတူရိယာသံများ ပျံ့လွှင့်နေပြီး ကချေသည်များက ကပြဖျော်ဖြေနေဆဲ ဖြစ်သည်။ ဝိုင်၏ရနံ့များနှင့် စားကောင်းသောက်ဖွယ်တို့၏ ရနံ့များက လေထုထဲတွင် ပျံ့နှံ့နေလေသည်။ ခန်းမ အလယ်တွင် အမျိုးသမီး ကချေသည်များက ကပြဖျော်ဖြေလျက်ရှိပြီး သူမတို့၏ အလှအပများကို ထုတ်ဖော်ပြသနေလေသည်။


တူရိယာအမှုထမ်းငယ်များက ထောင်းတစ်ထောင့်တွင် ထိုင်၍ ကျေနပ်ဖွယ် တေးသွားများကို တီးမှုတ်ဖျော်ဖြေနေကြပြီး အမျိုးသမီး ကချေသည်လေးများက စီးချက်ညီစွာ ကပြနေကြသည်။ ထိုမြင်ကွင်းကို အကြည့်လွဲရန်ပင် ခက်လှပေသည်။


အဓိကခန်းမကြီး၏ အမြင့်ပိုင်းနေရာတွင် တန်ဖိုးကြီးလှသော အ၀တ်အစားများကို ၀တ်ဆင်ထားသော ဂျိချန်းရွဲ့က နဂါးပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သူ၏ တစ်ဖက်တစ်ချက်တွင် တော်၀င်တရားရုံးများ အရေးကြီးအရာရှိများ ၀န်ကြီးများနှင့် များစွာသော မျက်နှာသစ်များ ထိုင်နေကြသည်။ ထိုမျက်နှာသစ်များက ဂျိချန်းရွဲ့ ပလ္လင်နေရာကို ဆက်ခံပြီးမှ ရာထူးချီးမြှင့်ခံရသူများ ဖြစ်ကြသည်။


ခန်းမထဲတွင် အင်ပါယာ၏ အရေးကြီးမိသားစု၀င်များလဲ ရှိနေလေသည်။ ရှောင်မိသားစု ယန်မိသားစုနှင့် ကွမ်းမိသားစုတို့က တစ်ဦးကိုတစ်ဦး စနောက်၍ ရယ်မောပြောဆိုနေကြသည်။ အဖိုးအိုက ဂျိချန်းရွဲ့အနီးတွင် ထိုင်နေပြီး သူ၏ မျက်နှာပေါ်တွင်လည်း ကျေနပ်အားရသည့် အပြုံးတစ်ခု ရှိနေလေသည်။


“မာစတာ၀မ့်… ဒီအုပ်ချုပ်သူက အရင် ဘုရင်မင်းမြတ် လက်ထက်မှာ မာစတာရဲ့ အကြောင်းကို ချီးမွန်းပြောဆိုနေတာကို အမြဲလိုလို ကြားခဲ့ဖူးတယ်…. မာစတာက ကျယ်ပြောတဲ့ တိုက်ကြီးတစ်လျောက် ဆယ်စုနှစ်ပေါင်းများစွာ လှည့်လည်သွားလာနေပြီး မရေမတွက်နိုင်တဲ့ ထူးဆန်းမှုတွေနဲ့ ကြုံခဲ့ဖူးတယ်လို့ ကြားဖူးတယ်…”


“ပြီးတော့ မာစတာရဲ့ အချက်အပြုတ်စွမ်းရည်က တကယ်ကို ပြိုင်စံရှားပဲလို့ ကြားဖူးတယ်… အဲဒါတွေကို ကြားဖူးထဲက ဒီအုပ်ချုပ်သူက မာစတာ့ကို အရမ်းလေးစားနေမိတာပါ…”


ဂျိချန်းရွဲ့က ကျောက်စိမ်းဖြူခွက်ထဲသို့ ရတနာစိခြယ် မက်မွန်ဝိုင်ကို ဖြည့်လိုက်ပြီး အဖိုးအို ၀မ့်တင်းဘက်သို့ လှည့်၍ ချီးကြူးပြောဆိုလိုက်ကာ ဝိုင်ကို မော့သောက်လိုက်သည်။


၀မ့်တင်းကလဲ သူ၏ ခွက်ထဲသို့ ဝိုင်ဖြည့်လိုက်ပြီး ဂျိချန်းရွဲ့ကဲ့သို့ တကျိုက်တည်း မော့သောက်လိုက်လေသည်။ ထို့နောက် ကောင်းမွန်လှသော ဝိုင်၏ အရသာကို ချီးမွန်းလိုက်သည်။


“အရှင်မင်မြတ်က မြှောက်ပင့်လွန်းနေပါပြီ… ဒီလူအိုကြီးက တိုက်ကြီးတခွင် လှည့်လည်သွားလာနေတဲ့ သာမာန်လူအိုကြီး တစ်ယောက်ပါပဲ… အရှင်မင်းကြီးရဲက ချီးမွန်းမှုကိုမခံယူဝံ့ပါဘူး…” ၀မ့်တင်းက ခပ်ပြုံးပြုံးနှင့် ပြန်ပြောလိုက်သည်။


ဂျိချန်းရွဲ့က သူ့ရှေ့မှ အဖိုးအိုကို စိတ်ရင်းဖြင့် လေးစားနေခြင်း ဖြစ်သည်။ ထိုအဖိုးအို၏ ဘ၀ကို ချက်ပြုတ်ခြင်းတွင်သာ မြုတ်နှံထားသော်လည်း သူ့တွင် အခြားထူးခြားချက်များ ရှိနေသေးသည်။ ၀မ့်တင်းက တိုက်ကြီးတခွင်လှည့် လည်သွားနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။


“မာစတာ၀မ့်က နှိမ့်ချလွန်းနေပါပြီ… နဂါးပြို့ဟောင်းတိုက်ကြီးက နယ်နမိတ် ကန့်တတ်ချက် မရှိလောက်အောင်ကို ကျယ်ပြောတယ်…. ငါကိုယ်တော်ရဲ့ လေအလင်းအင်ပါယာဆိုတာက တိုက်ကြီးနဲ့ ယှဉ်လိုက်ရင် ရေစက်တစ်စက်သာသာပဲ… ငါကိုယ်တော်က ကျယ်ပြောတဲ့ လောကကို မြင်ဖို့ အတွက် အမြဲလိုလို အာသီသ ရှိနေတယ်… ငါကိုယ်တော်နဲ့ ခြားနားစွာပဲ တိုက်ကြီးတခွင့် လှည့်လည်သွားလာနိုင်တဲ့ မာစတာ၀မ့်ကို စိတ်ရင်းနဲ့ လေးစားမိတယ်…”


“တကယ်လို့ မာစတာ၀မ့်မှာ အချိန်ရှိရင် ဒီနဂါးမြို့ဟောင်းတိုက်ကြီးထဲက နေရာတချို့ကို ပြောပြပေးပါလား… ဒီလိုသာဆိုရင် ငါကိုယ်တော်ရဲ့ စူးစမ်းချင်စိတ်တွေကို ကျေနပ်နှစ်သိမ့်စေမှာပဲ…” ဂျိချန်းရွဲ့က ၀မ့်တင်းကို ကြည့်၍ ပြောလိုက်သည်။


အဖိုးအိုက ဂျိချန်းရွဲ့၏ တောင်းဆိုချက်ကို မငြင်းပယ်လိုက်ပေ။ သူကိုယ်တိုင်က လေအလင်းအင်ပါယာတွင် မွှေးဖွားခဲ့ပြီး မကောင်းဆိုးဝါးစားဖိုမှုးတစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နှစ်ပေါင်းများစွာတိုင်အောင် တိုက်ကြီးတခွင် လှည့်လည်စူးစမ်းခဲ့ပြီး လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ မြေရိုင်းလွင်ပြင်အပြင်ဘက် ချင်းယန်ကျန့်တွင် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်၍ အခြေချခဲ့ခြင်း ဖြစ်သည်။


ခန်းမကျယ်ထဲမှ လူများက အဖိုးအိုထံသို့ ကြည့်လိုက်ကြပြီး နားစွင့်ထားကြလေသည်။ သူတို့မသိသော ပြင်ပကမ္ဘာ၏ အကြောင်းကို သိလိုနေကြသည်။ တော်၀င်မျိုးနွယ်များနှင့် မူးမတ်များကလဲ စူးစမ်းနေကြသည်။ အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူ ရှောင်မန်ပင် သိချင်စိတ်ကြောင့် အသက်ရှူ အောင့်ထားမိလေသည်။


“ဒီလူအိုကြီးက နှစ်ပေါင်းများစွားတိုင်အောင် ခရီးထွက်ခဲ့ပေမယ့် တိုက်ကြီးရဲ့့ နေရာအနှံ့ကို မရောက်ခဲ့ဘူးလို့ ပြောရမှာတော့ ရှက်စရာပါပဲ…. ကုန်းမြေထုကြီးက အဆုံးမသတ်နိုင်အောင် ကျယ်ပြောလွန်းလို့ ဒီလူအိုကြီးကဘ၀တစ်ခုလုံး သွားနေမယ်ဆိုရင်တောင် အဆုံးသတ်ကို မရောက်နိုင်ဘူးလို့ ထင်နေမိတယ်… ဒါပေမယ့် ငါ့အတွက် အဲလိုသွားလာခဲ့ရတာ အချည်းနှီးတော့ မဖြစ်ခဲ့ပါဘူး….”


“အရှင်မင်းကြီးလဲ မြေရိုင်းလွင်ပြင်ဒေသကို သတိပြုမိမှာပါ… အဲဒီဒေသက ကျယ်ပြောပြီး အန္တရာယ်ကြီးမားတဲ့ သားရဲတွေ မရေမတွက်နိ်ုင်အောင် ရှိနေတယ်… လူသားတွေ တိတိကျကျ မသိနိုင်တဲ့ တားမြစ်နယ်မြေဆိုလဲ ဟုတ်တယ်… ဒါပေမယ့် တိုက်ကြီးထဲမှာ မြေရိုင်းလွင်ပြင်ဒေသလို ဒေသတွေ အများကြီး ရှိနေတယ်…”


အဖိုးအိုက ရတနာစိခြယ် မက်မွန်ဝိုင်ကို ဖြည်းဖြည်းချင်း စုပ်သောက်လိုက်ပြီး ဆက်ပြောလိုက်သည်။


“ကုန်းမြေကြီးရဲ့ မြောက်ဘက်ပိုင်းမှာ ပုံရိပ်ယောင် စိတ်ဝိဥာဉ် နွံမြေလို့ ခေါ်တဲ့ ကျယ်ပြန့်တဲ့ နွံပြင်ကြီး တစ်ခု ရှိတယ် … အဲဒီနွံမြေရဲ့ အန္တရာယ်ကြီးမားမှုက မြေရိုင်းလွင်ပြင်ဒေသအောက် ဘယ်လိုနည်းနဲ့မှ လျော့ကျခြင်း မရှိဘူး…..”


“အဲဒီနွံမြေထဲမှာ နတ်ဆိုးသားရဲတွေ နေထိုင်ပြီး များပြားလှတဲ့ စိတ်ဝိဥာဉ်ဆေးပင်တွေလဲ ပေါက်နေကြတယ်… အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင်တွေတောင် တစ်ခါတစ်လေ ပေါ်ထွက်လာတတ်တယ်…”


“ဒီလူအိုကြီးက အဲဒီနွံမြေထဲမှာ နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီး ထူးဆန်းတဲ့မျိုးနွယ်တွေကိုလည်း တွေ့ဖူးခဲ့တယ်… ဥပမာအနေနဲ့ ပြောရရင် မြွေလူသားမျိုးနွယ်တွေနဲ့ ကင်းမြှီးကောက်လူသား မျိုးနွယ်တွေပေါ့…”


ခန်းမထဲတွင် ရှိနေသော လူအများက အေးခဲတောင့်တင်းသွားကြလေသည်။


“မြွေလူသား….” ကြားရသည်မှာ မယုံနိုင်စရာ ဖြစ်နေလေသည်။


“စိတ်ဝိဥာဉ်နွံမြေထဲမှာ မြွေလူသားမျိုးနွယ်တွေ တည်ဆောက်ထားတဲ့ ဆန်းကျယ်တဲ့ အဆောက်အဦးမြင့်တွေ ရှိတဲ့ မြို့ကြီးတစ်မြို့လဲ ရှိတယ်… မြွေလူသားမျိုးနွယ်တွေမှာ စစ်သည်အများအပြားရှိပြီး လေအလင်းအင်ပါယာထက်တောင် အင်အားကြီးမားသေးတယ်…”


“ဒါပေမယ့် အဲဒီမြွေလူသားမျိုးနွယ်တွေက ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေထဲမှာ အသန်မာဆုံးမျိုးနွယ် မဟုတ်သေးဘူး…. ပြီးတော့ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေအနီးမှာ တိမ်ဖြူစံအိမ်လို့ ခေါ်တဲ့ လူသားတွေရဲ့ မြို့တော်တစ်ခု ရှိတယ်.. ဒါပေမယ့် ဒီအဖိုးကြီးက ကြားပဲ ကြားခဲ့ဖူးပြီး အဲဒီစံအိမ်ကို မရောက်ခဲ့ဖူးဘူး….”


ဂျိချန်းရွဲ့ မျက်၀န်းများက တောက်ပနေပြီး နှလုံးသွေးများပင် ပွက်ပွက်ဆူနေသည်ဟု ခံစားနေရလေသည်။


“တိမ်ဖြူစံအိမ်… မြွေလူသားမြို့တော်…”


ကုန်းမြေတိုက်ကြီးက မှန်းဆ၍ မရနိုင်အောင် ကျယ်ပြောလှပြီး အံ့မခန်းထူးခြားသော ဖြစ်ရပ်များ အများအပြား ရှိနေလေသည်။


“အရှေ့ဘက်မှာ ရှည်လျားပြီး သွယ်တန်းနေတဲ့ တောင်စဉ်တစ်ထောင် တောင်တန်းလဲ ရှိတယ်.. အဲဒီတောင်တန်းက အဆုံးမရှိအောင် မြင့်မားပြီး တောင်ထိပ်ကိုတောင် မမြင်နိုင်ဘူး… ဒီလူအိုကြီးက တောင်ကြောတစ်လျောက် ဆယ်စုနှစ်တစ်ခုလောက် ကြာအောင် လှည့်လည်သွားလာခဲ့ပေမယ့် အဆုံးကို မရောက်ခဲ့ဘူး…”


“အဲဒီနယ်မြေက ဒီလူအိုကြီးအတွက်တော့ ကြောက်စရာနယ်မြေပဲ… အဲဒီနယ်မြေမှာ နေထိုင်ကြတဲ့ နတ်ဆိုးသားရဲတွေနဲ့ အမျိုးအမည်မသိတဲ့ သတ္တဝါတွေက သူတို့ ရှင်သန် တိုးတက်ဖို့ အတွက် တောင်တွေဆီက ရတဲ့ အရင်းအမြစ်တွေကို ယှဉ်ပြိုင်တိုက်ခိုက်ပြီး လုယူကြရတယ်…”


“တောင်ဘက်မှာတော့ အနားသတ်ကိုတောင် မမြင်နိုင်တဲ့ သမုဒ္ဓရာတစ်စင်းရှိတယ်… သမုဒ္ဓရာရဲ့ ကျယ်ပြောမှုက လူတွေရဲ့ မြင်နိုင်စွမ်းကို ကျော်လွန်နေလို့ အဆုံးသတ်က ဘယ်နေရာမှာလဲဆိုတာကို ဘယ်သူမှ မသိကြဘူး…”


အဖိုးအိုက သူ့ဘ၀တစ်လျေက် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ဝေမျှပြောဆိုခဲ့သည်။ ခန်းမထဲတွင် ရှိနေကြသော လူများအတွက် ထိုအကြောင်းအရာများက ဘ၀တစ်သက်တာတွင် ကြုံတွေ့ရန် မဖြစ်နိုင်သော အကြောင်းအရာများ ဖြစ်ကြလေသည်။


ကုန်းမြေတိုက်ကြီးက အတိုင်းအဆမဲ့ ကျယ်ပြောလှပြီး မယုံကြည်နိုင်ဖွယ်ရာ အလှည့်အပြောင်း အချိုးအကွေ့များ များပြားလှသည်။


“မာစတာ၀မ့်က တကယ့်ကို ဗဟုသုတ စုံလင်တဲ့ လူတစ်ယောက်ပဲ… သင်ပြောပြတဲ့ အကြောင်းအရာတွေက ငါတို့အတွက် တွေးတောင်မတွေးနိုင်လောက်အောင် ထူးဆန်းလှပါတယ်… မြောက်ဘက်မှာ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေ အရှေ့ဘက်မှာ တောင်စဉ်တစ်ထောင် တောင်တန်း… တောင်ဘက်မှာ ကျယ်ပြောလှတဲ့ သမုဒ္ဓရာ… ဟင်း…. ငါကိုယ်တော်ရဲ့ နှလုံးသားကိုတောင် နစ်မျောသွားစေတယ်….”


ဂျိချန်းရွဲ့က ဝိုင်ခွက်ကို မြှောက်လိုက်ပြီး အဖိုးအို ၀မ့်တင်းကို ချီးကြူးလိုက်သည်။ ၀မ်းတင်းကလဲ လက်ထဲမှ ဝိုင်ခွက်ကို ပြန်မြှောက်ပြလိုက်ပြီး တစ်ငုံသောက်လိုက်သည်။


ထိုအချိန်တွင် သိမ်မွေ့၍ ကြည့်ကောင်းလှသော နန်းတွင်းအစေခံများက ရုတ်တရက် ထွက်လာခဲ့သည်။ သူတို့လက်ထဲတွင် ကိုင်ဆောင်ထားသော ဟင်းပွဲများထံမှ မွှေးပျံ့သင်းကြိုင်လှသော ရနံ့များ ထွက်ပေါ်နေလေသည်။


ဂျိချန်းရွဲ့က ထိုလူများကို သတိပြုမိသွားပြီး ကျယ်လောင်စွာ အော်ရယ်လိုက်လေသည်။


“ဟားဟား..ဟား…ဟား… နောက်ဆုံးတော့ ရောက်လာပြီပဲ… ဒီမှာ မာစတာ၀မ့်ကို အရင်ပေးမြည်းလိုက်ပါဦး…. ဒါက ငါကိုယ်တော်ကိုယ်တိုင် ပိုင်ရှင်ပု ဆီကို လူလွှတ်ပြီး မှာယူထားရတဲ့ ကမာနှလုံးသားပန်ကိတ်….”


“မာစတာ၀မ့်က ချက်ပြုတ်တဲ့ နည်းစနစ်တွေကို လေ့လာနေတာဆိုတော့ ဒါက ကြိုက်နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်….”


၀မ့်တင်းက အနည်းငယ် အံ့အားသင့်သွားပြီး နန်းတွင်သူမိန်းမပျိုတစ်ယောက်က သူ့ရှေ့တွင် ချပေးထားသော ပန်းကန်ကို သေချာစွာ စိုက်ကြည့်လိုက်သည်။ ပန်းကန်ထဲတွင် အနည်းငယ် ဝိုင်းသော ပုံသဏ္ဍာန်ရှိပြီး ရွှေရောင်သမ်းနေသော ပန်ကိတ်ရှိနေလေသည်။


ဂျိချန်းရွဲ့က သူ၏ နှုတ်ခမ်းများကို သပ်၍ ပန်ကိတ်တစ်ခုကို ကောက်ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်လေသည်။ သင်းပျံ့လှသည့် ရနံ့များက ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး ပျံ့နှံ့သွားလေသည်။ ဂျိချန်းရွဲ့က တရာရေးရာ ကိစ္စရပ်များနှင့် အလုပ်များနေသောကြောင့် သူ၏ စားချင်စိတ်ကို ကျေနပ်အောင် မဖြည့်စည်းနိုင်ပဲ ယခုမှသာ ပန်ကိတ်တစ်ခု စားရခြင်း ဖြစ်သည်။


“အရသာရှိတယ်… အရမ်းကို အရသာရှိလွန်းတယ်…”


အဖိုးအိုကလဲ အသက်ပြင်းပြင် ရှူရှိုက်လိုက်မိသည်။ကြွယ်ဝသော မွှေးရနံ့များက သူ၏ အာရုံကြောများကို လှုံ့ဆော်နေပြီး ပါးစပ်အတွင်းသားရေများ ပြည့်လာလေသည်။ သူကလဲ ကမာနှလုံးသားပန်ကိတ် တစ်ခုကို ကောက်ယူလိုက်ကာ တစ်ကိုက်ကိုက်လိုက်သည်။ ကြွပ်ရွသော အသံတစ်ခု ထွက်ပေါ်လာပြီး အတွင်းမှ ရနံ့များက အဖိုးအိုကို အာရုံမလွဲနိုင်အောင် ထိန်းချုပ်လိုက်သောကြောင့် ဆက်လက် စားသောက်လိုက်လေသည်။ ကမာသားများနှင့် အခြားပါ၀င်ပစ္စည်းများက မကြုံစဖူး ထူးကဲလှသော အရသာတစ်မျိုးကို ပေးစွမ်းနေလေသည်။


“အရသာရှိတယ်… လုံး၀ကို အရသာရှိလွန်းတယ်…” ၀မ့်တင်းက သူ့ပါးစပ်ထဲမှ အသားများအားလုံးကို မျိုချလိုက်ပြီး ဖော်ထုတ်ချီးမွန်းလိုက်သည်။


“ဟား..ဟား..ဟား… မာစတာ၀မ့်လဲ ကြိုက်နှစ်သက်တယ်မဟုတ်လား… ငါကိုယ်တော်က ဒီစားသောက်ပွဲအတွက် ပိုင်ရှင်ပုဆီကို လူအများကြီးလွှတ်ပြီးတော့ ၀ယ်ခိုင်းထားရတာ…”


“ပိုင်ရှင်ပု ဆိုင်မှာက လူတစ်ယောက်ကို သတ်မှတ်ချက်နဲ့ရောင်းတဲ့အပြင် လူတစ်ယောက်ကို နှစ်ခုပဲ ၀ယ်လို့ရတာ… ဒါကြောင့် ငါကိုယ်တော်က လူအများကြီးလွှတ်ပြီး ၀ယ်ခိုင်းလိုက်တာဆိုတော့ အခုချိန်လောက်ဆို ပိုင်ရှင်ပုတော့ တော်တော်ပင်ပန်းနေလောက်ပြီ….” ဂျိချန်းရွဲ့က ခပ်သဲ့သဲ့ရယ်လိုက်ပြီး ပြောလိုက်သည်။


“ပိုင်ရှင်ပု… အရှင်မင်းကြီးပြောတဲ့ ပိုင်ရှင်ပုဆိုတာ… လမ်းကြားလေးထဲက ဖန်ဖန် ဆိုင်ငယ်လေးရဲက ပိုင်ရှင်လား….” ၀မ့်တင်းက တခဏမျှ မှင်သက်သွားပြီး ဂျိချန်းရွဲ့ကို အံ့သြတကြီး မေးမြန်းလိုက်သည်။


“သေချာတာပေါ့… မာစတာ၀မ့်က ပိုင်ရှင်ပုနဲ့ ရင်းနှီးနေတာလား…” ဂျိချန်းရွဲ့က အံ့အားတသင့် မေးမြန်းလိုက်သည်။


၀မ့်တင်းက ခေါင်းခါလိုက်ပြီး ထူးဆန်းသော မျက်နှာအမူအယာနှင့် ပန်ကိတ်ကို တစ်ကိုက်ကိုက်၍ ပြန်ပြောလိုက်သည်။


“ငါနန်းတော်ကို မလာခင်ကပဲ သူ့ဆိုင်က ထွက်လာခဲ့တာ…”


အိုး…


ဂျိချန်းရွဲ့က အလွန်စိတ်၀င်စားသွားလေသည်။ မကောင်းဆိုးဝါးစားဖိုမှုး ၀မ့်တင်းက အင်ပါယာမြို့တော်ထဲတွင် အကောင်းဆုံး စားဖိုမှုးအဖြစ် သတ်မှတ်ခံခဲ့ရဖူးသောကြောင့် ပုဖန်၏ ဟင်းပွဲများကို စားသောက်ပြီးနောက် မည်သည့်မှတ်ချက် ပေးမယ်ကို သူက အလွန်သိချင်သွားလေသည်။


“ပိုင်ရှင်ပုရဲ့ အချက်အပြုတ်စွမ်းရည်က ပြစ်ချက်ကင်းလွန်းတယ်… အထူးသဖြင့် သူ့ရဲ့ဟင်းပွဲတိုင်းမှာ စွမ်းအင်အမြောက်အများ ပါ၀င်နေတာပဲ.. ဒီအချက်က သာမာန်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ တွေးကြည့်လို့တောင်မရတဲ့ စွမ်းရည်တစ်ခုပဲ…” အဖိုးအိုက ချီးမွန်းလိုက်ပြီး မျက်မှောင်ကြုံ့၍ ဆက်ပြောလိုက်သည်။


“ဒါပေမယ့်.. အရှင်မင်းကြီး… ဒီလူအိုကြီးမှာ ပြောစရာတစ်ခု ရှိသေးတယ်… ပြောသင့်မပြောသင့်ဆိုတာကို စဉ်းစားနေတာ…”


“စိတ်ထဲရှိတာသာ ပြောပါ..” ဂျိချန်းရွဲ့က လေးနက်စွာ တုန့်ပြန်လိုက်သည်။


“ဒီဆိုင်ငယ်လေးမှာ စိတ်၀င်စားစရာ နောက်ခံရှိနေမယ့် အပြင် ပိုင်ရှင်ပုရဲ့ အကြောင်းကိုလည်း ဘယ်သူမှ မသိကြဘူး… ဒီဆိုင်ငယ်လေး လေအလင်း အင်ပါယာ မြို့တော်ထဲမှာရှိနေတာက အင်ပါယာမြိဲု့တော်ကို တွေးတောင် မတွေးဝံ့နိုင်တဲ့ အန္တရာယ်တွေ ရောက်ရှိလာနိုင်လိမ့်မယ်…”


အဖိုးအိုက ပြောလိုက်ပြီးနောက် သူ၏ မျက်နှာပေါ်မှ အရေးအကြောင်းများပင် အေးခဲနေသည်ဟု ထင်လိုက်ရလေသည်။


ထိုစကားကို ကြားလိုက်သောအခါ ဂျိချန်းရွဲ့ ရှောင်မန်နှင့် ကွမ်းအဖိုးအိုတို့က အလွန်အံ့အားသင့်သွားကြလေသည်။


“ပိုင်ရှင်ပုက လေအလင်းအင်ပါယာမြို့တော်ဆီကို ကပ်ဘေးကြီး သယ်ဆောင်လာမယ်တဲ့လား… ငါတို့အခု ဟာသတစ်ပုဒ် ကြားလိုက်ရတာလား….”