အပိုင်း ၁၈၉
Viewers 53k

အခန်း ၁၈၉ “မိုးကောင်းကင်ကို တုန်လှုပ်သွားစေသည့် သတင်း..”


တောင်စဉ်တစ်ထောင်တောင်တန်းက လူတစ်ဦး၏ အမြင်အာရုံကိုပင် မှောက်မှားစေနိုင်သည့် တဆက်တည်းဖြစ်နေသော တောင်များ ဖြစ်ပြီး တောင်ထ်ိပ်တွင် တွန်ခေါက်မြေလွှာများ တောင်ပူစာများနှင့် ပြည့်နှက်နေသေည်။ 


တောင်၏ အလယ်ပိုင်မှ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အဝေးဆီမှ အနက်ရောင်အစက်တစ်ခု ထွက်ပေါ်လာကာ ထိုအစက်လေးက တဖြည်းဖြည်း ကြီးသထက် ကြီးမားလာသည်။ ထိုအစက်လေးက အလွန်ကြီးမားသော အနက်ရောင် သိမ်းငှက်တစ်ကောင် ဖြစ်သည်။ ထိုသိမ်းငှက်၏ တောင်ပံတစ်ချက် ခတ်လိုက်သည်နှင့် လေဟာနယ်ပင် သိမ့်သိမ့်တုန်သွားလေသည်။ 


သိမ်းငှက်၏ အမြင်အာရုံက စူးရှတောက်ပလှပြီး သူ၏ခန္ဒာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများက လူတစ်ဦး၏ နှလုံးသားထဲထိပင် အေးစိမ့်တုန်လှုပ်သွားစေနိုင်သည်။ သူ၏ အတောင်ပံများကို အသုံးပြု၍ တောင်စဉ်တစ်ထောင် တောင်တန်းတစ်ဝှိုက် လှည့်လည်သွားလာနိုင်ရုံ မကပဲ မြင့်မားသော ကောင်းကင်ယံထက်ထိပင် ထိုးတက် ပျံသန်းနိုင်စွမ်း ရှိနေပေသည်။ ထိုသိမ်းငှက် ကျောပေါ်တွင် စစ်၀တ်စုံကို ကျနစွာ ၀တ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး ထိုင်လျက် လိုက်ပါလာလေသည်။


ထိုမိန်းမငယ်၏ သူမ၏ ဆံပင်ရှည်များကို ခပ်မြောက်မြောက် စီးထားသောကြောင့် ထက်မြတ်မည့် ဟန် ပေါက်နေလေသည်။ သူမ၏ အသားအရည်က နူးညံ့ချောမွတ်နေပြီး သူမကို ကြည့်ရသည်မှာ ရှက်တတ်ဟန် ရလေသည်။ သူမ၏ ပခုံးထက်တွင် လင်းလေးတစ်လက် လွယ်ထားပြီး ပတ်ပတ်လည်တွင် ပြင်းထန်သော လေတိုးမှုမှ ကာကွယ်နိုင်ရန် မမြင်ရသော အတားအစီးတစ်ခု ဖြစ်ပေါ်နေလေသည်။ သူမ၏ စိတ်ဝိဥာဉ် သစ်သီးများကို ပျော်ရွှင်စွာ ကိုက်ဝါး၍ သိမ်းငှက်ပေါ်တွင် လိုက်ပါလာလေသည်။


“အကိုထျောင်… မာစတာက လေအလင်းအင်ပါယာကို ဦးတည်သွားခိုင်ထားတယ် ဆိုပေမယ့် ဖြည်းဖြည်းလုပ်ပါ…” မိန်းမငယ်လေးက သွယ်လျှသော လက်လေးဖြင့် သိမ်းငှက်ကြီး၏ ဦးခေါင်းကိုပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။ ထို့နောက် သူမစားလက်စ သစ်သီးကို ဆက်စားနေလေသည်။ 


သိမ်းငှက်ကြီးက မျက်လုံးလှန်ကြည့်လိုက်ပြီး အရှိန်ထပ်တင်လိုက်သည်။


………


ကျယ်ပြန့်လှသော သမုဒ္ဓရာ ရေပြင်ပေါ်မှ ကျွန်းကြီးတစ်ကျွန်း ဖြစ်သည့် မဟာယာန ကျွန်းပေါ်တွင် မြင့်မားလှသော အဆောက်အဦးများ တည်ဆောက်ထားလေသည်။ ကိုးထပ်မြင့်သော မျှော်စင်တစ်ခု၏ လျှို့ဝှက်အခန်းငယ် တစ်ခုထဲတွင် လူတစ်ယောက် ခြေချိတ်၍ တိတ်ဆိတ်စွာ ထိုင်နေလေသည်။ စွမ်းအင်များက သူ၏ ပတ်ပတ်လည်တွင် ထူးဆန်းသော လှိုင်းလေးများအဖြစ် လှည့်ပတ်နေပြီး ခန္ဒာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းတန်းများထဲတွင် နစ်မြုတ်နေလေသည်။


ထိုအလင်းတန်းများ၏ အလင်းလှိုင်းလေးများက အခန်းထဲတွင့် ပဲ့တင်ထပ်နေပြီး တိတ်ဆိတ်ငြိမ်အေးမှုကို ခံစားရစေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ထိုသူက လက်တစ်ဖက်ကို မြှောက်၍ ရွှေရောင် အလင်းတန်းများကို ဆွဲယူသိမ်းဆည်းလိုက်သည်။ 


“နက်နဲသော ကောင်းကင်ဘုံမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ငါ့ရဲ့ သိုင်းအဆင့်ကိုတောင် ကျဆင်းသွားစေတယ်… ဒီလို ခါးသီးလှတဲ့ အမှတ်တရမျိုးကို လွယ်လွယ်နဲ့တော့ မေ့မပစ်လိုက်နိ်ုင်ဘူး… ပုဖန်… ပုဖန်… ဖန်ဖန် ဆိုင်ငယ်လေး… အခုတော့ နေနှင့်ဦးပေါ့ကွာ…”


ခြေထောက်ချိတ်ထိုင်နေသော ထိုသူက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ အခန်းတစ်ခုလုံးကို လင်းထိန်သွားစေနိုင်သည့် ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာလေသည်။ 


ကျောက်မူရှန်၏ အသားအရေက ဖြူဖျော့နေပြီး သူ၏ ခန္ဒာကိုယ်ကလဲ မသိမသာ တုန်ယင်နေလေသည်။ တခါးခေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကျောက်ရူကျီက ရိုးသေးလေးစားဟန်နှင့် လှမ်း၀င်လာခဲ့သည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသော ကျောက်မူရှန်ကို တွေ့လိုက်သည်နှင့် အရိုအသေ ပြုလိုက်လေသည်။


“ရူကျီ.. ဘာကိစ္စရှိလို့လဲ .. အင်ပါယာမြို့တော်ကို သွားတော့မလို့လား…”


အခန်းတွင်းသို့ ၀င်လာသူက ကျောက်ရူကျီ ဖြစ်နေသောကြောင့် ကျောက်မူရှန်၏ အမူအယာက နူးညံ့ငြင်သာသွားလေသည်။


ကျောက်ရူကျီက စိတ်လှုပ်ရှားနေသော အမူအယာနှင့် သူ့ဖခင်ကို ကြည့်၍ ပြောလိုက်သည်။


“မကောင်းဆိုးဝါး စားဖိုမှုး ၀မ့်တင်းက လေအလင်းအင်ပါယာ မြို့တော်ကို သွားခဲ့တဲ့အပြင် ဖန်ဖန် ဆိုင်ငယ်လေးကိုတောင် အလည် သွားခဲ့သေးတယ်….”


“အိုး… မကောင်းဆိုးဝါး စားဖိုမှုး ၀မ့်တင်း… သူက လူသူကင်းမဲ့တဲ့ ချင်းယန်ကျန့်မြို့မှာ နေတာမဟုတ်ဘူးလား…” ကျောက်မူရှန်က ထပ်မေးလိုက်သည်။


“ဟုတ်ပါတယ်… သူက တိုက်ကြီးတစ်ခုလုံးကို လှည့်လည်သွားလာသူအဖြစ် ကျော်ကြားတာကြောင့် ဂျိချန်းရွဲ့က သူ့ကို ညစာစားပွဲနဲ့ ဧည့်ခံခဲ့ပြီး အရေးကြီးအချက်အလက်အချို့ကို ပြောဆိုခဲ့တယ်…”


“ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို လှည့်လည်သွားလာသူ… ဟုတ်လား… ဟား..ဟား…ဟား…. ဒီအဖိုးကြီးက တော်တော်အရှက်မဲ့တာပဲ…. ဆက်ပြောပါဦး အရေးကြီးတဲ့ အချက်အလက်က ဘာလဲ…” ကျောက်မူရှန်က အထင်အမြင်သေးဟန်နှင့် ပြောလိုက်သည်။


ကျောက်ရူကျီက သူ့ဖခင်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။


“ဒီနှစ် မိသားစုတစ်ရာ ပြိုင်ပွဲမှာ ငါးလမ်းကြောင်းသိမြင်မှု သစ်စေ့ကို ဆုချခဲ့တယ်… ပြီးတော့ အဲဒီသစ်စေ့က ဖန်ဖန် ဆိုင်ငယ်လေးထဲမှာ.. အပင်ပေါက်လာခဲ့ပြီ…”


ဘုန်း….


ကျောက်မူရှန်၏ ခန္ဒာကိုယ်မှ အလွန်ပြင်းထန်လှသော စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုစွမ်းအင်များက ကျောက်ရူကျီကို ရိုက်ခတ်သွားပြီး အနောက်သို့ ခြေလှမ်းများစွား လွှင့်ထွက်သွားစေလေသည်။ 


“မင်းဘာပြောလိုက်တယ်… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင် ဟုတ်လား…. အဲဒီသတင်းက အမှန်လား အမှားလား…” ကျောက်မူရှန်၏ မျက်၀န်းများက တုန်လှုပ်နေလေသည်။


မယဟာယာနကျွန်းမှ စုဆောင်းထားသည့် မှတ်တမ်းများထဲတွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးအကြောင်းလည်း ပါ၀င်လေသည်။ ထိုသစ်သီးက သူတော်စင် အဆင့်တစ်ယောက်ကို စစ်နတ်ဘုရား ဖြစ်လာစေနိုင်သည့် ဥာဏ်အလင်းအလုံအလောက်ကို ပေးစွမ်းနိုင်လေသည်။ သို့သော် ထိုသစ်သီးက ပျောက်ကွယ်သွားသည်မှာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်သည်။


“ဘာကြောင့် ထပ်ပြီး ထွက်ပေါ်လာတာလဲ… ပြီးတော့ … ဘာလို့ ဖန်ဖန် ဆိုင်ငယ်လေးမှာလဲ….”


“ဒီသတင်က နန်းတော်ကနေ ရလာခဲ့တာပါ… ပြီးတော့ မကောင်းဆိုးဝါး စားဖိုမှုး ၀မ့်တင်းကိုယ်တိုင် ပြောခဲ့တာပါ… ဒါကြောင့် မမှားယွင်းနိုင်ပါဘူး…” ကျောက်ရုကျီက သူ၏ ရင်ဘက်ကို ပွတ်၍ ပြန်ပြောလိုက်သည်။ 


“ဟားဟားဟား… နောက်ဆုံးတော့ ကောင်းကင်ဘုံက ငါ့ကို ကူညီပေးလိုက်တာပဲ…. ပုဖန် ပုဖန်.. ဒါတွေက မင်းကိုယ်တိုင် စိုက်ပျိုးခဲ့တာပဲ… အခုတော့ ဒီလူအိုကြီးက သတင်းကို ပြန့်သထက် ပြန့်သွားအောင် ဖြန့်ပေးဖို့ပဲ လိုတယ်.. အချိန်တန်ရင် မင်းရဲ့ ဆိုင်ငယ်လေးက ဘယ်လို ရပ်တည်နိုင်မလဲ ဆိုတာကို ကြည့်ဦးမယ်…”


“သူတော်စင်အဆင့်တွေတင် မကပဲ စစ်နတ်ဘုရားအဆင့်တွေတောင် ပါလိမ့်ဦးမယ်… အဲကျရင် ဒီလူအိုကြီးက လက်တစ်ချောင်းတောင် မြှောက်စရာမလိုပဲ မင်းဘ၀ပျက်သွားမှာကို ကြည့်ရတော့မှာပေါ့…”


ကျောက်ရူကျီက ဟက်ဟက်ပက်ပက် ရယ်မောနေသော ကျောက်မူရှန်ကို ကြည့်လိုက်ပြီး တခဏမျှ တွန့်ဆုတ်နေပြီး ပြောလိုက်သည်။


“အဖေ… အဲဒီဖန်ဖန် ဆိုင်ငယ်လေးရဲ့ ရှေ့မှာ စောင့်ကြပ်နေတဲ့ အဆင့်မြင့်သားရဲတစ်ကောင် ရှိသေးတယ်လေ…”


“ဘာ… အဆင့်မြင့်သားရဲ… မင်းက ကောလဟာလတွေကို ယုံနေတာလား… မင်းက အဲဒီအဆင့်မြင့် သားရဲကို မြင်ဖူးလို့လား… ဘယ်လိုအဆင့်မြင့်သားရဲကရော ဆိုင်ငယ်လေးရဲ့ အပေါက်မှာ အစောင့်အနေနဲ့ နေနေမလဲ….”


“ဖြစ်နိုင်တာက အဆင့်ရှစ် သားရဲတစ်ကောင်ပဲ ဖြစ်နိုင်လိမ့်မယ်… အဆင့်ရှစ်သားရဲဆိုရင်တောင် သူတော်စင်အဆင့် အများကြီးနဲ့ စစ်နတ်ဘုရားအဆင့်တွေကို ရင်ဆိုင်နေရတဲ့ အချိန်မှာ ပုဖန်ကို ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး….”


အဆင့်မြင့်သားရဲတစ်ကောင်က ဆိုင်ငယ်လေး၏ အပေါက်စောင့် လုပ်နေလိမ့်မည်ဟု ကျောက်မူရှန်က လုံး၀ မယုံကြည်ပေ။ ယခင်အချိန်များတွင် သူက အဆင့်ကိုး သားရဲတစ်ကောင်ကို မြင်ဖူးခဲ့ပြီး ထိုသားရဲမှ ထွက်ပေါ်နေသော စွမ်းအင်ခပ်ပါးပါးကပင် အင်ပါယာမြို့တော်ကို လှိုင်းထသွားနိုင်လောက်အောင် ပြင်းထန်ကြောင်း သိရှိခဲ့လေသည်။ ထိုအဆင့်ကိုး သားရဲများက အလွန်သန်မာကြလေသည်။ 


ကျောက်ရူကျီက သူ့ဖခင်ကို ပြန်ပြောရန် စကားရှာမတွေ့တော့ပဲ ဖြစ်သွားလေသည်။


ကျောက်မူရှန်က ကျယ်လောင်စွာ ဆက်လက်ရယ်မောလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားလေသည်။ 


“ဒီလူအိုကြီးက ဂိုဏ်းရဲ့တခြား အကြီးကဲတွေကို ဆက်သွယ်ရမယ်… အဲဒီအဖိုးကြီးတွေက လက်တွဲလုပ်ဆောင်ဖို့ အမြဲတမ်း ငြင်းဆန်နေကြတာ.. အခုရောင် ငြင်းဆန်ဦးမလားဆိုတာကို ကြည့်ရသေးတာပေါ့… ဟား…ဟား…ဟား..”


……


မနက်စောစော အချိန်တွင် ပုဖန်က ဆိုင်တခါးများကို ဖွင့်လိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော် ပန်းကန်ကို ယူ၍ ဘလက်ကီ၏ ရှေ့တွင် ချပေးလိုက်သည်။ နံရိုးကြော်ကို နှစ်သက်စွာ စားသုံးနေသော ဘလက်ကီ၏ နူးညံ့လှသော အမွှေးများကို ခပ်သာသာလေး ပွတ်ပေးလိုက်ပြီး မီးဖိုချောင်အတွင်းသို့ ပြန်၀င်သွားလေသည်။ ထို့နောက် တစ်နေ့တာ လုပ်ငန်းများကို စတင်လုပ်ကိုင်လိုက်လေသည်။


လူဝြကီးတစ်စုက ပုံမှန်အတိုင်း ဆိုင်သို့ ရောက်လာကြပြီး ပုဖန်ကို နှုတ်ဆက်လိုက်ကြလေသည်။ ဖက်တီးဂျင်တို့ လူစုက မယုံနိုင်စရာ ကိစ္စရပ်များနှင့် အသားကျနေပြီဖြစ်သည်။ ဖက်တီးဂျင်က ပုဖန်၏ ဆိုင်မှ ဟင်းပွဲများ အားလုံးကို မှာယူစားသောက်ဖူးသော်လည်း နေ့စဉ်နေ့တိုင်း အသစ်အသစ်သော ဟင်းပွဲများကို စားနေရသည်ဟု ခံစားနေရလေသည်။ ထိုအချက်က မယုံကြည်နိုင်စရာ ကောင်းလှပြီး ပုဖန်၏ ကြောက်မက်ဖွယ်ရာ ဟင်းချက်စွမ်းရည်ကြောင့်သာ ဖြစ်နိုင်ပေသည်။


ဖက်တီးဂျင်တို့လူစု ပြန်သွားပြီးနောက် ကွမ်းရှောင်ယီက ဆိုင်ထဲသို့ ခုန်ပေါက၍ ၀င်လာလေသည်။ သူမ၏ နောက်တွင် လဲ ငတုံးသုံးကောင် ပါလာလေသည်။ ထိုသူများက ကြုံတောင့်ကြုံခဲ စားသုံးသူများ ဖြစ်ကြသည့် ကွမ်းညီအကို သုံးယောက် ပင် ဖြစ်သည်။ 


“ဟီးဟီး … ပိုင်ရှင်ပု… ဝိုင်သောက်ဖို့ လာတာ.. ငါ့ကို အေးခဲကျောက်စိမ်း နှလုံးသားဝိုင် တစ်အိုးပေး…” ကွမ်းကျန့်က အပြုံးနှင့် ပြောလိုက်လေသည်။


“ငါးမူးပျံဟင်းရော မင်းမမှာတော့ဘူးလား… ငါးဟင်းက ဝိုင်နဲ့ တော်တော်လေး လိုက်ဖက်တယ်..” ပုဖန်က မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်၍ သူ၏ဟင်းပွဲကို ကြော်ညာ၀င်လိုက်သည်။


ကွမ်းကျန့်က လက်ကို ဝေ့ရမ်း၍ ခပ်မြန်မြန်ပင် ငြင်းဆန်လိုက်သည်။ သူက ပုဖန်၏ စကားလုံးများအောက်တွင် မျောပါခံတော့မည် မဟုတ်ပေ။ ယခင်က အေးခဲကျောက်စိမ်း နှလုံးသားဝိုင်နှင့် ငါးမူးပျံဟင်းကို တွဲမှာခဲ့ပြီး ဝိုင်သောက်ပြီးနောက် ငါးဟင်း၏ အရသာကို မခံစားမိတော့ချေ။ ထို့ကြောင့် သလင်းကျောက်များကို ဖြုန်းတီးမိသည်ဟု သူက ခံစားခဲ့ရလေသည်။


ပုဖန်က ကွမ်းရှောင်ယီက ရယ်သံ တခစ်ခစ်ကို ကြားလိုက်ရသောကြောင့် မီးဖိုချောင်သို့ ၀င်၍ အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်အိုးကို ထုတ်ယူလိုက်သည်။ 


“နောက်လလောက်ဆိုရင် ဝိုင်အသစ် တစ်မျိုးရတော့မယ်… အဲဒီအခါကျရင် မင်းတို့ လာမြည်း ကြည့်ကြပါဦး.. အဲဒီ ဝိုင်အသစ်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ထက် သာစေရမယ်လို့ လုံး၀ကို အာမခံတယ်…” ပုဖန်က လူရိုင်းညီအကို သုံးယောက်ကို ပြောလိုက်သည်။


ညီအကို သုံးယောက်၏ မျက်၀န်းများက သောက်ရှူးကြယ်ကဲ့သို့ လင်းလက်တော့ပသွားလေသည်။ ပုဖန်သာ ဝိုင်အသစ် ထုတ်ခဲ့ပါက သူတို့က သေချာပေါက် အားပေးမည် ဖြစ်သည်။ ထို့ကြောင့် လူရိုင်းညီအကိုများက စိတ်လှုပ်ရှားသွားပြီး ခေါင်းညိမ်လိုက်ကြလေသည်။


………


ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်တွင် ချမ့်ပေါင်က သူ့ရှေ့တွင် ရပ်နေသော ပွယောင်းယောင်း ၀တ်ရုံရှည်ကို ၀တ်ဆင်ထားသည့် အမျိုးသမီးကို ကြည့်၍ နှုတ်ခမ်းများ ရှုံ့မဲ့သွားလေသည်။ ]


“ဟင်… ဒီအမျိုးသမီးက ဘာလို့ ပြန်ရောက်လာတာလဲ… သူက အင်ပါယာ မြို့တော်ထဲက ထွက်သွားပြီ မဟုတ်ဘူးလား….”


“ဟေ့.. ပိုင်ရှင်ချမ့် … မတွေ့ရတာ တော်တော်ကြာပြီနော်…. ကြည့်ရတာ တော်တော်လေး အဆင်ပြေနေပုံပဲ….” နီယန်က တက်ကြွစွာ နှုတ်ဆက်လိုက်သည်။


ချမ့်ပေါင်က နီယန့်၏ မျက်နှာပေါ်မှ နတ်ဆိုးတစ်ကောင်၏ အပြုံးကို မြင်လိုက်ရသောကြောင့် ခေါင်းမွှေးများပင် ထောင်သွားလေသည်။ ထိုအမျိုသမီးက ထိုသို့ ပြုဲံးပြီးလျှင် ကောင်းသော အရာများ ဖြစ်ပေါ်လာလေ့ မရှိချေ။


“လေး… လေးစားရတဲ့ အမျိုးသမီးလေး.. အင်ပါယာမြို့တော်က ထွက်သွားပြီးမှ ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာလဲ…” ချမ့်ပေါင်၏ အမူအယာက ရှုံ့မဲ့နေပြီး ငိုတော့မလို ဖြစ်နေလေသည်။


“ဒီအမျိုးသမီးက ပိုင်ရှင်ပုကိုလွမ်းလို့.. အဲလေ… ပို်ိင်ရှင်ပုရဲ့ ဟင်းပွဲတွေကို လွမ်းလို့ ပြန်လာတာ…. ဘာလဲ ငါက အင်ပါယာ မြို့တော်ကို ပြန်လာလို့ မရဘူးလား… ပေါက်ကရပြောနေတာတွေကို ရပ်လိုက်ပြီးတော့ ငါ့အတွက် မီးဖိုချောင်ကို ရှင်းပေးထား… ဒီအမျိုးသမီးက ဟင်းပွဲအသစ်တစ်ခုကို တွေးမိထားတယ်… အဲဒါကို ချက်ပြီး ပိုင်ရှင်ပုဆီက အကြံဥာဏ်တွေ ရယူရမယ်….”


“နင်က ပိုင်ရှင်ပုရဲ့ အကြံဥာဏ်တွေကို လိုချင်ရင် ပိုင်ရှင်ပုရဲ့ မီးဖိုချောင်ကို တန်းသွားလိုက်ပါလား… ဘာလို့ ငါ့ကို အနိုင်လာလာကျင့်နေတာလဲ….”


ချမ့်ပေါင်က မကြားတကြား ရေရွတ်လိုက်သော်လည်း နီယန်၏ စူးရှသော အကြည့်များက သူ့ပေါ်သို့ ကျရောက်လာလေသည်။ ချမ့်ပေါင်က လှပသော ထိုအမျိုးသမီး၏ ကြောက်မက်ဖွယ်ကောင်းသော သိုင်းအဆင့်ကို သတိရသွားပြီး တိတ်တဆိတ် တွေးလိုက်မိသည်။


“ထားလိုက်ပါတော့… ဒီတစ်ကြိမ်လဲ…သူမကို သည်းခံလိုက်ပါမယ်….”


“ဒီမှာ မီးဖိုချောင် အဆင်သင့် ဖြစ်နေပါပြီ… ဒါက မင်းရဲ့ မီးဖိုချောင်ပါ….”


နီယန်က ထာ၀ရရှင်သန်သော ဖီးနစ် စားသောက်ဆိုင်၏ မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေလေသည်။ အချိန်အနည်းငယ်မျှ ကြာပြီးနောက် စားစရာဗူးလေးကို ကိုင်၍ ဖန်ဖန်ဆိုင်ငယ်လေးထံသို့ ပျော်ပျော်ရွှင်ရွှင် ထွက်လာလေသည်။ 


ထန်းယင်က ရွှင်လန်းတက်ကြွနေသော သူ့ဆရာကို ကြည့်၍ သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ထို့နောက် သလင်းကျောက်အနည်းငယ်ကို ထုတ်ယူ၍ ချမ့်ပေါင်ကို ပေးလိုက်ပြီး တောင်ပန်သည့် အမူအယာနှင့် ခေါင်းညိမ့်ပြလိုက်လေသည်။ ထို့နောက် သူ့ဆရာနောက်သို့ လိုက်ပါသွားလေတော့သည်။


ချမ့်ပေါင်က သူ့လက်ထဲမှ သလင်းကျောက်များကို လှုပ်ခါကြည့်လိုက်ပြီး အဝေးသို့ တိတ်တဆိတ်ပင် ကြည့်လိုက်လေသည်။


“အင်း… ဒီလိုဆိုရင်တော့ အရှုံးမရှိဘူးပဲ…”