အပိုင်း ၁၉၀
Viewers 62k

အခန်း ၁၉၀ “ပိုင်ရှင်ပု… ငါ့ကို လွမ်းနေလား…”


နန်းတော်၏ အဓိကခန်းမကျယ်ထဲတွင် ဖျော်ဖြေမှုများ ပြီးဆုံးသွားပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ၀န်ကြီးများက တစ်ဦးပြီးတစ်ဦး နှုတ်ဆက်ထွက်ခွာသွားပြီနောက် မိန်းမစိုးများက ခန်းမကို ရှင်းလင်းရန် ပြင်ဆင်ကြလေသည်။ စည်ကားသိုက်မြိုက်ခဲ့သော ခန်းမထဲတွင် ပလ္လင်ပေါ်မှ ဂျိချန်းရွဲ့သာ ကျန်ရစ်ခဲ့လေသည်။ သူက ပလ္လင်ပေါ်ထိုင်၍ အတွေးထဲတွင် နစ်မျောနေလေသည်။


ရှောင်မန်က အပြင်ဘက်မှနေ၍ ခန်းမထဲသို တဖြည်းဖြည်း ပြန်၀င်လာခဲ့ပြီး ဂျိချန်းရွဲ့၏ ရှေ့တွင် ရပ်လိုက်လေသည်။


“သတင်းတွေကို ပိတ်ဆို့လိုက်နိုင်လား….” ဂျိချန်းရွဲ့က ရှောင်မန်ကို ကြည့်လိုက်ပြီး သူ့မျက်ခုံးကို လက်နှင့် ဖိ၍ မေးလိုက်သည်။


ရှောင်မန်က ခေါင်းငြိမ့်ပြလိုက်ပြီး အလေးအနက် ပြန်ပြောလိုက်သည်။


“ဒီအစေခံက စားသောက်ပွဲ မပြီးခင်ထဲက သတင်းတွေကို ထိန်းချုပ်ထားခဲ့ပါတယ်.. အဲဒီထဲမှာ ဖန်ဖန်ဆိုင်ငယ်လေးနဲ့ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးအကြောင်းကို အဓိက ထိန်းချုပ်ထားပါတယ်… ဒါပေမယ့်….”


ဂျိချန်းရွဲ့က စကားလုံးများကို ပြန်မျိုချလိုက်သော ရှောင်မန့်ကို ဇဝေဇ၀ါနှင့် လှမ်းကြည့်လိုက်သည်။


“အရှင်မင်းကြီး …အရှင်မင်းကြီးလဲ သိသင့်ပါတယ်… ကျွန်တော်မျိုးတို့ရဲ့ အင်ပါယာ မြို့တော်က ဂိုဏ်းတွေရဲ့ ပုန်ကန်မှုကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ခဲ့ပေမယ့်.. မြို့တော်ထဲမှာ စိမ့်၀င်နေတဲ့ သူလျိုတွေ ရှိနေဆဲပဲလေ… ဒါကြောင့် ကြိုတင် ပြင်ဆင်ထားတာ ကောင်းမယ်ထင်တယ်…”


ဂျိချန်းရွဲ့က မျက်မှောင်ကြုံ့လိုက်ပြီး သူ့ခန္ဒာကိုယ်ကို တည့်တည့်မတ်မတ် ပြင်ထိုင်လိုက်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်လေသည်။


“မကောင်းဆိုးဝါး စားဖိုမှုး အဖိုးကြီးက ဒီလို အရေးကြီးတဲ့ သတင်းအချက်အလက်မျိုးကို စားသောက်ပွဲများ ထုတ်ဖော်ပြောလိမ့်မယ်လို့ ငါယုံတောင် မယုံနိုင်ဘူး… ငါကိုယ်တော် သတိလက်လွတ် ဖြစ်သွားတယ်… ခမာည်းတော် သက်ရှိထင်ရှား ရှိနေတုန်းက ဒီလူအိုကြီးရဲ့ အကြောင်းကို ပြောခဲ့ဖူးတယ်….”


“မကောင်းဆိုးဝါး စားဖိုမှုးက တော်တော်အရေထူပြီး သူအောင်မြင်ဖို့အတွက် ဖြတ်လမ်းနည်းတွေ သုံးရမှာကိုလည်း ၀န်မလေးဘူးဆိုတာကို… အရင်က မြို့တော်ထဲမှာ စားသောက်ပွဲတွေ မကြာခဏ ကျင်းပပြီး သူ့ရဲ့ ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ဖို့ နည်းလမ်း အမျိုးမျိုးကို အသုံးပြုခဲ့တယ်… အခု နှစ်ပေါင်းများစွာ ကြာသွားတာတောင် သူ့ရဲ့ အကျင့်တွေက မပြောင်းလဲသေးဘူးပဲ….”


ရှောင်မန်၏ မျက်နှာအမူအယာက တင်းမာသွားပြီး ပြောလိုက်သည်။


“အမှန်ပဲ .. ဒီအဖိုးကြီးရဲ့ အကျင့်အရ ကုန်းမြေတိုက်ကြီးကို လှည့်လည်သွားလာတဲ့ အချိန်မှာလဲ လူတွေအများကြီးကို အပြစ်ပြုခဲ့လိမ့်မယ်…. ဒီပုံစံနဲ့ဆို သူ့မှာ ကြောက်စရာကောင်းတဲ့ သေခြင်းမျိုး မကြာခင် ရောက်လာတော့မှာပဲ…”


“မကောင်းဆိုးဝါး စားဖိုမှုး … မကောင်းဆိုးဝါး စားဖိုမှုး…သူ့ခေါင်းထဲမှာ နတ်ဆိုးတစ်ကောင်လို အကြံဥာဏ်တွေနဲ့ ပြည့်နှက်နေတယ်.. ဒါကြောင့်လဲ သူ့ကို မကောင်းဆိုးဝါးစားဖိုမှုးလို့ ခေါ်ကြတာကို… ဒါပေါ့… သူ့ရဲ့ အချက်အပြုတ် စွမ်းရည်က ကောင်းတာလဲ ပါတာပေါ့…”


ဂျိချန်းရွဲ့က အေးအေးသက်သာပင် ပြောလိုက်သည်။


“ငါတို့က သူ့ကို စီနီယာ အကြီးအကဲတစ်ယောက်လို သဘောထားပြီး ဆက်ဆံခဲ့တယ်… သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလဲ သူတော်စင်အဆင့် ဖြစ်နေတာကြောင့် မဟာမိတ်ဖွဲ့နိုင်အောင် ကြိုးစားခဲ့ပေမယ့်… ဒီအဖိုးကြီးရဲ့လှည့်ကွက်ထဲ ကျဆင်းသွားပြီး ဒီလိုမျိုးအဆုံးသတ်လိမ့်မယ်လို့ မမျှော်လင့်ထားမိလိုက်ဘူး… သူက ပိုင်ရှင်ပုဆိုင်က ထွက်လာပြီးတာနဲ့ ငါတို့ကို ရိုက်ဖို့ တုတ်တစ်ချောင်း ပြင်ဆင်ထားပြီးသား ဖြစ်နေတာကို…”


ဂျိချန်းရွဲ့က နဂါးပလ္လင်မှ ထလိုက်ပြီး ခန်းမအပေါက်သို့ ခပ်မြန်မြန် လျောက်သွားလိုက်ပြီး ပြောလိုက်သည်။


“သူက ဂရုမစိုက်သကဲ့သို့ ပြုမူနေပေမယ့်…. ဒီသတင်းကို လူများများ သိစေချင်နေတာ… သူက ဖန်ဖန်ဆိုင်ငယ်လေးကို အသုံးချပြီး စစ်နတ်ဘုရားနဲ့ သူတော်စင်အဆင့်တွေ လာဝိုင်းမဲ့ အချိန်ကို စောင့်နေတာလေ… အဲဒီအချိန်ကျမှ သူက အမြတ်ထုတ်သွားဖို့ တွေးနေတာနေမှာ….”


ရှောင်မန်က ခေါင်းငြိမ့်လိုက်သော်လည်း သူ၏ မျက်နှာအမူအယာက ရှုပ်ထွေးနေလေသည်။ သူနှင့် ဂျိချန်းရွဲ့၏ အတွေးများ တူညီနေသည်ကို သူသိနေလေသည်။


“ဒါပေမယ့် ဒိအဖိုးကြီးရဲ့ လှည့်ကွက်တွေက နည်းနည်းလိုသွားတယ်… သူက ဖန်ဖန်ဆိုင်ငယ်လေးရဲက အကြောင်းကို ကောင်းကောင်းမသိဘူး… ဒီကိုမလာခင် ဆိုင်ငယ်လေးရဲ့ အကြောင်းကို မစုံစမ်းလာဘူး ဖြစ်မယ်…”


ဂျိချန်းရွဲ့၏ နှုတ်ခမ်းများက မဲ့ရွဲ့နေလေသည်။ သူက ခန်းမ၏ တံခါးနားတွင် ရပ်လိုက်ပြီး ကောင်းကင်ထက်မှ ကျဆင်းနေသော နှင်းပွင့်များကို ငေးမောကြည့်လိုက်လေသည်။


“သူတော်စင်အဆင့်တွေ အများကြီးလာရုံမကလို့ စစ်နတ်ဘုရားအဆင့်တွေ အများကြီး လာမယ်ဆိုရင်တောင် ပိုင်ရှင်ပုက နောက်တွန့်သွားမယ်လို့ ငါကိုယ်တော်မထင်ဘူး… အဲဒီအခါကျရင် ဘယ်သူက ကြောက်လန့်သွားရမယ်ဆိုတာကို ကြည့်ရသေးတာပေါ့…”


ဂျိချန်းရွဲ့က ဖြစ်ပျက်လာမည့် အရေးကို ကြိုတွေးလိုက်ပြီး မထိန်းနိုင်ပဲ ရယ်မောလိုက်လေသည်။ သို့သော် ရှောင်မန်က ဆက်ပြောလိုက်လေသည်။


“အရှင်မင်းကြီး အခု စိုးရိမ်သင့်တာက ပိုင်ရှင်ပုရဲ့ဆိုင်မဟုတ်ပါဘူး… အင်ပါယာမြို့တော်ကိုပါ… တကယ်လို့ သူတော်စင်အဆင့်တွေ အများကြီး မြို့ထဲ၀င်လာရင် ပိုင်ရှင်ပုအတွက် ခြမ်းခြောက်မှု တစ်ခု မဟုတ်ပေမယ်…..”


“ဒီ… နကျယ်ကောင်လို အဖိုးကြီးကို သေအောင် ရိုက်သတ်လိုက်ရမှာ….”


ရှောင်မန်၏ စကားကြောင့် ဂျိချန်းရွဲ့၏ အမူအယာက တောင့်တင်းသွားပြီး အံတင်းတင်းကြိတ်ကာ ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။


“စစ်သေနာပတိချုပ်ရှောင်… မြို့တော်ရဲ့ အစောင့်တပ်ဖွဲ့တွေကို တိုးမြှင့်ထားပါ… ပြီးတော့ မြို့ထဲကို ၀င်လာတဲ့ ဧည့်သည်တွေကို စစ်ဆေးမယ့် အဖွဲ့၀င်တွေကို ထပ်ပြီး အားဖြည့်ထားပါ… မသင်္ကာစရာ တစ်ယောက်ယောက် တွေ့တတာနဲ့ ချက်ချင်း သတင်းပို့ အကြောင်းကြားပါ… အဲဒီအချိန်ရောက်တာနဲ့ မြို့တော်ရဲ့ လုံခြုံရေးကို စစ်သေနာပတိချုပ်ရှောင်က တာ၀န်ယူရမယ်…..”


ရှောင်မန်က လက်သီးဆုတ်၍ အရိုအသေပြုကာ အမိန့်ကို လက်ခံလိုက်သော်လည်း သူ့နှုတ်ခမ်းများက မဲ့ရွဲ့သွားလေသည်။ များပြားလှသော သူတော်စင်အဆင့်များ၏ တိုက်ပွဲများကို တာ၀န်ယူရမည်က ရှောင်မန့်ကို ခေါင်းကိုက်စေလေသည်။


……..


ပုဖန်က သူ့ရှေ့မှ အမျိုးသမီးကို မျက်နှာသေနှင့်ကြည့်နေလေသည်။ ထိုအမျိုးသမီးက စားစရာဗူးငယ်လေးတစ်ခုကို ကိုင်ထားပြီး နံရံကို မှီ၍ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ ပုဖန်ကို ကြည့်နေလေသည်။


“သူက မျက်ကြောလိုက်နေတာလား….” ပုဖန်က စိတ်ထဲမှ တွေးလိုက်မိသည်။


“ပိုင်ရှင်ပု… မတွေ့ရတာကြာပြီနော်… နင်ငါ့ကို မလွမ်းဘူးလား….”


ပုဖန်က ချစ်စဖွယ် မျက်တောင်ခတ်ပြနေသော သူမကို လျစ်လျူရှု၍ မီးဖိုချောင်သို့ လှည့်ထွက်သွားမည့်ဟန် ပြင်နေသည်ကို မြင်လိုက်သောကြောင့် နီယန်က ဒေါသထွက်လာလေသည်။


“နင်က ငါ့ဆီက သလင်းကျော်တွေ ချေးထားတာမှမဟုတ်တာ… ငါက ဘာလို့ လွမ်းရမှာလဲ…” ပုဖန်က ခပ်တည်တည်နှင့် တုံ့ပြန်လိုက်လေသည်။


နီယန်၏ အမူအယာက အေးခဲသွားလေသည်။


“ဒီငတုံးက သူ့ခေါင်းထဲမှာ သလင်းကျောက်တွေအကြောင်းပဲ တွေးနေတာလား…”


“စီနီယာ … မတွေ့ရတာ ကြာပြီနော်…”


ဆိုင်ထဲသို့ ရောက်လာသော ထန်းယင်က ပုဖန်ကို စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။


ပုဖန်က ခေါင်းညိမ့်လိုက်ပြီး ထန်းယင်ဘက်သို့ လှည့်၍ ပြန်ပြောလိုက်သည်။


“တကယ်တော့ သိပ်မကြာသေးပါဘူး… မင်းက ဒီကို စားသောက်ဖို့ လာတာလား… အတော်ပဲ.. ငါ့ဆိုင်မှာ ဟင်းပွဲအသစ်ရှိတယ်… သူ့ရဲ့ အရသာကလဲ တော်တော်လေးကိုကောင်းတယ်…”


ထန်းယင်၏ မျက်နှာက ရုတ်တရက် တောက်ပလာလေသည်။


“ဟင်းပွဲအသစ်.. ဟုတ်လား… စီနီယာရဲ့ အချက်အပြုတ်စွမ်းရည်နဲ့ဆိုရင် ဘယ်သူမှ ယှဉ်နိုင်မှာမ… အာ…”


ထန်းယင်၏ ဆက်ပြောမည့် စကားများက စားစရာဗူးကို ကိုင်၍ အံကြိတ်ပြီး စိုက်ကြည့်နေသော နီယန်ကြောင့် အေးခဲသွားလေသည်။


“ပိုင်ရှင်ပု… ဒီစိတ်ဝိဥာဉ်ဟင်းပွဲကို အခုလေးတင်ပဲ ငါချက်လာတာ… ဒါကို မြည်းကြည့်ပြီး ငါ့ကို အကြံပေးပါဦး…”


နီယန်က ဆောင့်ဆောင့်အောင့်အောင့်နှင့် လျောက်လာလိုက်ပြီး စားစရာဗူးကို စားပွဲပေါ်တင်ကာ စိတ်တိုသော အသံနှင့် ပြောလိုက်လေသည်။


ပုဖန်မျှော်လင့်ထားသည့်အတိုင်းပင် ထိုအမျိုးသမီးက သူ၏ အကြံဥာဏ်ကို တောင်ခံရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ ပုဖန်က သူ့ထံသို့ အကြံဥာဏ်တောင်းရန် လာသူများကို စိတ်၀င်စားခြင်း မရှိပေ။ ပုဖန်က ဆိုင်အတွင်းသို့ တစ်ချက်ကြည့်လိုက်ရာ စားသုံးသူများမရှိတော့သည်ကို သတိရသွားသောကြောင့် ထန်းယင်ဘက်သို့ လှည့်၍ မေးလိုက်သည် ။


“မင်းက ဘာစားမှာလဲ…”


ထန်းယင်က ချက်ချင်းပင် ပြန်တုန့်ပြန်လိုက်သည်။


“ဟို…. ငါက ဟင်းပွဲအသစ်နဲ့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်အိုးမှာမယ်….”


“ကောင်းပြီ.. ကျေးဇူးပြုပြီး ခဏစောင့်ပါ…”


ပုဖန်က စိတ်ကျေနပ်ဟန်နှင့် မီးဖိုချောင်ဘက်သို့ လျောက်သွားလိုက်ပြီး နီယန်ကို လှမ်းပြောလိုက်သည်။


“အခုချိန်က ငါ့ရဲ့ ဆိုင်ဖွင့်ချိန်… အဲဒါကြောင့် ဘယ်လိုအကြံဥာဏ်တောင်ခံမှု မျိုးကိုမှ ပြန်မဖြေနိုင်ဘူး… ဒါကြောင့် မင်းက ငါအားတဲ့ အချိန်ထိ စောင့်ပါ….”


နီယန်က ပြောစရာစကားမဲ့သွားလေသည်။ ထန်းယင်ကလဲ ချွေးစေးများပင် ထွက်လာပြီး တွေးနေလေသည်။


“စီနီယာ… ဒီလိုမပြောလိုက်သင့်ဘူးလို့ ထင်တာပဲ…..”


နီယန်က ပုဖန်၏ နောက်ကျောကို အေးစက်စက် စိုက်ကြည့်နေလေသည်။


“ကလေးမလေး ငါလဲ စားစရာမှာမယ်… ငါ့ကို အနီရောင်အသားနှပ်နဲ့ ဝိုင်တစ်အိုးပေး…”


နီယန်က ခုံတစ်လုံးတွင် ၀င်ထိုင်လိုက်ပြီး ခပ်လှမ်းလှမ်းတွင် ပျင်းရိစွာ ထိုင်နေသော ကွမ်းရှောင်ယီကို လှမ်းပြောလိုက်သည်။


ကွမ်းရှောင်ယီက ထိုအမျိုးသမီးကို ကြည့်မရသော်လည်း ငြင်း၍ မရသောကြောင့် မီးဖိုချောင် အပေါက်နားသို့ သွား၍ ပုဖန်ကို ပြောလိုက်လေသည်။


နီယန်က သူမ၏ စားစရာကို စောင့်နေချိန်တွင် ဆိုင်အတွင်းကို အကဲခတ်နေလိုက်လေသည်။ ဤအကြိမ်တွင် ဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် အရင်ကနှင့် မတူသော ခံစားချက်ကို ခံစားလိုက်ရကြောင်း သူမက ခံစားမိနေလေသည်။ ထိုသို့သော ခံစားမှုမျိုးက သူမကျင့်ကြံအားထုတ်နေချိန်တွင်သာ ရှားရှားပါးပါး ကြုံတွေ့ရတတ်လေသည်။ သူမက လက်နှစ်ဖက်ကို နောက်ပစ်၍ ဆိုင်ထဲတွင် လမ်းလျောက်နေလိုက်ပြီး စူးစမ်းနေလိုက်သည်။


တခဏမျှအကြာတွင် ဆိုင်ထောင်မှ ပန်းအိုးက သူမ၏ မျက်၀န်းများကို ဖမ်းစားသွားလေတော့သည်။ ထိုအိုးထဲတွင် သစ်ပင်ပေါက်လေးတစ်ပင် ရှိနေပြီး သစ်ပင်၏ အစိမ်းရောင် အရွက်လေးများပေါ်တွင် ထူးခြားဆန်းကျယ်သော ပုံသဏ္ဍာန်များနှင့် ပြည့်နှက်နေလေသည်။


“ဒါ… ဒါက… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင် မဟုတ်လား….”


နီယန်က မူးမေ့လဲကျတော့မလိုပင် ဖြစ်သွားလေသည်။ ပုဖန်၏ ဆိုင်ထဲတွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို စိုက်ထားမည်ဟု သူမက စိတ်ကူးကြည့်၍ပင် မရချေ။


အာကာသအာနန်ဂိုဏ်းတွင်လည်း သိမြင်မှု သစ်သီးပင် ရှိသောကြောင့် သူမက ထိုသစ်ပင်အကြောင်းကို ကောင်းကောင်းသိနေလေသည်။ သိမြင်မှု သစ်သီးပင်များကို တစ်လမ်းကြောင်း သုံးလမ်းကြောင်း ငါးလမ်းကြောင်း ဟု၍ သုံးမျိုးခွဲခြားထားလေသည်။ ရှေးမှတ်တမ်းများအရ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်က ဒဏ္ဍာရီထဲတွင်သာ ရှိခဲ့ဖူးပေသည်။


အာကာသအာနန်ဂိုဏ်းမှ သိမြင်မှု သစ်သီးပင်က နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိနေပြီဖြစ်သည်။ ထိုသစ်ပင်မှ ထူးခြားဆန်းကျယ်သော စွမ်းအင်များကို အမြဲလိုလို ထုတ်လွှင့်ပေးလျက်ရှိသည်။ အာကာသအာနန်ဂိုဏ်းမှ တပည့်များက ထိုသစ်ပင်အောက်တွင် ကျင့်ကြံလျှင် သိုင်းအဆင့် တိုးတက်ရန် အခွင့်အလမ်းများ ပိုမို တိုးပွားလာနိုင်ပေသည်။


“ငါးကြောင်း… ဒီသစ်ရွက်မှာ လမ်းကြောင်း ငါးခုရှိနေတယ်.. ဒါဆို ဒီသစ်ပင်က ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ပဲ…”


နီယန်က သစ်ရွက်ပေါ်မှ လိုင်းလေးများကို ရေတွက်လိုက်ပြီး သူမ၏ လှပသော မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်လာလေသည်။


“ဘုရားရေ… မယုံနိုင်စရာပဲ… ဒီဆိုင်ထဲမှာ တကယ်ပဲ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင် ရှိနေတယ်….”


ဤအခြေအနေက အလွန်ထူးခြားဆန်းကျယ်ပြီး အံ့အားသင့်ဖွယ် ဖြစ်နေပေသည်။ သူမက ရှင်သန်နေဆဲဖြစ်သော ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ပထမအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။


“ဒါက အဆင့်မြင့်အကြီးအကဲပြောတဲ့ ကံကြမာဆိုတဲ့ အရာများလား….” နီယန်က ရုတ်တရက် တွေးလိုက်မိပြီး သူမ၏ နှလုံးသားထဲတွင် ထိတ်လန့် တုန်လှုပ်မှုများ ကြီးစိုးလာလေသည်။


ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်သာ ဖူးပွင့်လာပါက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးများ သီးလာမည်ဖြစ်သည်။ ထိုသစ်သီးက သိမြင်နားလည်မှုများ တိုးတက်လာစေရန် အထောက်အကူ ပြုပေးသည့်အပြင် စစ်နတ်ဘုရားအဆင့်သို့ ချိုးဖြတ်တက်ရောက်နိုင်ရန် ကူညီပေးနိုင်လေသည်။


နီယန်က သစ်ပင်လေးကို ကြည့်၍ ကြောင်အနေချိန်တွင် ပုဖန်က ချက်ပြုတ်ပြီးစီးသွားသော ဟင်းပွဲကို ကိုင်၍ မီးဖိုချောင်ထဲမှ ထွက်လာလေသည်။


“ဒါက ဟင်းပွဲအသစ်..သက်တံ့ရောင် မုန့်လုံးပါ … ကောင်းကောင်းသုံးဆောင်ပါ…”


ပုဖန်က ဟင်းပွဲကို စားပွဲပေါ်သို့ ချပေးလိုက်ချိန်တွင် သူ့နောက်မှ ကွမ်းရှောင်ယီက အေးခဲကျောက်စိမ်းနှလုံးသားဝိုင်အိုးကို ချပေးလိုက်လေသည်။


“ကျေးဇူးတင်ပါတယ် .. စီနီယာ…” ထန်းယင်က ယဉ်ကျေးစွာ တုန့်ပြန်လိုက်သည်။


“ပိုင်ရှင်ပု… နင်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ဆိုင်ထဲမှာ စိုက်ထားတာလား… နင်က တကယ်ကို မိုက်ရူးရဲ ဆန်တာပဲ…” နီယန်က မီးဖိုချောင်ထဲသို့ ပြန်သွားတော့မည့် ပုဖန်ကို လှမ်းပြောလိုက်လေသည်။