အပိုင်း ၁၉၂
Viewers 61k

အခန်း ၁၉၂ “ဖြန့်ကျက်ထားသော သူတော်စင်အဆင့်များ”


အင်ပါယာမြို့တော်၏ အပြင်ဘက်တွင် လူတစ်စုက မြို့တော်သို့ တဖြည်းဖြည်း ချည်းကပ်လာပြီး မြင်းရထားဘီးသံများ ထွက်ပေါ်နေလေသည်။ ထိုအဖွဲ့ဆီမှ ပြင်းထန်လှသော စွမ်းအင်များ ဖြာထွက်နေပြီး သူတို့၏ မျက်၀န်းများက အလင်းတန်းများ ထွက်ပေါ်နေသကဲ့သို့ လင်းလက်တောက်ပနေသည်။ ထိုလူစု၏ အလယ်တွင် အကျဉ်းသား သုံးယောက်ပါ၀င်သော ဧရာမ လှောင်အိမ်တစ်ခု ရှိနေလေသည်။


ပုဖန်သာ ဤနေရာတွင် ရှိနေပါက ထိုအကျဉ်းသားသုံးယောက်ကို ချက်ချင်းမှတ်မိမည်ဖြစ်သည်။ ထိုသုံးယောက်က သာမာန်လူသားများ မဟုတ်ပဲ သူတို့၏ ခန္ဒာကိုယ်အောက်ပိုင်က မြွေကဲ့သို့ ဖြစ်နေလေသည်။


“အကိုအားနီ… အရှေ့မှာမြင်နေရတာက လေအလင်းအင်ပါယာမြို့တော်လား….” ချိုသာသော အသံတစ်ခုက လှောင်အိမ်အတွင်းမှ ထွက်ပေါ်လာသည်။


“ဒီလူတွေရဲ့ ပြောစကားအရ ဆိုရင်တော့ အရှေ့မှာမြင်နေရတာ အင်ပါယာ မြို့တော်ပဲ …” ခန္ဒာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများနှင့် ပြည့်နှက်နေသော မြွေလူသားက ပြန်ပြောလိုက်သည်။


အားနီ၏ ခန္ဒာကိုယ်ပေါ်တွင် ဒဏ်ရာများနှင့် ပြည့်နှက်နေသော်လည်း အသက်ရှူရန်ပင် ခက်ခဲနေလေသည်။


ယုဖူက ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီး သူမအနီးတွင် လဲလျောင်းနေသော ဖခင် ယုဖန်ကို ကူရာမဲ့စွာ တစ်ချက်ကြည့်လိုက်သည်။


“အခုသွားနေတဲ့ အရှိန်ထက် မြန်မယ်ဆိုရင်တောင် မြွေလူသားမျိုးနွယ်စုကနေ လေအလင်းအင်ပါယာကိ်ု ရောက်ဖို့ လတစ်၀က်က မလုံလောက်ဘူး… ဒါကို ဦးလေးယုဖန်လဲ ကောင်းကောင်းသိတယ်… အခု သူ့ရဲ့ ခန္ဒာကိုယ်ထဲက အသက်ဓာတ်တွေက ကုန်သွားပြီဆိုတော့ နောက်တစ်ခေါက်ပြန်အိပ်ပျော်သွားပြီ… ဒါပေမယ့် စိတ်မပူပါနဲ့ … ဦးလေးယုဖန် အဆင်ပြေသွားမှာပါ….”


အားနီက ယုဖူကို နှစ်သိမ့်လိုက်သည်။


ယုဖူက ခေါင်းငြိမ့်ပြလိုက်သည်။ သူမဖခင်က ကိုမာအခြေအနေသို့ ပြန်လည်၀င်ရောက်သွားကြောင်း သူမက သိပြုမိလေသည်။


အားနီက လှောင်အိမ်ထဲမှ ခန္ဒာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး အဝေးမှ လှမ်းမြင်နေရသော အင်ပါယာမြို့တော်၏ မြင့်မားလှသော တံတိုင်းများကို လှမ်းကြည့်လိုက်သည်။


“ဒါက… တကယ်ကိုပဲ မြွေလူသားမျိုးနွယ်စုတွေထက် သာလွန်တာပဲ… လူတွေရဲ့ ဖန်တီးနိုင်တဲ့ စွမ်းရည်က အံ့သြလောက်စရာပဲ….”


အံ့အားတသင့် ပြောနေသော အားနီ၏ စကားအဆုံးတွင် လှောင်အိမမ်ကို ပြင်းထန်စွာ ရိုက်ပုတ်ခြင်း ခံလိုက်ရသည်။


“ဟေ့… စကားပြောမနေကြနဲ့ တိတ်တိတ်နေကြ..”


လှောင်အိမ်အပြင်ဘက်မှ ဆူပူကြိမ်းမောင်းသံများ ထွက်ပေါ်လာလေသည်။ အားနီ၏ မျက်၀န်းများက နီရဲ့သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်မိလေသည်။ သို့သော် တခဏအတွင်းပင် သူက စိတ်လျော့လိုက်လေသည်။


ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေမှ သူတို့ သုံးယောက် ထွက်ခွာလာသည့် အချိန်တွင် ထိုလူစုနှင့် ဆုံခဲ့ခြင်း ဖြစ်သည်။ အားနီက အင်ပါယာအဆင့်တစ်ယောက် ဖြစ်သောကြောင့် ထိုသူများကို ကြောက်စရာမလိုဟု တွေးမိလေသည်။ သို့သော် ထိုလူစုထဲတွင် သူတော်စင်အဆင့်တစ်ယောက် ပါနေလေသည်။ ရင်ဆိုင်တိုက်ခိုက်လိုက်သည်နှင့် အားနီက သူတော်စင်အဆင့်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး ယုဖန်ကလဲ ကိုမာအခြေအနေသို့ ပြန်ရောက်သွားလေသည်။


သူတို့သုံးယောက်ကို ထိုလူစုက အကျဉ်းသားများအဖြစ် ဖမ်းဆီး၍ အင်ပါယာမြို့တော်သို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။ သို့သော် ထိုသူများ၏ ဦးတည်ချက်က အင်ပါယာမြို့တော် ဖြစ်နေသောကြောင့် အားနီက ၀မ်းသာသွားမိလေသည်။ ထိုသို့ မဟုတ်ပါက ယုဖန်အတွက် ခက်ခဲသွားနိုင်ပေသည်။


ဘုန်း… ဘုန်… ဘန်း….


မြေပြင်က သိမ့်သိမ့်တုန်သွားပြီး ကြီးမားလှသော စိတ်ဝိဥာဉ် သားရဲတစ်ကောင်က ဒုန်းဆိုင်းပြေးလာသည်ကို အားနီက တွေ့လိုက်ရသည်။ ထိုသားရဲတွင် ထက်မြိ၍ ကြောက်မက်ဖွယ်ကောင်းလှသော အစွယ်ရှည်နှစ်ချောင်း ပါရှိနေလေသည်။


“အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ မီးခြင်္သေ့….”


အားနီ၏ မျက်၀န်းများက စူးရှသွားလေသည်။ သူတို့ကို ဖမ်းချုပ်ထားသူများပင် ရပ်တန့်သွားကြသည်။


မီးခြင်္သေ့က မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံနှင့် ဟိန်းဟောက်လိုက်ရာ အဖွဲ့အတွင်းမှ အဆင့်နိမ့် စိတ်ဝိဥာဉ် သားရဲများ ဖြစ်သော မြင်းများပင် ထိတ်လန့်သွားကြသည်။


“နောက်ဆုံးတော့ အင်ပါယာမြို့တော်ကို ငါတို့ ရောက်လာပြီပေ့ါ… တကယ်လို့ မီးလေးသာ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်မနေရင် ဒီထက်တောင် ပိုစောဦးမှာ…”


မီးခြင်္သေ့ပေါ်မှ စကားသံ ထွက်ပေါ်လာလေသည်။ ထို့နောက် မြန်ဆန်လှသော အလျင်နှင့်အတူ မီးခြင်္သေ့နှင့် ထိုသူက အင်ပါယာမြို့တော်ဘက်သို့ ဆက်လက်ထွက်ခွာသွားလေသည်။


“အဆင့်ခုနစ် သူတော်စင်အဆင့်တစ်ယောက်နဲ့ အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ တစ်ကောင်… ဒါက တော်တော်ကြောက်ဖို့ကောင်းတဲ့ ပေါင်းစပ်မှုပဲ… တကယ်အံ့သြဖို့ ကောင်းတယ်… သူတော်စင်အဆင့်တွေက လေအလင်းအင်ပါယာမြို့တော်ကို ဘာလာလုပ်ကြတာလဲ…” အားနီက စိတ်ထဲတွင် တုန်လှုပ်စွာ တွေးနေလေသည်။


“မြေရိုင်းလွင်ပြင်ဒေသရဲ့ တတိယဘုရားကျောင်း… အင်ပါယာ သားရဲ ခန်းမက လူလား…. တော်တော်ကြောက်ဖို့ကောင်းတာပဲ…”


လူအုပ်ထဲမှ အက်ရှရှအသံတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအသံရှင်က အားနီကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သော သူတော်စင်အဆင့် ဖြစ်သည်။ သူ၏အမည်က ထျန်းရှုဇီဖြစ်ပြီး သူ၏ ဓါးစွမ်းရည်က အလွန်ထိတ်လန့်ဖွယ်ကောင်းလေသည်။ ဓါးမှ ထွက်ပေါ်လာသော အလင်းတန်း တစ်ခုကပင် အားနီကို ရှုံးနိမ့်သွားစေလေသည်။


မိုးပေါ်မှ သိမ်းငှက်တစ်ကောင်၏ အသံ ထွက်ပေါ်လာသောကြောင့် လူအုပ်ကြီးက ခေါင်းမော့ကြည့်လိုက်သည်။ ဝေဟင်ထက်တွင် ကောင်းကင်ကို ပင် ဖုံးလွှမ်းသွားတော့မည်ကဲ့သို့ ကြီးမားလှသော သိမ်းငှက်တစ်ကောင်ကို တွေ့လိုက်ရလေသည်။ သူတို့၏ ဘ၀တစ်လျောက်တွင် ထိုမျှ ကြီးမားသော သိမ်းငှက်ကို မြင်ဖူးခြင်းမရှိ်ခဲ့ပေ။


ထိုကြီးမားလှသော သိမ်းငှက်ကြီးင သူတို့၏ ခေါင်းပေါ်မှ ဖြတ်သန်းသွားရာ မြင်းများက ကြောက်လန့်တကြားနှင့် မြည်ကြွေးလိုက်ကြသည်။ သိမ်းငှက်ကြီးပေါ်တွင် မိန်းမပျိုလေးတစ်ယောက် ရှိပြီး သူမ၏ ဆံပင်များကို ခပ်မြင့်မြင့် စည်းနှောင်၍ ကျောထက်တွင် လင်းလေးတစ်လက် လွယ်ထားလေသည်။


ထိုမိန်းမပျိုလေးက ဦးတည်ချက် ပျောက်နေသကဲ့သို့ သူမ၏ ပတ်၀န်းကျင်ကို ဝေ့၀ဲကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်နှင့် သိမ်းငှက်ကြီးကို တစ်ချက်ပုတ်လိုက်ပြီး ပြောလိုက်သည်။


“အကိုထျောင် ငါတို့ ဒီနားမှာ ပျော်စရာတချို့ရှာလိုက်ရအောင်… သွားဖို့ အဆင်သင့်ဖြစ်မှ ပြန်ပြောမယ်လေ…”


သိမ်းငှက်ကြီးက တောင်ပံများကို ခပ်ကြမ်းကြမ်း ခတ်လိုက်လေရာ လေပြင်းမှုန်တိုင်းကျသကဲ့သို့ လေးများ တိုက်ခတ်လာလေသည်။ ထို့နောက် မိန်းမငယ်လေးက လူအုပ်ကြီးကို ကြည့်၍ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး အင်ပါယာမြို့တော်ဘက်သို့ သိမ်းငှက်ကြီးနှင့်အတူ ပျံသန်းသွားလေတော့သည်။


လူအုပ်ကြီး အသက်ရှူရန်ပင် မေ့လျော့လောက်အောင် ကြောက်ရွံ့နေကြလေသည်။


“ဘုရားရေ နောက်ထပ် အဆင့်ခုနစ် သားရဲတစ်ကောင်နဲ့ သူတော်စင်အဆင့်တစ်ယောက်… ပြီးတော့ သူတို့အားလုံးက ထူးထူးခြားခြားကို ငယ်ရွယ်ကြသေးတာပဲ… အင်ပါယာမြို့တော်က ထူးခြားမှုတွေနဲ့ ပြည့်နှက်နေတာပဲ…”


“အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ မိုးကြိုးလေးပြင်းသိမ်းငှက်… ဒီမိန်းမပျိုလေးရဲ့ နောက်ခံက လုံး၀ကို မရိုးရှင်းဘူး…”


အားနီအနီးမှ အက်ရှရှအသံက ထပ်မံ ထွက်ပေါ်လာလေသည်။


“အကိုအားနီ.. ငါတို့လဲ အင်ပါယာမြို့တော်ကို ရောက်ပြီဆိုတော့ အဖေ့ကိုနှိုးလိုက်ရမလား….” ယုဖူက အားနီကို လှမ်းမေးလိုက်သည်။


အားနီ၏ မျက်နှာအမူအယာက မဲ့ရွဲ့နေပြီး သူ၏ အာရုံများက ပျံ့လွင့်နေကာ တွေးလိုက်မိသည်။


“သေလိုက်စမ်း… ဒီမှာ သူတော်စင်အဆင့်တွေ အများကြီးပဲ… ဒီနေ့တွေ့လိုက်ရတဲ့ သူတော်စင်အဆင့် အရေအတွက်က ငါမွေးကတည်းက တွေ့ဖူးတဲ့ သူတော်စင်အဆင့် အရေအတွက်ထက်တောင် ပိုများနေတယ်…”


ကြီးမားလှသော ကမ္ဘာကြီးထဲတွင် သူတော်စင်အဆင့်များက ပြန့်ကျဲနေသောကြောင့် လူအများက သတိမပြုမိခြင်း ဖြစ်သည်။


“နှိုးလိုက်တော့… ဒီလိုမှ မဟုတ်ရင် ငါတို့ ဒီလူတွေ လက်ထဲက လွတ်မြောက်မှာ မဟုတ်ဘူး…”


အားနီက တွေးတောနေရာမှ သတိပြန်၀င်သွားပြီး ယုဖူကို ပြန်ပြောလိုက်သည်။


ယုဖူ၏ မျက်၀န်းလေးများက တောက်ပသွားပြီး စိတ်ဝိဥာဉ်ဆေးပင်တစ်ပင်ကို ထုတ်ယူလိုက်ကာ ယုဖန်ကို ခွံ့ကြွေးလိုက်သည်။


………


“သတင်းပို့ပါတယ်… စစ်သေနာပတိချုပ် … သူတော်စင်အဆင့်တစ်ယောက် ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ အင်ပါယာမြို့ထဲကို ၀င်ရောက်လာပါတယ်…”


“သတင်းပို့ပါတယ်.. စစ်သေနာပတိချုပ်ရှောင်… အဆင့်ခုနစ် သားရဲကို စီးနင်းလာတဲ့ သူတော်စင်အဆင့် တွေ မြို့ထဲကို ၀င်ရောက်လာပါတယ်…”


“သတင်းပို့ပါတယ်… အင်ပါယာမြို့နယ်ရဲ့ ဂိတ်တခါးနားမှာ မျိုးနွယ်ခြား သူတော်စင်အဆင့်တစ်ယောက်နဲ့ လူသားသူတော်စင်အဆင့်တစ်ယောက် တိုက်ခိုက်နေကြပါတယ်…”


စစ်သည်တော်များ၏ သတင်းပေးပို့ချက်များကြောင့် ရှောင်မန်၏ ခေါင်းများပင် ပေါက်ကွဲလုမတက် ဖြစ်နေလေသည်။ တစ်လအတွင်း အင်ပါယာမြို့သို့ ရောက်ရှိလာသည့် သူတော်စင်အဆင့် အရေအတွက်မှာ သူ၏ စိတ်နှလုံးကိုပင် ခြောက်ခြားစေလေသည်။ ထိုသူတော်စင်အဆင့်များက မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို ရှောင်မန်က မတွေးတောနိုင်ပေ။


“အရှင်မင်းကြီး… အရှင့်ရဲ့ သစ္စာရှိလှတဲ့ အစေခံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ပါဘူး…”


ရှောင်မန်က ခါးသီးစွာ ပြုံး၍ ရေရွတ်လိုက်မိလေသည်။ အင်ပါယာမြို့တော်၏ အခြေအနေက တည်ငြိမ်မှု မရှိတော့ပေ။ ဂျိချန်းရွဲ့က ဂူဗိမ္မာန်တွင် စောင့်ကြပ်နေသော လျန်ဖုကို ပြန်၍ ဖိတ်ခေါ်ထားသော်လည်း သူတော်စင်အဆင့် နှစ်ယောက်က များပြားလှသော သူတော်စင်အဆင့်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ပေ။ အင်ပါယာမြို့တော်၏ အခြေအနေက ဆိုးသထက် ဆိုးဝါးလာလေသည်။


…….


ပုဖန်က ဆိုင်ဖွင့်ပြီးနောက် ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို ဘလက်ကီ၏ ရှေ့တွင် ချပေးလိုက်ပြီး ဆိုင်ထဲသို့ ပြန်၀င်လာလိုက်သည်။ သူ၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ထိတ်လန့်မှုကို ခံစားနေရလေသည်။ ပုဖန်က တစ်လကြာပြီးနောက်သူချက်လုပ်ထားသော စိတ်ဝိဥာဉ်၀ိုင်ကို ထုတ်ယူစစ်ဆေးတော့မည် ဖြစ်သည်။ အဆင့်ခုနစ် စိတ်ဝိဥာဉ် ဆေးပင် သုံးမျိုးကို ပေါင်းစပ်ထားသော စိတ်ဝိဥာဉ်၀ိုင်၏ အရသာကို သူကိုယ်တိုင်ပင် ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိပေ။


သို့သော် ပုဖန်က အလျင်လိုခြင်း မရှိပဲ ပိုမှန်အတိုင်း အသားလွှာထွင်းထုခြင်း နည်းပညာနှင့် ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာတို့ကို လေ့ကျင့်လိုက်သည်။ အချိန်ကြာမြင့်စွာ လေ့ကျင့်ပြီးနောက် သူ၏ စွမ်းရည်များက တိုးတက်လာပြီဖြစ်သည်။ သူ၏ လေ့ကျင့်ခန်းများ ပြီးဆုံးသွားချိန်တွင် ဆိုင်၀ဆီမှ ခြေသံအချို့ကြားလိုက်ရပြီး ဖက်တီးဂျင်တို့လူစု ဆိုင်ထဲသို့ ၀င်လာသည်ကို တွေ့လိုက်ရသည်။


တစ်နေ့တာအတွက် စီးပွားရေးလုပ်ငန်းက စတင်လည်ပတ်နေလေသည်။ ဖက်တီးဂျင်နှင့် ကွမ်းရှောင်ယီတို့ စကားပြောနေချိန်တွင် ကျွင်းအာက ဆိုင်ထဲသို့ ၀င်ရောက်လာလေသည်။သူမ၏ နောက်တွင်လဲ လော့ဆန်းနင်က ပြုံးရွှင်စွာ လိုက်ပါလာလေသည်။


“ပိုင်ရှင်ပု… မတွေ့တာတောင် ကြာပြီနော်… ဒီနေ့ ကျွင်းအာနဲ့ ငါလိုက်လာတာက သူ့ရဲ့ ဥအနှစ်မုန့်က နင့်နှလုံးသားကို ကိုင်လှုပ်နိုင်မယ်လို့ ယုံကြည်နေလို့ပဲ…” ဆိုင်တံခါး၀ကို ဖြတ်၀င်လိုက်ပြီးသည်နှင့် လော့ဆန်းနင်က ကျယ်လောင်စွာ ပြောဆိုလိုက်သည်။


မီးဖိုချောင်ထဲမှ ထွက်လာသော ပုဖန်က လော့ဆန်းနင်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ပြန်လှည့်သွားလေသည်။ အစားအသောက်များကို စားသောက်ပြီးစီးသွားသော ဖက်တီးဂျင်တို့က ပုဖန်ကို နှုတ်ဆက်လိုက်သောကြောင့် ပုဖန်က ခေါင်းညိမ့်ပြလိုက်သည်။


ထိုလူစု ထွက်ခွာသွားသည်နှင့် ပုဖန်က ကျွင်းအာဘက်သို့ လှည့်၍ ပြောလိုက်သည်။


“ဒါက နင့်ရဲ့ နောက်ဆုံးအခွင့်အရေးပဲနော်… နင့်ရဲ့ ဥအနှစ်မုန့်က ငါမျှော်မှန်းထားတဲ့ အဆင့်တစ်ခုကို ရောက်နေပြီလို့ နင်ယုံကြည်လား…”


ကျွင်းအာက စားစရာထည့်ထားသော ဗူးကို ခပ်တင်းတင်း ဆုတ်ကိုင်လိုက်သည်။ အရုပ်မလေးနှင့် တူသော သူမ၏ မျက်နှာပေါ်တွင် ယုံကြည့်ချက်များနှင့် ပြည့်နှက်နေပြီး ဆုံးဖြတ်ချက် ချထားပြီးဟန်နှင့် ခေါင်းညိမ့်ပြလိုက်သည်။


လော့ဆန်းနင်နှင့် ကွမ်းရှောင်ယီကလဲ ဘေးတွင် ရပ်၍ စူးစမ်းနေလေသည်။ လော့ဆန်းနင်က ကျွင်းအာ၏ ဥအနှစ်မုန့်ကို မြည်းကြည့်ဖူးသောကြောင့် အရသာကောင်းမွန်ကြောင်း သိနေလေသည်။ ကျွင်းအာ၏ ဥအနှစ်မုန့်က ပုဖန်မျှော်လင့်ထားသော အဆင့်သို့ မရောက်သေးလျှင်ပင် ပုဖန်ကို ဆုံးဖြတ်ချက်ချရန် ခက်ခဲသွားနိုင်ပေသည်။


ကျွင်းအာက စားစရာဗူးအဖုံးကို ဖြည်းဖြည်းခြင်း ဖွင့်လိုက်ရာ ရွှေဝါရောင်ဥအနှစ်မုန့်တစ်ခု ပေါ်ထွက်လာလေသည်။ သူမက ဥအနှစ်မုန့်ဗူးကို ပုဖန်ရှေ့သို့ ချပေးလိုက်လေသည်။


မွှေးပျံ့လှသော မုန့်၏ ရနံ့က လေထဲတွင် လွင့်ပျံလာသောကြောင့် ပုဖန်၏ မျက်၀န်းများ တောက်ပသွားလေသည်။ ပုဖန်က ဥအနှစ်မုန့်ကို မြည်းကြည့်ရန် ပြင်လိုက်ချိန်တွင် လမ်းကြားလေးဆီမှ ကျယ်လောင်သော ခြေသံများ ထွက်ပေါ်လာလေသည်။


“ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက ဒီဆိုင်လေးထဲမှာ ရှိနေတာလား… ဒီလို ဆိုင်သေးသေးလေးထဲမှာလေ… ငါက ဒီဆိုင်ကို လက်တစ်ဖက်ထဲနဲ့တောင် ချွေမွပစ်လိုက်နိုင်တယ်…”