အခန်း… ၁၉၃ “ဝှိုက်တီ… သူ့ကို အ၀တ်တွေ ချွတ်ပြီး အပြင်ကို ပစ်ထုတ်လိုက်….”
မြို့တံတိုင်းတစ်နေရာတွင် ရပ်နေသော ကျောက်မူရှန်၏ ပုခုံးထက်မှ ၀တ်ရုံရှည်က လေထဲတွင် တဖျပ်ဖျပ် လွင့်နေလေသည်။ သူက ခေါင်းကို မော့လိုက်ပြီး လေများကို တဝြကီး ရှူရှိုက်လိုက်သည်။ အင်ပါယာမြို့တော်မှ လပေါင်းများစွားထွက်ခွာခဲ့သောကြောင့် ဤနေရာမှ လေထုကိုပင် လွမ်းဆွတ်နေလေသည်။ ကျောက်မူရှန်က အင်ပါယာမြို့တော်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သောကြောင့် သူ၏ ဇာတိမြေအဖြစ်ပင် မှတ်ယူထားလေသည်။
အင်ပါယာမြို့တော်အတွင်းမှ လမ်းများပေါ်တွင် ဆူညံနေဆဲဖြစ်သော်လည်း ယခင်ကနှင့် ခြားနားစွာ အစောင့်အကြပ်များ ပိုမိုထူထပ်နေလေသည်။ မြို့တော်၏ နေရာအနှံ့တွင် စစ်၀တ်စုံ ၀တ်ဆင်ထားသော စစ်သားများကို နေရာအနှံ့ တွေ့နိုင်လေသည်။ လမ်းမထက်တွင် ခွန်အားကြီးမားပြီး ထူးဆန်းစွာ ၀တ်စားထားသော လူများစွာကလဲ သွားလာနေကြသည်။ ထိုသူများက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးအတွက် လာရောက်ကြသူများဖြစ်ကြောင်း ကျောက်မူရှန်က သိနေလေသည်။
သစ်ပင်၏ သတင်းက သူတော်စင်အဆင့်များကို သာ ဆွဲဆောင်နိုင်ခြင်း မဟုတ်ပဲ အင်ပါယာအဆင့်များနှင့် ဘုရင်အဆင့်များကိုပင် ဆွဲဆောင်နိုင်လေသည်။ ထိုသူတို့က မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်ပဲ အင်ပါယာမြို့တော်သို့ ၀င်ရောက်လာခဲ့ကြသည်။
ထိုသို့ ဖြစ်လာစေရန် ပြုလုပ်ခဲ့သော ကျောက်မူရှန်၏ ရည်ရွယ်ချက်မှာ မြို့တော်အတွင်း အခြေအနေများစ ရှုပ်ထွေးသထက် ရှုပ်ထွေးလာစေရန်သာ ဖြစ်သည်။ ထိုသို့ မဟုတ်ပါက အခွင့်အလမ်းကောင်းများကို အလွယ်တကူရရှိနိုင်လိမ့်မည်မဟုတ်ပေ။
ကျောက်မူရှန်က လမ်းလျောက်နေရာမှ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခပ်လှမ်းလှမ်းမှ ပုံရိပ်သုံးခုကို ကြည့်လိုက်မိသည်။ ထိုပုံရိပ်သုံးခုက ထူးခြားသောကြောင့် သူတို့အနီးမှ လူတချို့ကလဲ အံ့အားသင့်စွာ ကြည့်နေကြလေသည်။
“မြွေလူသားမျိုးနွယ်တွေ…”
ကျောက်မူရှန်က စိတ်၀င်တစားနှင့် ရေရွတ်လိုက်မိသည်။ မြွေလူသားမျိုးနွယ်များ နေထိုင်သော နေရာနှင့် အင်ပါယာမြို့တော်က အလွန်ဝေးကွာလှပေသည်။ ထိုသူများက ဝေးကွာလှသော ခရီးကို ထွက်လာကြသည်ရည်ရွယ်ချက်ကို ကျောက်မူရှန်က တွေးတောနေမိသည်။
“သူတို့တွေက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးအတွက် လာတာလား…”
ကျောက်မူရှန်က ထိုသုံးယောက်ကို အကဲခတ်လိုက်ရာ နှစ်ယောက်က အလွန်အားနည်းနေပြီး ကျန်တစ်ယောက်၏ ခန္ဒာကိုယ်တွင်လဲ သွေးများ အလူးလူး ဖြစ်နေလေသည်။ သူတို့ခန္ဒာကိုယ်အောင်ပိုင်းမှ အကြေးခွံံများပေါ်က ပဲ့ရွဲ့နေပြီး ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းနေသလို့ ရွံရှာဖွယ်လဲ ဖြစ်နေလေသည်။
မြွေလူသားအမျိုးသမီးက အခြားနှစ်ယောက်ကို တွဲကူ၍ လမ်းမပေါ်တွင် ကူရာမဲ့စွာ ရပ်နေလေသည်။ သူမ၏ မျက်နှာပေါ်တွင်လဲ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေသည်။
ကျောက်မူရှန်က မဲ့ပြုံးပြုံးလိုက်ပြီး ထိုသုံးယောက်ထံသို့ ဦးတည်လိုက်သည်။
………
လမ်းကြားလေးထဲမှ မောက်မာရိုင်းစိုင်းသော အသံက ဆိုင်ထံသို့ ပျံ့လွင့်လာသောကြောင့် ဆိုင်ထဲမှ လူများအားလုံး အံ့သြမှင်သက်သွားကြသည်။
“ဒီလူက… ဆိုင်ကိုတောင် လက်တစ်ဖက်ထဲနဲ့ ချွေမွနိုင်တယ်ဆိုပါလား… သူက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ…”
လော့ဆန်းနင်က အံ့သြမှုကြောင့် ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။ သူမက ဖန်ဖန်ဆိုင်ငယ်လေး၏ ကြောက်မက်ဖွယ်ကောင်းပုံကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပေသည်။ ထို့ကြောင့် ယခု ကြွေးကြော်နေသော သူက စွမ်းအားကြီးသော တစ်ယောက်ယောက် ဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်မိသည်။
ထိုအသံကြောင့် ပုဖန်က တခဏမျှ တုန့်ဆိုင်းသွားသော်လည်း ချက်ချင်းပင် သတိပြန်၀င်လာပြီး ဥအနှစ်မုန့်ကို ကောက်ယူလိုက်သည်။ ဥအနှစ်မုန့်၏ အပေါ်တွင် တင်ထားသော ယို၏ ရနံ့က သူ၏ နှာခေါင်းအတွင်းသို့ ချက်ချင်းပင် တိုး၀င်လာလေသည်။ မုန့်၏ နူးညံ့မှုကလဲ မယုံနိုင်စရာကောင်းလှပေသည်။ ကျွင်းအာ၏ ဥအနှစ်မုန့်က ပုဖန်မျှော်လင့်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
“ပိုင်ရှင်ပု.. တစ်ယောက်ယောက်တော့ ဆိုင်ကို ပြသနာလာရှာနေပြီ နင်ဘာမှ မလုပ်ဘူးလား….”
လော့ဆန်းနင်က မုန့်ကို မြည်းစမ်းရန် ပြင်နေသော ပုဖန်ကို သတိပေးလိုက်သည်။ ဆိုင်အပြင်ဘက်တွင် လူအုပ်ကြီးက ရုန့်ရင်းကြမ်းတမ်းသော စကားများ ပြောနေသည်ကို သူမက ကြားနေရသော်လည်း ထိုအရာက ပုဖန်ကို သက်ရောက်မှုမရှိသကဲ့သို့ ပုဖန်က လျှစ်လျူရှုထားလေသည်။
ခြေသံများ ထွက်ပေါ်လာပြီး လူတချို့က ဆိုင်ပေါက်၀ကို ပိတ်ရပ်လိုက်လေသည်။ ထိုလူစုက တူညီ၀တ်စုံများကို ၀တ်ဆင်ထားကြပြီး သူတို့၏ ခန္ဒာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါများကလဲ အလွန်ပြင်းထန်လေသည်။ ခေါင်းဆောင်ဖြစ်ဟန်တူသူက ဓါးကြီးတစ်လက်ကို ဆွဲကိုင်ထားပြီး သူ၏ အသွင်က ကြောက်မက်ဖွယ်ကောင်းနေလေသည်။
“ဒီဆိုင်စုတ်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ ထွက်လာခဲ့စမ်း…” ထိုသူက ရင့်သီးစွာ အော်ဟစ်လိုက်သည်။
ခဏကြာသည်အထိ ဆိုင်လေးထဲတွင် ငြိမ်သက်နေပြီး ထိုသူကို အဖက်လုပ်ခြင်းမရှိပေ။ သူက အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကသိကအောင့်ဖြစ်သွားလေသည်။ သူက နဖူးကြောများ ထောင်ထလာသည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး ဓါးကြီးကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်လေသည်။
ဒုန်း….
သံနှင့် မြေကြီး ထိခတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
“သေလိုက်စမ်း.. မင်းနားကန်းနေတာလား… ငါက မိုကျိုးမြို့ ဓါးမြ ၁၃ ယောက်ထဲက ၇ယောက်မြောက်ပဲ… မင်းနားလည်မယ်ဆို အခု ချက်ချင်းထွက်လာခဲ့လိုက်… ဒီလိုမှမဟုတ်ရင် မင်းဆိုင်ကို ဖြိုချလိုက်မယ်…”
ထိုသူက ဒေါသထွက်စွာနှင့် အော်ဟစ်လိုက်လေသည်။ သို့သော် အခြေအနေက ထူးမခြားနားပင် ဖြစ်နေလေသည်။
ဆိုင်၏ အပြင်ဘက်တွင် လဲလျောင်းနေသော ခွေးနက်ကြီးက လှည့်ကြည့်လိုက်ပြီး သူ၏ ခြေလက်များကို ဆန့်လိုက်လေသည်။ ထို့နောက် သူ၏ ပုံစံအတိုင်း ပြန်အိပ်နေလိုက်သည်။
“ကောင်းပြီလေ… မင်းက ငါ့လို့ ၇ယောက်မြောက် သခင်ကိုတောင် အရိုအသေမရှိဘူးဆိုတော့ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့တော့..”
ထိုသူက ပြောလိုက်ပြီးသည်နှင့် သူ၏ ဓါးကို မြောက်၍ ဆိုင်ထဲသို့ ၀င်လာလေသည်။ သူ၏နောက်မှ လူစုကလဲ မော်ကြွားသော အမူအယာများနှင့် လိုက်၀င်လာကြလေသည်။ ထိုသူတို့က ၇ ယော်ကမြောက်သခင်၏ နောက်သို့ လိုက်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သူတို့တွင် အတွေ့အကြုံကောင်းများရှိနေလေသည်။
ပုဖန်က ဥအနှစ်မုန့်ကို တစ်ကိုက်ကိုက်လိုက်ရာ နူးညံ့သော မုန့်သားက သူ၏ အာရုံကြောများကို နှိုးဆော်လိုက်လေသည်။ ယို၏ရနံ့နှင့် နူးညံ့လှသော မုန်သားက သူ၏ လျှာပေါ်တွင် လူးလွန့်နေသည်ဟု ခံစားလိုက်ရလေသည်။
“ပိုင်ရှင်ဘယ်မှာလဲ… ခွေးသားက ငါ့ကို အဖက်မလုပ်ပဲ နေရဲတယ်ပေါ့..” ဟုတ်လား… ၇ ယောက်မြောက် သခင်က ဆိုင်ထဲသို့ ရောက်လာသည်နှင့် ရှူးရှူးရှားရှားအော်ဟစ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည်။ ဆိုင်ထဲမှ လူများအားလုံးက သူ့ကို ကြောင်ကြည့်နေကြလေသည်။
ပုဖန်က ဥအနှစ်မုန့်ကို နောက်တစ်ကိုက် ထပ်စားလိုက်ပြီးနောက် ခေါင်းညိမ့်လိုက်သည်။ ကျွင်းအာ၏ ဥအနှစ်မုန့်က သူမျှော်လင့်ထားသည့် အဆင့်ကို မှီနေသည်ဟု ၀န်ခံရပေမည်။ ကျွင်းအာက တစ်လခန့် အချိန်ယူလေ့လာပြီးနောက် ဥအနှစ်မုန့်ကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။
ထို့နောက် ပုဖန်က အသက်တစ်ချက် ရှူလိုက်ပြီး ကျွင်းအာကို စူးစိုက်ကြည့်၍ ငြင်ငြင်သာသာ ပြောလိုက်လေသည်။
“ဒီဥအနှစ်မုန့်ရဲ့ အရသာက မဆိုးဘူး… ချို့ယွင်းချက်တွေ ရှိနေသေးပေမယ့် ငါ့ကို စိတ်ကျေနပ်စေတယ်… ဒါကြောင့် ဥအနှစ်မုန့် လုပ်တဲ့အချိန်မှာ လုပ်ဆောင်သင့်တဲ့ အရေးကြီးတဲ့ အချက်တွေကို မင်းကို သင်ပေးလိုက်မယ်….”
“ဟေ့.. ဟိုခပ်ချောချောကောင်လေး.. ငါဒီမှာရှိနေတာတောင် မင်းက သတိမပြုမိဘူးလား…” ၇ယောက်မြောက်သခင်က ဓါးကို ကြမ်းတမ်းစွာ ဝေ့ရမ်းလိုက်ပြီး ပုဖန်ကို လှမ်းပြောလိုက်သည်။
မိုကျိုးဓါးမြ ၁၃ယောက်က ကျင့်ကြံမှုအဆင့် မြင့်မားကြပြီး အင်ပါယာအဆင့်များထဲတွင် ထိပ်ဆုံးမှ ရပ်တည်နေကြသူများ ဖြစ်သည်။ သူတို့နေထိုင်သော မိုပြည်နယ်တွင်ပင် နံမည်ဆိုးနှင့် ကျော်ကြားကြလေသည်။ ယခုအခါ သူတို့က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးအတွက် အင်ပါယာမြို့တော်သို့ ခြေချလာခဲ့ခြင်း ဖြစ်သည်။
သူတို့သာ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ရရှိခဲ့ပါက သူတို့၁၃ ယောက်လုံး သူတော်စင်အဆင့်ကို တက်ရောက်ရာတွင် လွယ်ကူသွားမည်ဖြစ်သည်။ သူတော်စင်အဆင့် ၁၃ ယောက်နှင့် ဖွဲ့စည်းထားသော သူတို့၏ အဖွဲ့ကလဲ မိုပြည်နယ်တွင် အကျော်ကြားဆုံး ဖြစ်လာပြီး လေအလင်းအင်ပါယာကိုပင် နင်းချေနိုင်ပေလိမ့်မည်။
ပုဖန်က လက်ထဲမှ ဥအနှစ်မုန့်ကို ပြန်ချထားလိုက်ပြီး ၇ ယောက်မြောက်သခင်ဆိုသူကို စိုက်ကြည့်လိုက်သည်။
“မင်း… စားစရာမှာချင်တာဆိုရင် မီနူးက မင်းနောက်မှာ ကြည့်လိုက်…”
ပုဖန်က မျက်နှာသေနှင့်ပြောလိုက်သည်။
၇ ယောက်မြောက်သခင်က တခဏမျှ အံ့အားသင့်သွားပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။ ထို့နောက် သူက ပုဖန်ကို ငတုံးတစ်ယောက်ကဲ့သို့ ပြန်ကြည့်လိုက်လေသည်။
“ကောင်စုတ်လေး… မင်းက ကြောက်ချေးပါပြီးတော့ ဦးနှောက်အလုပ်မလုပ်တော့တာလား… ဟားဟားဟား… ငါက ဒီလိုဆိုင်စုတ်လေးမှာ လာစားမလား… ဒီနေရာကို ငါလာတာ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကြောင့်ပဲ…”
၇ ယောက်မြောက်သခင်က ရယ်မောနေရင် ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ရက်စက်လိုဟန်များ အထင်းသားပေါ်ထွက်နေလေသည်။
ပုဖန်၏ နောက်တွင် ရပ်နေသော ကျွင်းအာက တုန်လှုပ်ခြောက်ခြားနေပြီး သူမ၏ မျက်နှာက စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေလေသည်။
လော့ဆန်းနင်က ကျွင်းအာကို နှစ်သိမ့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်လေသည်။
“ဒီ ၇ ယောက်မြောက်သခင်ဆိုတဲ့ သူက ရူးနေတာလား…”
ပုဖန်က စိတ်အနှောက်အယှက် ဖြစ်သွားလေသည်။ တစ်လကုန်သွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ငါးလမ်းကြောင်းသိမြင်မှု သစ်ပင်ကို လိုချင်သူတစ်ယောက် ရောက်ရှိလာပြီဖြစ်သည်။ ပုဖန်က သူ့ရှေ့မှ ၇ယောက်မြောက်သခင်ကို သေချာစွာ ကြည့်လိုက်ပြီး အင်ပါယာအဆင့်သာ ရှိသေးကြောင်း တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားလေသည်။
“သူတော်စင်အဆင့်လို့ ခေါ်တဲ့သူတွေ ဘယ်ရောက်နေတာလဲ…”
“စားစရာ မမှာဘူးဆိုရင် အနှောက်အယှက်မပေးပဲ ထွက်သွားလိုက်…” ပုဖန်က ပြောဆိုလိုက်ပြီး မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားလေသည်။
“စားစရာမမှာရင် အနှောက်အယှက်မပေးပဲ ထွက်သွား … ဟုတ်လား… ဒီကောင်လေးက မျက်နှာပြောင်လှချည်လား…”
သူ့ကို ထိုကဲ့သို့သော လေသံနှင့် ပြောဆိုဝံ့သူ မရှိသည်နှာ နှစ်အနည်းငယ်မျှပင် ကြာမြင့်နေပြီဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူတိ်ု့ညီအကိုကို မတော်တဆ ရန်စခဲ့သော လျိုအဖိုးအိုကို သေလုအောင် ရိုက်နှက်ခဲ့လေသည်။ ထိုလူငယ်လေးကလဲ သေရန် တောင်းဆိုနေသည်ဟု သူက တွေးလိုက်လေသည်။
၇ ယောက်မြောက်သခင်၏ မျက်နှာက ဒေါသကြောင့် တုန်ယင်နေလေသည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ပုဖန်ကို တိုက်ခိုက်လိုက်လေသည်။ အရိုက်ခံခြင်နေသော ထိုငတိကို မရိုက်နှက်ခဲ့လျှင် သူ၏ ဒေါသများ ကို ဖြေဖျောက်နိုင်လိမ့်မည်မဟုတ်ပေ။
“၇ ယောက်မြောက်သခင်က ငါ့ရှေ့မှာ ဘယ်လိုတောင် လာထောင်လွှားနေတာလဲ… နင်က သေချင်နေတာလား…” လော့ဆန်းနင်က ၇ ယောက်မြောက်သခင် လှုပ်ရှားလိုက်သည်နှင့် ကာကွယ်ရန် ကြိုးစားလိုက်လေသည်။
သို့သော် သူမ မတိုက်ခိုက်ရသေးခင်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းတစ်ခု တိုက်ခတ်လာသည်ကို ခံစားလိုက်ရလေသည်။
ဘန်း…
၇ယောက်မြောက်သခင်၏ လက်ဝါးရိုက်ချက်က ကြီးမားလှသော စက်ရုပ်တစ်ကောင်၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။ မီးဖိုချောင်သို့ ဦးတည်နေသော ပုဖန်က လှည့်မကြည့်ပဲ ပြောလိုက်သည်။
“ဝှိုက်တီ.. သူ့ကို အ၀တ်အစားတွေ ချွတ်ပြီး အပြင်ပစ်ထုတ်လိုက်….”
၀ှိုက်တီ၏ မျက်၀န်းများက အနီရောင်ပြောင်းသွားပြီး အသံတစ်ခု ထွက်လာလေသည်။
“ပြသနာကောင်… တခြားသူတွေကို ဥပမာပေးဖို့ မင်းရဲ့ အ၀တ်အစားတွေကို ချွတ်ပြီး အပြင်ကို ပစ်ထုတ်ရမယ်…”
၇ ယောက်မြောက်သခင်၏ နှုတ်ခမ်းများက မဲ့ရွဲ့သွားလေသည်။
“သေစမ်း… ဒီအရုပ်က ဘာလဲဟ…. ငရဲကို သွားလိုက်….”
၇ ယောက်မြောက်သခင်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်လာပြီး လက်ထဲမှ ဓါးကို ဝှေ့ရမ်း၍ ဝှိုက်တီ၏ ဦးခေါင်းကို တိုက်ခိုက်လိုက်သည်။
ချွင်..
ဆိုင်ထဲတွင် သံသံခြင်း ထိခတ်သံ တစ်ခု ထွက်ပေါ်လာလေသည်။
၇ ယောက်မြောက်သခင်၏ မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နှက်နေပြီး သူ၏ မျက်၀န်းများပင် ပြူးကျယ်နေလေသည်။ သူ့မျက်နှာပေါ်မှ ကြမ်းတမ်းရက်စက်မှုများကလဲ ပျောက်ကွယ်သွားလေသည်။ ဝှိုက်တီ၏ ခေါင်းနှင့် ထိခိုက်မိသွားသော ဓါးက ချိုင့်၀င်သွားသော်လည်း ဝှိုက်တီ၏ ခေါင်းက ခြစ်ရာတစ်ခုပင် ဖြစ်ပေါ်လာခြင်းမရှိပေ။
“ပြသနာကောင် တခြားသူတွေကို ဥပမာပေးဖို့ မင်းရဲ့ အ၀တ်အစားတွေကို ချွတ်ပစ်ရမယ်..”
၀ှိုက်တီထံမှ နောက်တစ်ကြိမ် အသံထွက်ပေါ်လာပြီး သူ၏ မျက်၀န်းများမှ အလင်းရောင်များ ထွက်ပေါ်လာလေသည်။
ထိုအလင်းရောင်များက ၇ ယောက်မြောက်သခင်ကို မျက်စိကြိမ်းသွားစေလေသည်။