အခန်း ၁၉၅ “စိတ်ဝိဥာဉ်၀ိုင် အဖုံးဖွင့်လို့ရပြီ…”
“အကို ၇ က ဒီလိုမျိုးခံလာခဲ့ရတာလေ… ဒါကို ငါတို့က ဒီတိုင်းပဲ လက်ပိုက်ကြည့်နေရမှာလား….”
မုတ်ဆိတ်မွှေးထူလဗျစ်နှင့် လူက မခံမရပ်နိုင်ဟန်နှင့် ပြန်ပြောလိုက်သည်။ သူ၏ မျက်နှာကလဲ ဒေါသကြောင့် ရှုံ့မဲ့နေလေသည်။
“သွားပြီး လက်စားချေမယ်… သူတော်စင်အဆင့်တွေ အဲဒီဆိုင်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ဘာလို့ သွားမယူကြသေးတာလဲ ဆိုတာကို မင်းတို့ သိလား….” ထွက်လာသော သူက သူ၏ ညီအကိုများကို ခပ်ပြုံးပြုံးကြည့်၍ မေးလိုက်သည်။
ညီအကိုများက အနည်းငယ် မှင်သက်သွားကြသည်။ သူတို့ကလည်း ထိုကိစ္စကို နားမလည်နိုင် ဖြစ်နေကြလေသည်။ ထိုဆိုင်လေးက ဆိုင်ငယ်လေး တစ်ဆိုင်သာ ဖြစ်ပြီး ဆိုင်ပိုင်ရှင်ကလည်း ဘုရင်အဆင့်တစ်ယောက်သာ ဖြစ်သည်။ ဆိုင်ပိုင်ရှင်က သူတို့မျက်လုံးထဲတွင် သနားစဖွယ် ပုရွက်ဆိတ်တစ်ကောင်မျှသာ မြင်နေလေသည်။
“အဲဒီဆိုင်ရှင်ကို သူတော်စင်အဆင့်တွေ ကြောက်နေတာလားးး မဖြစ်နိုင်ပါဘူး… အဲလိုသာဆိုရင် ကမ္ဘာပေါ်မှာအရယ်ရဆုံး ပျက်လုံးတစ်ခု ဖြစ်တော့မှာပဲ…”
“ငါတို့ အင်ပါယာမြို့ကို ရောက်လာထဲက ဆိုင်ငယ်လေးရဲ့ နောက်ခံကို စုံစမ်းဖို့ တစ်ယောက်ကို စေလွှတ်ထားတယ်… ဆိုင်က သေးတယ်ဆိုပေမယ် မြင်နေရသလို မရိုးရှင်းဘူး…” ဟူရီဖန်က သူ၏ ညီအကိုများကို ရှင်းပြလိုက်သည်။
“စုံးစမ်းထားတဲ့သူရဲ့ ပြောစကားအရတော့ အဲဒီဆိုင်မှာ သူတော်စင်အဆင့်တွေကိုတောင် ဖိနှိပ်နိုင်တဲ့ စက်ရုပ်တစ်ရုပ်ရှိတယ်… ပြီးတော့ ၀င်ပေါက်မှာ လှဲလျောင်းနေတဲ့ ခွေးက အဆင့်မြင့်သားရဲလို့ ပြောတယ်… ဒါကတော့ ကောလဟာလ ဖြစ်နိုင်ပေမယ့်… အဲဒီခွေးက အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ ဖြစ်ဖို့များတယ်…”
“အဲဒီတော့ မင်းတို့ ပြောကြည့်ပါဦး သူတော်စင်အဆင့် တိုက်ခိုက်သူနှစ်ယောက် ရှိတဲ့ ဆိုင်ကို မင်းတို့ လက်စားသွားချေနိုင်လားဆိုတာကို….”
ဟူရီဖန်က သူရထားသော သတင်းအချက်အလက်များကို ပြောလိုက်သောကြောင့် ညီအကိုများ၏ မျက်လုံးများ ပြူးကျယ်လာလေသည်။
“ဒါကြောင့်ကိုး… ဒီစက်ရုပ်က သာမာန်စက်ရုပ်မဟုတ်ပဲ သူတော်စင်အဆင့်တွေကိုတောင် ဖိနှိပ်နိုင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်နေတာပဲ… ဒီလို ကြောက်စရာကောင်းတဲ့ အရာမျိုး ကမ္ဘာပေါ်မှာ ဘယ်လိုဖြစ်လို့ ပေါ်ထွက်လာတာလဲ…” ၇ ယောက်မြောက်သခင်၏ ခန္ဒာကိုယ်က တုန်လှုပ်သွားပြီးတွေးလိုက်မိသည်။
“အဲဒါကြောင့် ညီ ၇ အသက်ရှင်ရက် ပြန်ရောက်လာတာက တော်တော် အံ့သြဖို့ ကောင်းနေတာ…” ဟူရီဖန်က သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။
“ဒီတော့… ငါက ဒီလိုပဲ ပြီးလိုက်ရတော့မှာပေါ့.. ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူး….” ၇ ယောက်မြောက်သခင်က အံကြိတ်၍ ရေရွတ်လိုက်သည်။ ၀တ်စလစ်နှင့် ဆိုင်ပြင်သို့ ပစ်ထုတ်ခံလိုကသည်ကို ပြန်တွေးလိုက်မိပြီး သွေးအန်ခြင်စိတ်ပင် ပေါက်နေလေသည်။
ဟူရီဖန်က အခန်းထဲသို့ ပြန်၀င်သွားလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“လက်စားပြန်ချေရမယ်ဆိုပေမယ့်… ငါတို့ အလျှင်စလို လုပ်လို့ မရဘူး… အချိန်အခါကောင်းကို စောင့်ရမယ်…”
………
“ဘယ်လောက်တောင် ကြောက်စရာကောင်းလိ်ုက်လဲ ဒါက ကြမ်းကြုတ်ရက်စက်တဲ့ သားရဲကြီးလား…”
“မားမား… ဒီမှာခြင်္သေ့ကြီး…. လူသားစားတဲ့ ခြင်္သေ့ကြီး…”
“ဒါက စိတ်ဝိဥာဉ်သားရဲလား… ကြီးထွားသန်မာလိုက်တာ…”
ကြီးမားလှသော မီးခြင်္သေ့က အင်ပါယာမြို့တော်အတွင်းတွင် ထွက်ပေါ်လာသောကြောင့် ပတ်၀န်းကျင်မှ လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ထိုခြင်္သေ့နင်းလိုက်သော လမ်းခင်းကျောက်တုံးများက ကြေမွလုလုပင် ဖြစ်သွားလေသည်။ ခြင်္သေ့ကြီးက အနီးအနားမှ လူများကို ဝေ့၀ဲကြည့်လိုက်ပြီး ဟိန်းဟောက်လိုက်သောကြောင့် လူများအားလုံး တုန်လှုပ်သွားကြသည်။
မီးခြင်္သေ့၏ ကျောပေါ်တွင် ထိုင်နေသော အနီရောင်၀တ်လူက ရယ်မောလိုက်ပြီး ခြင်္သေ့ကြီး၏ ခေါင်းကို ပုတ်၍ ပြောလိုက်သည်။
“စိတ်လျော့ တစ်ခြားသူတွေကို ကြောက်လန့်အောင်မလုပ်နဲ့ …”
ထို့နောက် သူက အင်ပါယာမြို့တော်ကို စူးစမ်းချင်စိတ်နှင့် အကဲခတ်လိုက်ပြီး ပျော်ရွှင်လာလေသည်။ ထိုအချိန်တွင် သန်မာသော ပုံရိပ်တစ်ခုက သူ့ရှေ့သို့ ရုတ်တရက် ရောက်ရှိလာလေသည်။ အနီရောင်၀တ်စုံနှင့် လူက သူ့ရှေ့မှလူကို ကြည့်လိုက်ပြီး မျက်၀န်းများ စူးရှလာလေသည်။
သူ့ရှေ့တွင် ရပ်နေသော သူ၏ ခန္ဒာကိုယ်မှ သန်မာသော အရှိန်အဝါများ ထွက်ပေါ်နေပြီး သူတော်စင်အဆင့်တစ်ယောက်ဟု သိသာစေလေသည်။ အနီရောင်၀တ်စုံနှင့် လူက ခေါင်းညိမ့်လိုက်ပြီး အသိအမှတ်ပြုဟန်နှင့် ပြုံးပြလိုက်သည်။
“မိတ်ဆွေရဲ့ သားရဲက တကယ့်ကိုပဲ ကြီးကျယ်ခမ်းနားလှပါတယ်.. ဒါပေမယ့်… အင်ပါယာမြို့တော်ရဲ့ လမ်းမပေါ်မှာ သားရဲတွေ သွားလာခွင့်ကို ပိတ်ပင်ထားတယ်… မိတ်ဆွေက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်…” ရှောင်မန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ရှောင်မန်၏ မျက်နှာအမူအယာက တည်ငြိမ်နေသော်လည်း သူ၏ နှလုံးသားထဲတွင် တဒိတ်ဒိတ် လှုပ်ရှားနေလေသည်။
“အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲနဲ့ အဆင့်ခုနစ် သူတော်စင်အဆင့်…”
ထိုပေါင်းစပ်မှုက ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“ငါက မုလင်းဖုန်ပါ… မြေရိုင်းလွင်ပြင်ဒေသက … အင်ပါယာမြို့တော်ရဲ့ စစ်သေနာပတိချုပ်ရှောင်မန်ရဲ့ ကြံ့ခိုင်မှုနဲ့ တက်ကြွဖျက်လက်မှု တွေကို ကြားခဲ့ဖူးတာ ကြာပါပြီ… အခုမှပဲ ဒါတွေက ချဲ့ကားပြောဆိုတာမဟုတ်မှန်း သိလိုက်ရတော့မယ်…” အနီရောင်၀တ်စုံနှင့် မုလင်းဖုန်က ခပ်ပြုံးပြုံးနှင့် ပြန်ပြောလိုက်သည်။
သူက မီးခြင်္သေ့၏ ခေါင်းကို ငြင်သာစွာ ပုတ်လိုက်ပြီး ဆင်းသက်လိုက်သည်။ ထူးဆန်းသော ကျောက်စိမ်းနှင့် ပြုလုပ်ထားသော မှော်အစီအရင် တစ်ခုက သူ့လက်ထဲတွင် ပေါ်ထွက်လာပြီး အလင်းရောက်တစ်ချက် လက်သွားကာ မီးခြင်္သေ့က မှော်အစီအရင်အတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားလေသည်။
ရှောင်မန်၏ မျက်၀န်းများက နောက်တကြိမ် စူးရှသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ မြေရိုင်းလွင်ပြင် ဒေသမှ အင်ပါယာသားရဲများအကြောင်းကို သူသိထားသောသတင်းအချက်အလက်များအရ ထိုသူက အင်အားကြီး အဖွဲ့အစည်းမှ လူတစ်ယောက်ပင် ဖြစ်နိုင်ပေသည်။ ထိုသို့သော လူများ ပါ၀င်လာသောကြောင့် ဖြစ်ပျက်လာမည်များကို ကြိုတင်ခန့်မှန်းရန်ပင် ခက်ခဲလာလေသည်။
“ဒီဘက်ကို ကြွပါ မိတ်ဆွေ… မိတ်ဆွေအတွက် အဆင့်မြင့် အိမ်တစ်လုံးကို ငါစီစဉ်ထားပေးပါတယ်…” ရှောင်မန်က ပြောလိုက်သည်။
မုလင်းဖုန်က ရှောင်မန့်ကို တစ်ချက်ကြည့်လိုက်ပြီး တခဏမျှ တွေးတောလိုက်ကာ နောက်မှ လိုက်ပါသွားလေသည်။
………
“မိန်းကလေး… ဒီကျောက်စိမ်းစံထိုးလေးက တော်တော်လေး အရည်အသွေးကောင်းတယ်… သူ့ရဲ့ အရောင်ကိုလည်း ကြည့်လိုက်ပါဦး တောက်ပြီး စိမ်းမြနေတာ… ရွှေဒင်္ဂါးတစ်ပြားက စျေးမကြီးပါဘူး…”
လမ်းမပေါ်တွင် စျေးရောင်းနေသော စျေးသည်တစ်ဦးက စစ်သည်တော်စတ်စုံနှင့် မိန်းမငယ်လေးကို သေချာစွာကြည့်၍ ပြောလိုက်သည်။ သူ၏ အတွေအကြုံများအရ ထိုမိန်းကလေးက လှည့်စားရန် လွယ်ကူကြောင်း ခန့်မှန်းမိလိုက်ပြီး ဆွဲဆောင်နေခြင်း ဖြစ်သည်။
“ရွှေးင်္ဂါးတစ်ပြား….”
မိန်းမပျိုလေးက တွန့်ဆုတ်သွားပြီး ဆံညှပ်ကို ကြည့်လိုက်လေသည်။ ထိုဆံထိုး၏ အသွင်အပြင်က အလွန်ရိုးရှင်းပြီး ကျောက်စိမ်းသား အနည်းငယ်သာ ပါနေပေသည်။
“ဒီထက်ကောင်းတာ မရှိတော့ဘူးလား…”
“မိန်းကလေး ငါက ဒီမှာအသေးစားစီးပွားရေးလေးပဲ လုပ်နေတယ်ဆိုပေမယ့်.. ဒီဆံထိုးက အသွင်အပြင်လှအောင် လုပ်ထားတာ မဟုတ်ဘူး… ဒါက အသွင်အပြင် သိပ်မလှပေမယ့် ၀တ်ဆင်လိုက်တာနဲ့ တည်ငြိမ်အေးချမ်းမှုကို ခံစားရပြီး ကျင့်ကြံမှုကိုတောင် အထောက်အကူပြုနိုင်တယ်…”
“ငါက တစ်ချက်ကြည့်လိုက်တာနဲ့ မင်းကို ကျင့်ကြံသူတစ်ယောက်မှန်း သိနိုင်တယ်.. ဒီကျောက်စိမ်း ဆံထိုးလေးက မင်းနဲ့ လုံး၀ကို သင့်တော်တယ်…” စျေးရောင်းသူက ထပ်မံဆွဲဆောင်လိုက်သည်။
စျေးသည်၏ ဆွဲဆောင်မှုအောက်တွင် မိန်းမငယ်လေးက မြောပါလာလေသည်။ သူမက ကျောက်စိမ်းဆံထိုးကို ကြည့်လိုက်သည်နှင့် မှော်အစီအရင်များကို မြင်နေရသည်ဟု ခံစားမိလာလေသည်။
“ဒါက တကယ်ပဲ စိတ်ဝိဥာဉ်ပစ္စည်းတစ်ခုလား…”
မိန်းမပျိုလေးက ငွေပေးချေရန် သူမ၏ အိတ်ကို ထုတ်လိုက်သည်။
မိန်းမပျိုလေးက ရွှေဒင်္ဂါးတစ်ပြားကို ထုတ်လိုက်ချိန်တွင် ကျောက်စိမ်းကဲ့သို့ သွယ်လျှသော လက်တစ်ဖက်က သူမ၏ လည်ပင်းကို သိုင်းဖတ်လိုက်ပြီး အသက်ရှူမှားလောက်အောင် လှပသော အမျိုးသမီးတစ်ယောက် ပေါ်လာလေသည်။ ထိုအမျိုးသမီးက ခပ်ပြုံးပြုံးနှင့် သူမကို ပြောလိုက်လေသည်။
“ဟေ့ မိန်းကလေး.. ငါတို့မတွေ့တာ တော်တော်ကြာပြီနော်… နင်က အခုထိ တုံးအပြီး ချစ်စရာကောင်းတုန်းပဲ….”
“အမနီယန်… ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ…”
မိန်းမပျိုလေးက အံ့အားသင့်သွားဟန်နှင့် သူမဘေးမှ အမျိုးသမီးကို ကြည့်လိုက်ပြီး မျက်၀န်းများ တောက်ပသွားလေသည်။
နီယန်က မိန်းမပျိုလေး၏ ခေါင်းကို ငြင်သာစွာ ပွတ်လိုက်ပြီး သူမလက်ထဲမှ ကျောက်စိမ်းဆံထိုးကို ယူလိုက်ပြီး စျေးသည်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
“နင်ခုဏက ပြောနေတာတွေ ဆက်ပြောပါဦး…”
စျေးသည်က လှပ၍ ကြောက်မက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်ထွက်ပေါ်လာသောကြောင့် ထိတ်လန့်သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်လေသည်။ သို့သော် ထိုအမျိုးသမီး၏ လက်ထဲတွင် ပုံပျက်နေသော ကျောက်စိမ်းဆံထိုးကို တွေ့လိုက်ရသောကြောင့် လန့်ဖြန့်သွားလေသည်။ ထိုကျောက်စိမ်းဆံထိုးက မျက်စိနှင့်ပင် လိုက်မမှီနိုင်လောက်သော အမြန်နှုန်းနှင့် အရည်ပျော်နေလေသည်။
“အမေကယ်ပါ… ဒီအမျိုးသမီးက မွန်းစတားပဲ…”
စျေးသည်က ဘောင်းဘီထဲတွင် သေးထွက်ကျတော့မတက် ဖြစ်သွားလေသည်။
“ဒီအမှိုက်က ကြေးပြားတစ်ပြားတောင် မတန်ဘူး… ဒါတောင်မှ မင်းက ရွှေပြားတစ်ပြားတောင်းနေတယ်.. ဟုတ်လား.. မင်းရဲ့ သွားတွေတော့ ဘုရားဖူး ထွက်ချင်နေပြီထင်တယ်….” နီယန်က စျေးသည်ကို ကြိမ်းဝါးလိုက်လေသည်။
စျေးသည်က စိတ်ထဲတွင် ခါးသီးစွာ ခံစားနေရသော်လည်း တုံ့ပြန်ပြောဆိုရဲခြင်း မရှိပေ။
“ရီဇီလင်… အာ… ရီဇီလင်… နင့်ဆရာက ဘယ်လိုဖြစ်လို့ နင့်ကို တစ်ယောက်တည်းလွှတ်လိုက်တာလဲ… ဒီပုံစံအတိုင်းဆိုရင် သူများက နင့်ကို ရောင်းစားသွားလိမ့်မယ်…”
နီယန်က သူ့ဘေးမှ စိတ်ဝိဥာဉ်သစ်သီးကို အားရပါးရ စားနေသော မိန်းမပျိုလေးကို ကြည့်၍ ပြောလိုက်သည်။
“ငါမကြောက်ဘူး… သူတို့က ငါ့ကို ရိုက်နှက်နိုင်မှာမှ မဟုတ်တာ…” မိန်းမပျိုလေးက ပါးစပ်ထဲတွင် သစ်သီးများ အပြည့်ဝါးနေရာမှ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြန်ပြောလိုက်သည်။
“အင်း.. ဒါလဲ မှန်တာပဲ… နင်က ထုံအတယ်ဆိုပေမယ့်.. နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ နိမ့်မနေဘူးလေ…” နီယန်က ရေရွတ်လိုက်သည်။
“လာလိုက်ခဲ့… ဒီအစားသရဲလေးကို အရသာအရမ်းရှိတဲ့ အစားအသောက်တွေ ရနိုင်တဲ့ နေရာကို ခေါ်သွားမယ်…”
အစားကောင်းဟု ကြားလိုက်သည်နှင့် ရီဇီလင်၏ မျက်၀န်းများက တောက်ပလာပြီး စိတ်လှုပ်ရှား တက်ကြွလာလေသည်။
“ဆရာက အင်ပါယာမြို့တော်ထဲမှ ကံကြမာကောင်းတွေ ပေါ်ထွက်လာမယ်လို့ ပြောလိုက်တယ်… အမနီယန် .. အဲဒါက ဘယ်နေရာမှာလဲ ဆိုတာ သိလား…” မိန်းမပျိုလေးက မေးလိုက်လေသည်။
“ဘယ်နေရာမှာ ဆိုတာကို ဘယ်သူက သိမှာလဲ… ဘယ်သူကရော ဂရုစိုက်မှာလဲ… မင်းသာ ကောင်းမွန်တဲ့ ကံကြမာရှိမယ်ဆိုရင် အလိုလိုပဲ ရှာတွေ့လိမ့်မယ်..”
နီယန်က နှုတ်ခမ်းများတွန့်၍ ပြန်ပြောလိုက်သည်။ သူမ၏ အဆင့်မြင့် အကြီးအကဲကလဲ အင်ပါယာမြို့တော်ထဲတွင် ကံကြမာကောင်းများ ရှာဖွေရန် လွှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုစကား၏ အဓိပ္ပါယ်ကို နီယန်က နားမလည်ပေ။
“ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကိုပြောတာလား… အဲဒါပဲ ဖြစ်ဖို့ များတယ်..”
အင်ပါယာမြို့တော်၏ ဂိတ်တခါးအပြင်ဘက်တွင် ပုံရိပ်သုံးခု ရောက်ရှိလာလေသည်။
၀ူယွမ်ပိုင်က ထူးခြားဆန်းကျယ်သော အင်ပါယာမြို့တော်၏ တံတိုင်းကိုမော့ကြည်လိုက်သည်။ ထို့နောက် သူမက ရှေ့ဆုံးမှ ဦးဆောင်၍ မြို့ထဲသို့ ၀င်သွားလိုက်လေသည်။ တစ်လကြာမျှ ခရီးထွက်လာပြီးနောက် သူမက အင်ပါယာမြို့တော်သို့ ရောက်ရှိလာပြီဖြစ်သည်။
“ကောင်စုတ်လေး… ဒီအမျိုးသမီးအတွက် ရေခဲဝိ်ဥာဉ်ဧကရာဇ် ကြာစေ့ချန်ထားမယ်လို့ မျော်လင့်ပါတယ်..” ဝူယွမ်ပိုင်က တီးတိုးရေရွတ်လိုက်ပြီး အင်ပါယာ မြို့တော်ထဲသို့ ၀င်ရောက်လာလေသည်။
………
ပျော်ရွှင်တက်ကြွနေသော ကျွင်းအာနှင့် ကွမ်းရှောင်ယီတို့ ပြန်သွားပြီးနောက် တစ်နေ့တာအတွက် ဆိုင်ဖွင့်ချိန် ကုန်လွန်သွားပြီဖြစ်သည်။ ပုဖန်က ဆိုင်တံခါးများကိုပိတ်လိုက်ပြီး အကြော ဆန့်လိုက်သည်။ ပန်းအိုးထဲမှ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က တစ်မီတာ အမြင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ပုဖန်က သစ်ပင်လေးမှ ထုတ်လွှင့်နေသော ထူးဆန်းသည့် စွမ်းအင်များကို ခံစားမိနေလေသည်။
ကွမ်းရှောင်ယီ၏ ရှင်းပြချက်အရ ထိုသစ်ပင်မှ ထုတ်လွှင့်နေသော စွမ်းအင်များကို ခံစားမိရုံနှင့်ပင် စွမ်းအင်ကျင့်ကြံမှု နှုန်းကို မြန်ဆန်လာအောင် ကူညီနိုင်ပေသည်။ ကွမ်းရှောင်ယီက သူမ၏ အားလပ်ချိန်များတွင် သစ်ပင်လေးအနီးသို့ သွား၍ စွမ်းအင်လေ့ကျင့်လေ့ရှိသည်။ ပုဖန်က သစ်ပင်လေးမှ ထွက်ပေါ်နေသော စွမ်းအင်များကို ခံစားမိသော်လည်း ထိုစွမ်းအင်များက သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထိရောက်နိင်စွမ်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံမှုက ဆိုင်မှ စီးပွားရေးနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
ပုဖန်က ထိုသစ်ပင်၏ တန်ဖိုးကို ရှင်းရှင်းလင်းလင်း သိမနေပေ။ သူက မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်ပြီး စွမ်းအင်များ ပြည့်ဝနေသော နွေဦးစမ်းရည်ကို ခပ်ယူလာပြီး ပန်းအိုးထဲသို့ တဖြည်းဖြည်းချင်း လောင်းချလိုက်လေသည်။
“အခုထိတောင် ဆိုင်လေးရဲက သစ်တောလေး ဖြစ်လာဖို့ မလုံလောက်သေးဘူး… များများသောက်ပြီး များများ စိမ်းလန်းပစ်လိုက်…” ပုဖန်က သစ်ပင်လေးကို ပြောလိုက်သည်။
ပုဖန်က မီးဖိုချောင်ထဲသို့ ပြန်သွားလိုက်ပြီး သူ၏ ဖြတ်တောက်ခြင်းနည်းပညာကိ်ု လေ့ကျင့်လိုက်သည်။ ထို့နောက် မီးဖိုထောင့်မှ ဗီဒိုလေးထံသို့ စိတ်ကို တည်ငြိမ်အောင် ထိန်း၍ သွားလိုက်လေသည်။ စိတ်ဝိဥာဉ်ဆေးပင်သုံးမျိုးနှင့် ရောစပ်ပြုလုပ်ထားသော ဝိုင်က ယနေ့ရရှိမည် ဖြစ်သောကြောင့် ပုဖန်က သူ၏ စိတ်ကို ကြိုးစား၍ တည်ငြိမ်အောင် ထိန်းချုပ်နေရေလေသည်။
ဗီဒို၏ တံခါးကို ဖွင့်လိုက်သည်နှင့် ပင်လယ်ရနံ့က ခပ်သင်းသင်းထွက်ပေါ်လာလသေည်။ သူက ကြောင်အိမ်ထဲမှ ပတ်၀န်းကျင်ကို သမုဒ္ဓရာအဖြစ် ပြောင်းလဲထားသောကြောင့် ဆားနံ့ပါသော လေများကို ခံစားလိုက်ရသည်။ ပုဖန်က လက်ကို ဝေ့ရမ်းလိုက်ရာ ရနံ့များက လွင့်ပျံသွားလေသည်။ ထို့နောက် သူက ကြောင်အိမ်ထဲမှ ကြီးမားလှသော ဝိုင်အိုးကို စိုက်ကြည့်လိုက်သည်။
အပြင်ပန်းအသွင်သဏ္ဍာန်အရ လွန်ခဲ့သော လကနှင့် မကွာခြားသော်လည်း အတွးပိုင်းတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်းကို ပုဖန်က သေချာစွာ သိနေလေသည်။ သူက အစစ်အမှန်စွမ်းအားများကို စုစည်းလိုက်ပြီး ဝိုင်အိုးကို မလိုက်လေသည်။ သို့သော် အတွင်းမှ အလေးချိန်က ပြောင်းလဲသွားသောကြောင့် မမနိုင်ပဲ ဖြစ်နေလေသည်။
ပုဖန်က နှဖူးကြောများ တွန့်သည်အထိ အားကုန်စိုက်ထုတ်လိုက်ပြီး ဗီဒိုထဲမှ ဝိုင်အိုးကို မထုတ်လိုက်ကာ ကြမ်းပြင်ပေါ်တွင် ချထားလိုက်သည်။ ဝိုင်အိုး၏ အ၀ကို သေချာစွာ ပိတ်ထားသောကြောင့် ဝိုင်ရနံ့က အပြင်သို့ ဖောက်ထွက်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် ပုဖန်၏ သိချင်စိတ်များကို ပို၍ ပြင်းထန်လာစေလေသည်။
ပုဖန်က ရင်တထိတ်ထိတ်နှင့် သူ၏ လက်နှစ်ဖက်ကို အဖုံးပေါ်တင်၍ ဖိချလိုက်သည်။
ဘန်း…
အလင်းရောင်တစ်ချက် တောက်ပလာပြီး အဖုံးက ကွဲကြေသွားလေသည်။