အပိုင်း ၁၉၇
Viewers 53k

အခန်း ၁၉၇ “လေပေါ် လမ်းလျောက်နေရသလို ခံစားရမယ့် မီးနဲ့ ရေခဲ ပေါင်းစပ်မှု”


၀ိုင်၏ ရနံ့က အင်ပါယာမြို့တော်တစ်၀က်ကို လွှမ်းခြုံနေလေသည်။ ပြင်းထန်လှသော ဝိုင်ရနံ့က လှိုင်းလုံးများကဲ့သို့ အင်ပါယာမြို့တော်တလျောက် လွင့်ပျံသွားလေသည်။ 


လမ်းကြားနှင့် အနီးဆုံးနေရာသို့ ရောက်ရှိနေသော နီယန်နှင့် ရီဇီလင်းတို့က ဝိုင်နံ့ကို ရှူရှိုက်မိလိုက်ပြီး မျက်နှာများပင် နီရဲလာလေသည်။ သူတို့နှစ်ယောက်က မယုံကြည်နိုင်ဟန်နှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ 


“ဘယ်လိုဖြစ်လို့ ဝိုင်နံ့က ဒီလောက်မွှေးပျံ့နေတာလဲ…” နီယန်က တီးတိုးရေရွတ်လိုက်ပြီး ဝိုင်နံ့ ထွက်ပေါ်လာရာ နေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။


အင်ပါယာမြို့တော်အတွင်းမှ ဇိမ်ခံတည်းခိုခန်း တစ်ခုထဲတွင် မိုကျိုးဓါးမြ ၁၃ ယောက်က တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်ကျီစယ်နေပြီး သောက်စားနေကြသည်။ သူတို့၏ ရယ်သံများနှင့် တည်းခိုခန်းက စည်ကားနေလေသည်။ တည်းခိုခန်းတစ်ခုလုံးက စည်ကားသက်၀င်နေပြီး ဝိုင်နှင့် အစားအသောက်များ၏ မွှေးရနံ့များ လွင့်ပျံနေလေသည်။


ထိုအချိန်တွင် မမြင်ရသော လှိုင်းတစ်ခုနှင့်အတူ ရုတ်တရက် လွင့်ပျံလာသော မွှေးရနံ့တစ်ခုက တည်းခိုခန်းကို ဖုံးလွှမ်းသွားလေသည်။ 


ချလွင်…..


ဓါးမြ ၁၃ ဖော်က ကြောင်အမှင်သက်သွားကြလေသည်။ သူတို့၏ လက်ထဲမှ ဝိုင်ခွက်များက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကွဲကြေသွားကာ ဝိုင်များ စီးကျလာလေသည်။ သို့သော် ထိုခွက်များကို တစ်ဦးတစ်ယောက်ကမှ အရေးမစိုက်ပဲ နှာခေါင်းများ ရှုံ့ပွ ရှုံ့ပွ လုပ်၍ အနံ့ခံနေကြလေသည်။ သူတို့၏ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး နှုတ်ခမ်းထောင့်မှ သားရေများပင် စီးကျနေလေသည်။


“ဒီရနံ့က မွှေးလိုက်တာ… ဒါက ဝိုင်ရနံ့မဟုတ်လား… ဒါကို တောင့်ခံနိုင်ဖို့ တော်တော်ခဲယဉ်းတယ်…. ညီအကိုတို့ အဲဒီဝိုင်ကို သွားရှာကြစို့…” ဓါးမြ ၁၃ ဖော်က အံ့အားသင့်နေရာမှ ပြန်လည်သတိ၀င်လာပြီး စိတ်လှုပ်ရှားနေကြလေသည်။


၀ိုင်၏ ရနံ့က အလွန်ဆွဲဆောင်မှု ရှိလှပေသည်။ သိုင်းပညာကို လေ့ကျင့်ကြသော သူတို့က ဝိုင်ချစ်သူများလည်း ဖြစ်ကြသည်။ ထိုဝိုင်၏ ရနံ့က သူတို့၏ အာရုံကြောများကို လှုံ့ဆော်လိုက်သောကြောင့် ဆာလောင်လာကြလေသည်။ ဓါးမြ ၁၃ ဖော်က တည်းခိုခန်းမှ ထွက်၍ ဝိုင်နံ့ ထွက်ပေါ်လာရာသို့ ဦးတည်လိုက်ကြသည်။


ရှောင်စံအိမ်တော်ထဲတွင် ရှောင်မန်က ထိုင်ခုံတွင် ထိုင်နေပြီး အကြောင်းအရာအချို့ကို လေ့လာလေသည်။ ထိုအချိန်တွင် အေးစက်သော လေပြင်းတစ်ချက်က ပြတင်းပေါက်မှ ၀င်ရောက်လာသောကြောင့် ဖယောင်းတိုင်မီးက ရမ်းခါသွားလေသည်။ ရှောင်မန်က လက်ထဲမှ ကလောင်တံကို ချ၍ မျက်လုံးများကို မှိတ်၍ အာရုံခံလိုက်လေသည်။ ချစ်သူတစ်ယောက်၏ ပွေ့ဖက်မှု ကဲ့သို့ မွှေးပျံ့ကြိုင်လှိုင်နေသော ဝိုင်နံ့က အခန်းထဲသို့ ဝေ့၀ဲ၀င်လာသောကြောင့် ရှောင်မန်၏ ခန္ဒာကိုယ်က တုန်လှုပ်သွားလေသည်။


ရှောင်မန်က မျက်လုံးပြန်ဖွင့်လိုက်ပြီး ရုတ်တရက် ဝိုင်သောက်ချင်စိတ် ပေါက်လာလေသည်။


“ဒါက ဘယ်က မွှေးရနံ့လဲ… ဒီလို မွှေးရနံ့မျိုးက ဒီလိုနေ့မျိုးမှာ ထွက်ပေါ်လာတာလား…”


ရှောင်မန်က လေထုထဲတွင် ပျံ့နှံ့နေသော ရနံ့များကို အငမ်းမရ ရှူရှိုက်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူ၏ ထူထဲသော အပေါ်ရုံအ၀တ်ကို ဆွဲယူ၍ ခြုံလိုက်ပြီး ရနံ့များထွက်ပေါ်လာရာသို့ ဦးတည်လိုက်သည်။ 


ရှောင်ယုက အခန်းထဲတွင် ခြေချိတ်ထိုင်နေပြီး သူ၏ ပတ်၀န်းကျင်တွင် အဖြူရောင် ဓါးစွမ်းအင်များ ထွက်ပေါ်နေလေသည်။ ပြင်းထန်လှသော ဓါးစွမ်းအင်များက သူ၏ ခေါင်းထက်တွင် အဆက်မပြတ် ပြောင်းလဲနေလေသည်။ ဓါးအလင်းများကြားမှ စွမ်းအင်များက အချိန်တိုင်း ပြောင်းလဲနေလေသည်။ ရှောင်ယု၏ အနီးမှ ဓါးစွမ်းအင်များက ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ ထို့နောက် ရှောင်ယုက ကူရာမဲ့စွာနှင့် နှုတ်ခမ်းသပ်လိုက်မိသည်။


“ဒီဝိုင်… အိုး မိုးနတ်မင်းကြီးရေ … အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ထက်တောင် ကောင်းတဲ့ ဝိုင်နံ့ပါလား…”


ရှောင်ယုက သူ၏ ကျင့်ကြံခြင်းကို အာရုံစိုက်နိုင်ခြင်း မရှိတော့ပဲ လေထုထဲမှ မွှေးရနံ့များကို ရှူရှိုက်လိုက်သည်။ ထို့နောက် တံခါးကို ကန်ဖွင့်လိုက်ပြီး ဓါးပေါ်တက်၍ ပျံသန်းထွက်ခွာလာလေသည်။


“ဒီလိုကောင်းမွန်တဲ့ ဝိုင်ကို ငါ… ရှောင်ယုက လျှစ်လျူရှုထားစရာလား… ဟား..ဟား…ဟား…”


ကွမ်းစံအိမ်တော်ထဲတွင် ကွမ်းလူရိုင်းညီအကို သုံးယောက်၏ အခန်းထဲမှ မိုးချိန်းသံကဲ့သို့ ဟောက်သံများ ထွက်ပေါ်နေလေသည်။ ထိုညီအကို သုံးယောက်က အတူတူအိပ်ကြပြီး သူတို့ အိပ်စက်ရာ အခန်းထဲမှ ညစဉ်ညတိုင်း မိုးချိန်းသံကဲ့သို့ အသံများ ထွက်ပေါ်နေလေသည်။ သူတို့၏ ဟောက်သံများက ဖောက်ထွင်းမည့်သူများကို တပ်လှန့်နေသကဲ့သို့ ဖြစ်နေသောကြောင့် သူတို့အခန်းအနီးတွင် အစောင့်တစ်ယောက်မျှ ရှိမနေပေ။


တစ်ညလုံး ဟောက်နေသည့် အသံများက ရုတ်တရက် ပျောက်ကွယ်သွားပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သံများ ထွက်ပေါ်လာလေသည်။ မွှေးပျံ့လှသော ရနံ့များက သူတို့သုံးယောက်၏ နှာခေါင်းပေါက်များမှတဆင့် ကျူးကျော်နယ်ချဲ့လာသောကြောင့်ညီအကို သုံးယောက်က မျက်လုံးပြူး၍ ထထိုင်လိုက်ကြသည်။ သူတို့၏ အမူအယာများက အသားနံ့ရလိုက်သော ခွေးကဲ့သို့ ဖြစ်နေလေသည်။


ဘန်း…ဘန်း… ဘန်း….


သူတို့သုံးယောက်က အိပ်ယာမှ ခုန်ထလိုက်ကြပြီး အ၀တ်အစားများကို လဲလှယ်၀တ်ဆင်လိုက်ကြသည်။ ထို့နောက် လေထဲမှ ရနံ့များကို ရှုရှိုက်လိုက်ပြီး သားရေများ စီးကျလာလေသည်။ သူတို့က အခန်းထဲမှ လေမုန်တိုင်း တစ်ခုသဖွယ် ပြောထွက်သွားကြပြီး ဝိုင်ထွက်ပေါ်လာရာသို့ ဥိးတည်လိုက်ကြသည်။


ဤညက လူပေါင်းများစွာအတွက် အိပ်ပျက်ညပင် ဖြစ်လေသည်။ ဝိုင်၏ ရနံ့က အင်ပါယာမြို့တော်တစ်၀က်ကိုပင် ဖုံးလွှမ်းနေသောကြောင့် ဝိုင်ချစ်သူများက အပူတပြင်း လိုက်လံရှာဖွေနေကြသည်။ 


ပုဖန်က ပြုံးလိုက်ပြီး သူ၏နဖူးပေါ်မှ ချွေးများကို သုတ်လိုက်လေသည်။ သူက ကျောက်စိမ်းအိုးထဲမှ ဝိုင်များကို ကြည့်၍ စိတ်သက်သာရာ ရသွားလေသည်။ တူညီသော အရည်လေးမျိုးလုံးတွင် စိတ်ဝိဥာဉ်စွမ်းအင်များ ပြည့်နှက်နေသောကြောင့် ထိုအရည်များကို ရောနှောသွားစေရန် လှုပ်ခါလိုက်ရုံနှင့် မရနိုင်ပေ။ ထို့ကြောင့် သူ၏ အစစ်အမှန် စွမ်းအင်များကို ဝိုင်လေးမျိုးနှင့် ပေါင်စပ်နိုင်ရန် ကြိုးစားခဲ့ရလေသည်။ 


ထိုအရာက အရေအတွက်မှ အရည်အသွေး ပြောင်းလဲတိုးတက်ရုံသက်သက် မဟုတ်ပဲ စွမ်းအင်အရင်းအမြစ်များပါ ပြောင်းလဲတိုးတက်လာခြင်း ဖြစ်သည်။ ကျောက်စိမ်းအိုးထဲမှ ထွက်ပေါ်လာသော ဝိုင်နံ့က အလွန်ဆွဲဆောင်မှု ရှိလှပေသည်။ 


ပုဖန်က ဝိုင်၏ ရနံ့နှင့်ပင် မူးယစ်ရီဝေနေသောကြောင့် ထိုဝိုင်၏ ပြင်းထန်မှုကို ခန့်မှန်းနိုင်လေသည်။ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်၏ ရနံ့နှင့် ထိုဝိုင်၏ ရနံ့က အလွန်ကွာခြားလှပြီး လမင်းနှင့် ပိုးစုန်းကြူးပမာ ကွာခြားလှပေသည်။ ထိုကွာခြားမှုက ရနံ့သတ်သတ်သာ ဖြစ်ပြီး အရသာက ကွာခြားမည်မဟုတ်ပေ။ သို့သော် ဝိုင်နှစ်မျိုးတွင် ပါ၀င်သော စိတ်ဝိဥာဉ်စွမ်းအင်များ၏ ကွာခြားမှုက ကြီးမားလှပေသည်။


ပုဖန်က ကျောက်စိမ်းဖြူခွက်တစ်ခွက်ကို ဆွဲယူ၍ ဝိုင်အပြည့် ဖြည့်လိုက်သည်။ ဝိုင်လေးမျိုးလုံး ပေါင်းစပ်သွားပြီးနောက် အရည်များက အစိမ်းဖျော့ဖျော့သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ကောင်းကင်နန်းတော်တွင် တည်ခင်းသော မသေမျိုးဝိုင်ကဲ့သို့ ဝိုင်ခွက်ပေါ်တွင် မြူခိုးလေးများ ထွက်ပေါ်နေလေသည်။ ပုဖန်က ဝိုင်ခွက်ကို ကြည့်၍ ကူရာမဲ့စွာနှင့် နှုတ်ခမ်းသပ်လိုက်မိသည်။


၀ိုင်းကောင်းကောင်းကို အရသာခံနိုင်ရန် ဖြည်းဖြည်ချင်း သောက်ရမည်ဖြစ်သည်။ ထို့ကြောင့် ပုဖန်က ဝိုင်ခွက်ကို မ၍ သူ၏ နှုတ်ခမ်းနားကပ်လိုက်ကာ ဖြည်းဖြည်းချင်း စုပ်ယူလိုက်သည်။ ဝိုင်က သူ၏ နှုတ်ခမ်းကို ဖြတ်သန်းသွားသည်နှင့် သူ၏ ခံတွင်းတစ်ခုလုံးကို အေးမြလန်းဆန်း သွားစေလေသည်။ အရည်များက သူ၏ လည်ချောင်းကို ဖြတ်သန်းသွားချိန်တွင် မီးတောင်ပေါက်ကွဲသကဲ့သို့သော ခံစားမှုက ပျံ့နှံ့လာလေသည်။ 


ပုဖန်၏ မျက်၀န်းများက ပြူးကျယ်သွားပြီး ခန္ဒာကိုယ်ထဲမှ အရိုးများက ကျယ်ပြန့်လာသည်ဟု ခံစားလိုက်ရသည်။ ဝိုင်က သူ၏ ဗိုက်ထဲသို့ ရောက်သွားသည်နှင့် ခန္ဒာကိုယ်တစ်ခုလုံး သမုဒ္ဒရာအောက် နစ်မြုတ်သွားသကဲ့သို့ ခံစားလိုက်ရကာ ကြမ်းတမ်းပြင်းထန်သော စိတ်ဝိဥာဉ်စွမ်းအင်များက ဗိုက်ထဲတွင် ပေါက်ကွဲသွားသောကြောင့် ပုဖန်က ကူရာမဲ့စွာနှင့့်လေတစ်ချက် တက်လိုက်သည်။


လန်းဆန်းလှသော ခံစားချက်က သူ၏ ခန္ဒာကိုယ်တစ်လျောက်လုံး ပြန့်နှံ့သွားသောကြောင့် ပုဖန်၏ မျက်၀န်းများ ပြူးကျယ်သွားလေသည်။


“ဘယ်လိုတောင် လန်းဆန်းသွားတာလဲ… ကောင်းလိုက်တဲ့ဝိုင်…”


ဤဝိုင်က ဝိုင်ကောင်းတစ်ခု ဖြစ်ကြောင်း ရှင်းပြရန်ပင် မလိုအပ်တော့ပေ။ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်ထက် အနံ့အရသာ ပိုမိုကောင်းမွန်ပြီး လေအလင်းအင်ပါယာတစ်ဝှိုက်တွင် အကောင်းမွန်ဆုံးဝိုင် ဖြစ်လာတော့မည်ဖြစ်သည်။ 


နောက်ထပ်တစ်ငုံ ထပ်သောက်လိုက်သောအခါ အပူအအေး ရောစပ်ထားမှုကြောင့် ပုဖန်၏ နှာခေါင်းပေါက်မှ အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။ 


“မီးနဲ့ ရေခဲရဲ့ ပေါင်းစပ်ထားမှုက ငါ့ကို လေထဲလမ်းလျောက်နေရတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်တယ်…”


ပုဖန်က ချီးမွန်းပြောဆိုလိုက်ပြီး ဝိုင်ကို နောက်တစ်ငုံ ထပ်သောက်လိုက်သည်။ သုံးငုံမျှ သောက်လိုက်ပြီးနောက် အစိမ်းရောင် ကြွေခွက်လေးထဲတွင် ပြောင်သလင်းခါသွားပြီဖြစ်သည်။ ပုဖန်က ခေါင်းကို အနည်းငယ် ခါရမ်းလိုက်မိသည်။ သူက ဝိုင်တစ်ခွက်သာ သောက်ရသေးသော်လည်း မူးယစ်ရီဝေနေပြီဖြစ်သည်။ ဝိုင်၏ ပြင်းထန်မှုက ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ပုဖန်က အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ ခန္ဒာကိုယ်ထဲမှ အစစ်အမှန် ဝိုင်၏ စွမ်းအင်များကို အနည်းငယ် စုပ်ယူထားလိုက်သည်။


မွှေးရနံ့၏ နောက်သို့ လိုက်ပါလာသော နီယန်က လမ်းကြားထိပ်သို့ ရောက်လာလေသည်။ သူမက လမ်းကြားလေးကိုမြင်လိုက်သည်နှင့် သူမ၏ မျက်နှာပေါ်တွင် ချိုမြသော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။ သို့သော် ထိုအပြုံးက တခဏသာ ခံလိုက်ပြီး ပျောက်ကွယ်သွားလေသည်။


“ဟမ်… ဒီအချိန်ဆို ပိုင်ရှင်ပုက ဆိုင်ပိတ်နေပြီလေ… အဲတော့ ငါက နောက်နေ့မနက်ထိ စောင့်ရမှာပေါ့…”


နီယန်က တွေးတောနေပြီး ချီတုံချတုံ ဖြစ်နေလေသည်။ ထိုအချိန်တွင် ရှင်းလင်းနေသော လမ်းမထက်မှ ခြေသံများ ထွက်ပေါ်လာလေသည်။ နီယန်က အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ သူမရှိရာသို့ လာနေသော လူအုပ်ကြီးကို တွေ့လိုက်ရလေသည်။ သူမက အံ့အားသင့်သွားပြီး မဲ့ပြုံးပြုံးလိုက်မိသည်။


“ဒီအုပ်စုက နည်းနည်းတော့ ကြောက်စရာကောင်းတယ်…”


ဓါးမြ ၁၃ ဖော်က လေထုထဲသို့ လှည့်လည်ရှူရှိုက်ရင် သူ့ထက်ငါ အရင်ရောက်အောင် ပြေးလွှားနေလေသည်။ ထိုဓါးမြ ၁၃ ယောက်၏ နောက်တွင် အခြားသူများလဲ လိုက်ပါလာကြသည်။ ထိုသူတို့၏ ခန္ဒာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်များက အလွန်အားကောင်းကြပြီး အချို့က သူတော်စင်အဆင့်များ ဖြစ်ကြသည်။


အနီရောင်၀တ်စုံနှင့် လူတစ်ယောက်ကလဲ လက်နှစ်ဖက်ကို နောက်ပစ်၍ လေထုထဲမှ မွှေးရနံ့နောက်သို့ လိုက်ပါလာလေသည်။ 


မုတ်ဆိတ်များ ဖြူဖွေးနေသော လူတစ်ယောက်က သူ၏ နောက်ကျောတွင် ဓါးရှည်တစ်လက်ကို ကိုင်ထားပြီး ပုဖန်၏ ဆိုင်သို့ ဦးတည်နေလေသည်။


ပါးစပ်ထောင့်မှ သားရေများ စီးကျနေသော ကွမ်းလူရိုင်း ညီအကို သုံးယောက်ကလဲခြေလှမ်းကျဲကျဲနှင့် ဆိုင်သို့ လှမ်းနေကြပြီး သူတို့နောက်မှ ကွမ်းဇောင်ဟန့်နှင့် အဖိုးအို ကွမ်းတို့ လိုက်ပါလာကြသည်။ ကွမ်းမိသားစုများက ယစ်ထုတ်ကြီးများပင် ဖြစ်ကြလေသည်။


အလင်းရောင်တစ်ချက်နှင့်အတူ ဓါးပျံစီးလာသော ရှောင်ယုက ရောက်ရှိလာပြီး ရှောင်မန်လည်း ရောက်ရှိလာလေသည်။ ထိုအရာက ကြောက်မက်ဖွယ်ကောင်းသော အုပ်စုတစ်စုပင် ဖြစ်နေလေသည်။ သူတို့က လမ်းကြားလေး၏ အ၀သို့ ရောက်လာကြသောအခါ ထူးဆန်းသော အမူအယာများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ 


ရှောင်မန်က ပို၍ အံ့အားသင့် မှင်သက်နေလေသည်။ သူမျှော်လင့်ထားသည့်အတိုင်းပင် ထိုမွှေးရနံ့က ပုဖန်၏ လက်ရာသာ ဖြစ်လေသည်။ ဖန်ဖန်ဆိုင်ငယ်လေးမှလွဲ၍ ထိုကဲ့သို့သော မွှေးရနံ့များကို ထုတ်လွတ်နိုင်သော အခြားနေရာများကို သူက စဉ်းစား၍ မရပေ။


၇ ယောက်မြောက်သခင်၏ အသားအရေများက ဖြူဖျော့သွားလေသည်။ ထိုနေရာက သူ့ကို တစ်သက်မမေ့နိုင်သော အမှတ်တရများ ပေးခဲ့သည့် နေရာသာ ဖြစ်လေသည်။ 


လူအုပ်ကြီးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ခေါင်းညိမ့်၍ အသိအမှတ် ပြုလိုက်ကြသည်။ သူတို့အားလုံးက စိတ်ကသိကအောင့် ဖြစ်နေကြလေသည်။ သူတို့က အဆင့်အတန်းမြင့်မားသူများ ဖြစ်ကြသော်လည်း ညသန်းကောင်ယံအချိန်တွင် ဝိုင်၏ ရနံ့အောက်သို့ လိုက်ပါလာမိကြသည်။ ထို့အပြင် သူတို့က တစ်ယောက်ရှေ့သို့ တစ်ယောက် ရောက်စေရန် ပြိုင်ဆိုင်ခဲ့ကြသောကြောင့် မရှက်ဘူးဟု ပြောနိုင်ခြင်း မရှိပေ။


လမ်းကြားလေးထဲသို့ လျောက်၀င်လာပြီးနောက် တံခါးတင်းတင်းစေ့ထားသော ဆိုင်ပေါက်၀ကို မြင်တွေ့လိုက်ရသည်။ မွှေးပျံ့လှသော ရနံ့များက ဆိုင်ငယ်လေးအတွင်းမှ တရစ်ဝဲ၀ဲ ထွက်ပေါ်နေလေသည်။ လူအားလုံးက အံ့အားသင့်သွားကြလေ၏။ ဝိုင်ကောင်းကောင်း၏ ရနံ့က ဆယ်မိုင် ခရီးသွားနိုင်သည်ဟု ဆိုရိုးရှိသော်လည်း ယခုဝိုင်၏ ရနံ့က မိုင်ရာချီ ပတ်လည်ကို လွှမ်းခြုံထားနိုင်လေသည်။


“ဘယ်လောက်တောင်ကောင်းတဲ့ ရနံ့လဲ .. ဒီအဖိုးကြီးက ဆက်ပြီး သည့်မခံနိုင်တော့ဘူး… ငါအရင်သွားပြီး မြည်းကြည့်လိုက်မယ်… ငါ့ရဲ့ သူငယ်ချင်းတို့က ဆက်စောင့်နေလိုက်ကြပါ….”


ဓါးရှည်လွယ်ထားသော မုတ်ဆိတ်ဖြူနှင့် လူက ဆက်၍ သည်းမခံနိုင်တော့ပေ။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆိုင်ထံသို့ ခြေလှမ်းကျဲကြီးများနှင့် လျှင်မြန်စွာ သွားလိုက်လေသည်။


“လေဟာနယ် ဓါးဥယျာဉ်ခြံရဲ့ အဆင့်မြင့် အကြီးအကဲ ထျန်းရှုဇီ….”


ရှောင်ယု၏ မျက်၀န်းများက ကျဉ်းမြောင်းသွားကြလေသည်။ ထိုသူက ဓါးလမ်းကြောင်းတွင် အထွတ်အထိပ် တစ်ဦးဖြစ်ပြီး သူတော်စင်အဆင့် တစ်ယောက်လဲ ဖြစ်သည်။ ခဏအကြာတွင် ရှောင်ယု၏ မျက်နှာအမူအယာက ထူးဆန်းသွားပြီး ထျန်းရှုဇီ၏ နောက်ကျောကို ကြည့်၍ လှောင်ပြောင်လိုဟန်နှင့် မဲ့ပြုံးပြုံးလိုက်လေသည်။