အပိုင်း ၁၉၈
Viewers 53k

အခန်း ၁၉၈ “တက်ကြွနေသော ပိုင်ရှင်ပု…”


ထျန်းရှုဇီက ဝိုင်ချစ်သူ တစ်ယောက်ဖြစ်ကြောင်း လေဟာနယ် ဓါးဥယျာဉ်ခြံမှ လူများအားလုံး သိကြပေသည်။ ဓါးသမားတိုင်းလိုလိုက ဝိုင်ကြိုက်ကြသူများ ဖြစ်ကြသည်။ ဓါးသမားများနှင့် ဝိုင်၏ ကြားတွင် ဆက်သွယ်ချက် တစ်ခု ရှိနေသကဲ့သို့ ထင်ရလေသည်။


ရှောင်ယုသည်လည်း ဝိုင်ချစ်သူတစ်ယောက် ဖြစ်သောကြောင့် ရနံ့၏ ဆွဲဆောင်မှုအောက်တွင် မြောပါလာပြီး ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထျန်းရှုဇီက သူ့ထက်ပိုကဲပြီး မစောင့်နိုင်တော့ပဲအရင်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 


ရှောင်ယုက ထျန်းရှုဇီ၏ နောက်ကျောကို စိုက်ကြည့်၍ တွေးလိုက်မိသည်။


“သူက ဝိုင်နံ့ထွက်လာတဲ့ ဖန်ဖန်ဆိုင်ငယ်လေးကို သွားနေတာလား… သူက ဖန်ဖန် ဆိုင်ငယ်လေးရဲ့ ကျော်ကြားမှုတွေကို မသိဘူးလား…”


အခြားသူများ အားလုံးကလဲ လမ်းကြားလေးထဲသို့ ၀င်ရောက်သွားသော ထျန်းရှုဇီကို ကြည့်နေကြလေသည်။


ထျန်းရှုဇီ၏ ၀တ်ရုံအနားစက လေထဲတွင် တဖျပ်ဖျပ် လွင့်ခါနေပြီး လေတိုးသံ တစ်ချက်နှင့်အတူ ဆိုင်ရှေ့သို့ ရောက်ရှိသွားလေသည်။ သူက ဆိုင်ပေါက်၀တွင် လှဲအိပ်နေသော ခွေးနက်ကြီးကို ပထမဦးစွာ မြင်လိုက်ရသည်။ ထျန်းရှုဇီက တခဏမျှ တွေးတောလိုက်ပြီး စေ့စေ့ပိတ်ထားသော တံခါးများကို ကြည့်လိုက်သည်။


“အင်း… ဆိုင်တံခါးက ပိတ်ထားတယ်ဆိုတော့ ကြည့်ရတာ ဆိုင်ပိတ်သွားပြီထင်တယ်…”


သူက လက်မြှောက်လိုက်ပြီး တံခါးရွက်တစ်ခုကို ခေါက်လိုက်လေသည်။ 


တံခါးခေါက်သံက တ်ိတ်ဆိတ်နေသော လမ်းကြားလေးထဲတွင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာလေသည်။ 


သူ့ကို စိုက်ကြည့်နေသော လူများ၏ အကြည့်များက ပို၍ လေးနက်တည်ငြိမ်လာလေသည်။


တံခါးခေါက်ပြီး ခဏကြာသည်အထိ ဆိုင်ထဲမှ အသံတစ်ခုပင် ထွက်မလာသောကြောင့် ထျန်းရှုဇီ၏ အမူအယာက မဲမှောင်သွားလေသည်။ ဆိုင်ပိုင်ရှင်က သူ့ကို လျစ်လျူရှုထားသည်ဟု အဓိပ္ပါယ် ပေါက်နေလေသည်။ 


“ငါ့ကိုတောင် လျစ်လျူရှုရဲတာလား…. အင်း… ငါက တစ်ချက်ပဲ ခေါက်လိုက်တာဆိုတော့ သူမကြားတာလဲ ဖြစ်နိုင်တာပဲ…” ထျန်းရှုဇီက ပုပ်သိုးနေသော မျက်နှာအမူအယာနှင့် တွေးလိုက်မိသည်။


ထို့ကြောင့် သူက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ပြောလိုက်သည်။


“ဆိုင်ရှင်… ငါက လေဟာနယ် ဓါးဥယျာဉ်ခြံက ထျန်းရှုဇီပါ… မင်းရဲ့ဆိုင်က မွှေးပျံ့တဲ့ ဝိုင်ရနံ့ကို ရလိုက်လို့ ဝိုင်သောက်ဖို့လာတာပါ… တံခါးဖွင့်ပေးလို့ ရမလား….” ထျန်းရှုဇီ၏ အသံက လမ်းကြားလေးတစ်လျောက် ပဲ့တင်ထပ်သွားလေသည်။


သို့သော် ခဏကြာသည်အထိ ဆိုင်အတွင်းမှ အသံအနည်းငယ်မျှပင် ကြားရခြင်း မရှိပေ။ ဆိုင်တံခါးက လည်း အနည်းငယ်မျှပင် ရွေ့သွားခြင်းမရှိချေ။


ထျန်းရှုဇီ၏ စိတ်ရှည်မှုက ပျောက်ဆုံးသွားပြီဖြစ်သည်။ သူ၏ မျက်နှာအမူအယာက ရှုံ့မဲ့နေပြီး ဒေါသတကြီး အော်ပြောလိုက်သည်။


“ငါက စိတ်ရင်းမှန်နဲ့ မင်းရဲ့ ဝိုင်ကို ၀ယ်ဖို့ ကြိ်ုးစားနေတာ.. ဒါတောင်မှ မင်းကငါ့ကို ပြန်မပြောနိုင်ဘူးလား… ငါ့ရဲ့ ကျော်ကြားမှုက မင်းဆိုင်ကို ဖွင့်ပေးဖို့အတွက် မလုံလောက်တာလား….”


ထျန်းရှုဇီက လေဟာနယ် ဓါးဥယျာဉ်ခြံ၏ အဆင့်မြင့်အကြီးအကဲ တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်စဉ်က အင်ပါယာမြို့တော်ထဲတွင် အကျော်ကြားဆုံး ဖြစ်ခဲ့လေသည်။ အသက်ကြီးသွားသော်လည်း သူ၏ ခွန်အားများက ယုတ်လျော့သွားခြင်း မရှိပဲ သူ့အကြောင်း ပုံပြင်များစွာကို အင်ပါယာမြို့တော်ထဲတွင် ပြောဆိုနေကြဆဲပင် ဖြစ်သည်။ 


ရှောင်ယု၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာလေသည်။ သူက ထျန်းရှုဇီ၏ စကားကို သဘောကျစွာနှင့် တွေးလိုက်မိသည်။


“ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ မင်းရဲ့ ဂုဏ်သတင်းက ပိုင်ရှင်ပုကို ဆိုင်ဖွင့်စေဖို့ တကယ့်ကို မလုံလောက်သေးဘူး….”


“မင်းက ဘယ်လိုတောင် သတ္တိကောင်းတာလဲ… ဒီလို အရိုအသေမဲ့မှုမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး… ဒီနေ့တော့ မင်းရဲ့ မောက်မာမှုကို မြင်တွေ့လိုက်ရပြီ.. ဒီလိုဆိုမှတော့…ငါ့ကို အပြစ်မတင်နဲ့တော့…”


ထျန်းရှုဇီက ဒေါသထွက်လာပြီး အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်လိုက်ရာ ဆံပင်နှင့် မုတ်ဆိတ်များပင် လေထဲသို့ မြောလွင့်သွားလေသည်။ သူ၏ ခန္ဒာကိုယ်မှ ထွက်ပေါ်နေသော အစစ်အမှန် စွမ်းအင်များက သူ၏ ပတ်၀န်းကျင်တွင် ၀န်းရံနေလေသည်။ 


ဘန်း…


ထျန်းရှုဇီ၏ မျက်၀န်းများက တင်းမာခက်ထန်နေပြီး သူ၏ လက်ကို ရှေ့သို့ ရုတ်တရက် ရိုက်ထုတ်လိုက်သည်။ သူလက်မှ အစစ်အမှန်စွမ်းအင်များက ဆိုင်တံခါး၀ကို ပြင်းထန်စွာ ရိုက်ခတ်မိသွားလေသည်။


အံ့သြဖွယ်ကောင်းသော အစစ်အမှန် စွမ်းအင်လှိုင်းများ ပတ်၀န်းကျင်သို့ ရိုက်ခတ်လာသောကြောင့် လူအုပ်ကြီးက အံ့အားသင့်သွားလေသည်။ ထျန်းရှုဇီ၏ ကျင့်ကြံမှု အဆင့်က သူ၏အမည်နှင့် လိုက်ဖက်လှပေသည်။ 


ထျန်းရှုဇီ၏ အစစ်အမှန် စွမ်းအင်များကြောင့် အံ့အားသင့်နေသော လူအုပ်ကြီး၏ မျက်နှာအမူအယာက ပို၍ ထူးဆန်းလာလေသည်။ ရိုးစင်းလှသော ရီဇီလင်းက မထိန်းချုပ်နိုင်ပဲ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။


ထျန်းရှုဇီ၏ ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားက တံခါးကို အတိအကျ ရိုက်ခတ်မိသွားသော်လည်း အနည်းငယ်မျှပင် ပျက်စီးသွားခြင်း မရှိပဲ တံခါးရွက်များက စေ့စေ့ ပိတ်ထားဆဲပင် ဖြစ်နေလေသည်။


ထျန်းရှုဇီ၏ မျက်လုံးများက ပြူးကျယ်နေပြီး ဆံပင်များပင် ထောင်ထနေလေသည်။ တံခါးကို ဖိအားပေးထားသော သူ၏ လက်ကို ဘယ်နားထားရမှန်းမသိပင် ဖြစ်သွားလေသည်။ သူက ဆိုင်ထဲသို့ ကျူးကျော်၀င်ရောက်မည်ဟု ကြွေးကြော်ထားသော်လည်း တံခါးရွက်ကိုပင် မဖျက်စီးနိုင်ခဲ့ချေ။ သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုရိုက်ချက်ကလည်း သူကိုယ်တိုင် ဖန်တီးယူခဲ့ခြင်းပင် ဖြစ်သည်။


ထျန်းရှုဇီက လက်ပြန်ရုတ်လိုက်ပြီး လည်ချောင်းတစ်ချက် ရှင်းလိုက်လေသည်။ ထို့နောက် မြေပြင်ကို ခြေထောက်နှင့် ထောက်ကန်လိုက်ပြီး ဆိုင်နှင့် ဝေးရာသို့ ခုတ်ဆုတ်လိုက်သည်။ ထို့နောက် သူ၏ လက်ကို ဓါးပုံသဏ္ဍာန် လက်ဟန်ပြုလိုက်ရာ ဓါးစွမ်းအင်များက သူ၏ ပတ်ပတ်လည်တွင် လှည့်ပတ် ပေါ်ထွက်လာပြီး လေထုကိုပင် ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ ဖြစ်နေလေသည်။


“ငါမင်းကို အခွင့်အရေးတစ်ခု ထပ်ပေးမယ်… မင်းထွက်မလာဘူးဆိုတာ သေချာပြီဆိုရင် ငါမင်းဆိုင်ကို တကယ်ပဲ ကျူးကျော်၀င်ရောက်တော့မယ်…” ထျန်းရှုဇီက ပြောဆိုလိုက်သည်။


သို့သော် တံခါးရွက်များက တင်းတင်းပိတ်ထားဆဲဖြစ်ပြီး လှုပ်ရှားမှု အနည်းငယ်ပင် ဖြစ်ပေါ်လာခြင်းမရှိပေ။ 


ထျန်းရှုဇီက ရှက်ရွံ့မှုကြောင့် စိတ်လွတ်သွားသကဲ့သို့ ဖြစ်သွားပြီး သူ၏ လက်ညိုးကို အရှေ့သို့ ညွှန်လိုက်လေသည်။ သူ၏ ပတ်ပတ်လည်တွင် ၀န်းရံနေသော ဓါးစွမ်းအင်များက ဆိုင်ဆီသို့ တဟုန်တိုး တိုး၀င်သွားလေသည်။


အပေါက်၀အနီးတွင် လှဲလျောင်းနေသော ဘလက်ကီက အားရပါးရ သမ်းဝေလိုက်ပြီး ဆိုင်တံခါး၀ကို ဦးတည်နေသော ဓါးစွမ်းအင်များကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မ၀င်စားဟန်နှင့် ခေါင်းကို ပြန်ချလိုက်သည်။


လေထုထဲတွင် ဖုန်တထောင်းထောင်း ထသွားပြီးနောက် လေပြင်းတစ်ချက်နှင့်အတူ အဝေးသို့ လွင့်ပြယ်သွားလေသည်။ 


“ဘာကြီးလဲ … ဒီဆိုင်က လိပ်ခွံနဲ့ လုပ်ထားတာမို့ ဘာမှမဖြစ်သွားတာလာ… တံခါးက လုံး၀ ပျက်ဆီးမသွားဘူးဆိုရင်တော့ နည်းနည်းတော့ ကျိုးပဲ့သွားရမှာလေ.. ဒါက လုံး၀ယုတ္တိမရှိဘူး….” ထိတ်လန့်မှုကြောင့် ထျန်းရှုဇီ၏ မျက်၀န်းများပင် ပြူးကျယ်နေလေသည်။


သူထုတ်လွှတ်လိုက်သော စွမ်းအင်လှိုင်းများက အလွန်ပြင်းထန်လှပြီး အင်ပါယာမြို့တော်၏ ဂိတ်တံခါးကိုပင် ကြေမွသွားအောင် ချိုးဖျက်နိုင်ပေသည်။ သို့သော် ဆိုင်ငယ်လေးမှ သစ်သားတံခါးလေးကို အစင်းရာထင်အောင်ပင် လုပ်နိုင်စွမ်း မရှိပေ။ 


“ဟားဟား… ထျန်းရှုဇီ အသက်ကြီးလာလို့ အားတွေ နည်းသွားတာလား… ဒီလို သစ်သားတံခါးလေးကိုတော့ မချိုးဖျက်နိုင်တော့ဘူး….”


“ထျန်းရှုဇီရဲ့ စွမ်းအားကတကယ့်ကို အထင်ကြီးစရာပဲ… ဒီလိူ သစ်သားတံခါးလေးကိုတောင် အစင်းရာထင်အောင် မလုပ်နိုင်ဘူး…. အထင်ကြီးစရာကောင်းလိုက်တာ….”


“အမနီယန်… ဒီအဖိုးကြီးက ငတုံးလား….”


ထျန်းရှုဇီက နောက်ကွယ်မှ လှောင်ပြောင်သရော်မှုများကြောင့် သူ၏ နှလုံးသားထဲတွင် မြှားတစ်စင်း လာစိုက်သကဲ့သို့ ခံစားလိုက်ရသည်။ လူများအားလုံး၏ လှောင်ပြောင် သရော်မှုကြောင့် ထျန်းရှုဇီက မတွန့်ဆုတ်တော့ပဲ သူ့နောက်ကျောမှ ဓါးကို ဆွဲထုတ်၍ တိုက်ခိုက်ရန် ပြင်လိုက်လေသည်။ သူ့နောက်ကျောမှ ဓါးကို ဆွဲထုတ်လိုက်ချိန်တွင် ဆိုင်တံခါးတစ်ချပ်က တစ်ဖြည်းဖြည်း ရွေ့လျားလာသည်ကို တွေ့လိုက်ရလေသည်။


တံခါးပွင့်သွားချိန်တွင် ဝိုင်နံ့က ပို၍ ပြင်းထန်စွာ ပျံ့လွင့်လာလေသည်။ ထိုမွှေးရနံ့များကြောင့် အနီးမှ လူအုပ်ကြီးက ပျော်ရွှင်သွားကြလေသည်။ ထိုအချိန်တွင် ကျောက်စိမ်းခွက်ကို ကိုင်ထားသော ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာလေသည်။ သူက မူးနေသော အမူအယာနှင့် လူအုပ်ကြီးကို ကြည့်လိုက်လေသည်။


“အေ့… ညကြီးမင်းကြီး ဘယ်ကောင်က ဆိုင်တံခါးကို လာခေါက်တာလဲကွ… အေ့…”


ပုဖန်၏ အသားအရည်များက နီရဲနေသော်လည်း သူ၏ မျက်နှာထားက တင်းမာခက်ထန်နေလေသည်။ သူ၀တ်ထားသော ၀တ်စုံက ရင်ဘက်ဟနေပြီး လေညှင့်ခံနေသကဲ့သို့ ဖြစ်နေလေသည်။ ထိုပုံစံက သူ၏ ပုံစံနှင့် ကွဲလွဲနေလေသည်။ ဆိုင်ထဲမှ မွှေးရနံ့များက ထွက်ပေါ်နေဆဲဖြစ်လေသည်။


ထျန်းရှုဇီက ပုဖန်၏ လက်ထဲမှ ကျောက်စိမ်းခွက်ကို ကြည့်လိုက်သည်။


“ဝိုင်ကောင်းပဲ … ဒါက သေချာပေါက် ဝိုင်ကောင်းတစ်ခုပဲ…ငါဘ၀တစ်လျောက်လုံး မြင်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးဝိုင်ပဲ….” ထျန်းရှုဇီက အံ့အားတသင့် ရေရွတ်လိုက်သည်။


ပုဖန်၏ လက်ထဲမှ ဝိုင်ခွက်၏ အပေါ်တွင် စိတ်ဝိဥာဉ်စွမ်းအင်များ လွင့်ပျံနေပြီး တိမ်ပုံသဏ္ဍာန်သုံးခု ဖြစ်ပေါ်နေလေသည်။


“ဟုတ်တယ်… ဒါက တကယ်ကို ကောင်းတဲ့ ဝိုင်တစ်ခုပဲ…. ဒါပေမယ့် ငါမေးတာကို မင်းမဖြေရသေးဘူး… ညလယ်ခေါင်ကြီး ငါ့ဆိုင်ကို တံခါးလာခေါက်တာ မင်းလား…” ပုဖန်က ဆိုင်တံခါးကို မှီနေရာမှ ထျန်းရှုဇီကို ကြည့်လိုက်ပြီး မေးလိုက်သည်။


“ဟုတ်တယ်… ငါ မင်းရဲ့ဝိုင်ကို ၀ယ်ဖို့ လာခဲ့တာ… ငါ့ရဲ့ တောင်းဆိုမှုကို လိုက်လျောလိုက်သင့်တယ်…” ထျန်းရှုဇီက စိတ်လှုပ်ရှားစွာနှင့် ပြန်ပြောလိုက်သည်။ 


ပုဖန်က အားလုံး၏ ရှေ့မှာတွင် လက်ထဲမှ ဝိုင်ခွက်ကို အနည်းငယ် လှုပ်ခါလိုက်သည်။


“မင်းပြောနေတာက ဒီခွက်ထဲက ဝိုင်လား….”


ပုဖန်က အားလုံး၏ ရှေ့တွင် ခွက်ကို လှုပ်၍ ပြောဆိုလိုက်သောကြောင့် ဝိုင်၏ ရနံ့က သူတို့၏ အာရုံကြောများကို တိုက်ခိုက်လာကြပြီး မျက်၀န်းများ တောက်ပလာကြလေသည်။ ထိုအချိန်တွက် ပုဖန်ကို ရင်းနှီးနေသော လူများအားလုံး၏ မျက်နှာအမူအယာများက ထူးဆန်းလာကြလေသည်။ ပုဖန်ကို ကြည့်နေရာမှ သူတို့၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားကြလေသည်။


“အဲဒီလူက ပိုင်ရှင်ပုလား….”


ထိုသူက ပုဖန်နှင့် ဆင်တူနေသော်လည်း သူ၏ အမူအယာများကို ကြည့်ရသည်မှာ ပြောင်းလဲနေလေသည်။


“ပိုင်ရှင်ပုက မူးနေတာလား….”


“ဟုတ်တယ်…” 


 ထျန်းရှုဇီက တံတွေးတစ်လုပ် မျိုချလိုက်ပြီး ပုဖန်ကို ပြန်ပြောလိုက်သည်။ ထိုင်ဝိုင်၏ မွှေးရနံ့ကြောင့် ဝိုင်ကို ချက်ချင်းပင် သောက်ချင်နေလေသည်။


ပုဖန်က ထျန်းရှုဇီကို ကြည့်၍ ပြုံးလိုက်လေသည်။ ထို့နောက် ထျန်းရှုဇီ၏ အကြည့်များအောက်တွင်ပင် လက်ထဲမှ ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။ ပုဖန်က သွားပေါ်အောင် စုပ်သတ်လိုက်ပြီး ရေရွတ်လိုက်သည်။


“အား… ကျွတ်ကျွတ်.. ကောင်းလိုက်တဲ့ဝိုင်…”


ထျန်းရှုဇီက သူ၏ နှလုံးသားကို ဓါးနှင့် ထိုးခွဲခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး တွေးလိုက်မိသည်။


“ဒီငတိက ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်နေတာလဲ….”


ပုဖန်က အသက်တစ်ချက် ရှိုက်ထုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။


“ဒီနေ့အတွက် ဆိုင်ဖွင့်ချိန်က အစောကြီးထဲက ကုန်သွားပြီ… ဒီအချိန်မှာ ငါက ဘာဟင်းပွဲမှ မရောင်းဘူး… ဝိုင်လဲပါတယ်…”


ထျန်းရှုဇီ၏ မျက်နှာအမူအယာက အေးစက်သွားပြီး ပြန်ပြောလိုက်သည်။


“ငါက မင်းရဲ့ဝိုင်ကို ရောင်းလို့ ပြောရင် ရောင်းလိုက် အဓိပ္ပါယ်မရှိတာတွေပြောပြီး အချိန်လာဖြုန်းမနေနဲ့…”


လေအလင်းအင်ပါယာ တစ်ခုလုံးတွင်သာမကပဲ လေဟာနယ်ဓါးဥယျာဉ်ခြံတွင်ပင် ထိုကဲ့သို့ အရိုအသေမဲ့ဟန်နှင့် မည်သူကမျှ သူ့ကို ပြန်မပြောရဲခဲ့ပေ။ သူက ပိုက်ဆံမပေးပဲ ဝိုင်သောက်ခဲ့လျင်ပင် မည်သူကမျှ မပြောရဲကြပေ။ သို့သော် ဤဆိုင်ရှင်က သူ၏ရှေ့တွင် မောက်မာ ဝံ့ကြွားနေလေသည်။ သူက ဓါးစွမ်းအင်များကို ထုတ်ဖော်လိုက်ပြီးထျန်းရှုဇီက ခြေတစ်လှမ်းတိုးလိုက်ရာ ပုဖန်၏ ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာလေသည်။


“ငါ့့ကို အရူးလုပ်ရဲတဲ့ သူတွေအကုန်လုံးက အရိုးဆွေးသွားကြပြီ.. ကောင်စုတ်လေး.. မင်းက သေချင်နေတာလား….”


ပြင်းထန်လှသော ဓါးစွမ်းအင်လှိုင်းများက ဖြာထွက်နေပြီး ကြမ်းတမ်းသော စကားလုံးများနှင့် သူတော်စင်အဆင့် တစ်ယောက်၏ အရှိန်အဝါက ထျန်းရှုဇီက အပြည့်အ၀ ထုတ်ဖော်လိုက်လေသည်။ 


ထိုအချိန်တွင် ပုဖန်က အေးဆေးစွာနှင့် တံခါးရွက်ကို မှီနေပြီး ဝိုင်ခွက်ကို လက်နှစ်ချောင်းနှင့် ကိုင်ထားလေသည်။ သူက လေတစ်ချက် တက်လိုက်သည်နှင့် ဝိုင်၏ မွှေးရနံ့များက လေထဲသို့ ထွက်ပေါ်နေလေသည်။ သူ၏ နောက်တွင် အနီရောင်မျက်လုံးများနှင့် ဝှိုက်တီက ရုတ်တရက် ရောက်ရှိလာလေသည်။


ထျန်းရှုဇီနှင့် လက်တစ်ကမ်းအကွာတွင် ရှိနေသော ပုဖန်က သူ့ရှေ့မှ မုတ်ဆိတ်မွှေးနှင့် နှုတ်ခမ်းမွှေးများပင် ဖြူဖွေးနေသော ထျန်းရှုဇီကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်လေသည်။ 


“ဆိုင်ပိတ်သွားပြီလို့ ငါမင်းကို ပြောပြီးသွားပြီး မင်းက ပြသနာရှာချင်နေတာလား… ဒီလိုဆိုရင်တော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်း လက်ခံရလိမ့်မယ်….”