အပိုင်း ၁၉၉
Viewers 53k

အခန်း ၁၉၉ “ဝှိုက်တီ… မင်းက မယုံနိုင်စရာကောင်းလာတယ်…”


ပုဖန်က တံခါးကို သက်တောင့်သက်သာမှီနေပြီး ဝိုင်ခွက်ကို လက်နှစ်ချောင်းနှင့် ကိုင်ထားလေသည်။ သူ၏ မျက်နှာက ဝိုင်၏ အရှိန်ကြောင့် နီရဲနေပြီး မျက်၀န်းများက တစ်၀က်ခန့်သာ ပွင့်တော့လေသည်။


ထျန်းရှုဇီက ပုဖန်၏ လေချဉ်တက်ရာမှ ထွက်ပေါ်လာသော ရနံ့များကြောင့် အနောက်သို့ ဆုတ်လိုက်ပြီး ပုဖန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာပြီး နောက်ကျောမှ ဓါးစွမ်းအင်များ ထွက်ပေါ်လာလေသည်။


“ငါက ပြသနာရှာမယ်ဆိုရင်ရော ဘာဖြစ်လဲ… ငါဒီက ဝိုင်မသောက်ရရင် မင်းဆိုင်ကို ဖြိုချမယ်…”


ထျန်းရှုဇီက ပြောဆိုလိုက်ပြီး လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ နောက်ကျောတွင် လွယ်ထားသော ဓါးရှည်က ဓါးအိမ်မှ ကျွတ်ထွက်လာလေသည်။ ထိုဓါးက လေထဲတွင် အနည်းငယ် ဝေ့၀ဲသွားပြီး ဦးခေါင်းထက်တွင် ရပ်တန့်နေလေသည်။ ထိုနည်းလမ်းက လေဟာနယ်ဓါးဥယျာဉ်ခြံ၏ လျို့ဝှက်နည်းလမ်းဖြစ်သော ခြယ်လှယ်ခြင်း ဓါး ဖြစ်သည်။


ရှောင်ယုက ခြယ်လှယ်ခြင်းဓါး နည်းစနစ်ကို ခင်းကျင်းနေသော ထျန်းရှုဇီကို ကြည့်၍ မျက်၀န်းများ ကျဉ်းမြောင်းသွားလေသည်။ စတင်တိုက်ခိုက်မည့်ဟန် ပြင်နေသော ထျန်းရှုဇီကြောင့် သူက ရယ်ရမလို ငိုရမလို ဖြစ်သွားလေသည်။ ထျန်းရှုဇီက အင်ပါယာမြို့တော်သို့ ပြန်မလာခင် ဖန်ဖန်ဆိုင်ငယ်လေး၏ သတင်းအချက်အလက်များကို အနည်းအကျဉ်းသာ ရရှိထားကြောင်း သူက သတိပြုမိသွားလေသည်။


ရှောင်မန်က အဆုံးသတ်ကို ကြိုတွေးထားပြီး ဖြစ်သည်။ ပုဖန်က သူတော်စင်အဆင့် တစ်ယောက်ကို ကြောက်ရွံ့လိမ့်မည်မဟုတ်ကြောင်း သူက သိနေလေသည်။


အခြားတစ်ဖက်တွင်မူ နီယန်က စိတ်၀င်စားစွာဖြင့် မျက်တောင်မခတ်တမ်း ကြည့်နေလေသည်။ သူမက ပုဖန်၏ နောက်မှ ဝှိုက်တီကို မျှော်လင့်ချက်အပြည့်နှင့် ကြည့်လိုက်ပြီး သူမ၏ ချစ်စရာကောင်းသော မျက်လုံးလေးများက ဝိုင်းစက်လာလေသည်။


“ဒီရုပ်သေးက စိတ်၀င်စားစရာကောင်းတယ်….”


နီယန်က တွေးလိုက်မိသည်။ သူမတစ်သက်တာတွင် သူတော်စင်အဆင့် တစ်ယောက်ကို ပြန်လည်တိုက်ခိုက်နိုင်သော ရုပ်သေးကို မြင်ဖူးခဲ့ခြင်း မရှိပေ။


“ငါတိ်ု့ ဒီနေ့တော့ ပွဲကြီးပွဲကောင်းကြည့်ရပြီထင်တယ်…”


“အမနီယန်… ငါတို့ သူ့ကို သွားမကူညီကြဘူးလား… ထျန်းရှုဇီက သူတော်စင်အဆင့်တစ်ယောက်လေ… ဆိုင်ပိုင်ရှင်က အခုမှ ဘုရင်အဆင့်ပဲ ရှိသေးတာ… ဒီလိုသာဆို သူအသတ်ခံရမှာပေါ့….” ရီဇီလင်းက စိတ်ပုဟန်နှင့် ပြောလိုက်လေသည်။


ပွဲကောင်းကြည့်ရန် စောင့်နေသော နီယန့်၏ မျက်နှာက စိတ်ရှုပ်ထွေးသွားလေသည်။


“အဆင်ပြေပါတယ်… စိတ်ပူမနေနဲ့ အဲဒီအဘိုးကြီးက သေမှာမဟုတ်ဘူး….” နီယန်က ရီဇီလင်း၏ ခေါင်းကို ပုတ်၍ ပြောလိုက်လေသည်။


“အမနီယန် … နင်မှားနေပြီ… ငါပြောနေတာက ဆိုင်ရှင် အန္တရာယ်ရှိနေပြီလို့ ပြောတာလေ… သူတော်စင်အဆင့်တွေက တော်တော်လေးသန်မာ အားကောင်းတယ်…” ရီဇီလင်းက ပြန်ပြောလိုက်လေသည်။


နီယန်က ကလေးတစ်ယောက်ကဲ့သို့ ဖြူစင်၍ ချစ်စရာကောင်းလှသော ရီဇီလင်းကို ကြည့်၍ ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး ဆက်ပြောလိုက်သည်။


“အဆင်ပြေပါတယ်… အဲဒီအဘိုးကြီး တကယ်မသေပါဘူး….”


ရီဇီလင်းက နီယန့်၏ တုန့်ပြန်မှုကြောင့် အံ့သြမှင်သက်သွားလေသည်။


ရှောင်မန်ကလဲ လက်နှစ်ဖက်ကို နောက်ပစ်၍ တွေးနေလေသည်။ ဤအခြေအနေကို အသုံးပြု၍ သူက လေဟာနယ် ဓါးဥယျာဉ်ခြံမှ အဆင့်မြင့် အကြီးအကဲ၏ သန်မာမှုကို သိရှိနိုင်တော့မည် ဖြစ်သည်။ သူက ဝှိုက်တီကို ဆန့်ကျင်တိုက်ခိုက်ဘူးသောကြောင့် ထျန်းရှုဇီ၏ ခွန်အားကို ဤတိုက်ခိုက်မှုမှ သိရှိနိုင်တော့မည့် ဖြစ်သည်။


မိုကျိုးဓါးမြ ၁၃ဖော်က ပုဖန်နှင့် ထျန်းရှုဇီတို့၏ အခြေအနေကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။


၀တ်စုံနီ၀တ်ထားသော မုလင်းဖုန်က လမ်းကြားလေး၏ နံရံကို မှီ၍ လက်ချောင်းမျာကို ဆော့ကစားနေကာ အချိန်မရွေး စတင်တော့မည့် တိုက်ပွဲကို စောင့်ကြည့်နေလသည်။


ပုဖန်က သူ၏ နှုတ်ခမ်းကို သပ်၍ ဝိုင်၏ ချိုမြိန်သော အရသာကို ပြန်လည်ခံစားလိုက်ပြီး ခပ်မတ်မတ် ရပ်လိုက်သည်။ ထို့နောက် ဝှိုက်တီဘက်သို့ လှည့်၍ သူ၏ ၀မ်းဗိုက်ကို ပွတ်၍ ပြောလိုက်သည်။


“ဝှိုက်တီ … ပြသနာကောင်တွေကို အ၀တ်အစားချွတ်ပြီး လွှင့်ပစ်လိုက်…”


“အားလုံးပဲ… ဒီနေ့အတွက်တော့ ဆိုင်မဖွင့်တော့ပါဘူး… မင်းတို့က ငါ့ရဲ့ဝိုင်ကို မြည်းစမ်းချင်တယ်ဆိုရင် မနက်ဖြန် မနက်စောစောမှ လာတန်းစီကြပါ… ငါ့ဆိုင်မှာ ဆိုင်ပိတ်ပြီးရင် ဘယ်သူ့ကိုမှ ၀န်ဆောင်မှု မပေးပါဘူး….”


ပုဖန်၏ ပုံရိပ်က ဆိုင်အတွင်းသို့ တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားသော်လည်း လွင့်ပျံလာသော အသံကို အားလုံးက ကြားလိုက်ရလေသည်။ သူတို့၏ အမူအယာများက ပြောင်းလဲသွားလေသည်။


“ဘာ… မနက်ဖြန် မနက် အစောကြီး လာရမယ်…”


သူတို့ထဲမှ အချို့က အထင်အမြင်သေး လှောင်ပြောင်ခံရသည်ဟု ခံစားလိုက်ရသည်။


“သူက သူ့ကိုယ်သူ ဘာထင်နေတာလဲ… သူတော်စင်အဆင့်တွေကိုတောင် မိုးလင်းတဲ့ထိ စိတ်ရှည်ရှည်စောင့်ခိုင်းထားတယ် ဆိုတော့ ဧကရာဇ်မင်းတောင် ဒီလို စွမ်းရည်မျို မရှိဘူး…”


“ဟီးဟီး.. မနက်ဖြန်မှ လာပြီးတန်းစီရမှာလား…. မင်းရဲ့ ဆိုင်က ဒီညမှာတင် ပျောက်ကွယ်သွားမှာကို မနက်ဖြန် လာပြီး တန်းစီရဦးမှာလား….” အေးဆေးစွာ ရပ်နေကြသော မိုကျိုးဓါးမြ ၁၃ ဖော်ထဲမှ နံပါတ်၇ က ထျန်းရှုဇီကို ကြည့်၍ ရေရွတ်လိုက်လေသည်။


သူ့ကို လျစ်လျုရှု၍ ဆိုင်အတွင်းသို့ ၀င်ရောက်သွားသော ပုဖန်ကြောင့် ထျန်းရှုဇီက ဒေါသများ ပေါက်ကွဲလာလေသည်။ ဤကမ္ဘာပေါ်တွင် မည်သူကမျှ သူ့ကို ထိုသို့ အရိုအသေမဲ့စွာ မဆက်ဆံခဲ့ဖူးပေ။ ထိုလူငယ်က အလွန်ရိုင်းစိုင်းလှပေသည်။


“မောက်မာလိုက်တဲ့ငတိ… မင်းရဲ့ ရုပ်သေးက ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား… ဘယ်လောက်တောင် ရူးမိုက်လိုက်လဲ…”


ထျန်းရှုဇီက ကြိမ်းဝါးလိုက်ပြီး လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ ပျံဝဲနေသော ဓါးရှည်က အလင်းစီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲ သွာေးလသည်။ သူက အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူ၏ ပတ်ပတ်လည်မှ ဓါးစွမ်းအင်များကို ဆိုင်ငယ်လေးဆီသို့ ပို့လွှတ်လိုက်လေသည်။ သူတို့၏ ဦးတည်ရာက ပုဖန်ဆီသို့ပင် ဖြစ်သည်။


အနီရောင် မျက်၀န်းများနှင့် ဝှိုက်တီက ဓါးစွမ်းအင်များ၏ ရှေ့တွင် ပိတ်ကာလိုက်လေသည်။ သူ၏ အနီရောင်မျက်လုံးများနှင့် ပတ်၀န်းကျင်ကို စူးစမ်းကြည့်လိုက်ရာ လူများကြားတွင် သူတော်စင်အဆင့်များကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူက ဆိုးဝါးသော အမှတ်တရများကို ပြန်သတိရသွားလေသည်။ သူ၏ ရှေ့မှ မြင်ကွင်းတစ်ခုလုံးက ဓါးစွမ်းအင်များနှင့် ပြည့်နှက်လာလေသည်။


ထျန်းရှုဇီက လျှင်မြန်စွာဖြင့် ဝှိုက်တီကို ဖြတ်ကျော်ရန်ကြိုးစားလိုက်သည်။ ထျန်းရှုဇီ၏ သိုင်းအဆင့်က အလွန်မြင့်မားလှသောကြောင့် ကြည့်ရှုနေသူများကို ထိတ်လန့်အံ့သြစေပြီး သူတို့၏ အမူအယာများက လေးနက်သွားကြလေသည်။ ဓါးစွမ်းအင် ထူးချွန်လှသော သူတော်စင်အဆင့်များ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်မြင့်မားလှပေသည်။


ရှောင်မန်ပင်လျှင် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရပါက ဖိအားများစွာကို ခံစားရမည်ဖြစ်သည်။


ထိုအချိန်တွင် နီယန်က သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်လေသည်။ လျှင်မြန်လှသော လှုပ်ရှားမှုက သူမကို ကြက်သီးမွှေးညှင်းများ ထလာစေလေသည်။ ထိုတိုက်ခိုက်မှုက အလွန်ကြောက်မက်ဖွယ် ကောင်းလှကြောင်း သူမက ၀န်ခံရပေမည်။


“အမနီယန်….”


ရီဇီလင်းက ထျန်းရှုဇီ၏ လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသောကြောင့် နီယန့်ကို အော်ခေါ်လိုက်လေသည်။ ဤတစ်ကြိမ်တွင် သူမက ကြား၀င်ရန် ဆုံးဖြတ်လိုက်လေသည်။


သို့သော် နီယန်က ခေါင်းခါပြလိုက်သည်။ သူမ၏ တည်ငြိမ်နေသော မျက်နှာအမူအယာကြောင့် သူမစိတ်က လုံး၀မယိမ်းယိုင်ကြောင်း သိနိုင်ပေသည်။


ထျန်းရှုဇီ၏ ပုံရိပ်က မှုံ၀ါးလာပြီး ပတ်ပတ်လည်တွင် ဓါးစွမ်းအင်များ ၀န်းရံလျက် ဆိုင်အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားလိုက်သည်။ လေဟာနယ်ဓါးဥယျာဉ်ခြံ၏ ဓါးခြယ်လှယ်မှု နည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် သူ့ကိုယ်သူ ယုံကြည်မှုများ မြင့်တက်လာလေသည်။ အလွန်လျှင်မြန်လှသော အရှိန်ကြောင့် သူက ထွက်ပြေးလိုလျှင်ပင် ရန်သူများက လိုက်မှီနိုင်မည် မဟုတ်ပေ။ ရုပ်သေးရုပ်တစ်ရုပ်က သူ၏ လမ်းကို ပိတ်ဆို့နိုင်မည်ဟု သူက ယုံကြည်ထားခြင်းမရှိပေ။


“မောက်မာလိုက်တဲ့ ငတိလေး… သေချာပေါက် မင်းကို သင်ခန်းစာပေးရမယ်… သန်မာတဲ့ သူတွေကို ဘယ်လိုရိုသေရမလဲဆိုတာကို မင်းကို သင်ပေးရမယ်….” ထျန်းရှုဇီက အော်ပြောလိုက်လေသည်။


ဘန်း…..


ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဓါးစွမ်းအင်များ ပြည့်နေသော နယ်မြေက လွင့်ပါးပျောက်ကွယ်သွားလေသည်။ သူ၏ ဓါးရှည်လဲ အသံတစ်ချက် ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ကျသွားလေသည်။


ထျန်းရှုဇီ၏ မျက်နှာအမူအယာက ပြောင်းလဲသွားပြီး သူ၏ မျက်၀န်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။ သူ၏ တစ္ဆေပုံရိပ်နှင့် ဝှိုက်တီကို ကျော်ဖြတ်ရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက် သူ၏ ခန္ဒာကိုယ်တစ်ခုလုံး တုန်လှုပ်သွားလေသည်။ သူ၏ မျက်၀န်းထဲတွင် ဝှိုက်တီ၏ သံလက်ကြီးက တဖြည်းဖြည်း ကြီးမားလာလေသည်။


ဘန်း…


ထျန်းရှုဇီ၏ ခေါင်းကို ဝှိုက်တီက လက်သီးဖြင့် ထိုးချလိုက်လေသည်။


ထိုအချိန်တွင် ထျန်းရှုဇီ၏ ခေါင်းထဲ၌ အတွေးများစွာ ရှုပ်ရှက်ခတ်သွားလေသည်။


“ဘုရားသခင်..”


ထျန်းရှုဇီ၏ လျင်မြန်စွာ ရွေ့လျားနေသော ပုံရိပ်က ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကြောင့် ရပ်တန့်သွားလေသည်။ ပြင်းထန် အားကောင်းလှသော တိုက်ခိုက်မှုကြောင့် သူ၏ ခန္ဒာကိုယ်က မြေကြီးထဲသို့ ကျွံ၀င်သွားလေသည်။ ကျန်ရှိနေသော အားလှိုင်းများက ပတ်၀န်းကျင်သို့ ပြန့်လွင့်သွားလေသည်။


ပတ်၀န်းကျင် တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွာေးလသည်။ လေထုက ရုတ်ချည်းပင် ထူးဆန်းလာလေသည်။ မြေပြင်ပေါ်မှ ခေါင်းကို အုပ်ကိုင်၍ ညည်းတွားနေသော ထျန်းရှုဇီကို ကြည့်၍ အားလုံးက မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြလေသည်။ သူတို့က ဝှိုက်တီကို ပြန်ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေလေသည်။ ခွေးတစ်ကောင်က ခြင်္သေ့ကို အသေကိုက်သတ်လိုက်သည်ဟု သူတို့ကမြင်နေကြလေသည်။


ရီဇီလင်း၏ ချစ်စရာကောင်းသော မျက်၀န်းလေးများက ပြူးကျယ်ဝိုင်းစက်နေပြီး သူမ၏ နှုတ်ခမ်းပါးလေးများက ဟောင်းလောင်းပွင်ေ့နလေသည်။


နီယန်က စိတ်သက်သာရာ ရသွားဟန်နှင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြုံးလိုက်လေသည်။ သူမ မျော်လင့်ထားသည့်အတိုင်းပင် ပိုင်ရှင်ပုက အဆင့်အခြင်မဲ့ လျောက်လုပ်နေခြင်းမဟုတ်ပဲ သူ၏ စကားလုံးများ နောက်ကွယ်တွင် အဓိပ္ပါယ်များ ပြည့်နှက်နေလေသည်။ ယခု မြင်တွေ့လိုက်ရသော မြင်ကွင်းကို တိုက်ဆိုင်မှု သက်သက် ဟုသာ တွေးထားသော်လည်း သူတော်စင့်အဆင့် တစ်ယောက်ကိုပင် လက်သီးတစ်ချက်မျှဖြင့် လဲကျသွားစေခြင်းက ဝှိုက်တီ၏ ခွန်အားကို ဖော်ပြနေလေသည်။ နီယန်က ၀မ်းမြောက်၀မ်းသာ ဖြစ်သွားလေသည်။


ထျန်းရှုဇီက သူ၏နှာခေါင်းကို အုပ်ကိုင်၍ မြေပြင်ပေါ်မှ လူးလဲထလိုက်လေသည်။ တိုက်ပွဲတွင် ဝှိုက်တီ၏ သံလက်နှင့် သူ၏ နှာခေါင်းတို့ ပြင်းထန်စွာ ထိခိုက်မိသွားလေသည်။ ထိုထိခိုက်မှုကြောင့် သူက ငိုချလိုက်ချင်စိတ်ပင် ပေါက်နေလေသည်။ သူက ဒေါသချောင်းချောင်း ထွက်လာလေသည်။ သူက မာနထောင်လွှားနေသော ငတိလေးကို သင်ခန်းစာပေးရန်သာ ရည်ရွယ်ခဲ့သော်လည်း ဝှိုက်တီက သူ့ကို အရှက်တကွဲ ဖြစ်စေခဲ့လေသည်။ သူ၏ ဂရုမစိုက်မှုကြောင့် အရှက်ကွဲခဲ့ရလေသည်။


ဘန်း…


ဆူညံသော အသံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ဓါးရှည်က သူ့ထံသို့ ပျံသန်းလာပြီး ရှေ့တွင် ဝဲပျံနေလေသည်။ ထျန်းရှုဇီက လက်ဟန်အမူအယာကို ပြုလုပ်လိုက်ပြိး တောက်ထုတ်လိုက်ရာ ပုံစံတူ ဓါးရှည်တစ်ခု ထွက်ပေါ်လာလေသည်။ ဓါးရှည်က နှစ်ခုမှ လေးခု လေးခုမှ အမြောက်အများ ပွားလာလေသည်။ မရေမတွက်နိုင်သော ဓါးရှည်များက သူ့ရှေ့တွင် ဝဲပျံနေလေသည်။


“တိုက်ခိုက်ကြ…”