အခန်း ၂၀၀ “အ၀တ်တွေတောင် မရှိတော့မှတော့ ဝိုင်အကြောင်းကို မေ့လိုက်တော့….”
ပုဖန်က ဆိုင်အတွင်းသို့ ၀င်ရောက်သွားပြီးသည်နှင့် မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်သည်။ သူအသက်ရှူလိုက်တိုင်းတွင် သူ၏ အာခံတွင်းအတွင်းမှ ဝိုင်နံ့များက ထွက်ပေါ်နေလေသည်။ သူက ဝိုင်နှစ်ခွက်မျှသာ သောက်ထားသောလည်း မူးယစ်ရီဝေနေလေသည်။ ဝိုင်အသစ်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ထက် ပို၍ ပြင်းသည်ကို သူက ၀န်ခံရပေမည်။
ပုဖန်က မီးဖိုချောင်ထဲမှ ဝိုင်အိုးများကို ခပ်ဝေးဝေးသို့ ရွှေ့လိုက်ပြီး ကျောက်စိမ်းဖြူဝိုင်အိုး သုံးအိုးကို ချန်ထားလိုက်သည်။ ထိုအိုးများထဲတွင် အင်ပါယာမြို့တော် တစ်၀က်ကိုပင် ရနံ့လွှမ်းခြုံသွားသော အသစ်စက်စက် စိတ်ဝိဥာဉ်၀ိုင်များ ရှိနေလေသည်။
ထို့နောက် ပုဖန်က ဝိုင်အိုးသုံးလုံးကို ဂရုတစိုက် နေရာချလိုက်ပြီး ရနံ့များ အပြင်ဘက်သို့ ဆက်လက်လွင်ပျံနေခြင်း မရှိတော့စေရန် စည်းတံဆိတ်များ ချထားလိုက်သည်။ သူက ဝိုင်အိုးကို အသာပုတ်၍ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရာ သူ၏ ပါးစပ်မှ ဝိုင်နံ့များက ထပ်မံထွက်ပေါ်လာလေသည်။ သူက ကျောက်စိမ်းဖြူဝိုင်အိုး သုံးလုံးကို ကြည့်၍ အတွေးထဲတွင် နစ်မြုတ်နေလေသည်။
သူက ဝိုင်ကို အမည်ပေးရဦးမည်ဖြစ်သည်။ ဝိုင်အသစ်ကို အဆင့်မြင့် စိတ်ဝိဥာဉ်အပင် သုံးမျိုးမှ ထုတ်လုပ်ထားသောကြောင့် ရတနာ သုံးမျိုးဝိုင်ဟု ခေါ်နိုင်ပေသည်။ သို့ သော် ပုဖန်က ချက်ချင်းပင် ခေါင်းရမ်းလိုက်မိသည်။ ထိုအမည်က ကို့ယို့ကားယားနိ်ုင်ပြီး ဝိုင်၏ တန်ဖိုးကိုနိမ့်ကျသွားစေနိုင်လေသည်။
“တစ်ငုံလိုက်သောက်လိုက်တာနဲ့… ပါးစပ်ထဲမှာ မီးတောက်နေသလိုခံစားရတယ်… မြိုချလိုက်တာနဲ့ အာခေါင်ကို အေးစက်တဲ့ ရေခဲ လှံသွားတွေ ထိုးစိုက်နေသလို ခံစားရတယ်.. ဒီတော့… နှင်းခါး မီးတောက်ဝိုင်လို့ ပေးလိုက်မယ်....”
“နေဦး မဟုတ်သေးဘူး… ဒီနံမည်က တော်တော် ခောတ်နောက်ကျနေတယ်.. အင်း… နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ဆိုရင်ရော… ဟုတ်ပြီ…. အဲလိုပဲ ပေးလိုက်တော့မယ်… နှင်းခါးမီးတောက် သိမြင်မှုဝိုင်….”
ပုဖန်က သူ၏ မေးစေ့ကို ပွတ်လိုက်လေသည်။ အနည်းငယ် မူးယစ်နေသော်လည်း သူက တက်ကြွနေလေသည်။ နှင်းခါးမီးတောက် သိမြင်မှုဝိုင်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ထက် သေချာပေါက် ကောင်းမွန်ပေသည်။
“ဒါကို နဂါးရှင်သန်ခြင်းဝိုင်နဲ့ ယှဉ်လိုက်မယ်ဆိုရင်ရော … ဘယ်လိုနေမလဲ…”
ပုဖန်က နဂါးရှင်သန်ခြင်း ဝိုင်အကြောင်းကို နီယန်ပြောသလောက်သာ သိပြီး မမြည်းစမ်းဖူးသောကြောင့် အကဲဖြတ်နိုင်ခြင်းမရှိပေ။
“စနစ်… နှင်းခါးမီးတောက် သိမြင်မှုဝိုင်နဲ့ နဂါးရှင်သန်ခြင်းဝိုင်.. ဘယ်တစ်ခုက ပိုကောင်းလဲဆိုတာ သိဖို့ မြည်းစမ်းကြည့်ချင်တယ်… ဖြစ်နိုင်လား…” ပုဖန်က စနစ်ကိုမျှော်လင့်ချက်အပြည့်နှင့် မေးမြန်းလိုက်သည်။
စနစ်က အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ပြန်ဖြေလိုက်လေသည်။
“နှင်းခါးမီးတောက် သိမြင်မှုဝိုင်ကို အကဲဖြတ်ဖို့ မြည်းစမ်းနိုင်တဲ့သူက နဂါးရှင်သန်ခြင်းဝိုင်ကို သောက်သုံးဖူးသူ ဖြစ်ရပါမယ်… ဒါကြောင့် အခုအချိန်မှာတော့ သင်က ဒီယာယီတာ၀န်ကို ပြီးမြောက်ဖို့ မဖြစ်နိုင်သေးပါဘူး…. ဆက်ပြီး ကြိုးစားပါ.. လူငယ်လေး…”
“သင်က နှင်းခါးမီးတောက် သိမြင်မှုဝိုင်ကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပါတယ်… အဲဒါကြောင့် သူ့ရဲ့တန်ဖိုးကို စတင်တွက်ချက်နေပါပြီ…”
စနစ်၏ ဖြေကြားချက်က ပုဖန်မေးလိုက်သည်ထက် ပြည့်စုံနေသောကြောင့် ပုဖန်က မှင်သက်သွားလေသည်။
“အရသာကို မြည်းကြည့်မယ့်သူက နဂါးရှင်သန်ခြင်းဝိုင်ကို သောက်ဖူးတဲ့သူ ဖြစ်ရမှာလား…”
ပုဖန်က ရေရွတ်လိုက်ပြီး နှဖူးကြောများ တွန့်ရှုတ်သွားအောင် စဉ်းစားနေလေသည်။ သို့သော် ခဏအကြာတွင် နဖူးကြောများ ပြန်လည်ပြေလျော့သွားပြီး နှုတ်ခမ်းတွန့်၍ ပြုံးလိုက်လေသည်။ နဂါးရှင်သန်ခြင်းဝိုင်ကို မြည်းစမ်းဖူးသူ နီယန်က အင်ပါယာမြို့တော်ထဲတွင် ရှိနေလေသည်။ ထိုကြောင့် သူက နောက်တစ်နေ့ရောက်သည်နှင့် နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ကို စစ်ဆေးဆုံးဖြတ်နိုင်မည်ဖြစ်သည်။
စနစ်က ဝိုင်၏ တန်ဖိုးကို စျေးနှုန်းတွက်ချက်နေဆဲပင် ဖြစ်သည်။ မည်သို့ ဖြစ်ပေါ်လာမည်ကို မသိထားသော်လည်း ပုဖန်က တစ်စုံတစ်ခုကို သိရှိနေလေသည်။ စျေးနှုန်းက သက်သာလိမ့်မည်မဟုတ်ပေ။ သို့သော် ခဏကြာသည်အထိ စျေးနှုန်းက ထွက်မလာသေးသောကြောင့် ပုဖန်က ဝိုင်ရှိန်ကြောင့် သမ်းဝေလိုက်ကာ မီးဖိုချောင်ထဲမှ ထွက်၍ အပြင်သို့ ထွက်လာလိုက်သည်။
၀ှိုက်တီက ဆိုင်ရှေ့တွင် မရွေးလျားနိုင်သော တောင်တစ်တောင်ကဲ့သို့ မတ်မတ်ရပ်နေလေသည်။ သူ၏ မျက်လုံးများက အနီရောင်အလင်းများက ရဲရဲတောက်နေလေသည်။
ထျန်းရှုဇီ၏ အရှေ့တွင် ဓါးအရိပ်များက သည်းထန်းသော မိုးများကဲ့သို့ ရှိနေလေသည်။ ထိုဓါးအရိပ်များအားလုံးက ထျန်းရှုထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထျန်းရှုဇီ၏ မျက်နှာအမူအယာက အလွန်တင်းမာနေပြီး သူ၏ နှာခေါင်းမှ စီးကျနေသော နီပြစ်ပြစ်သွေးများက သူ၏ မုတ်ဆိတ်ဖြူပေါ်တွင် စွန်းထင်နေလေသည်။
“ဒီရုပ်သေးရုပ်ရဲ့ ခေါင်းကို ဖြတ်လိုက်… “
ကြုဲံးဝါးသံ တစ်ချက်နှင့်အတူ ထျန်းရှုဇီ၏ ခန္ဒာကိုယ်မှ သိပ်သည်းလှသော ဓါးစွမ်းအင်များ ထွက်ပေါ်လာသည်။ ထက်မြိလှသော ဓါးအရိပ်များက လေထုကို ဖြတ်သန်း၍ ဝှိုက်တီထံသို့ တိုး၀င်လာလေသည်။ ဓါးအရိပ်များက ပတ်၀န်းကျင် တစ်ခုလုံးတွင် ပြည့်နှက်နေပြီး ဓါးမိုးရွာသကဲ့သို့ ဖြစ်နေလေသည်။ သိပ်သည်းလှသော ဓါးစွမ်းအင်များက ကြည့်ရှုနေသူများကို တုန်လှုပ်သွားစေပြီး ကြက်သီးမွှေးညှင်းများ ထသွားစေလေသည်။
ထျန်းရှုဇီ၏ အားကောင်းလှသော ဓါးစွမ်းအင်များက ဝှိုက်တီပေါ်သို့ ပြင်းထန်စွာ ကျဆင်းနေလေသည်။ သူတော်စင်အဆင့်တစ်ယောက်၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထိုစွမ်းအား သက်သက်နှင့်ပင် မြို့ငယ်တစ်မြို့ကို ဖျက်စီးပစလိုက်နိုင်ရာ သာမာန်သူတော်စင်အဆင့်များပင် ခုခံနိုင်ရန် ခက်ခဲပေသည်။ ထိုတိုက်ခိုက်မှုက ကြောက်မက်ဖွယ်ကောင်းလှပေသည်။
၀ှိုက်တီ၏ သတ္တုခန္ဒာကိုယ်က များပြားလှသော ဓါးရိပ်များကြားတွင် သေးငယ်နေသကဲ့သို့ ထင်ရပေသည်။ ကျယ်ပြန့်လှသော ပင်လယ်ပြင်ထဲတွင် မျောလွင့်နေသော လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေလေသည်။
လေထုထဲတွင် စက်လည်ပတ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ ဝှိုက်တီ၏ မျက်လုံးအတွင်းမှ အနီရောင်အလင်းတန်းများ ဖြာထွက်လာပြီး ဓါးရိပ်များပေါ်သို့ ဖြန့်ကျက်လိုက်လေသည်။တခဏအတွင်းမှာပင် ဓါးရ်ိပ်များကို အနီရောင်အလင်းများက လွှမ်းခြုံသွားလေသည်။
“ဟားဟား…ဟားဟား.. ဖျက်စီးပစ်လိုက်စမ်း….” ထျန်းရှုဇီက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
သူက စိတ်လှုပ်ရှားစွာနှင့် နှာခေါင်းမှ စီးကျနေသော သွေးများကို လက်ခုံနှင့် သုတ်လိုက်လေသည်။ နှာခေါင်းမှသွေးများကို သုတ်ပြီးနောက် မျက်လုံးလှန်ကြည့်လိုက်ရာ သူ၏ ရယ်သံက ရပ်တန့်သွားလေသည်။ သူ၏ ရှေ့တွင်ပင် ဓါးရိပ်များကို အဆုံးမဲ့သော ကျွင်းနက်ကြီးတစ်ခုက ဝါးမြိုနေသည်ကို တွေ့လိုက်ရလေသည်။ တခဏအတွင်းပင် ဓါးရိပ်များက အနည်းငယ်သာ ကျန်ရှိနေလေတော့သည်။
ထျန်းရှုဇီ၏ မယုံနိုင်ဖွယ် စွမ်းအားများက ဖျက်စီးခံလိုက်ရလေသည်။
၀ှိုက်တီကို ကြည့်နေသော ထျန်းရှုဇီ၏ မျက်၀န်းများက တုန်ယင်နေလေသည်။ သူ၏ တုန်လှုပ်မှုကို မထိန်းချုပ်နိုင်တော့ပဲ လက်ပင် မလှုပ်နိုင်အောင် ဖြစ်နေလေသည်။
“ဒီလို ကြောက်စရာကောင်းတဲ့ ရုပ်သေးက ဒီကမ္ဘာပေါ်ကို ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ…”
၀ှိုက်တီ၏ မျက်လုံးမှ အလင်းတန်းများက ဆက်လက်ထွက်ပေါ်နေပြီး သူ၏ လက်ထဲမှ သတ္တုဓါးကို ကျိုးပဲ့သွားစေလေသည်။ ဓါးကျိုးသံက လမ်းကြားလေးထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ထိုခဏတွင် အားလုံး၏ နှလုံးသားများ အေးစက်သွားကြလေသည်။
ထျန်းရှုဇီက သွေးတစ်လုပ် အန်လိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ ဝှိုက်တီ၏ စွမ်းအားများကိ ချေဖျက်လိုက်ရလေသည်။ သူ၏ သွေးအဆီအနှစ်များနှင့် ပြုလုပ်ထားသော စိတ်ဝိဥာဉ်လက်နတ်က သာမာန်ရုပ်သေးတစ်ရုပ်ဟု သူမှတ်ယူထားသော ဝှိုက်တီ၏ အသာအယာ ချိုးဖျက်မှု ကို ခံလိုက်ရလေသည်။ ထျန်းရှုဇီက သူ၏ အတွင်းအင်္ဂါများကို ဆွဲဖြုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
“ပြသနာကောင်… တစ်ခြားသူတွေကို ဥပမာပေးဖို့အတွက် မင်းရဲ့ အ၀တ်အစားတွေကို ချွတ်ပစ်ရမယ်…”
၀ှိုက်တီ၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသော်လည်း လုအုပ်ကြီးက နားမလည်ကြချေ။ လူကြားထဲတွင် ပုန်းအောင်းနေသော ၇ ယောက်မြောက်သခင်က အိမ်မက်ဆိုးကဲ့သို့ ရင်းနှီးနေသော အသံကို ကြားလိုက်ရသောကြောင့် သူ၏ ခန္ဒာကိုယ်က နတ်ပူးသကဲ့သို့ တုန်ခါနေလေသည်။
“နောက်တစ်ခေါက် … မဟုတ်သေးဘူး… အဲဒီစက်ရုပ်က သူများတွေရဲ့ အ၀တ်တွေကို ချွတ်ရတာကို နှစ်သက်တဲ့ နတ်ဆိုးပဲ…”
၀ှိုက်တီက လက်မြှောက်လိုက်ကာ အနည်းငယ် လှည့်ပတ်လိုက်ပြီး ဆန့်ထုတ်လိုက်သည်။ ထိုလက်က ထျန်းရှုဇီ၏ ခေါင်းပေါ်တွင် ရပ်တန့်နေလေသည်။
ကြည့်ရှုနေသော လူများအားလုံး၏ ဦးနှောက်များပင် အေးခဲသွားသည်ဟု ခံစားလိုက်ရလေသည်။ ထိုလက်ဖဝါးကို အားအနည်းငယ် စိုက်၍ ဖိချလိုက်သည်နှင့် ထျန်းရှုဇီ၏ ဦးနှောက်များ ထွက်ကျလာမည်ဖြစ်သည်။ ထျန်းရှုဇီ၏ ဦးခေါင်းက စိတ်ဝိဥာဉ်ဓါးထက် သန်မာလိမ့်မည်မဟုတ်ကြောင်း အားလုံးက တွေးမိလိုက်ကြလေသည်။ ဖြစ်ပေါ်လာသည့် မြင်ကွင်းက ကြည့်မြင်ရန် အလွန်ခက်သော်လည်း လူများ တွေးထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
ထျန်းရှုဇီ၏ ခန္ဒာကိုယ်ပေါ်သို့ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး သူ၏ ကိုယ်ပေါ်မှ ၀တ်ရုံကို သတ္တုလက်တစ်စုံက စုတ်ဖြဲပစ်လိုက်လေသည်။
“အိုး.. ဘုရားရေ… ဒီစက်ရုပ်က ဘာလုပ်ချင်နေတာလဲ… ထျန်းရှုဇီလို အဖိုးကြီးတစ်ယောက်ကိုတောင် အ၀တ်တွေ ချွတ်ပစ်တယ်ဆိုတော့…”
၇ ယောက်မြောက်သခင်၏ သွားများက တဂတ်ဂတ် ရိုက်ခတ်နေလေသည်။ သူက ထိုမြင်ကွင်းကို မြင့်တွေ့လိုခြင်းမရှိပေ။ သူ၏ နှလုံးသားထဲတွင် အလွန်နာကျင်နေလေသည်။
၀ှိုက်တီ၏ မျက်လုံးမှ အနီရောင် အလင်းတန်းများက ထျန်းရှုဇီ၏ ခန္ဒာကိုယ်ကို စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် လက်ကို လွှဲရမ်းလိုက်ပြီး ထျန်းရှုဇီကို ပစ်ထုတ်လိုက်လေသည်။ ပဲစေ့တစ်စေ့ကို ပစ်ထုတ်လိုက်သကဲ့သို့ ထျန်းရှုဇီ၏ ခန္ဒာကိုယ်က ခပ်လှမ်းလှမ်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်တထောင်းထောင်း ထသွားလေသည်။
နီယန်က မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ရီဇီလင်း၏ မျက်လုံးများ ရှေ့တွင် လက်နှင့် ကာလိုက်လေသည်။
“မင်းက ငယ်ငယ်လေး ရှိသေးတယ်.. ဒီမြင်ကွင်းမျိုးကို မကြည့်သင့်ဘူး….”
ဓါးမြ ၁၃ ဖော်က သူတို့၏ သွားများကို နာကျင်လာသည်အထိ အံကြိတ်လိုက်ကြပြီး အသက်ကို ခက်ခက်ခဲခဲ ရှူသွင်းလိုက်မိကြလေသည်။
“သေလိုက်စမ်း… ၇ ယောက်မြောက်သခင်ပြောတဲ့ အတိုင်း အတိအကျပဲ.. ဒီသံစက်ရုပ်က အ၀တ်အစားတွေ ချွတ်ရတာ ကြိုက်တဲ့ နတ်ဆိုးပဲ… သူကမင်းတို့ကို သတ်ပစ်မှာမဟုတ်ပဲ အ၀တ်အစားတွေကို ချွတ်ပစ်မှာပဲ…”
ထျန်းရှုဇီက မြေပြင်ပေါ်တွင် ကြိုးစား၍ ထရပ်လိုက်လေသည်။ လေပြင်းများ တိုက်ခတ်နေသောကြောင့် သူ၏ ဖွားဖက်တော်က အေးခဲ၍ ကြုံ့၀င်သွားလေသည်။ အိုမင်းလှသော သူ၏ မျက်နှာကလဲ ဖြူဖျော့နေလေသည်။ ကောင်းမွန်လှသော ဝိုင်ရနံ့၏ ဆွဲဆောင်မှုကြောင့် လုယူရန် ကြံစည်ခဲ့သော်လည်း သူ၏ အ၀တ်အစားများကို ချွတ်ပစ်ခံရပြီးနောက် ဝိုင်အကြောင်းကို မေ့သွားလေသည်။ သူ၏ ရှေ့မှ သံစက်ရုပ်၏ မျက်၀န်းများက ကြောက်မက်ဖွယ်ကောင်းလှပေသည်။
“ဒါကြောင့် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို စိုင်ပျိုးထားရဲတာပေါ့… သူတော်စင်အဆင့်ကိုတောင် လက်တစ်ဖက်ထဲနဲ့ အ၀တ်တွေ ချွတ်ပစ်နိုင်တဲ့ စက်ရုပ်… ဒါက တကယ်ကို ပဲ ကြောက်စရာကောင်းလွန်းတယ်…”
ထျန်းရှုဇီက အရှက်ရသွားပြီး ဤနေရာတွင်ပင် ဆက်မနေလိုတော့ပေ။သူက လက်တစ်ချက် ဝှေ့ရမ်းလိုက်ပြီး ဓါးရိပ်များကို ခေါ်ထုတ်လိုက်လေသည်။ ထို့နောက် လက်ညိုးဖြင့် တောက်လိုက်ရာ ဓါးရှည်များက သူ၏ ခန္ဒာကိုယ်အောက်ပိုင်းကို ၀န်းရံလိုက်ကြပြီး စကပ်တစ်ထည်ကဲ့သို့ ဖြစ်လာလေသည်။ ထိုအရာက လူများ၏ မြင်ကွင်းမှ အနည်းဆုံးကာကွယ်ထားနိုင်ပေသည်။
ရှောင်ယုက မှင်သက်သွားလေသည်။ လေဟာနယ် ဓါးဥယျာဉ်ခြံမှ အကြီးအကဲက မမျှော်လင့်ထားသော အခြေအနေကို ကောင်းစွာ ဖြေရှင်းလိုက်နိုင်လေသည်။
ခပ်ဖွဖွ ခြေသံနှင့်အတူ ပုဖန်၏ ပုံရိပ်က တံခါး၀တွင် ပေါ်ထွက်လာလေသည်။ သူက ခန္ဒာကိုယ်အောက်ပိုင်းကို ဓါးများနှင့် ကာရံထားပြီး အ၀တ်အစားမဲ့နေသော ထျန်းရှုဇီကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။ ထို့နောက် ဝှိုက်တီ၏ ၀မ်းဗိုက်ကို လက်နှင့် ခပ်သာသာပုတ်၍ ပြောလိုက်လေသည်။
“ငါဆိုင်က ပိတ်ထားပြီးပြီ.. အဲတော့.. မင်းတို့ ဝိုင်လိုချင်တယ်ဆိုရင် မနက်ဖြန် မနက်စောစော လာတန်းစီကျ… အဲ… ဝိုင်က အကန့်အသတ်နဲ့ ထုတ်တာဖြစ်လို့ အရင်လာတဲ့သူ အရင်ရမယ်…” ပုဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
၀ှိုက်တီက ဆိုင်ထဲသို့ ပြန်၀င်သွားလိုက်ပြီး မီးဖိုချောင်ထဲသို့ ၀င်သွားလေသည်။
ပုဖန်က ဆိုင်ရှေ့မှ ကြောင်အမှင်သက်နေသော လုအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဆိုင်တံခါးများကို ပိတ်လိုက်သည်။ ဆိုင်ပိတ်ပြီးချိန်တွင် သူ၏ မျက်ခွံများက မဖွင့်နိုင်လောက်အောင်ဖြစ်နေလေသည်။ ပုဖန်က တစ်ချက်သမ်းဝေလိုက်ရာ မွှေးပျံ့သော ဝိုင်ရနံ့က နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။ သူက အခန်းဆီသို့ ပြန်သွားလိုက်ပြီး ရေမိုးချိုးလိုက်ကာ အိပ်ယာပေါ်တွင် အိပ်မောကျသွားလေတော့သည်။
“ဝိုင်က အကန့်အသတ်နဲ့ပဲ ရှိတယ်.. အရင်လာတဲ့သူ အရင်ရမယ်…”
ထိုကြေညာသံက အားလုံး၏ အာရုံကို ဆွဲဆောင်ထားလေသည်။ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီး သူတို့က တူညီသော အတွေးကို တွေးနေကြလေသည်။
“ကြည့်ရတာ.. မနက်ဖြန် တစ်ရက်ထဲပဲ ဒီဝိုင်ကို ရနိုင်လိမ့်မယ်… ဒါဆိုအင်အားသုံးပြီး လုယူရင်ရော….”
ထျန်းရှုဇီ၏ ဖြစ်ပျက်သွားသော မြင်ကွင်းကို သူတို့ မျက်၀န်းထဲတွင် ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်လာကြလေသည်။ သူတို့က အရူးများ မဟုတ်ကြသောကြောင့် လူများကို အ၀တ်အစားချွတ်ရသည်ကို နှစ်သက်သော ဝှိုက်တီကို ရန်မစလိုကြချေ။
“သွားကြစို့ ဒီညအတွက် ပြပွဲက ပြီးသွားပြီ… ငါတို့ မနက်ဖြန်မှ ဒီကို စောစောလာပြီး ဝိုင်သောက်ကြမယ်…”
နီယန်က ရီဇီလင်း၏ လက်ကို ဆွဲ၍ ပြောလိုက်ပြီး လမ်းကြားလေးထဲမှ ထွက်ခွာသွားလေတော့သည်။