အပိုင်း ၂၀၁
Viewers 53k

အခန်း ၂၀၁ “မနေ့ညက ငါနည်းနည်း မူးသွားတယ်…”


ညကောင်းကင်ယံထက်တွင် တစ်ခုနှင့်တစ်ခု ထိစပ်နေသော လခြမ်းကွေးလေးနှစ်ခုက အလင်းရောင်များ ထုတ်လွှတ်နေလေသည်။ ထောင်ပေါင်းများစွာသော ကြယ်များကလဲ လနှစ်စင်း၏ ဘေးတွင် လင်းလက်နေလေသည်။ ဖြာကျနေသော အေးမြသည့် လအလင်းရောင်က ကမ္ဘာမြေကို ကုလားကာ တစ်ခုသဖွယ် လွှမ်းခြုံထားလေသည်။


အင်ပါယာမြို့တော်အတွင်းမှ ခမ်းနားကြီးကျယ်လှသော စံအိမ်တစ်ခုအတွင်းတွင် ကျောက်မူရှန်က ခြံ၀န်းထဲတွင် ရပ်နေလေသည်။ သူ၏ ပုခုံးပေါ်မှ ခြုံလွှာပေါ်သို့ လရောင်များ ဖြာကျနေလေသည်။ သူ့ကို စေ့စေ့ကြည့်နေသော မြွေမိန်းကလေးကို နူးညံ့သော မျက်နှာထား ကြင်နာတတ်ဟန် မျက်လုံးများနှင့် ကြည့်လိုက်သည်။ 


“မင်းက အင်ပါယာမြို့တော်ကို လာတာပိုင်ရှင်ပုကို လာရှာတာလား…” ကျောက်မူရှန်က နူးညံ့ချိုသာစွာ မေးလိုက်လေသည်။


ယုဖူ၏ စိုးရိမ်ထိတ်လန့်နေသော အမူအယာက ကျောက်မူရှန်၏ အပြုအမူကြောင့် ပြေလျော့သွားလေသည်။


“ဟုတ်ပါတယ်..” ယုဖူက ပြန်ဖြေလိုက်ပြီးနောက် သူမ၏ အမြီးကို လွှဲရမ်းလိုက်ပြီး ခန္ဒာကိုယ်ကို တွန့်ထားလိုက်သည်။


ကျောက်မူရှန်က နှုတ်ခမ်းတွန့်၍ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ကြင်နာသနားတတ်ဟန် အမူအယာလုပ်၍ ပြန်ပြောလိုက်သည်။


“မကြောက်ပါနဲ့ ငါက ပိုင်ရှင်ပုနဲ့ တော်တော်လေးရင်းနှီးပါတယ်… မင်းကို သူ့ဆီ ခေါ်သွားပေးမယ်….”


ယုဖူ၏ လှပသော မျက်၀န်းလေးများက ရုတ်တရက် တောက်ပလာလေသည်။ သူမက အင်ပါယာမြို့တော်ထဲတွင် အသိအကျွမ်း မရှိသောကြောင့် ပိုင်ရှင်ပု၏ ဆိုင်ကို ရှာဖွေရန် ခက်ခဲနေလေသည်။ သူမရှေ့မှလူသာ အမှန်အတို်င်းပြောနေခြင်း ဖြစ်ပါက အလွန်၀မ်းသာရမည်ဖြစ်သည်။ အကယ်၍ ပုဖန်၏ ဆိုင်ကိုသာ ရှာတွေ့ပါက သူမ၏ ဖခင်ကို ကူသနိုင်မည်ဖြစ်သည်။


“မြွေလူသားမျိုးနွယ်စုက အင်ပါယာမြို့တော်နဲ့ အဝေးကြီးပဲလေ.. ဟုတ်တယ်မလား… ဒီလောက်အဝြေကီးကိုလာတာက ပိုင်ရှင်ပုကို ရှာဖို့အတွက်ပဲလား…” ကျောက်မူရှန်က မေးမြန်းလိုက်သည်။


ထို့ကြောင့် ယုဖူက ဖြစ်ပျက်ခဲ့သည်များကို ထုတ်ပြောလိုက်လေသည်။


“တစ်ယောက်ယောက်လာပြီး ဒီမြွေအမျိုသမီးကို ချုပ်ထားလိုက် … အစောင့်သေသေချာချာ ချထား…”


“ဒီမြွေအမျိုးသမီးက ပုဖန်နဲ့ပတ်သတ်နေလိမ့်မယ်လို့ မထင်ထားဘူး… အံ့သြစရာကောင်းလိုက်တာ…” ကျောက်မူရှန်က အေးစက်စက် ရေရွတ်လိုက်လေသည်။


ပုံရိပ်နှစ်ခု ထွက်ပေါ်လာပြီး ယုဖူကို စံအိမ်ထဲထည့်၍ ပိတ်ထားလိုက်လေသည်။ 


မြွေလူသားများက လေအလင်းအင်ပါယာတွင် ပေါ်ထွက်လာလေ့ မရှိသောကြောင့် ကျောက်မူရှန်က စူးစမ်းလိုသဖြင့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူက ပိုင်ရှင်ပုနှင့် ပတ်သတ်သည့် သတင်းအချက်အလက် အနည်းငယ်ကို ရရှိလိုက်လေသည်။


“ပုဖန်က မြွေလူသားတွေနဲ့ ရင်းနှီးတာလား… ဒါဆိုရင် သူကရော ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေက လာတာလား… ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေမှာ အင်အားကြီး အဖွဲ့အစည်းဆိုရင်တော့ တိမ်ဖြူုစံအိမ်တစ်ခုပဲ ရှိတယ်.. ပုဖန်ကရောတိမ်ဖြူစံအိမ်က တပည့်တစ်ယောက်လား.. ဒီလိုဆိုရင်တောင် သူက အင်ပါယာမြို့တော်မှာ ဘာလို့ စားသောက်ဆိုင်လာဖွင့်တာလဲ….” ကျောက်မူရှန်က တွေးတောနေလေသည်။


ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲတွင် မဟာယာနကျွန်းက အင်အားအကြီးဆုံးဖြစ်ပြီး သူတို့နှင့် ယှဉ်ပြိုင်နိုင်သော ဂိုဏ်းမှာ ဝူလျန်တောင်မှ အာကာသအာနန် ဂိုဏ်းတစ်ခုသာ ရှိလေသည်။ ထို့ကြောင့် ကျောက်မူရှန်က လျို့ဝှက်ချက် တော်တော်များများကို သိနေလေသည်။ ထူးခြားဆန်းကျယ်လှသော တိမ်ဖြူစံအိမ်က အာကာသအာနန်ဂိုဏ်းနှင့်ပင် ယှဉ်နိုင်လေသည်။ ကျောက်မူရှန်က လက်နှစ်ဖက်ကို နောက်ပစ်၍ စံအိမ်ထဲတွင် လမ်းလျောက်နေလေသည်။


နောက်ဆုံးတွင် သူ၏ နှုတ်ခမ်းများ တွန့်ကွေးလိုက်ပြီး လက်ချောင်းတစ်ချောင်းကို လှုပ်ရှားလိုက်ရာ အမှောင်ထုထဲမှ ပုံရိပ်တစ်ခု ချက်ချင်းထွက်လာလေသည်။ ထိုသူက အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော ငယ်ရွယ်သည့် ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ သူ၏ ခေါင်းပေါ်တွင် ထူးခြားသော အနက်ရောင် မျဉ်းနှစ်ကြောင်းရှိပြီး ထိုထဲမှ တစ်ခုက ကင်းခြေများပုံစံရှိပြီး နဖူးမှ ဂုတ်ပိုးအထိ ရှည်လျားလေသည်။


“အကြီးအကဲ…”


ထိုဘုန်းကြီးငယ်လေးက ပြုံးလိုက်ရာရိုးသားဟန်ရသော အမူအယာက ထွက်ပေါ်လာလေသည်။ သူ၏နဖူးပေါ်တွင် ကင်းခြေများပုံသဏ္ဍာန် အမှတ်အသားသာ မရှိပါက ရိုးသားသော ဘုန်းကြီးငယ်တစ်ပါးဟု ယူဆရမည်ဖြစ်သည်။


“ရှန့်တဲ… မင်းက မဟာယာနကျွန်းက ငါ့တပည့်တွေထဲမှာ ကျင့်ကြံမှုအမြင့်ဆုံးပဲ…မနက်ဖြန်ကျရင် မင်းအတွက် တာ၀န် တစ်ခု ရှိတယ်… ပြီမြောက်အောင် ဆောင်ရွက်ခဲ့..” ကျောက်မူရှန်က လက်နှစ်ဖက်ကို နောက်ပစ်ထားရာမှ ဘုန်းကြီးငယ်လေးကို ပြောလိုက်သည်။  


“ပြောပါ အကြီးအကဲ တကယ်လို့ရှန့်တဲက အကြီးအကဲအတွက်ဆိုရင် သေတောင်သေရဲပါတယ်…” ဘုန်ကြီးငယ်လေးက ပြုံး၍ ပြန်ပြောလိုက်သည်။ 


ကျောက်မူရှန်၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးသွားလေသည်။ ထိုဘုန်းကြီးငယ်က မဟာယာနကျွန်းမှ ဂိုဏ်းသားတစ်ယောက်ဖြစ်သော်လည်း တစ်ချက်ပင် မတွန့်ပဲ လိမ်လည်နိုင်လေသည်။ 


“မနက်ဖြန် ဖန်ဖန်ဆိုင်ငယ်လေးကို သွားပြီးတော့.. မြွေလူသားမျိုးနွယ်တွေရဲ့ အကြောင်းကို စကားရှာပြောပြီး ပုဖန်ရဲ့ တုန့်ပြန်မှုကို စောင့်ကြည့်လာခဲ့…” ကျောက်မူရှန်က ညွှန်ကြားလိုက်သည်။


“ဖန်ဖန် ဆိုင်ငယ်လေး… ဒါက အခုတစ်လော ငါးလမ်းကြောင်းသိမြင်မှု သစ်ပင်စိုက်ထားတယ်လို့ နံမည်ကြီးနေတဲ့ ဆိုင်လား…” ရှန့်တဲက ပြန်ပြောလိုက်သည်။ 


ကျောက်မူရှန်က ခေါင်းညိမ့်လိုက်ရာ ရှန့်တဲ၏ မျက်၀န်းများက တောက်ပလာလေသည်။ သူ၏ တောက်ပနေသော မျက်၀န်းများထဲတွင် မရိုးသားမှုများနှင့် ပြည့်နှက်နေလေသည်။


“ဟီးဟီး… အကြီးအကဲ စောင့်ကြည့်လိုက်ပါ.. ဒီရှန့်တဲက အဲဒီဆိုင်လေးကို သွားပြီး ရပ်တန့်ပစ်လိုက်မယ်… ငါက အဲဆိုင်ကို ကိုယ်တိုင်သွားကြည့်ဖို့ လုပ်နေတာ…. ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က တကယ့်ကိုရတနာ တစ်ပါးပဲလေ…”


“မင်းက ပိုင်ရှင်ပုရဲ့ တုန့်ပြန်မှုကို ကြည့်ရုံပဲ အကြောင်းမဲ့တိုက်ခိုက်လို့မရဘူး… ဒါကို သတိရပါ…” ကျောက်မူရှန်က သတိပေးလိုက်သည်။


ဘုန်းကြီးငယ်က ပြုံးလိုက်ပြီးနောက် အနောက်သို့ လှည့်၍ ခြံ၀န်းထဲမှ ထွက်ခွာသွားလေသည်။ 


ကျောက်မူရှန်က ရှန့်တဲ၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ တိတ်တဆိတ် စောင့်ကြည့်နေလေသည်။ သူ၏ အတွေးများကို မည်သူကမျှ ခန့်မှန်းနိုင်ခြင်း မရှိချေ။ 


…….


တည်းခိုခန်းတစ်ခု၏ အခန်းတစ်ခုထဲတွင် ဝူယွမ်ပိုင်က ခြေချိတ်ထိုင်နေလေသည်။ 


“သူတော်စင်အဆင့် အုပ်စုပြန်လာကြပြီ… သူတို့ ဝိုင်မသောက်ခဲ့ရတာ သိသာတယ်….”


ပြတင်းပေါကအနီးတွင် ထိုင်နေသော မာစတာအားဝူက လမ်းမထက်တွင် ပြေးလွှားနေသော သူတော်စင်အဆင့်များကို တွေ့လိုက်ရသောကြောင့် အံ့အားတသင့်နှင့် ဝူယွမ်ပိုင်ကို သတင်းပေးလိုက်သည်။


၀ူယွမ်ပိုင်က ခေါင်းတစ်ချက်သာ ငြိမ့်၍ တုံ့ပြန်လိုက်သည်။ သူမကလည်း ဝိုင်၏ မွှေးရနံ့နောက်သို့လိုက်ပါသွားခဲ့လေသည်။ သို့သော် သူတော်စင်အဆင့်များနှင့် အတိုက်အခံ မပြုလုပ်လိုသောကြောင့် စောစီးစွာ ပြန်လာခဲ့ခြင်း ဖြစ်သည်။


ယနေ့ အင်ပါယာမြို့တော်က များစွာ ပြောင်းလဲနေပြီင်္း အင်အားကြီးစစ်သည်တော်များနှင့် ပြည့်နှက်နေသည်။ သူမက တိမ်ဖြူစံအိမ်မှ လူအနည်းငယ်သာ ခေါ်လာသောကြောင့် သူမ၏ လွှမ်းမိုးနိုင်စွမ်းက အကန့်အသတ် ရှိနေလေသည်။ ထို့ကြောင့် သူမက မည်သည့် စွန့်စားမှုမျိုးကပိုမျှ မပြုလုပ်လိုပေ။


နောက်တစ်နေ့တွင် သူမက ပုဖန်ကို သွားရောက်ရှာဖွေ၍ ရေခဲဝိဥာဉ် ဧကရာဇ် ကြာပန်းကို တောင်းရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ကြာပန်း၏ အကူအညီနှင့် သူမကသူတော်စင်အဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်ပေလိမ့်မည်။ ထိုနည်းလမ်းဖြင့် အင်ပါယာမြို့တော်အတွင်းတွင် သူမ၏ လွှမ်းမိုးနိုင်စွမ်းက ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။ ထို့နောက် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ရရှိရန် အတွက် သူတော်စင်အဆင့်များနှင့် ပူးပေါင်းပါ၀င်နိုင်မည်ဖြစ်သည်။


“အိုး… ဘုရားရေ… မိန်းကလေး လရောင်အောက်မှာ ၀တ်စလစ်နဲ့ သူတော်စင်အဆင့်တစ်ယောက် လမ်းလျှောက်နေတယ်… အင်ပါယာမြို့တော်က သူတော်စင်အဆင့်တွေက အရှက်မရှိတော့ဘူးလား… ၀တ်စလစ်နဲ့တောင် လမ်းမပေါ်မှ လမ်းလျောက်နေတယ်…” မာစတာ အားဝူက အံ့အားတသင့် ရေရွတ်လိုက်လေသည်။ 


မျက်လုံးမှိတ်ထားသော ဝူယွမ်ပိုင်၏ မျက်နှာအမူအယာက အစိမ်းရောင်သမ်းလာလေသည်။


“ငါဒီမှာ ကျင့်စဉ်တိုးတက်အောင် လေ့ကျင့်နေတာလေ… ဘယ်လိလိုဖြစ်လို့ အလန့်တကြား ထအော်နေတာလဲ… အနှောက်အယှက် မပေးပါနဲ့ … ဒါက အ၀တ်မပါတဲ့ သူတော်စင်အဆင့် တစ်ယောက်ပဲလေ…” ဝူယွမ်ပိုင်က မြင်ကွင်းကို ပုံဖော်ကြည့်၍ ပြန်ပြောလိုက်သည်။


အင်ပါယာနန်းတော်၏ အဓိကခန်းမကြီးထဲတွင် တောက်ပလှသော နဂါးပနလ္လင်ထက်တွင် ထိုင်နေသော ဂျိချန်းရွဲ့က မျက်ခုံးများ ကြုံ့ထားလေသည်။ သူက အင်ပါယာမြို့တော်အတွင်းတွင် အင်ပါယာအဆင့်များ များပြားလာသည်ကို သိရှိထားသော်လည်း အကူအညီ မဲ့စွာနှင့် ဘာတစ်ခုမျှ စီမံခန့်ခွဲနိုင်ခြင်း မရှိပေ။ သူ၏ ပလ္လင်အောက်မှ မိန်းမစိုးတစ်ယောက် လျောက်တင်လာသော စကားများကို နားထောင်၍ ပြုံးလိုက်မိလေသည်။


“ပိုင်ရှင်ပုရဲ့ နည်းဗျူဟာက မဆိုးဘူး… သူတော်စင်အဆင့်တွေ အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်ဆိ်ုတော့ အင်ပါယာမြို့တော်လဲ အသက်ရှုပေါက် နည်းနည်း ရသွားတာပေါ့… အဲဒီသူတော်စင်အဆင့်တွေ အကုန်လုံးက တော်တော်ကြောက်စရာကောင်းပြီးတော့ မြို့တော်အနေနဲ့တောင် သူတို့ကို ထိန်းချုပ်ဖို့ မလွယ်ဘူး….”


“အင်း… ငါလဲ မနက်ဖြန်ရမယ့် ပိုင်ရှင်ပုရဲ့ ဝိုင်အသစ်ကို မျှော်လင့်နေမိတယ်… အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ထက် ကောင်းတဲ့ဝိုင်… အင်း… ငါ့ရဲ့ နှလုံးသားတောင် တုန်လှုပ်နေမိတယ်….” ဂျိချန်းရွဲ့က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။


သူက သက်ပြင်းတစ်ချက်ချ၍ နဂါးပလ္လင်မှ ဆင်းသက်လိုက်သည်။ ထို့နောက် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး နောက်ပြန်လှည့်လိုက်ကာ မိန်းမစိုးကို မေးမြန်းလိုက်သည်။ 


“မကောင်းဆိုးဝါး စားဖိုမှုးရော ဘာတွေလုပ်နေလဲ… သတိပြုစရာ ဘာရှိသေးလဲ…”


“အရှင်မင်းကြီးကို လျောက်တင်ပါတယ်… မကောင်းဆိုးဝါး စားဖိုမှုးက တစ်လလုံး အေးအေးဆေးဆေးပဲ အခန်းအောင်းနေပါတယ်… သူက အရှင်မင်းကြီး ပြင်ဆင်ထားတဲ့ နေရာမှာပဲ နေပြီးတော့ ထူးဆန်းတာ ဘာမှ မလုပ်ပါဘူး…” မိန်းမစိုးက ခေါင်းငုံ့၍ ပြန်လျောက်တင်လိုက်သည်။


ဂျိချန်းရွဲ့က ခေါင်းတစ်ချက် ငြိမ့်လိုက်မိသည်။ သူက မကောင်းဆိုးဝါးစားဖိုမှုး ၀မ့်တင်းကို အလွန်အမင်း ဒေါသထွက်နေလေသည်။ သူ၏ သတင်းဖြန့်လိုက်မှုကြောင့် မဟုတ်ပါက အင်ပါယာမြို့တော်က အကြပ်အတည်း ကျရောက်လာမည် မဟုတ်ချေ။ ထို့နောက် သူတော်စင်အဆင့်များနှင့် မြို့တည်ထောင်ခြင်း အကြောင်းကိုလည်း ပြောခဲ့လေသည်။


“သူတို့ကို ဆက်ပြီးတော့ ထောက်လှန်းထား… ပြီးတော့ မနက်ဖြန်ကျရင် ငါကိုယ်တော်ကို ကူညီ ပြင်ဆင်ပေးဦး… မနက်ဖြန်ကျရင် ငါကိုယ်တော် အပြင်ထွက်မလို့…”


မိန်းမစိုးက အံံအားသင့်ဟန်နှင့် မော့ကြည့်လိုက်လေသည်။ 


နောက်တစ်နေံမနက်တွင် နေမင်းက မိုးကုတ်စက်ဝိုင်းအစွန်းမှ ထွက်ပေါ်လာလေသည်။ 


ပုဖန်က လေးလံနေသော မျက်ခွံများကို ဖွင့်လိုက်ပြီး အိပ်ယာထက်မှာငေါက်ခနဲ ထထိုင်လိုက်လေသည်။ သူ၏ မျက်နှာက သက်တောင့်သက်သာ ရှိပုံရပြီး အံ့အားသင့်နေဟန် ဖြစ်နေလေသည်။ 


“မနေ့ညက ဘာဖြစ်သွားတာလဲ… ကြည့်ရတာ မနေ့ညက တစ်ခုခုဖြစ်ခဲ့သလိုပဲ… အိုး… ဟုတ်ပြီ.. ငါမနေ့ညက နည်းနည်း သောက်ခဲ့တာပဲ… ပြီးတော့ အားလုံးက မှုန်ဝါးဝါး ပဲ…..”


ပုဖန်က တတွတ်တွတ် ရေရွတ်လိုက်ပြီး အိပ်ယာထက်မှ ထရပ်လိုက်ကာ သန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက် အသားလွှာထွင်းထုခြင်းနှင့် ဖြတ်တောက်ခြင်း နည်းပညာများကို လေ့ကျင့်လိုက်သည်။


နှင်းခါးမီးတောက် သိမြင်မှုဝိုင်နှစ်ခွက် သောက်ခဲ့ပြီးနောက် ပုဖန်က မူးယစ်ရီဝေနေပြီး အရာရာကို မှုန်ဝါးဝါးသာ မှတ်မိနေလေသည်။ သို့သော်ဝှိုက်တီက တစ်စုံတစ်ယောက်က အ၀တ်ချွတ်လိုက်သည်ကို မှတ်မိသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း မမှတ်မိတော့ပေ။ ပုဖန်က မမှတ်မိသည်များကို မစဉ်းစားတော့ပဲ လက်ထဲမှ ဓါးကို ပြန်သိမ်းလိုက်လေသည်။ ထို့နောက် ၀က်နံရိုး ချိုချဉ်ကြော်ကို စတင်ချက်ပြုတ်လိုက်လေသည်။


ဆိုင်၏ တံခါးရွက်များကို ဖွင့်လိုက်သည်နှင့် အေးစက်သော လေများက ပုဖန်ကို တိုးဝှေ့ကျီဆယ်သွားလေသည်။ နွေဦးပွဲတော် ပြီးမြောက်သွားသည်မှာ တစ်လကျော် ကြာခဲ့ပြီ ဖြစ်သောကြောင့် ရာသီဥတုက အနည်းငယ် နွေးထွေးလာခဲ့ပြီဖြစ်သည်။ 


ပုဖန်က ဆိုင်တံခါးဖွင့်ပြီးနောက် ၀က်နံရိုးချိုချဉ်ကြော် ပန်းကန်ကို ဘလက်ကီ၏ ရှေ့တွင် ချပေးလိုက်သည်။ ထို့နောက် ဘလက်ကီ၏ နူးညံ့သော အမွှေးများကိုအနည်းငယ် ပွတ်သပ်ပေးလိုက်ပြီး ဆိုင်ထဲသို့ ပြန်၀င်ရန် ပြင်လိုက်လေသည်။ ထိုအချိန်တွင် လမ်းကြားလေးထဲမှ ခြေသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။


ပုဖန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး လှည့်ကြည့်လိုက်ရာ ဆိုင်သို့ လမ်းလျောက်လာသော လူအုပ်ကြီးကို တွေ့လိုက်ရလေသည်။ ထိုလူအုပ်ကြီး၏ ရှေ့ဆုံးတွင် တောင့်တင်းသန်မာလှသော လူ ၁၃ ယောက်ရှိနေလေသည်။ ထိုသူများ၏ အလယ်တွင် ဖျော့တော့နေသော မျက်နှာနှင့် လူတစ်ယောက်လဲ ပါနေလေသည်။ ထို ၁၃ ယောက်၏ နောက်တွင် တောင့်တင်းသန်မာသော ကွမ်းညီအကို သုံးယောက် ရှိနေလေသည်။ ကျန်လူများကို ပုဖန်က မမှတ်မိချေ။ သို့သော် ထိုသူတို့၏ စွမ်းအင်အဆင့်က အလွန်မြင့်မားလှပေသည်။


ပုဖန်၏ စူးရှထက်မြသော အကြည့်က လူအုပ်ကြီးနောက်မှ ဖက်တီးဂျင်တို့ ထံသို့ ရောက်ရှိသွားလေသည်။ သူတို့က အခြေအနေကို အံ့အားသင့်နေဟန် ဖြစ်နေလေသည်။


“မနက်အစောကြီးပဲ ရှိသေးတယ်… ဘယ်လိုဖြစ်ပြီး အင်အားကြီး စစ်သည်တွေ ပေါ်လာတာလဲ… ငါတို့က မနက်စာလေးတောင် အေးအေးချမ်းချမ်း စားလို့ မရတော့ဘူးလား…”