အခန်း ၂၀၂ “မင်း၀ယ်၀ယ် မ၀ယ်၀ယ် ဝိုင်က ရှိနေမှာပဲ…”
ထိုလူစု၏ အစစ်အမှန်းစွမ်းအင်များက မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်ကြပြီး မျက်နှာများက တင်းမာနေကြသောကြောင့် ဖက်တီးဂျင်နှင့် အပေါင်းအသင်များက အနိုင်ကျင့်ခံရသော မိန်းမပျိုလေးများကဲ့သို့ ခန္ဒာကိုယ်ကို ကြုံ့ထားလေသည်။ အင်အားခြင်း မယှဉ်နိုင်သောကြောင့် သူတို့က အနှောက်အယှက် မပြုရဲပဲ ခါးသီးစွာနှင့် တိတ်ဆိတ်နေကြလေသည်။
ပုဖန်က တွေးတောလိုက်မိသည်။ ထိုလုပ်အုပ်ကြီးက နှင်းခါးမီးတောက် သိမြင်မှုဝိုင်ကို သောက်သုံးလိုသောကြောင့် စောစီးစွာ လာရောက်ကြခြင်း ဖြစ်နိုင်ပေသည်။ မနေ့ညက သူပြောခဲ့သော အရင်လာလျင် အရင်ရမည်ဟူသည့်စကားကို မှတ်မိသော်လည်း ထိုသူတို့ ရောက်လာချိန်က အလွန်စောနေလေသည်။
“မင်္ဂလာ မနက်ခင်းပါ ပိုင်ရှင်ပု…ငါတို့ အခု ဝိုင်၀ယ်လို့ ရပြီလား…” ကွမ်းကျန့်က ခေါင်းကုတ်လိုက်ပြီး ပုဖန်ကို မျက်လုံးတောက်တောက်များနှင့် ကြည့်၍ မေးလိုက်သည်။
ယမနေ့ညက သူတော်စင်အဆင့်များကိုပင် တိုက်ခိုက်လွှတ်လိုက်သည်ကို မြင်ခဲ့ရသောကြောင့် ကွမ်းညီအကို သုံးယောက်က ဆူဆူညံညံ မပြုလုပ်ရဲကြချေ။ ဝိုင်က အလွန် အရသာရှိမည်ကို သိနေသောကြောင့် သူတော်စင်အဆင့်များထက် စောစီးစွာ ရရှိနိုင်ရန် မနက် အစောကြီး ထလာကြခြင်း ဖြစ်သည်။
“ဟေ့… ငါက မင်းကို အရင်၀ယ်ခွင့်ပြုမယ်လို့ ပြောလို့လား…”
ဓါးမြ ၁၃ ဖော်က ကွမ်းလူရိုင်းညီအကို သုံးယောက်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုသူတို့၏ သိုင်းအဆင့်က အင်ပါယာအဆင့် အထွတ်အထိပ်များ ဖြစ်ကြပြီး သူတို့ထဲမှ တစ်ယောက်ကပင် ကွမ်းလူရိုင်းညီအကို သုံးယောက်ကို ရင်ဆိုင်နိုင်ပေသည်။ သူတို့၏ ရိုးရှင်းသော အပြုအမူနှင့်ပင် ကွမ်းညီအကို သုံးယောက်ကို မလှန်နိင်အောင် ဖိနှိပ်ထားလေသည်။
ကွမ်းညီအကို သုံးယောက်က ဒေါသထွက်သွားသော်လည်း သူတို့ရှေကမှ လူများကို မယှဉ်နိုင်သောကြောင့် ဒေါသများကို တိတ်တဆိတ် မြိုချလိုက်လေသည်။
“ပိုင်ရှင်ပု.. ငါက မိုကျိုးက ဟူရီဖန်ပါ မနေ့ညက ပိုင်ရှင်ပုရဲ့ ဆိုင်က ဝိုင်နံ့ကိုရပြီးတော့ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး… ဒါကြောင့် ငါ့ညီအကိုတွေကို ခေါ်ပြီး မနက်အစောကြီး လာ၀ယ်တာပါ… ပိုင်ရှင်ပုက ရောင်းပေးမယ်လို့ မျှော်လင့်ပါတယ်…” မိုကျိုးဓါးမြ ၁၃ ယောက်၏ အကြီးအကဲ ဟူးရီဖန်က အပြုံးလေးနှင့် ပြောလိုက်သည်။
မိုကျိုးဓါးမြ ၁၃ ယောက်ထဲတွင် အကြီးဆုံးဖြစ်သော ဟူးရီဖန်က ကောင်းစွာ ပြောဆိုတတ်ပြီး ကျန်သော ညီအကို ၁၂ ယောက်က သန်မာသည် အုတ်ခဲများသာ ဖြစ်သည်။
ပုဖန်က အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး ဆိုင်ရှေ့သို့ လျောက်သွားလိုက်ကာ ကြေညာလိုက်သည်။
“တန်းစီကြပါ… ဝိုင်ကို စနစ်တကျ တန်းစီပြီးတော့ ၀ယ်ယူဖို့ စောင့်ဆိုင်းပေးကြပါ…”
“တန်းစီရမယ်…” မိုကျိုးဓါးမြ၁၃ ယောက်က အံ့အားသင့်သွားကြလေသည်။
“ပစ္စည်းတစ်ခုကို ၀ယ်ဖို့ တန်းစီဖို့ လိုတာလား…”
မိုကျိုးဓါးမြ ၁၃ ယောက်က လုယက်ခြင်း တိုက်ခိုက်ခြင်းများကိုသာ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ပုဖန်က တန်းစီရန် ညွှန်ကြားလိုက်သောအခါ ထိုစကားလုံးက သူတို့စိတ်ထဲတွင် ရင်းနှီးနေခြင်းမရှိပဲ ဖြစ်နေလေသည်။
“ကဲ ညီအကိုတို့ ငါတို့ စီနီယာအတိုင်း မြန်မြန်လေး တန်းစီလိုက်ကြရအောင်…” ဟူရီဖန်က ပြောလိုက်ပြီး ဆိုင်ပေါက်၀သို့ ခပ်မြန်မြန် သွား၍ တန်းစီလိုက်သည်။ သူ့နောက်မှ ဒုတိယညီအကို တတိယညီအကို စသဖြင့် ဆက်လက်တန်းစီလိုက်ကြသည်။
ပုဖန်က ဆိုင်ထဲသို့ ပြန်လှည့်၀င်လိုက်ချိန်တွင် စနစ်၏ အသံက ခေါင်းထဲတွင် ထွက်ပေါ်လာလေသည်။
“နှင်းခါးမီးတောက် သိမြင်မှု ဝိုင်အတွက် စျေးနှုန်းကို တွက်ချက်လို့ ပြီးပါပြီ…နောက်ဆုံး ရောင်းချရမယ့် စျေးနှုန်းက တစ်ခွက်ကို သလင်းကျောက် 500 ပါ…”
ပုဖန်၏ ခန္ဒာကိုယ်က တောင့်ခဲသွားပြီး လေအေးများ ရှူရှိုက်လိုက်မိသည်။
“အိုး… တစ်ခွက်ကို သလင်းကျောက် 500 … သေစမ်း.. ဒါက မတရားကို စျေးကြီးလွန်းတယ်… ဒါပေမယ့်… ငါကြိုက်တယ်…” ပုဖန်က သူ၏ နှုတ်ခမ်းထောင့်များကို တွန့်ကွေး၏ တွေးလိုက်ပြီး မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်သည်။
ဟူရီဖန်က ဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် ဆန်းကျယ်လှသော စွမ်းအင်လှိုင်းများက သူ့ကို ၀န်းရံလာသည်ဟု ခံစားလိုက်ရသည်။ ထိုစွမ်းအင်လှိုင်းများကြောင့် သူ၏ မျက်၀န်းများပင် တောက်ပလာလေသည်။ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်၏ စွမ်းအင်လှိုင်းများက ကျင့်ကြံသူများကို တိုးတက်စေလေသည်။ သူက ဆိုင်ထဲသို့ မျက်လုံးဝေ့၍ ရှာလိုက်ရာ ဆိုင်ထောင့်မှ မြေ၀ါရောင် ပန်းအိုးအတွင်းမှ အပင်ငယ်လေးကို တွေ့လိုက်ရလေသည်။
သစ်ပင်လေးက လူတစ်ယောက်၏ ပျမ်းပျအရွယ်အစားသို့ပင် ရောက်ရှိနေပြီး အကိုင်းအခက်များ ထွက်ပေါ်နေကာ အစိမ်းရောင် ရွက်သစ်လေးပင် ရှိနေလေသည်။ သိပ်သည်းလှသော ဝိဥာဉ်စွမ်းအင်လှိုင်းများနှင့် ထူးဆန်းလှသော သိမြင်မှု သဘောတရာများက ထိုအပင်လေးမှ ထွက်ပေါ်နေလေသည်။
“ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ရဲ့ ကျော်ကြားမှုက ကောလဟာလ သပ်သပ် မဟုတ်ဘူးပဲ… တကယ်လို့ ငါသာ အဲဒီအပင်လေးကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် အပင်အောက်မှာ ကျင့်ကြံလိုက်တာနဲ့ အချိန်တိုအတွင်း သူတော်စင်အဆင့်ကို ချိုးဖျက်တက်ရောက်နိုင်လိမ့်မယ်…”
ဟူးရီဖန်က တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် လောဘရောင်များ လင်းလက်လာလေသည်။ ထိုအချိန်တွင် သူ၏ နှလုံးသားထဲ၌ သူခိုးတစ်ယောက်၏ အမူအကျင့်များ ဖြစ်ပေါ်လာလေသည်။ သို့သော် ပုဖန်၏ ကြောက်မက်ဖွယ်ကောင်းသော စက်ရုပ်အကြောင်းကိုတွေးလိုက်မိပြီး ထိုသို့ မလုပ်ရန် တွေးလိုက်မိသည်။
“ကြောက်စရာကောင်းတဲ့ စက်ရုပ်ရှိနေတယ်….”
ထိုစက်ရုပ်က သူတော်စင်အဆင့်များကိုပင် အနိုင်ယူုနိုင်သော စက်ရုပ်ဖြစ်သည်။ သူက အင်ပါယာအဆင့် အထွတ်အထိပ်သာ ရှိသေးသောကြောင့် ထိုစက်ရုပ်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ ထို့ကြောင့် အ၀တ်ချွတ်ခံရပြီး ကိုယ့်အရှက်ကိုယ်ခွဲရမည့် လမ်းကြောင်းဖြစ်ကြောင်း တွေးလိုက်ကာ စိတ်လျော့လိုက်သည်။
ပုဖန်က ကျောက်စိမ်းဖြူစိုင်အိုးကို ကိုင်၍ တည်ကြည်လှသော မျက်နှာထားနှင့် ဆိုင်ထဲမှ ထွက်လာလေသည်။ သူက ဖြူပြာရောင် ကြွေခွက်အနည်းငယ်ကို စားပွဲပေါ်တင်လိုက်ပြီး ဝါးပြွန်ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် အဖြူရောင် ကျောက်စိမ်းဝိုင်အိုးကို အနည်းငယ် ဖောက်လိုက်လေသည်။
ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို အာရုံစိုက်နေသော ဟူရီဖန်က အကြည့်လွှဲလိုက်ပြီး ပုဖန်ကို ကြည့်လိုက်လေသည်။
“ဒါက မင်းတို့ ၀ယ်ချင်နေတဲ့ ဝိုင်ပဲ… နှင်းခါးမီးတောက် သိမြင်မှု ဝိုင်လို့ ခေါ်တယ်..” ပုဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ပုဖန်က ကြော်ညာလိုက်ပြီးသည်နှင့် ကျောက်စိမ်းဖြူဝိုင်အိုး၏ အဖုံးကိုဖွင့်လိုက်လေသည်။ ပြင်းထန်လှသော ဝိုင်ရနံ့က ဆိုင်အတွင်း လှည့်လည်နေပြီး လမ်းကြားလေးတစ်ခုလုံးကို ချက်ချင်းပင် ပြည့်နှက်သွားလေသည်။ ထို့နောက် ရနံ့များက ဆက်လက် ပျံ့နှံ့သွားလေသည်။
ကွမ်းညီအကို သုံးယောက်က ဝိုင်၏ ရနံ့ကို ရလိုက်သည်နှင့် သားရေများ စီးကျလာလေသည်။ ဝိုင်၏ ရနံ့က ဆွဲဆောင်နိုင်စွမ်း မြင့်မားလှပေသည်။
ဟူရီဖန်၏ မျက်၀န်းများက တောက်ပလင်းလက်နေပြီး ဝိုင်အိုးကို တောက်ပလင်းလက်နေသည့် မျက်၀န်းများနှင့် ကြည့်နေလေသည်။ သိုင်းသမားများက ဝိုင်ချစ်သူများပင် ဖြစ်ကြသည်. ဝိုင်သောက်လိုက်ခြင်းက သူတို့၏ စိတ်ဓာတ်များကို မြှင့်တင်ပေးနိုင်လေသည်။
“ဝိုင်ကောင်းပဲ… ဒီမွှေးရနံ့က မယုံနိုင်စရာကောင်းလွန်းတယ်…” ဟူရီဖန်၏ မျက်နှာက တုန်လှုပ်နေပြီး စိတ်လိုလက်ရ ချီးမွန်းလိုက်သည်။
ပုဖန်က ထိုချီးမွန်းမှုကို သာမာန်သာ တုံ့ပြန်လိုက်သည်။ ထိုဝိုင်ထုတ်လုပ်ရန် သူ၏ အစစ်အမှန် စွမ်းအင်များကို ကုန်ဆုံးလုလုထိ သုံးစွဲခဲ့ရပြီး နောက်ဆုံးမှသာ ကောင်းမွန်သော ဝိုင်ကို ရရှိလာခြင်း ဖြစ်သည်။
“မီနူးက မင်းရဲ့နောက်မှာရှိ်တယ်… အဲဒီမှာ ဝိုင်ရဲ့ စျေးနှုန်းကို ရေးထားတယ်… ကြည့်လိုက်…” ပုဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မလိုပါဘူး.. ပိုင်ရှင်ပု… ငါဒီဝိုင်တစ်အိုး ၀ယ်ချင်တယ်….” ဟူရီဖန်က လက်ကို ဝှေ့ရမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။
ပုဖန်က မျက်နှာသေဖြင့်ပင် ဟူရီဖန်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။
“မင်းတတ်နိုင်မှာမဟုတ်ဘူး…”
“ဟမ်… ငါတတ်နိုင်မှာမဟုတ်ဘူး….” ဟူရီဖန်က သံယောင်လိုက်ပြောလိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်။
“ပိုင်ရှင်ပု.. ငါ့ကို အထင်မသေးပါနဲ့ ငါက ရွှေဇွန်းကိုက်ပြီး မွှေးလာတဲ့ သူဌေးသားတစ်ယောက် မဟုတ်ပေမယ့် ဝိုင်တစ်အိုးလောက်တော့၀ယ်နိုင်ပါတယ်…”
ထိုဝိုင်၏ မွှေးရနံ့က မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်လှသော်လည်း ဝိုင်တစ်အိုးသာ ဖြစ်လေသည်။ ဘယ်လောက်စျေးကြီးသည့် ဝိုင်ပင် ဖြစ်စေကာမူ ဟူရီဖန်က တစက္ကန့်ပင် မတွေးတောပဲ ၀ယ်ယူလိုက်မည်ဖြစ်သည်။
“စျေးနှုန်းက မင်းရဲ့နောက်မှာလေ… စကားတွေအများကြီးပြောမနေပဲ လှည့်ကြည့်လိုက်…” ပုဖန်က မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
ဟူရီဖန်က မကျေမနပ်နှင့် မျက်မှောင်ကြုံ့လိုက်မိသည်။
“ဒါက ဝိုင်တစ်အိုးပဲလေ.. ဘာလို့ ထပ်ခါ ထပ်ခါ ပြောနေတာလဲ…”
ဟူရီဖန်က ပုဖန်စကား၏ အဓိပ္ပါယ်ကို နာမလည်သော်လည်း အငြင်းအခုန် မလုပ်တော့ပဲ မီနူးကို လှည့်ကြည့်လိုက်သည်။ သူ၏ မျက်၀န်းများက ချက်ချင်းပင် ပြူးကျယ်လာလေသည်။ ထိုမီနူးပေါ်မှ စျေးနှုန်းများက အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သက်စောင့်ဆေးများပင် ထိုမျှ စျေးကြီးလိမ့်မည်မဟုတ်ကြောင်း သူက ခံစားလိုက်ရလေသည်။
“ဝိုင်က ဘယ်မှာလဲ… အေးခဲကျောက်စိမ်းနှလုံးသားဝိုင်… မဟုတ်ဘူး… အဲဒါမဟုတ်ဘူး… နှင်းခဲမီးတောက် သိမြင်မှုဝိုင်… ဟုတ်တယ်… အဲဒါပဲ…” ဟူရီဖန်က မီနူးကို အလျင်အမြန် ကြည့်၍ နှင်းခဲမီးတောက် သိမြင်မှု ဝိုင်ကို ရှာဖွေလိုက်လေသည်။
၀ိုင်၏ အမည်ကို တွေ့သည်နှင့် သူက စျေးနှုန်းကို အလောတကြီး ကြည့်လိုက်လေသည်။ နှင်းခဲမီးတောက်သိမြင်မှု ဝိုင်၏ စျေးနှုန်းကို မြင်လိုက်ရချိန်တွင် သူ၏ မျက်၀န်းများက သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်ဝိုင်းစက်လာလေသည်။
“နှင်းခဲမီးတောက် သိမြင်မှုဝိုင်… တစ်ခွက်ကို သလင်းကျောက်500… တစ်ခွက်ကို … သလင်းကျောက် 500 … သလင်းကျောက်… ဒါ.. ဒါက လုယက်နေတာပဲ…” ဟူရီဖန်၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်သွာေးလသည်။
“မင်းက ဒီလို နည်းလမ်းနဲ့ စီးပွားရှာတာလား…. ဒါက ခြိမ်းခြောက်ပြီး ငွေညှစ်နေတာပဲ…” မိုကျိုးဓါးမြ ၁၃ ဖော်ပင်လျှင် ငွေညှစ်သည့်အချိန်တွင် ထိုကဲ့သို့သော လှည့်ကွက်မျိုးကို အသုံးပြုခြင်း မရှိပေ။
ပုဖန်က သူ့ကို တစ်ချက်ကြည့်၍ ခေါင်းည်ိမ့်ပြလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
“ဟုတ်တယ် တစ်ခွက်ကို သလင်းကျောက် 500 ပါ ဒီစျေးနှုန်းက သင့်တင့်မျှတပါတယ်… ငါက လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ဒီစျေးနှုန်းနဲ့ပဲ မျှမျှတတ ရောင်းပါတယ်…”
ဟူရီဖန်က သူ၏ နှလုံးသားကို မမြင်နိုင်သော မြှားတစ်စင်း လာစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
“မျှတတဲ့ စျေးနှုန်း.. အကိုကြီး ငါက ပညာ မတတ်ပါဘူး.. ငါ့ကိ်ု အရုပ်တစ်ရုပ်လို မကစားပါနဲ့…”
ဟူရီဖန်၏ မျက်နှာက မဲမှောင်နေလေသည်။ ထိုစျေးနှုန်းက မတန်တဆ ဖြစ်နေလေသည်။ မိုကျိုးမြို့က ဆင်းရဲသောကြောင့် သူတို့ ဓါးမြ ၁၃ ယောက်ပင် ထိုမျှပမာဏကို စုဆောင်းနိုင်ခြင်းမရှိခဲ့ပေ။ တစ်လမျှ စုဆောင်းမည်ဆိုလျှင်ပင် ထိုပမာဏကို ရနိုင်ရန် မလွယ်ကူပေ။ ဝိုင်တစ်ခွက်ကို သလင်းကျောက် 500 အသုံးပြုရမည်က သူ့အတွက် ဆုံးရှုံးမှုပင် ဖြစ်သည်။
ပုဖန်က ဝါးပြွန်ကို ကောက်ကိုင်လိုက်ပြီး ကျောက်စိမ်းဖြူအိုးတွင် တပ်လိုက်လေသည်။ ထို့နောက် ခွက်တစ်ခွက်ကို ကောက်ယူလိုက်ပြီး ဝါးပြွန်ကို ပြန်ထုတ်လိုက်သည်။ ဝါးပြွန်ထဲတွင် ပါလာသော ဝိုင်များကိုခွက်ထဲသို့ လောင်းချလိုက်သည်။
ပလောက် … ပလောက်…
၀ိုင်းများ စီးဆင်းကျလာသံနှင့်အတူ မွှေးပျံ့သော ရနံ့များက ပိုမို ထွက်ပေါ်လာလေသည်။ မွှေးရနံ့များက ဟူရီဖန်၏ အနီးတွင် ပိုးချည်မျှင်နှင့် ရစ်ပတ်ထားသကဲ့သို့ ရစ်ဝဲနေလေသည်။
ပုဖန်က စိမ်းမြမြ အရောင်ရှိသော ဝိုင်များကို ခွက်ထဲသို့ ဖြည့်လိုက်လေသည်။ စိတ်ဝိဥာဉ် စွမ်းအင်များက ခွက်၏ နှုတ်ခမ်းနားတွင် ရစ်ဝဲနေပြီး တိမ်ပုံသဏ္ဍာန် သုံးခု ဖြစ်ပေါ်လာလေသည်။ ထို အခိုး အငွေ့များ၏ သဏ္ဍာန်က အလွန်လှပလှပေသည်။
“မင်း၀ယ်၀ယ် မ၀ယ်၀ယ် ဝိုင်ကတော့ ဒီမှာ ရှိနေမှာပဲ…” ပုဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဂလု…
ပြင်းထန်သောမွှေးရနံ့များကြောင့် ဟူရီဖန်၏ လည်ချောင်းက လှုပ်ရှားသွားလေသည်။ ထိုအချိန်တွင် သူက ဝိုင်ကို စွဲလမ်းနေမိပြီဖြစ်သည်။
“မင်းနိုင်တယ်…”
ဟူရီဖန်က ဒေါသထွက်လာလေသည်။ ပုဖန်က သွေးဆောင်ဖြားယောင်း၍ ဓါးမြတိုက်နေခြင်း ဖြစ်သည်။ သို့သော် သူ၏ နှလုံးသားက စိမ်းမြမြအရောင် ဝိုင်ခွက်၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ပေ။
“ငါ့လို အရူးကပဲ ဒါကို ၀ယ်မယ်… သေလိုက်ပါတော့…”
ဟူးရီဖန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်ပြီး လက်ကို ဝှေ့ရမ်းလိုက်ရာ သလင်းကျောက်များ ပါ၀င်သော အိတ်တစ်အိတ်က စားပွဲပေါ်သို့ ရောက်ရှိလာလေသည်။ ထိုသလင်းကျောက်များက သူစုဆောင်းထားသမျှ အကုန်ဖြစ်သောကြောင့် သူ၏ နှလုံးသားကပင် သွေးများ ယိုစီးကျလာလေသည်။
ပုဖန်က မျက်ခုံးပင့်လိုက်ပြီး သလင်းကျောက်များကို စနစ်၏ သိုလှောင်နယ်မြေသို့ ထည့်သိမ်းလိုက်သည်။
“ဒါက မင်းရဲ့ဝိုင်ပါ.. သေသေချာချာ အရသာခံပြီး မြည်းစမ်းကြည့်ပါ… ဒါက မင်းကို အံ့အားသင့်သွားစေရမယ်လို့ ငါပြောရဲတယ်…” ပုဖန်က ပြောလိုက်ပြီး ဝိုင်ခွက်ကို ကမ်းပေးလိုက်သည်။