အပိုင်း ၂၀၄
Viewers 53k

အခန်း ၂၀၄ “မင်းအတွက်ဝိုင်က အခမဲ့…”


ကွမ်းရှောင်ယီက လမ်းကြားလေးထဲမှ စီတန်းနေသော လုအုပ်ကြီးကို မြင်တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားလေသည်။ ထိုလူအုပ်ကြီးထဲတွင် သူမနှင့် ရင်းနှီးနေသူများလည်း ပါ၀င်နေလေသည်။ ထိုသူတို့က ဆိုင်၏ ပုံမှန်ဖောက်သည်များ ဖြစ်ကြပြီး သူမ မသိသူများက မျက်နှာစိမ်းများ ဖြစ်ကြသည်။


“ငါက ဒီနေ့မနက် နင်တို့ ဟောက်သံကို မကြားရလို့ အံ့သြနေတာ… နင်တို့က ခိုးကြောင်ခိုးဝှက်နဲ့ ပိုင်ရှင်ပု ဆိုင်ရှေ့မှာ လာတန်းစီနေကြတာကိုး…” ကွမ်းရှောင်ယီက ဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် သူမ၏ အကိုများကို ချက်ချင်း သတိပြုမိသွားလေသည်။


ကွမ်းညီအကို သုံးယောက်က ကွမ်းရှောင်ယီ၏ အသံကို ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများက ရှုံ့မဲ့နေပြီး အလွန်ကြေကွဲ ၀မ်းနည်းနေပုံရလေသည်။


ကွမ်းရှောင်ယီက ထိတ်လန့်တုန်လှုပ်သွားပြီး တွေးလိုက်မိသည်။


“အကိုတို့ နေ့ခင်းကြောင်တောင်ကြီး လူကို မခြောက်လှန့်ပါနဲ့ … ပိုင်ရှင်ပုရဲ့ ဝိုင်က ငါတို့ရဲ့ ခြေလက်တွေထက်တောင် တန်ဖိုးရှိတယ်…”


အကြီးဆုံး ကွမ်းကျန့်က စိတ်ပျက်လက်ပျက်နှင့် နှုတ်ခမ်းများ ဆူုနေလေသည်။ ညီအကို သုံးယောက်တွင် ပါလာသော သလင်းကျောက်များက ဝိုင်တစ်ခွက်ဖိုးပင် မတတ်နိုင်ချေ။ ထိုအချက်က အလွန်ခံပြင်းဖွယ် ဖြစ်နေလေသည်။ ပိုင်ရှင်ပုက ဝိုင်အသစ်ကို စျေးနှုန်းမတန်တဆနှင့် ရောင်းချလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ချေ။


“တစ်ခွက်မှာ ဘယ်လောက်များများ ပါမှာမို့လဲ… ဒါက သွားကြားတောင် ညှပ်မှာမဟုတ်ဘူး…”


“ရှောင်ယီ… ငါ့ရဲ့ ချစ်လှစွာသော ညီမလေး… မင်းရဲ့ ဒီအကိုကို သလင်းကျောက်လေး နည်းနည်း လောက် မချေးချင်ဘူးလား…” ကွမ်းဝူက ကွမ်းရှောင်ယီအနီးသို့ ကပ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။


ကွမ်းရှောင်ယီက မီနူးကို လှည့်ကြည့်လိုက်သောအခါ မီနူးအောက်ခြေမှ ဟင်းပွဲအသစ်ကို လျင်မြန်စွာ ရှာတွေ့လိုက်လေသည်။


“နှင်းခါးမီးတောက်သိမြင်မှုဝိုင်… တစ်ခွက်ကို သလင်းကျောက် 500…”


ကွမ်းရှောင်ယီက ဆွံ့အမှင်သက်သွားလေသည်။


“သလင်းကျောက် 500 တစ်ခွက်ကိုလား… ဒါက စိတ်ပုပ်သူဌေး မှားနေတာပဲ ဖြစ်ရမယ်.. ဘယ်လို ဝိုင်မျိုးမို့ တစ်ခွက်ကို သလင်းကျောက် 500 တန်ရတာလဲ…”


၀ိုင်အသစ်ရဲ့ စျေးနှုန်းက အေးခဲကျောက်စိမ်း နှလုံးသားဝိုင်၏ ဆယ်ဆလောက် ဖြစ်နေလေသည်။ ထို့ကြောင့်သာ သူမ၏ အကိ်ုများက သူမထံမှ သလင်းကျောက်ချေးနေခြင်း ဖြစ်လေသည်။


“ငါ့ရဲ့ ချစ်လှစွာသောညီမလေး ရှောင်ယီ… မင်းရဲ့ အကိုကြီးက ဒီဝိုင်ကိုမှ မမြည်းရရင် ဒီည ဘယ်လိုမှ အိပ်ပျော်နိုင်မှာ မဟုတ်တော့ဘူး… ငါက လမ်းလျောက်နေရတာတောင် အားမရှိတော့ဘူး ဖြစ်နေတယ်…” ကွမ်းတိက မျက်နှာငယ်လေးနှင့် ပြောလိုက်လေသည်။


သန်မာလှသော အကိုသုံးယောက်က သူတို့၏ ညီမငယ်လေးထံတွင် သူတို့၏ ဒုက္ခများကို ပြောဆိုနေလေသည်။ သို့တို့ကို ကြည့်ရသည်မှာ မျက်ရည်လည်ရွဲပင် ဖြစ်လုနီးပါး ဖြစ်နေလေသည်။


ကွမ်းရှောင်ယီက သူမအကို သုံးယောက်၏ မျက်နှာများကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး သလင်းကျောက်ထည့်ထားသော အိတ်ငယ်လေးတစ်အိတ်ကို ထုတ်ပေးလိုက်သည်။ သူမက ကွမ်းမိသားစု၏ ရတနာလေး ဖြစ်သောကြောင့် သလင်းကျောက် ရှားပါးခြင်း မရှိပေ။


“ကျေးဇူးတင်ပါတယ်.. ညီမငယ်လေး..” ကွမ်းကျန့်က ကျေးဇူးတင်စွာနှင့် သလင်းကျောက်အိတ်လေးကို လှမ်းယူလိုက်သည်။


နောက်ဆုံးတွင် သူတို့ညီအကို သုံးယောက်ထဲ၌ သလင်းကျောက် 500 ပြည့်သွားပြီဖြစ်သည်။ ဝိုင်တစ်ခွက် ၀ယ်နိုင်တော့မည်ဖြစ်သည်။


ပုဖန်က ဝါးပြွန်နှင့် ဝိုင်ကို ခပ်ယူလိုက်ပြီး ခွက်ထဲသို့ လောင်းထည့်လိုက်ရာ မွှေးပျံ့သော ရနံ့များက ထပ်မံလွင့်ပျံလာလေသည်။ ထိုရနံ့များကြောင့် ကွမ်းညီအကို သုံးယောက်က မူးယစ်ရီဝေသွားလေသည်။


“ဒီမှာ မင်းတို့ရဲ့ နှင်းခါးမီးတောက် သိမြင်မှုဝိုင်…”


ပုဖန်က ဝိုင်ခွက်ကို အစွန်ဆုံးတွင် ရပ်နေသော ကွမ်းကျန့်ထံသို့ ဂရုတစိုက်နှင့် လွဲပြောင်းပေးလိုက်သည်။


ကွမ်းကျန့်က သတိကြီးစွာနှင့် ဝိုင်ခွက်ကို လှမ်းယူလိုက်ဟန်က ရယ်ချင်ဖွယ် ဖြစ်နေလေသည်။ ကွမ်းဝူနှင့် ကွမ်းတိတို့က ကွမ်းကျန့်ကို ၀န်းရံလိုက်ကြပြီး ဆိုင်၏ ထောင့်တစ်နေရာသို့ သွားလိုက်ကြပြီး တိုင်ပင်လိုက်ကြသည်။


“ငါတို့မှာ ဒီဝိုင်တစ်ခွက်ပဲ ရှိတယ်ဆိုတော့…. တစ်ယောက်ကို တစ်ခါပဲ စုပ်သောက်ခွင့်ရှိတယ်… ဘယ်သူမှ ပိုသောက်ခွင့် မရှိဘူး…” ကွမ်းကျန့်က ပြောဆိုလိုက်သည်။


ကွမ်းဝူနှင့် ကွမ်းတိတို့က ချက်ချင်း ခေါင်းညိမ့်လိုက်ကြသည်။ ကွမ်းကျန်က မျက်လုံးများကို မှေးစင်းလိုက်ပြီး ဝိုင်ခွက်ကို မြှောက်၍ သုံးပုံတစ်ပုံခန့် စုပ်သောက်လိုက်လေသည်။ ဝိုင်သောက်လိုက်ပြီးသည်နှင့် သူ၏ အမူအယာက မူးယစ်ရီဝေသွားလေသည်။ ကွမ်းဝူက ဝိုင်ခွက်ကို လွဲယူလိုက်ပြီး အနည်းငယ် စုပ်သောက်လိုက်သည်။


မွှေးပျံ့လှသော ရနံ့များက သူ၏ ခံတွင်းထဲတွင် ပေါက်ကွဲသွားပြီး ဆံပင်များပင် ထောင်လာသည်ဟု ခံစားလိုက်ရလေသည်။ နောက်ဆုံးတွင် ကွမ်းတိက ခွက်အတွင်းမှ ဝိုင်များအားလုံးကို မော့သောက်လိုက်လေသည်။


သန်မာကြံ့ခိုင်လှသော လူသုံးယောက်က ဝိုင်ခွက်သေးသေး တစ်ခွက်ကို မျှသောက်နေကြသော မြင်ကွင်းမှာ စိတ်မကောင်းဖွယ် ဖြစ်နေလေသည်။ ထိုအချိန်တွင် ဆိုင်ထဲ၌ အသက်ရှူသံများပင် ကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။ သို့သော် ဝိုင်သောက်ပြီးနောက် သူတို့၏ အသားအရည်များက သိသာစွာ ပြောင်းလဲသွားလေသည်။ သူတို့၏ အသားအရည်များက နီရဲလာပြီး ခန္ဒာကိုယ်ထဲမှစွမ်းအင်များ၏ လှုပ်ရှားမှုများကို ခံစားနေရလေသည်။ ထို့ကြောင့် သူတို့၏ မျက်၀န်းများက ကျယ်လောင်လာလေသည်။


သူတို့က ဝိုင်တစ်ခွက်ကို သုံးယောက် မျှသောက်ရခြင်း ဖြစ်သောကြောင့် မူးလဲသွားခြင်းမရှိပေ။ သို့သော် သူတို့သုံးယောက်က အနည်းငယ် ယစ်ထွေနေလေသည်။


နွေဦးပွဲတော် ကာလ၀န်းကျင်က ကွမ်းညီအကို သုံးယောက်ကအပြင်းအထန် လေ့ကျင့်ခဲ့သောကြောင့် သူတို့က ဘုရင်အဆင့်သို့ ချိ်ုးဖျက်တက်ရောက်နိုင်ခဲ့လေသည်။ ယခုဝိုင်က သူတို့၏ အစာအိမ်ထဲရောက်လာသည်နှင့် သူတို့၏ ခန္ဒာကိုယ်ထဲတွင် အစစ်အမှန် စွမ်းအင်များက ပွက်ပွက်ဆူနေပြီး အပြင်းအထန် လှည့်ပတ်နေသည်ကို ခံစားမိလိုက်လေသည်။ ညီအကို သုံးယောက်က နီရဲနေသော မျက်နှာများနှင့် ဆိုင်ထဲမှ ထွက်ခွာသွားကြပြီး လမ်းကြားလေးထဲတွင် ခြေချိတ်ထိုင်၍ ကျင့်စဉ်ကို လှည့်ပတ်လိုက်ကြလေသည်။


သူတို့၏ နားထဲတွင် သူတို့နားမလည်ခဲ့သော ကျင့်ကြံမှုဆိုင်ရာ လျို့ဝှက်ချက်များကို တစ်စုံတစ်ယောက်က ပြောပြနေသည်ဟု ခံစားနေ့ရလေသည်။ ကျင့်ကြံရာတွင် တွေ့ကြုံရလေ့ရှိသော ခက်ခဲမှုများကို အလွယ်တကူ ဖြေရှင်းနိ်ုင်သည်ဟု သူတို့က ခံစားနေရလေသည်။


တန်းစီနေကြသော လူများက အေးစက်သော လမ်းကြားလေးထဲမှ ကျောက်တုံးများပေါ်တွင် ခြေချိတ်ထိုင်နေသော ညီအကို သုံးယောက်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သူတို့ခန္ဒာကိုယ်မှ စွမ်းအင်များကလဲ တရှိန်ရှိန် တိုးတက်နေလေသည်။ သူတို့က သက်စောင့်ဆေးတစ်မျိုးမျိုး စားသုံးခဲ့သည်ဟု ထင်ရလေသည်။ လူများစွာ၏ မျက်၀န်းများက တောက်ပလာကြလေသည်။


“ဝိုင်တစ်ခွက်က လူတစ်ယောက်ကိ အဆင့်ချိုးဖျက်တက်ရောက်နိုင်တဲ့ အခြေအနေရောက်အောင် လုပ်ပေးနိုင်တာလား… ဝိုင်တစ်ခွက်က သက်စောင့်ဆေး တစ်ခုလိုမျိုး အာနိသင်ရှိတာလား…”


နီယန်၏ မျက်၀န်းများက ပို၍ တောက်ပလာလေသည်။ သူမ၏ နှလုံးသားထဲတွင် လောင်ကျွမ်းလုနီးပါးပင် ဖြစ်နေလေသည်။ နီယန်သာ မကပဲ အခြားသူများ အားလုံးကလည်း ဝိုင်၏ အကျိုးသက်ရောက်မှုကို ခွဲခြမ်းစိတ်ဖြာနိုင်သောကြောင့် အံ့အားသင့်နေကြလေသည်။


“ဒီဝိုင်က တကယ်ပဲ အဆင့်ချိုးဖျက်တဲ့နေရာမှာ သက်ရောက်မှု ရှိတာလား..”


“ဒီဝိုင်က တကယ့်ကို အဲလောက်တောင်ကောင်းတာလား….”


သို့သော် သူတို့က ဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် မီးနူးပေါ်မှ ဝိုင်၏ စျေးနှုန်းကြောင့် မျက်နှာငယ်သွားကြလေသည်။ အများစုက ထိုစျေးနှုန်းကိ မတတ်နိုင်ကြပေ။ သူတို့က ထိုမျှများပြားသော သလင်းကျောက်များကို သယ်ဆောင်လာခြင်း မရှိကြပေ။ ထို့ကြောင့် အချို့လူများက သလင်းကျော်များ စုပေါင်း၍ ဝိုင်တစ်ခွက်ကို စပ်တူ၀ယ်လိုက်ကြသည်။ ထိုသူတို့က ဝို်င်သောက်ပြီးသည်နှင့် ကြမ်းပြင်ပေါ်သို့ မူးယစ်လဲကျသွားကြလေသည်။ သူတို့နှင့် ရင်းနှီးနေကြသူများက အမူးသမားများကိုထမ်းထုတ်၍ အိမ်သို့ ပို့ပေးလိုက်ကြရလေသည်။


ဖက်တီးဂျင်တို့ လူစုက ဆိုင်သို့ ဝိုင်၀ယ်ရန်အတွက် မဟုတ်ပဲ အစားအသောက်များ စားရန် လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ပုဖန်က အလုပ်ရှုပ်နေသောကြောင့် သူတို့အတွက် ဟင်းပွဲများ ချက်ပြုတ်ပေးရန် မအားလပ်နိုင်ပဲ ဖြစ်နေလေသည်။ သူတို့က ရှားရှားပါးပါး ဝိုင်ရောင်းနေသော ပုဖန်ကို ထိုင်ကြည့်နေပြီး စိတ်မနရှည်နိ်ုင် ဖြစ်နေလေသည်။


ပုဖန်က လက်ထဲမှ ကျောက်စိမ်းအိုးကို ကြည့်လိုက်ပြီးနောက် နဖူးကျောများ ရှုံ့လာသည်အထိ မျက်မှောင်ကြုံ့လိုက်လေသည်။ ထို့နောက် လူအုပ်ကြီးဘက်သို့ လှည့်၍ ကြေညာလိုက်လေသည်။


“ဒီနေ့အတွက် နှင်းခါးမီးတောက် သိမြင်မှုဝိုင် ငါးခွက်ပဲရောင်းဖို့ ကျန်တော့တယ်…”


“ငါးခွက်…”


နီယန့်၏ အမူအယာက ဖြူဖျော့သွားလေသည်။ ထိုဝိုင်ကို အိုးလိုက်မရောင်းပဲ တစ်ခွက်ချင်း ရောင်းသည့်အပြင် အရေအတွက်ပါ ကန့်သတ်ထားလိမ့်မည်ဟု သူမက ထင်မှတ်ထားခြင်း မရှိပေ။ သို့သော်လည်း ယခု သူမ၏ အလှည့် ဖြစ်နေသောကြောင့် စိုးရိမ်ကြောင့်ကြခြင်းမရှိပေ။ နီယန်က ပုဖန်၏ ရှေ့သို့ လျောက်သွားလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသည်အထိ ပြုံးလိုက်လေသည်။ ထို့နောက် နီမြန်သော နှုတ်ခမ်းပါးလေးကို လှပစွာ လှုပ်ရှား၍ မေးလိုက်လေသေည်။


“ပိုင်ရှင်ပု.. ဒီလို ဝိုင်ကောင်းကောင်း ထုတ်လုပ်ဖို့ စိတ်ကူးကို ဘယ်ကရတာလဲ…”


ပုဖန်က အသက်ရှူမှားလောက်အောင်ပင် လှပသော နီယန်၏ မျက်နှာကို ကြည့်လိုက်လေသည်။ မြို့များ နိုင်ငံများကိုပင် ကျရှုံးသွားစေနိုင်သော နီယန်၏ မျက်နှာက ပုဖန်ကို မျက်မှောင်ကြုံ့သွားစေလေသည်။ ပုဖန်က သူမ၏ မေးခွန်းကို ပြန်မဖြေသေးပဲ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး နှင်းခါးမီးတောက်သိမြင်မှုဝိုင်ခွက်ကို နီယန့်ဆီ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။


“ဒီဝိုင်က အခမဲ့ပါ…”


နီယန်.. ကွမ်းရှောင်ယီနှင့် နီယန့်နောက်တွင် ရပ်နေသော ရီဇီလင်းအပါအ၀င် အားလုံးက အံ့အားသင့်သွားကြလေသည်။


“ဘာအဓ်ိပ္ပါယ်လဲ… ဒါက ဘာအဓိပ္ပါယ်လဲ .. ပိုင်ရှင်ပုက သူမရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပြီး သူ့ရဲ့ ကိုယ်ပိုင်စည်းမျည်းတွေကိုတောင် ချိုးဖောက်လိုက်တာလား….”


“ဘာလို့ အလကားပေးတာလဲ…”


နီယန်က ပုဖန်ကမ်းပေးသော ဝိုင်ခွက်ကို လှမ်းယူလိုက်လေသည်။ ထို့နောက် မျက်၀န်းများ မှေးစင်း၍ ပုဖန်ကို ခပ်တွန့်တွန့်ပြုံးကာ ကြည့်လိုက်လေသည်။ ပုဖန်က သူမ၏ လှပသော မျက်နှာဖြင့် သွေးဆောင်၍ ရနိုင်သူမဟုတ်မှန်း သူမက သိနေလေသည်။ ဝိုင်ကို အလကားပေးသောက်သော ပုဖန်၏ အပြုအမူနောက်တွင် သေချာပေါက် ရည်ရွယ်ချက်တစ်ခု ရှိနေမည်ဖြစ်သည်။


“မင်းက နဂါးရှင်သန်ခြင်း ဝိုင်ကို သောက်ဖူးတယ်မဟုတ်လား… ဒီတော့ ဒီဝိုင်ကိုလဲ မြည်းကြည့်လိုက်ပါဦး… ပြီးရင် နဂါးရှင်သန်ခြင်းဝိုင်နဲ့ နှင်းခဲမီးတောက်သိမြင်မှုဝိုင်.. ဘယ်ဝိုင်က ပိုကောင်းတယ်ဆိုတာကို ငါ့ကို ပြန်အကဲဖြတ်ပေး…” ပုဖန်က ခပ်တည်တည်နှင့် ပြောလိုက်လေသည်။


“ဝိုင်ချင်းယှဉ်တာလား…”


နီယန်၏ အမူအယာက အေးခဲသွားလေသည်။ ပုဖန်က ဝိုင်ချင်းယှဉ်ပြိုင်လိုသော ရည်ရွယ်ချက်ဖြင့် သူမကို အခမဲ့ပေးသောက်မည်ဟု သူမက လုံး၀မခန့်မှန်းထားမိခဲ့ပေ။


“ဒါဆို သူ့ရဲ့ ရည်ရွယ်ချက်က နဂါးရှင်သန်ခြင်း ဝိုင်ပေါ့…”


နီယန်က ပထမတစ်ခေါက်လာခဲ့ချိန်တွင် ပုဖန်၏ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်က နဂါးရှင်သန်ခြင်း ဝိုင်ကို မယှဉ်နိုင်ကြောင်း ပြောခဲ့ဖူးသည်ကို အမှတ်ရလိုက်လေသည်။


“ပိုင်ရှင်ပုက ဒါက မှတ်ထားတာလား… ပိုင်ရှင်ပု ဒီလိုအသေးအဖွဲကိစ္စလေးတွေကို အမှတ်မထားသင့်ဘူးလေ… သူက အန်ိုင်ရလိုစိတ် တစ်ခုထဲနဲ့ နှင်းခါးမီးတောက်သိမြင်မှု ဝိုင်ကို ထုတ်လုပ်ခဲ့တာပေါ့…”


နီယန်က အတွေးများနေလေသည်။


“ဒါ… ဒါပေမယ့် ပိုင်ရှင်ပုက နဂါးရှင်သန်ခြင်း ဝိုင်ကို ယှဉ်ပြိုင်လိုတာ တစ်ခုထဲနဲ့တော့ ဝိုင်အသစ် ထမထုတ်လောက်ပါဘူး…” နီယန်က ပုဖန်၏ ရည်ရွယ်ချက် အစစ်အမှန်ကို ခန့်မှန်းနိုင်ခြင်း မရှိတော့ပေ။


ပုဖန်၏ စကားကြောင့် နီယန်၏ မျက်၀န်းများထဲတွင် သိလိုစိတ်များ ပြင်းထန်လာလေသည်။ ပုဖန်က သူ၏ ဝိုင်အပေါ်တွင် အလွန်ယုံကြည်မှု ရှိဟန်ရလေသည်။ သူမ၏ ကျောက်စိမ်းကဲ့သို့ လှပပြီး သွယ်လျှနေသော လက်ချောင်းလေးများဖြင့် ဝိုင်ခွက်ကို မယူလိုက်ပြီး နှာခေါင်းနားကပ်ကာ အနံ့ခံလိုက်သည်။


မွှေးပျံ့သော ရနံ့များက နှာခေါင်းပေါက်ထဲ တိုး၀င်လာသည်နှင့် သူမ၏ အမူအယာက ရီဝေ၀ဖြစ်လာလေသည်။ နီယန်က ပန်းနုရောင် လျှာလေးကို ထုတ်၍ နှုတ်ခမ်းများကို သပ်လိုက်လေသည်။ ထို့နောက် ဝိုင်ကို တစ်ငုံမျှ မော့သောက်လိုက်လေသည်။