အပိုင်း ၂၀၆
Viewers 62k

အခန်း ၂၀၆ “ကြာပန်းက ဘယ်မှာလဲ…. နင်ငါ့ကိုကတိပေးထားတယ်လေ”


အင်ပါယာမြို့တော်၏ လမ်းမထက်တွင် လမ်းဘေးစျေးသည်များ ပြည့်နှက်လျက်ရှိသည်။ အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော ဘုန်းတော်ကြီးတစ်ပါးက အပူငွေ့တထောင်းထောင်း ထနေသော ပေါက်စီကို လက်ထဲတွင် ကိုင်၍ လမ်းလျောက်နေလေသည်။ ထိုဘုန်းတော်ကြီးက လမ်းလျောက်နေစဉ်တွင် ပေါက်ဆီကို ဖဲ့စားနေလေသည်။ ပေါက်ဆီ၏ အပူငွေ့ငွေ့က သူ့ကို မထိခိုက်နိုင်သကဲ့သို့ ဘုန်းတော်ကြီးက တစ်ကိုက်ကိုက်လိုက်လေသည်။ အချဉ်ရည်များ ထွက်ကျလာပြီး အသားနံ့များကလဲ ပတ်ပတ်လည်သို့ လွင့်ပျံသွားလေသည်။


ဘုန်းတော်ကြီးငယ်က လက်ထဲမှ ကုန်သွားသော ပေါက်ဆီထည့်ထားသည့် ဘူးကို လမ်းမပေါ်သို့ ပစ်ချလိုက်ပြီး ဆီကွက်နေသော ပါးစပ်ကို အင်္ကျီစနှင့် ပွတ်သုတ်လိုက်သည်။ ထို့နောက် ခါးတွင် တွဲလောင်းချည်ထားသော ဝိုင်အိုးကို ယူ၍ မော့သောက်လိုက်လေသည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် စိတ်ကျေနက်ဟန်များ ဖြစ်ပေါ်လာလေသည်။


“ဒီအသား… ဒီဝိုင်… ဒါက လက်ရှိဘ၀ပဲ….”


ဘုန်းတော်ကြီးငယ်က ရေရွတ်လိုက်ပြီးနောက် ဖန်ဖန်ဆိုင်ငယ်လေးဆီသို့ ခြေလှမ်းကျဲကြီးများနှင့် တက်ကြွစွာ လျောက်သွားလိုက်လေသည်။ ဘုန်းတော်ကြီးက လမ်းကြားထိပ်သို့ ရောက်ရှိလာသည်နှင့် ရုတ်တရပ် ရပ်တန့်လိုက်ပြီး ဆိုင်ငယ်လေးကို လှမ်းကြည့်လိုက်သည်။ ထိုအရပ်တွင် ရှိနေသော ဆိုင်ငယ်လေးဆီမှာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများ ထွက်ပေါ်နေသည်ကို ခံစားမိလိုက်လေသည်။ 


ဘုန်းကြီးငယ်က ဝိုင်ကို နောက်တစ်ကျိုက် ထပ်သောက်လိုက်ပြီး သူ၏ မျက်နှာအမူအယာက အနည်းငယ် တင်းမာလာလေသည်။


“ဘယ်လိုတောင် ပေါ့လျော့တဲ့ သူတော်စင်အဆင့် တစ်ယောက်လဲ… သူက အင်ပါယာမြို့တော်ထဲမှာတောင် အဆင့်တက်နေရဲတယ်…”


ဘုန်းကြီးငယ်က ရယ်မောလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ လက်ရှိအချိန်တွင် အင်ပါယာ မြို့တော်အတွင်း၌ သူတော်စင့်အဆင့်များ မရေမတွက်နိုင်အောင် ပေါများနေလေသည်။ ထို့ကြောင့် သူတော်စင်အဆင့်များ မျက်စိနောက်စရာ ဖြစ်မည်ကို စိုးရိမ်၍ သတိနှင့် လှုပ်ရှားနေကြရသည်။ သတိတစ်ချက် လွတ်သွားသည်နှင့် သူတို့၏ လည်ပင်းပင် ပျောက်သွားနိုင်လေသည်။


“ဘယ်လိုပဲ ဖြစ်ဖြစ်လေ… သူတော်စင်အဆင့်ဆိုလဲ ဂရုစိုက်စရာမှမဟုတ်တာ… ငါ့ရဲ့ တာ၀န်က သတင်းအချက်အလက် နည်းနည်းလောက် ရဖို့အတွက်ပဲလေ… ဟီးဟီး…. ပြီးတော့.. တချိန်တည်းမှာပဲ ဒဏ္ဍာရီလာ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ကြည့်ရမယ်….”


ဘုန်းကြီးငယ်က ပေါ့ပါးစွာ ရေရွတ်လိုက်ပြီး သူ၏ ခေါင်းပြောင်ပြောင်ကို လက်ဖြင့် တစ်ချက် ပွတ်သပ်လိုက်ပြီး ရှေ့သို့ ဆက်လျောက်သွားလိုက်သည်။ 


ပုဖန်က မီးဖိုချောင်ထဲသို့ ၀င်၍ ဝိုင်အိုးကို သေချာစွာ သိမ်းလိုက်ပြီး ပြန်ထွက်လာခဲ့သည်။ ဆိုင်ထဲသို့ ပြန်ရောက်လာသည်နှင့် ရင်းနှီးကျွမ်း၀င်နေသော ပုံရိပ်များကို တွေ့လိုက်ရသောကြောင့် အေးခဲတောင့်တင်းသွားလေသည်။ 


၀ူယွမ်ပိုင်က ပုဖန်ကို တွေ့လိုက်ချိန်တွင် သူမ၏ မျက်၀န်းများ တောက်ပလာလေသည်။


“သေချာပေါက်ကို သူပဲ… ငါတို့ နေရာမှန်ကို ရောက်လာတာပဲ…”


သို့သော် ဝူယွမ်ပိုင်က အဆင့်ချိုးဖျက်တက်ရောက်ခါနီး သူတော်စင်အဆင့် တစ်ယောက်ကို တွေ့လိုက်ရသောကြောင့် အလျင်စလို မလှုပ်ရှားရဲပေ။ သူတော်စင်အဆင့်များ၏ အဆင့်ချိုးဖျက် တက်ရောက်နေချိန်က ဟာသတစ်ခု ဟုတ်မနေပေ။


ရှပ်ရှပ်.. 


ခြေသံအချို့ ထပ်မံထွက်ပေါ်လာပြီး ဝူယွမ်ပိုင်၏ အနောက် တံခါး၀တွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာလေသည်။ 


ဂျိချန်းရွဲ့က ဆိုင်၏ အလည်တွင် ထိုင်နေသော အမျိုးသမီးကို ကြည့်လိုက်ပြီးနောက် မျက်၀န်းများ စူးရှသွားလေသည်။ ထိုအမျိုးသမီးက အဆင့်ချိုးဖျက်တက်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။


“ဒီလို အထိမခံနိုင်တဲ့ အခြေအနေမျိုးမှာတောင် သူက အဆင့်တက်ရဲတာလား…”


လျန်ဖုက စိတ်လှုပ်ရှားစွာဖြင့် ဆိုင်အတွင်းသို့ ကြည့်လိုက်လေသည်။ ဧကရာဇ်ချန်းဖန်နှင့် နောက်ဆုံးတစ်ကြိမ် ရောက်လာပြီးချိန်မှ စ၍ ဆိုင်ဘက်သို့ တစ်ကြိမ်မျှပင် ခြေဦးလှည့်နိုင်ခြင်း မရှိခဲ့ပေ။ သူက နွေးထွေးသော လေထုကို ရုတ်တရက် ခံစားလိုက်ရပြီး အကူအညီ မဲ့စွာဖြင့် အမှတ်တရ ဟောင်းများကို တွေးတောမိသွားလေသည်။


နီယန့်၏ ခန္ဒာကိုယ်မှ စွမ်းအင်များက တိုးပွားနေရာမှ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။ သူမ၏ အစစ်အမှန် စွမ်းအင်များတိုးတက်နေမှုက သူတော်စင်အဆင့် အထွတ်အထိပ်သို့ ရောက်လာပြီးနောက် စစ်နတ်ဘုရားအဆင့်သို့ မချိုးဖျက်နိုင်မိပင် ရပ်တန့်သွားလေသည်။ စွမ်းအင်တိုးတက်နေမှုများ ရပ်တန့်သွားသောကြောင့် သူမက အကူအညီ မဲ့စွာနှင့် ရပ်တန့်လိုက်ရလေသည်။


၀ိုင်တစ်ခွက်သောက်ပြီးနောက် နီယန့်၏ နားထဲတွင် သိမြင်မှုများ တီးတိုးကြားနေရပြီး စျန်၀င်စားလုနီးပါး အခြေအနေသို့ ရောက်ရှိသွားလေသည်။ ထိုသို့ ဖြစ်နိုင်သည့် အခြေအနေက အလွန်နည်းပါးလှပြီး နီယန်က သူတော်စင်အဆင့် အထွတ်အထိပ်သို့သာ အဆင့်မြင့်တင်နိုင်ခဲ့သည်။ စစ်နတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ရန်မှာ အလွန်ခက်ခဲလှပေသည်။


ဆိုင်အတွင်းတွင် စုစည်းနေသော စွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် နီယန်က မတ်တပ်ရပ်လိုက်ပြီး ခါးကို ဆန့်လိုက်လေသည်။ သူမ၏ လှပသော ခန္ဒာကိုယ်က များစွာသော မျက်၀န်းများကို ဆွဲဆောင်လိုက်နိုင်လေသည်။


“မမိုက်ပါဘူး… ပိုင်ရှင်ပု.. နင့်ရဲ့ဝိုင်က တော်တော်လေးကို ကောင်းတယ်ဆိုပေမယ့်… ငါအဆင့်ချိုးဖျက်တက်ရောက်တဲ့နေရာမှာ ကူညီနိုင်ဖို့တော့ တော်တော်လေးကို ဝေးကွာနေသေးတယ်… သဘာ၀ရဲ့ အတားအဆီးဖြစ်တဲ့ နောက်ဆုံးတစ်လွှာကို လုံး၀ မဖျက်ဆီးနိုင်လိုက်ဘူး…”


နီယန်၏ အသံက တိတ်ဆိတ်နေသော ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ သို့သော် သူမက စိတ်ပျက်လက်ပျက် ဖြစ်မနေပဲ ရွှင်မြူးနေလေသည်။ သူမက စစ်နတ်ဘုရားအဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်ခြင်း မရှိသော်လည်း သူမ၏ သိုင်းအဆင့်က မြင့်မားလာခဲ့သည်သာ ဖြစ်သည်။ 


“ပိုင်ရှင်ပု… မတွေ့ရတာကြာပြီနော်… ဘယ်လိုအခြေအနေရှိလဲ … စီးပွားရေးရော တော်တော်လေးမှ ကောင်းမွန်ရဲ့လား….” 


ဂျိချန်းရွဲ့က လျောက်၀င်လာလိုက်ပြီး ပုဖန်ကို နှုတ်ဆက်၍ ရယ်မောပြောဆိုလိုက်သည်။ 


ပုဖန်က အံ့အားသင့်စွာနှင့် ဂျိချန်းရွဲ့ကို ကြည့်လိုက်လေသည်။ အလုပ်များလှသော ဂျိချန်းရွဲ့က သူ့ဆိုင်သို့ ရောက်လာသည်ကို အံ့အားသင့်နေလေသည်။


“ဘယ်လိုဖြစ်တာလဲ… သူက ဧကရာဇ်မဟုတ်ဘူးလား…”


“စီးပွားရေးက ကောင်းပါတယ်…” ပုဖန်က တည်ငြိမ်စွာနှင့် ပြန်ပြောလိုက်သည်။


၀ူယွမ်ပိုင်က ပုဖန်နှင့် သူမ ပြောဆိုနေသည်ကို ၀င်ရောက်နှောက်ယှက်လိုက်သော လူငယ်ကို စိုက်ကြည့်လိုက်သည်။ သူတို့၏ ပြောစကားများအရ မိတ်ဆွေဟောင်းများ ဖြစ်နိုင်လေသည်။ 


“ပိုင်ရှင်ပုရဲ့ စားသောက်ဆိုင်ထဲမှာတော့ အစားအသောက်တွေရဲက ရနံ့နဲ့ အမြဲတမ်းကိုမွှေးပျံ့နေတာပဲ….” ဂျိချန်းရွဲ့က ပြောလိုက်သည်။


“မနေ့ညက ပိုင်ရှင်ပု ထုတ်လုပ်လိုက်တဲ့ ဝိုင်ရဲ့ ရနံ့က တော်တော်လေးကို နံမည်ကြီးနေတယ်… ဝိုင်ရဲ့ မွှေးရနံ့တွေက အင်ပါယာ မြို့တော်တစ်၀က်ကိုတောင် ဖုံးလွှမ်းသွားတယ်ဆိုတော့ လူတွေ တော်တော်အံ့အား သင့်နေကြမယ်ဆိုတာကို ငါပြောရဲတယ်… ဘယ်လိုဝိုင်မျိုးကိုထုတ်လုပ်လိုက်တာလဲ ဆိုတာကိုတောင် စဉ်းစားလို့ မရတော့ဘူး… ဘယ်လို အရသာရှိတယ်ဆိုတာကို ဒီသခင်လေးက မြည်းစမ်းခွင့် ရနိုင်မလား…..”


ပုဖန်က ဂျိချန်းရွဲ့ကို ကြည့်လိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။


“မင်းက အရမ်းနောက်ကျနေပြီ… ဒီနေ့အတွက် ဝိုင်က ရောင်းလို့ ကုန်သွားပြီ ထပ်ရောင်းစရာ မရှိတော့ဘူး… အခြားတစ်ခုခုပဲ မှာတော့…”


“ရောင်းကုန်သွားပြီ…”


ဂျိချန်းရွဲ့က မေးကို ပွတ်၍ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်လေသည်။ ပုဖန်၏ ဆိုင်တွင် ရောင်း၀ယ်ဖောက်ကားပုံက အခြားဆိုင်များနှင့် ကွဲပြားခြားနားပေသည်။ ပုဖန်၏ ဆိုင်တွင် နောက်ဆုံးသောက်ခဲ့သည့် အချိန်က ကြာမြင့်လှပြီ ဖြစ်သောကြောင့် ဆိုင်၏ စည်းမျဉ်းများကို မေ့လုနီးနီး ဖြစ်နေလေသည်။


“ဒါက ဒီသခင်လေးရဲ့ အမှားပါပဲ… ဒီလိုဆိုမှတော့… ငါ့ကို အေးခဲကျောက်စိမ်း နှလုံးသားဝိုင်နဲ့ အနီရောင်အသားနှပ်ပဲ ပေးပါ….”


ပုဖန်၏ ဆိုင်မှ အနီရောင်အသားနှပ်က အင်ပါယာ မြို့တော် တစ်ခုလုံးတွင် အကောင်းဆုံးပင် ဖြစ်သည်။ 


ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး ချက်ပြုတ်ရန် အတွက် မီးဖိုချောင်ထဲသို့ သွားရန် ပြင်လိုက်လေသည်။ သို့သော် သူ၏ အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသောကြောင့် ခေါင်းလှည့်ကြည့်လိုက်လေသည်။


၀ူယွမ်ပိုင်က ပုဖန်အနီးသို့ လျောက်လာပြီး နဖူးကြောများ တွန့်ကွေးလာသည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး ပြောလိုက်လေသည်။


“ပုဖန် နင်က ငါ့ကိုမေ့သွားမယ်လို့ မထင်ဘူး….”


ပုဖန်က ဝူယွမ်ပိုင်က မျက်နှာသေနှင့် ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။


“ငါက နင့်ကို မမေ့ပါဘူး… နင်တကယ်ရောက်လာမယ်လို့ မထင်ထားတာ တစ်ခုပဲ…”


“နင်က ငါ့အပေါ်ကြာစိအကြွေးရှိနေတယ်လေ… သေခြာပေါက်လာရမှာပေါ့…. ဒါမှလဲ ငါ သူတော်စင်အဆင့်ကို မြန်မြန် တက်ရောက်နိုင်မှာ…” ဝူယွမ်ပိုင်က အလေးအနက် ပြောလိုက်သည်။


“ဟမ်… ကြာပန်း…” ပုဖန်၏ အမူအယာက ဖြူဖျော့သွားလေသည်။


ကြာပန်းအကြောင်းကို ပြန်သတိရသွားပြီးနောက် ပုဖန်က မျက်လုံးပုတ်ခတ် ပုတ်ခတ်နှင့် ဝူယွမ်ပိုင်ကို ကြည့်လိုက်လေသည်။


ပုဖန်၏ အမူအယာက ဝူယွမ်ပိုင်၏ မျက်နှာကို အရောင်အမျိုးမျိုး ပြောင်းသွားစေသည်။ 


“ဖြစ်နိုင်တာက ဒီလူက ကြာစိကို ဖျက်စီးပစ်လိုက်ပြီလား… ကြာစိက အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင်လေ… ဘယ်လြို့ဖစ်လို့ ဒီလို ဖြုန်းတီးပစ်ရတာလဲ…”


၀ူယွမ်ပိုင်က တွေးတောလိုက်ပြီးနောက် ပုဖန်ကို လက်ညိုးထိုး၍ ပြောလိုက်သည်။


“နင်…. နင်.. ကြာစိကို ဖျက်စီးပစ်လိုက်တယ်ပေါ့….”


“ဖျက်စီးပစ်လိုက်တာမဟုတ်ပါဘူး… အဲဒါတွေ အကုန်လုံးကို သုံးလိုက်မိတာလေး တစ်ခုပါပဲ…” ပုဖန်က ခပ်တည်တည်နှင့် အေးစက်စွာ ပြောလိုက်သည်။


သူက ဝူယွမ်ပိုင်ကို ကြည့်နေရာမှ အချို့အကြောင်းအရာများကို ပြန်လည်စဉ်းစားမိသွားသည်။ 


“အခုတစ်လတောင် ရှိနေပြီ.. မြွေလူသားတွေ ဘာလို့ ရောက်မလာသေးတာလဲ… သူက အသက်ဆက်ရှင်ချင်ရင်.. ငါ့ဆိုင်က သက်စောင့်ဟင်းပွဲကို လိုအပ်တယ်လေ… သူတို့ ရောက်မလာဘူးဆိုတော့… လမ်းခရီးမှာ မမျှော်လင့်တဲ့ ပြသနာတွေနဲ့ တွေ့နေလို့လား…”


သာမာန်အခြေအနေဆိုပါက သူတို့ ရောက်လာနိုင်ပြီဖြစ်သည်။သို့သော် ရောက်မလာခဲ့သောကြောင့် မြွေလူသားတို့က ပြသနာတစ်ခုခု ကြုံတွေ့နေရသောကြောင့် ဖြစ်နိုင်လေသည်။ ပုဖန်က တိတ်ဆိတ်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ 


“နင်က ကြာစေ့တွေကို ဘယ်လိုအသုံးပြုလိုက်တာလဲ… ငါ့ရဲ့အဆင့်ချိုးဖျက်ဖို့ အတွက်ကရော… အဲဒီကြာစိတွေကို ဘယ်မှာသုံးလိုက်တာလဲ ဆိုတာကို အခုပြော…”


၀ူယွမ်ပိုင်၏ မျက်နှာက ပုပ်သိုးနေလေသည်။ သူမက အင်ပါယာမြို့တော်သို့ ရောက်ရှိလာခဲ့သော်လည်း ထိုငတိက ကြာပန်းများ အားလုံးကို အသုံးပြုပြီး ဖြစ်နေလေသည်။


“ဝိုင်ချက်လိုက်တယ်… ဘာမှမကျန်တော့ဘူး…” ပုဖန်က ပြန်ဖြေလိုက်သည်။


“ဝိုင်ချက်လိုက်တယ်… ဟုတ်လား… ကြာစိအကုန်လုံးကို ဝိုင်ချက်ဖို့သုံးလိုက်တာ… နေဦး…” ဝူယွမ်ပိုင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ပုဖန်ကို မျက်လုံးပြူး၍ စိုက်ကြည့်လိုက်သည်။


“ဒီလူက ဝိုင်ချက်လိုက်တယ်လို့ ပြောလိုက်တာလား… ဒါက အင်ပါယာမြို့တော် တစ်၀က်လောက်ကို လွှမ်းခြုံသွားတဲ့ ဝိုင်ရနံ့ ဖြစ်နိုင်လောက်လား.. အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင်ကို ဝိုင်ချက်လိုက်တယ်ပေါ့… အကိုကြီး အဲလောက်ကြီး အသုံးအဖြုန်းမကြီးလို့ ရမလား…”


၀ူယွမ်ပိုင်၏ စိတ်ထဲတွင် ရုတ်တရက် နာကျင်လာပြီး အသက်ရှူ ရပ်မတက်ပင် ခံစားလိုက်ရလေသည်။ 


“ဒါဆိုလဲ အဲဒီဝိုင်ဘယ်မှာလဲ.. ငါ့ကို ဝိုင်ပေးမြည်း .. အဲဒီမှာကျန်သေးတဲ့ အာနီသင်တွေက အကျိုးသက်ရောက်ကောင်း သက်ရောက်နိုင်တယ်….”


၀ူယွမ်ပိုင်က နောက်ဆုံးမျှော်လင့်ချက်ကို ဆုတ်ကိုင်ထားပြီး မျက်နှာငယ်လေးနှင့် မေးလိုက်သည်။ 


“အိုး… အဲဒီဝိုင်က ဒီနေ့အတွက် ရောင်းကုန်သွားပြီ.. ကျေးဇူးပြုပြီး မနက်ဖြန်ကျမှ ပြန်လာခဲ့ပါ…” ပုဖန်က ဝူယွမ်ပိုင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


၀ူယွမ်ပိုင်က အလွန်အမင်း ဒေါသထွက်လာပြီး ပုဖန်၏ မျက်နှာကို ဖြတ်ကန်ချင်စိတ် ပေါက်နေလေသည်။ 


အပြင်ဘက်တွင် ခြေသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး လူရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုသူတို့၏ အရှိန်အဝါများက အားကောင်းလှပြီး အင်ပါယာမြို့တော်အတွင်းမှ သူတော်စင် အဆင့်များ၏ အာရုံကိုပင် ဆွဲဆောင်နိုင်သွားလေသည်။