အပိုင်း ၂၀၈
Viewers 53k

အခန် ၂၀၈ “ကြီးကျယ် မြင့်မြတ်လှသော ဂူဗိမ္မာန်မှ ဘုရင်ခံယု”


ဘုန်းကြီးငယ်က လက်အုပ်ချီထားပြီး သူ၏ အမူအယာက အလွန်နူးညံ့သိမ်မွေ့နေကာ ကြင်နာတတ်သော အပြုံးတစ်ခု ပြုံထားလေသည်။ သူက ခပ်ပြုံးပြုံးနှင့် ပုဖန်ကို စိုက်ကြည့်နေသော်လည်း သူ၏ အကြည့်များက ဓါးတစ်လက်ကဲ့သို့ စူးရှထက်မြိနေလေသည်။


“မြွေအမျိုးသမီး…”


ပုဖန်က စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း ဘုန်းကြီးငယ်၏ အကြည့်စူးစူးများအောက်တွင် အမူအယာ မပျက်စေရန် ဂရုစိုက်လိုက်ပြီး ပြန်ဖြေလိုက်သည်။


“ဟုတ်တယ်… ငါသိတယ်…”


ပုဖန်၏ အဖြေက အေးဆေးတည်ငြိမ်နေပြီး စိတ်လှုပ်ရှားဟန်ပင် မရှိချေ။ သူက ဆိုင်သို့ မြွေလူသားများ ရောက်မလာသောကြောင့် အံ့အားသင့်နေသော်လည်း အဖြစ်မှန်က လမ်းခရီးတွင် မြွေလူသားများက အန္တရာယ်နှင့် တွေ့ကြုံနေခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ထိုအခြေအနေက အံ့သြစရာတစ်ခု မဟုတ်တော့ပေ။ အင်ပါယာမြို့တော်က အန္တရာယ်များကြားတွင် ကျရောက်နေပြီး ယမနေ့ညက သူ၏ ဆိုင်သို့ ရောက်ရှိလားသော လူအုပ်သည်ပင် ထိပ်သီး သူတော်စင် အဆင့်များ ဖြစ်ကြသည်။


မြွေလူသားများက ထူးခြားဆန်းပြားသော မျိုးနွယ်စု ဖြစ်သောကြောင့် လူသားများ နေထိုင်ရာသို့ ရောက်လာလျင် အန္တရာယ် ကြုံတွေ့ရမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ပုဖန်က ဘုန်းကြီးငယ်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။


“အဲဒီတော့… မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ…”


ဘုန်းကြီးငယ်က သူ၏ မေးခွန်းကို ပုဖန်က အတည်ပြုပေးလိုက်သောကြောင့် ကျေနပ်သွားသော်လည်း ပုဖန် ပြန်မေးလိုက်သော မေးခွန်းကြောင့် စိတ်ရှုပ်ထွေး သွားလေသည်။ မြွေလူသားများကို မြေခွေးအိုကြီး ကျောက်မူရှန်က ဖမ်းထားသောကြောင့် သူက မည်သို့ ပြန်ပြောရမည်မှန်း မသိတော့ပေ။


“မင်းက သူတို့ကို မကူညီနိုင်ဘူးဆိုရင် သူတို့ကို ဒီခေါ်လာခဲ့လိုက်လေ…” ပုဖန်က ဘုန်းကြီးငယ်၏ ခေါင်းပြောင်ပြောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။


ထို့နောက် မီးဖိုချောင်ထဲသို့ ပြန်၀င်သွားလိုက်လေသည်။ မြွေလူသားများကို သူ့ဆိုင်သို့ ရောက်လာလျှင် ကူညီပေးမည်ဟု ကတိပေးခဲ့ဖူးလေသည်။ သို့သော် လမ်းခရီးတွင် အန္တရာယ်တွေ့နေခြင်းက သူ့တွင် တာ၀န်ရှိသည်ဟု မခံစားရပေ။


ဘုန်းတော်ကြီးက သူ၏ ခေါင်းပြောင်ပြောင်ကို တစ်ချက်ပွတ်လိုက်ပြီး သရော်ဟန်နှင့် ပြုံးလိုက်လေသည်။ ပုဖန်၏ မေးခွန်းကို မဖြေပဲ ကျောက်မူရှန်အတွက် ထားလိုက်လေသည်။ ထို့နောက် စားပွဲပေါ်မှ ၀က်နံရိုးချိုချဉ်ကြော်ကို လှမ်းကြည့်လိုက်သည်။ လိမ္မော်ရောင်တောက်နေသော ၀က်နံရိုးချိုချဉ်ကြော်က သူ၏ စားချင်စိတ်ကို ဆွဲဆောင်နေလေသည်။ လမ်းတစ်လျောက် ပေါက်ဆီစားခဲ့သောကြောင့် ပြည့်ကားနေသော ဗိုက်အတွင်းမှ ဆာလောင်မှုကြောင့် အသံများ ဆူညံစွာ ထွက်ပေါ်နေလေသည်။


သူက တူကို ကောက်ယူလိုက်ပြီး စားပွဲတွင် အနည်းငယ်စောင့်လိုက်သည်။ ထို့နောက် ၀က်နံရိုးချိုချဉ်ကြော်တစ်ဖက်ကို ကောက်ယူလိုက်လေသည်။ တူက နံရိုးဖက်ကို ထိတွေ့သွားသည်နှင့် နွေဦးရာသီသို့ ရုတ်တရက် ရောက်ရှိလာသည်ဟု ခံစားလိုက်ရသည်။


ဘုန်းကြီးငယ်က နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော်မှ အချိုရည်အချို့ကို လျှာပေါ်သို့ တင်လိုက်လေသည်။ ကောင်းမွန်လှသော အရသာကြောင့်သူ၏ မျက်၀န်းများ လင်းလက်လာလေသည်။ ၀က်နံရိုးကြော်တစ်ခုလုံး သူ၏ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ဘုန်းကြီးငယ်၏ မျက်၀န်းများက ပို၍ တောက်ပလာလေသည်။ မွှေးကြိုင်သင်းပျံ့သော ရနံ့များက လွင့်ပျံနေပြီး သူ၏ ပါးစပ်တစ်ခုလုံးတွင် နူးညံ့မှု အသား၏ အရည်ရွှမ်းမှုများနှင့် ပြည့်နှက်သွားလေသည်။


“အရမ်း…အရမ်းကို အရသာရှိတယ်…”


ဘုန်းကြီးငယ်က ဆက်၍ ဝါးနေပြီး သူ၏ မျက်၀န်းများက ပြူးကျယ်လာကာ ထူးဆန်းစွာ ရယ်လိုက်လေသည်။


“ဒီအသားရဲ့ အရသာက သေလောက်အောင်ကို အရသာရှိတယ်… ဂလု…”


၀က်နံရိုးတစ်ချောင်းလုံးကို မျိုချလိုက်ပြီးနောက် သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်နေသော အသား၏ မွှေးရနံ့များက သူ့ကို မူးယစ်ပျော်၀င်နေစေသည်။


အသားစားသော ဘုန်းကြီးတစ်ပါး အနေနှင့် အလွန်အကြူး အသားကို နှစ်သက်မှုက အခြားသူများ၏ အမြင်တွင် တမူထူးဆန်းနေလေသည်။ သူက အသားအမျိုးမျိုးကို စားခဲ့ဖူးလေသည်။ ထိုသို့ စားရခြင်း၏ အကြီးမားဆုံး အကြောင်းပြချက်မှာ သူရှင်သန်နေထိုင်ခဲ့သော အဆုံးအစမဲ့ ကျယ်၀န်းလှသော နယ်မြေတွင် အပင်များနှင့် စိတ်ဝိဥာဉ်သစ်သီးများ လုံး၀မရှိပဲ ဝိဥာဉ်သားရဲများသာ အလွန်ပေါများသောကြောင့် ဖြစ်သည်။


ထိုနေရာတွင် ရှင်သန်နေထိုင်နိုင်ရန် သားရဲများ၏ လတ်ဆတ်သော အသားစိမ်းကို စားခဲ့ရပြီး သွေးကို သောက်ခဲ့ရသည်။ ထိုသားရဲတို့၏ အသားများက ချီးကျူးရန်ပင် မထိုက်တန်ပေ။ ထိုနေရာမှ ထွက်ခွာလာပြီးနောက် ဘုန်းတော်ကြီး ရှန့်တဲက အသားစားရသည်ကို ဆက်လက်မက်မော ခုံမင်နေပြီး ကမ္ဘာပေါ်မှ အရသာရှိသော အသားဟင်းများကို ရှာဖွေစားသောက်နိုင်ရန် ကျိန်ဆိုခဲ့သည်။


ဘုန်းတော်ကြီး ရှန့်တဲက ကြွေခွက်ထဲသို့ ဝိုင်ငှဲ့လိုက်သည်။ နွေဦးစမ်းရည်ကဲ့သို့ ကြည်လင်နေသော ဝိုင်များက ခွက်ထဲသို့ စီးဆင်းလာသည်နှင့် ဝိုင်နံ့များက အသား၏ မွှေးရနံ့များနှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်သွားလေသည်။ ရှန့်တဲက မထိန်းချုပ်နိုင်တော့ပဲ အနည်းငယ် အော်လိုက်မိသည်။


ခပ်လှမ်လှမ်းတွင် ထိုင်နေသော ကွမ်းရှောင်ယီက အသားစားလိုက် ဝိုင်သောက်လိုက်ဖြင့် အလုပ်ရှုပ်နေသော ဘုန်းကြီးငယ်ကို အကဲခတ်နေလေသည်။ ထိုဘုန်းကြီးငယ်ကို ကြည့်၍ သူမ၏ အခြေခ့ အသိအမြင်များက မှားယွင်းနေသည်ဟု ခံစားနေရလေသည်။


“စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတာက ဘုန်းတော်ကြီးတွေဆိုတာ… ဝိုင်တို့ အသားတို့ကို မစားရဘူးလေ…. အဲဒါ မဟုတ်ဘူးလား..” ကွမ်းရှောင်ယီက မဲ့ရွဲ့နေလေသည်။


ပါးစပ်အဆီကွက်နေသော ဘုန်းတော်ကြီး ရှန့်တဲက စာအုပ်ထဲတွင် ရေးသားထားသော သမားရိုးကျ ဘုန်းတော်ကြီးများနှင့် အနည်းငယ်မျှပင် တူညီခြင်းမရှိပေ။ ထိုအရေးအသားများက မုသားများသာ ဖြစ်နိုင်လေသည်။


ဘုန်းကြီးငယ်ကခြေထောက်ကို လွဲ၍ စားပွဲခုံတန်းပေါ်သို့ တင်လိုက်လေသည်။ ထို့နောက် ခြေထောက်တလှုပ်လှုပ်နှင့် ၀က်နံရိုးချိုချဉ်ကြော်ကို စားနေလေသည်။ သူက ကွမ်းရှောင်ယီ၏ အကြည့်များကို သတိပြုမိဟန်နှင့် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။


ကွမ်းရှောင်ယီက မကျေမနပ်နှင့် ဟမ့်ခနဲ အသံပြုလိုက်ပြီး အကြည့်လွှဲလိုက်လေသည်။


ဂျိချန်းရွဲ့က ဟင်းပွဲများကို စားသောက်ပြီးဆီးသွားသောကြောင့် တူကို ချထားလိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေလေသည်။ သူက ပိုင်ရှင်ပု၏ အရသာရှိလှသော စားသောက်ဖွယ်ရာများကို မစားရသည်မှာ ကြာပြီဖြစ်သောကြောင့် သူက ကျေနပ်နေလေသည်။


“ဦးလေးလျန်… သွားကြရအောင်….” ဂျိချန်းရွဲ့က သူ၏ ဘေးတွင် ဥထမင်းကြော်စားနေသော လျန်ဖုကို ပြောလိုက်သည်။


လျန်ဖုက သူ၏ လက်ချောင်းလေးများကို ဝေ့ရမ်း၍ မတ်တပ်ထရပ်လိုက်သောလည်း အမှတ်တရများနှင့် ပြည့်နှက်နေသော ဆိုင်ငယ်လေးထဲမှ ထွက်ခွာသွားရန် တွန့်ဆုတ်နေလေသည်။ ဧကရာဇ်တစ်ပါး ဖြစ်သော ဂျိချန်းရွဲ့က နန်းတော်မှ ကြာရှည်စွာ ထွက်ခွာ၍ မရပေ။


ဂျိချန်းရွဲ့က သူတော်စင်အဆင့်များ လိုချင်တပ်မက်နေသော ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ခံစားကြည့်ရှုရန်နှင့် ပုဖန်အသစ်ထုတ်လိုက်သော ဝိုင်ကို မြည်းစမ်းရန် ဖြစ်သည်။ သို့သော် ကံမကောင်းစွာနှင့် သူက ဝိုင်ကို မြည်းစမ်းရန် အခွင့်မကြုံလိုက်ပေ။ ထို့ကြောင့် အနည်းငယ် ရှက်ရွံ့နေသော်လည်း ပုဖန်၏ လက်ရာ ဟင်းပွဲများကို စားလိုက်ရသောကြောင့် စိတ်ကျေနပ်နေလေသည်။


ဂျိချန်းရွဲ့တို့ ပြန်လည်ထွက်ခွာသွားချိန်တွင်ပင် ဝူယွမ်ပိုင်တို့က ဆက်လက်စားသောက်နေကြဆဲပင် ဖြစ်သည်။ သူတို့က များပြားလှသော ဟင်းပွဲများကို မှာယူထားပြီး ခေါင်းမဖော်တမ်း စားသောက်နေကြလေသည်။


…….


အင်ပါယာမြို့တော်၏ ကြီးကျယ်ခမ်းနားလှသော ဂူဗိမ္မာန်အနီးတွင် နှင်းစက်လေးများက နူးညံ့စွာ ကျဆင်းနေလေသည်။ အေးစက်လှသော လေပြေလေညှင်းလေးများ တိုက်ခတ်နေပြီး သစ်ရွက်ချင်း ပွတ်တိုက်ရာမှ ထွက်ပေါ်နေသော အသံတိုးတိုများက လွင့်ပျံနေလေသည်။


ကြီးကျယ်ခမ်းနားလှသော ဂူဗိမ္မာန်က မြင့်မားမတ်စောက်သော တောင်ထိပ်ပေါ်တွင် ရှိနေလေသည်။ နွေဦးရာသီ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုနေရာတွင် နှင်းများ ကျဆင်းနေဆဲဖြစ်ပြီး အင်ပါယာမြို့ထဲတွင်ထက် ပို၍ အေးခဲနေလေသည်။


တဲအိမ်လေးတစ်လုံးအတွင်းမှ သာမာန်ပိတ်ချော၀တ်စုံကို ၀တ်ဆင်ထားသော လူတစ်ယောက် ထွက်လာလေသည်။ ထိုသူက ကြီးကျယ်ခမ်းနားလှသော ဂူဗိမ္မာန်များ ရှိရာသို့ လျှင်မြန်စွာ လျောက်လှမ်းနေလေသည်။ ထိုနေရာတွင် မရေမတွက်နိုင်သော ကဗ္ဗည်းတိုင်များ ရှိနေပြီး ထိုသူက ထိုကဗ္ဗည်းတိုင်များပေါ်သို့ ကျနေသော သစ်ရွက်များကို တံမျက်စည်းနှင့် လှည်းကျင်းနေလေသည်။


သူတံမျက်စည်း လှည်းနေချိန်တွင် သချိုင်းဂူအတွင်းမှ တုန်ခါသံ အချို့နှင့်အတူ နမိတ်မကောင်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။


“ကျွတ်ကျွတ်ကျွတ်… တချိန်က မျိုးဆက်သစ်တွေထဲမှာ ကြောက်စရာအကောင်းဆုံးဖြစ်တဲ့ ဘုရင်ခံယုက နဂါးပလ္လင်လုပွဲမှာ ရှုံးနိမ့်သွားပြီး ဒီလိုနိမ့်ကျတဲ့ အခြေအနေကို ရောက်နေတာလား...”


“တချိန်က သူ့ရဲ့ ရွှေရောင်နေ့ရက်တွေကလည်း ပျောက်ကွယ်သွားပြီလေ…. အိုး… ကြည့်စမ်းပါဦး… ဘယ်လောက်တောင် သနားဖို့ ကောင်းလိုက်လဲ….”


အေးဆေးငြိမ်သက်နေသော ဂူဗိမ္မာန်အတွင်းမှ ကျယ်လောင်သော ရယ်သံတစ်ခုနှင့်အတူ ခြေသံများ ထွက်ပေါ်လာလေသည်။


တံမျက်စည်းကိုင်ထားသူ၏ ခန္ဒာကိုယ်က တောင့်တင်းသွားပြီး သူ့ကို လှောင်ရယ်နေသူကို မျက်စိမှေးစင်း၍ ကြည့်လိုက်လေသည်။ သူ၏ အကြည့်စူးစူးများက မီးခိုးရောင်ဖြစ်နေပြီး သူ၏ မျက်နှာက လူသေကဲ့သို့ အမူအယာ မဲ့နေလေသည်။


အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသော ကျောက်ရူကျီက လက်နောက်ပစ်၍ ရပ်နေလေသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် အစောင့်နှစ်ယောက် ရှိနေလေသည်။ ထိုနှစ်ယောက်၏ မျက်နှာများကို ဖုံးကွယ်ထားသောကြောင့် အလွယ်တကူ ခွဲခြားနိုင်ခြင်း မရှိပေ။ ကြောက်စရာကောင်းလောက်အောင် သန်မာလှသော ထိုနှစ်ယောက်က ဂူဗိမ္မာန်မှ အစောင့်များကို သတ်ဖြတ်ပြီး ဖြစ်နိုင်ပေသည်။


ကျောက်ရူကျီက ဂူဗိမ္မာန်၏ ၀င်ပေါက်တွင် ခြေလှမ်းကျဲများနှင့် လျောက်နေလေသည်။ အပြင်လူတစ်ယောက်အနေနှင့် အင်ပါယာမြို့တော်၏ အထွတ်အမြတ်ထားရာ ဂူဗိမ္မာန်ထဲသို့ ၀င်ရောက်ရဲခြင်း မရှိပေ။ ထိုဂူဗိမ္မာန်ထဲသို့ ၀င်ရောက်ခြင်းဖြင့် ဖြစ်လာနိုင်သော အကျိုးဆက်များကို သူက သိရှိထားခြင်းမရှိပေ။


ဂျိချန်းယုက ကျောက်ရူကျီကို အကဲခတ်လိုက်ပြီး သစ်ရွက်ခြောက်များကို ဆက်လှည်းနေလေသည်။ သူ၏ လှုပ်ရှားမှုများက အသက်ကြီးပိုင်းတစ်ယောက်ကဲ့သို့ နှေးကွေးနေပြီး တချိန်က ရဲရင့်တက်ကြွလှသော ဘုရင်ခံယု၏ အပြုအမူအများ ပျောက်ကွယ်နေလေသည်။


“မြင့်မြတ်လှတဲ့ ဘုရင်ခံယုက ဘဝတစ်လျောက်လုံး ဒီဂူဗိမ္မာန်ထဲမှာပဲ ပိတ်မိနေချင်ရဲ့လား… အခု ဂျိချန်းရွဲ့က ပလ္လင်ပေါ်မှာ အေးအေးသာသာ ထိုင်နေတာကို တွေးကြည့်လိုက်စမ်းပါ… မင်းဒေါသမထွက်ဘူးလား…” ကျောက်ရူကျီက မုန်းတီးနေဟန်နှင့် စိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။


“ဘယ်လိုကြောင့် မင်းက ဒီလိုဖြစ်သွားတာလဲ… ဂျိချန်းရွဲ့က ပလ္လင်ပေါ်မှာ အေးအေးသက်သာ ထိုင်နေတဲ့အချိန်မှာ မင်းက ဒီနေရာမှာ ဂူဗိမ္မာန်ကို ခွေးတစ်ကောင်လို စောင့်ကြပ်နေရတယ်… ဘာလို့ သူဖြစ်ရတာလဲ…”


ဂျိချန်းယုက လှည့်ကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။


“ဂျိချန်းရွဲ့ကို ဆန့်ကျင်စရာ ဘာအကြောင်းများ ရှိသေးလို့လဲ … အရာအားလုံးက ပြီးဆုံးသွားပြီ… ခမည်းတော်က သူ့ကိုရွေးချယ်လိုက်တယ်.. ဒါက ငါ့ကို … ရှုံးနိမ့်စေတာပဲ…”


“အရှုံးသမားတစ်ယောက်လား… ဒါက ငါ့စိတ်ထဲမှာရှိတဲ့ ဘုရင်ခံယု မဟုတ်ဘူး…” ကျောက်ရူကျီက လှောင်ပြောင်လိုက်သည်။


ဂျိချန်းယုက ခေါင်းခါရမ်းလိုက်ပြီး ကျောက်ရူကျီကို မသိကျိုးကျွံပြု၍ နောက်ထပ်ကဗ္ဗည်းတိုင်တစ်ခုကို ကူးပြောင်းလိုက်သည်။ ထိုကဗ္ဗည်းတိုင်က ဧကရာဇ်ဂျိချန်းဖန်၏ ကဗည်းတိုင်ဖြစ်ပြီး အခြားဧကရာဇ်များ၏ ကဗ္ဗည်းတိုင်များနှင့် မတူညီပဲ ဟောင်းနွမ်းစုတ်ပြတ်နေလေသည်။


ဂျိချန်းယုက ခေါင်းကို ငုံ့ချလိုက်ပြီး သူ၏ခေါင်းကို ကွယ်ထားလိုက်ကာ သစ်ရွက်ကြွေများကို ဆက်လက် လှည်းကျင်းနေလိုက်သည်။


“ဂျိချန်းယု… ငါ ကျောက်ရူကျီက ဒီနေ့မင်းကို ပြော စရာရှိလို့ လာခဲ့တာ… လျန်ဖုက အခု အင်ပါယာမြို့တော်ထဲ ရောက်နေတယ်… မင်းကရော.. ဘယ်တော့မှ မြို့တော်ထဲကို ပေါ်ပေါ်တင်တင် ထွက်နိုင်မှာလဲ… မင်းက မထွက်ခွာချင်ရင်တော့ ငါလဲ ပြောစရာမရှိတော့ဘူး… မင်းက ရှုံးနိမ့်မှုကို လက်မခံနိုင်ဘူးဆိုရင် ငါနဲ့ငါ့အဖေ ကျောက်မူရှန်က မင်းလိုအပ်တာတွေကို ထောက်ပံ့ပေးမယ်…”


ကျောက်ရူကျီက ပြောဆိုလိုက်ပြီး ဆက်မေးလိုက်သည်။


“အဲဒီတော့ မင်းရဲ့ ရွေးချယ်မှုက ဘယ်လိုလဲ…”


တိုက်ခတ်နေသော ဆောင်းလေညှင်းများထဲတွင် နှင်းမှုန်လေးများ ဝေ့၀ဲပါ၀င်နေလေသည်။ နှင်းမှုန်လေးများက ကျောက်ရူကျီပေါ်သို့ ကျဆင်းလာသော်လည်း သူ၏ ခန္ဒာကိုယ်မှ အပူချိန်ကြောင့် ရေစက်လေးများအဖြစ် ပြောင်းလဲသွားလေသည်။


ကျောက်ရူကျီက ဂူဗိမ္မာန်ထဲမှ ပုံရိပ်ကို စောင့်ကြည့်နေလေသည်။ ဘုရင်ခံယုက အရှုံးပေးလိုက်မည်မဟုတ်ဟု သူက ယုံကြည်နေလေသည်။ တံမျက်စည်းကိုင်ထားသော ပုံရိပ်က တဖြည်းဖြည်း ထွက်ခွာလာလေသည်။ သူ၏ မျက်၀န်းများက မီးခိုးရောင် ဖြစ်နေသော်လည်း ထိုမီးခိုရောင်များကြားတွင် မျှော်လင့်ချက်များ လောင်ကျွမ်းနေလေသည်။


“ကျောက်မူရှန်… ဒီမြေခွေးအိုကြီးက တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ…”


ဂျိချန်းယုက ပြောဆိုလိုက်ပြီး သူ့လက်ထဲမှ တံမျက်စည်းကို ပခုံးပေါ်သို့ တင်လိုက်ပြီး ဆံပင်စည်းထားသော သိုးမွှေးစကို ဆွဲဖြည်ချလိုက်ရာ ဆံပင်များ ပြေလျော့ကျလာလေသည်။


ကျောက်ရူကျီက သူ့ကို နှုတ်ခမ်းများ တွန့်ကွေး၍ စိုက်ကြည့်နေလေသည်။.


…….


ညအချိန်တွင် ကောင်းကင်ထက်၌ လခြမ်းကွေးလေး နှစ်ခုကို ချိတ်ဆွဲထားလေသည်။


အင်ပါယာမြို့တော်အတွင်းမှ ခြံ၀န်းတစ်ခုထဲတွင် ကျောက်မူရှန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေလေသည်။ သူ၏ အမူအယာက နူးညံ့သိမ်မွေ့နေပြီး ခန္ဒာကိုယ်မှ ထွက်ရှိနေသော စွမ်းအင်များက စမ်းချောင်းတစ်ခုထဲတွင် စီးဆင်းနေသော ရေများကဲ့သို့ အတက်အကျ ဖြစ်နေလေသည်။


အရက်မူးနေဟန်ရှိသော ပုံရိပ်တစ်ခုက ခြံ၀န်းထဲသို့ ရုတ်တရက် ရောက်ရှိလာပြီး သူ့ဆီမှ လေချဉ်တက်သံ အချိုပင် ကြားနေရလေသည်။


ကျောက်မူရှန်က နဖူးကျော်များ တွန့်ကွေးသည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး ထုံပုံရိပ်ကို စိုက်ကြည့်လိုက်သည်။


“ရှန့်တဲ… မင်းသောက်လာပြန်ပြီလား… ဆည်းကပ်သူတွေက အရက်မသောက်သင့်ဘူး… ဒါကိ်ု မင်းက ပိုပိုပြီး ဆိုးဝါးလာတယ်…”


“ဟီးဟီး.. အကြီးအကဲ… ဆည်းကပ်သူတွေက ဘာလို့အရက်မသောက်ရဘူးလို့ အကြီးအကဲပြောရတဲ့ အကြောင်းရင်းကို ဒီရှန့်တဲက သိပါတယ်… ဒီဝိုင်နဲ့ အသားက အူလမ်းကြောင်းထဲရောက်သွားတာနဲ့ ဒီဘုန်းကြီးက ဇိမ်ယူခြင်လာတယ်…” ရှန့်တဲက အရက်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။


“ထားလိုက်တော့… မင်းဘယ်လောက်သောက်သောက် ငါဂရုမစိုက်ဘူး… အဲဒါတွေကလည်း ကြာကြာခံမှာမဟုတ်ဘူး…” ကျောက်မူရှန်က မျက်မှောင်ကြုံ့လိုက်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။


သူ့ရှေ့တွင် မဟာယာန ကျွန်းမှ အခြားဘုန်းတော်ကြီး တစ်ပါးဖြစ်ပါက ကျောက်မူရှန်က ရိုက်နှက်ဆုံးမလိုက်မည်ဖြစ်သည်။ သို့သော် ရှန့်တဲက..


ဟင်း…


“ဟီးဟီး… အကြီးအကဲ… အကြီးအကဲပြောထားတာတွေကို ရှန့်တဲက မမေ့ပါဘူး… ပိုင်ရှင်ပုက မြွေလူသားကို သိတယ်တဲ့..” ရှန့်တဲ၏ မျက်၀န်းများက မူးဝေနေသော်လည်း ယိုင်ထိုးနေခြင်းမရှိပဲ တည့်မတ်စွာ ရပ်နိုင်လေသည်။


ထို့နောက် သူက သစ်ပင်ကို မှီလိုက်ပြီး ဆက်ပြောလိုက်သည်။


“အဲဒီပိုင်ရှင်ပုက….ငါက သူတို့ကို သိတော့ရော ဘာဖြစ်လဲတဲ့… ကျွန်တော် ဘာဆက်လုပ်ရမလဲ…”


ကျောက်မူရှန်၏ မျက်နှာက လှုပ်ရှားသွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။


“ငါသူတို့ကို သိတော့ဘာဖြစ်လဲ… အဲလိုဆိုတော့… သူတို့ကို မသိတာထက်.. လုပ်ရကိုင်က ပိုလွယ်သွားတာပေါ့… ပုဖန် ပုဖန်… ဒီအဖိုးကြီးက သူတို့ သေတာကို မင်းလက်ပိုက်ကြည့်နေနိုင်လာဆိုတာကို မြင်ချင်သေးတယ်… ဟားဟားဟား……”