အပိုင်း ၂၁၀
Viewers 53k

အခန်း ၂၁၀ “အဲဒီကို စောစောသွား မဟုတ်ရင် တန်းစီနေရမယ်…”


အင်ပါယာနန်တော်အတွင်းမှ အဓိကခန်းမကြီးထဲတွင် နဂါး၀တ်ရုံကို ၀တ်ဆင်ထားသော ဂျိချန်းရွဲ့က မျက်လုံးများ မှေးစင်းထားပြီး တက်ကြွပျော်ရွှင်နေဟန်နှင့် ခန်းမထဲသို့ ၀င်လာခဲ့သည်။ နောက်ဆုံးတွင် သူတောင့်တနေသော ပိုင်ရှင်ပု၏ လက်ရာကို စားခဲ့ရသောကြောင့် စိတ်ကျေနပ်နေလေသည်။ သူက လေထဲတွင် လမ်းလျောက်နေရသကဲ့သို့ ခံစားနေရလေသည်။


ခန်းမထဲမှ မိန်းမစိုးများက ဂျိချန်းရွဲ့ အမူအယာကြောင့် နှုတ်ခမ်းကို လက်ဖြင့်ကာ၍ ပြုံးလိုက်မိကြလေသည်။


ဂျိချန်းရွဲ့က ဧကရာဇ်မင်း ဖြစ်လာချိန်မှ စ၍ အခြားသူများ၏ လေးစားမှုများ ရရှိနိုင်ရန် သူ၏ ဂုဏ်သိက္ခများကို အလေးအနက် ထားခဲ့သည့် သို့သော် သူ၏ ယနေ့အပြုအမူများက ရှားရှားပါးပါး ဖြစ်နေသောကြောင့် ရယ်ရန် ခဲယဉ်းလှသော မိန်းမစိုးများပင် စိတ်မထိန်းနိုင်ပဲ ရယ်မောလိုက်ခြင်း ဖြစ်သည်။


ဂျိချန်းရွဲ့က ခန်းမထဲမှ လေထုက အနည်းငယ် ပြောင်းလဲနေသည်ကို ခံစားလိုက်ရသောကြောင့် ဝေ့၀ဲကြည့်လိုက်ရာ ပြုံးစိစိ ဖြစ်နေသော မိန်းမစိုးများကို တွေ့လိုက်ရလေသည်။သူက သေချာစွာ ပြန်စဉ်းစားလိုက်ရာ သူ၏ အပြုအမူများက ရယ်ရွှင်ဖွယ် ဖြစ်နေသည်ကို သဘောပေါက်လိုက်လေသည်။ ဂျိချန်းရွဲ့၏ အမူအယာက ကို့ယို့ကားယား ဖြစ်သွားပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။ သူ၏ မျက်နှာက တင်းမာနေပြီး မိန်းမစိုးများကို ကြည့်လိုက်လေသည်။


“မင်းတို့က ဘာကို ရယ်နေကြတာလဲ.. ငါကိုယ်တော် ထမင်းစားပြီးတော့ လေ့ကျင့်ခန်းလုပ်တာကို မမြင်ဘူးကြဘူးလား…”


မိန်းမစိုးများက ပြည်လည်လျောက်တင်ခြင်း မပြုပဲ ခေါင်းကို ငုံ့၍ ပြုံးစိစိ ဖြစ်နေကြလေသည်။ဂျိချန်းရွဲ့လည်း သူ့ကိုယ်သူ ရယ်ချင်လာလေသည်။ သူ၏ စိတ်အခြေအနေက အလွန်ကောင်းမွန်နေလေသည်။ သူက ပလ္လင်တော်သို့ လျောက်သွားလိုက်ပြီး နဂါး၀တ်ရုံစကို သိမ်း၍ ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်လိုက်လေသည်။


ထိုအချိန်တွင် ပုံရိပ်တစ်ခုက နန်းတော်ထဲသို့ အလင်း၏ လျှင်မြန်မှုနှုန်းနှင့် ၀င်ရောက်လာပြီး ဂျိချန်းရွဲ့ ရှေ့တွင် ဒူးထောက်လိုက်သည်။


ဂျိချန်းရွဲ့က အနည်းငယ် ထိတ်လန့်သွားပြီး တံတွေးများပင် သီးသွားလေသည်။


အဟွတ်… အဟွတ်…


“သတင်းပို့ပါတယ်… အရှင်မင်းမြတ်… ကြီးကျယ်မြင့်မြတ်လှတဲ့ ဂူဗိမ္မာန်မှာ အပြောင်းအလဲတချို့ ဖြစ်သွားပြီး ဂျိချန်းယုကို ရှာမတွေ့တော့ပါဘူး…”


ခန်းမထဲတွင် ဒူးထောက်နေသော သတင်းပို့သူက အဖြစ်အပျက်များကို လေးလေးနက်နက် လျောက်တင်လိုက်သည်။


ဘာ…


ဂျိချန်းရွဲ့၏ ပျော်ရွှင်နေသော အမူအယာက တမဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။ ဂျိချန်းယုကို ဧကရာဇ်ချန်းဖန်က သူ၏ ဂူဗိမ္မာန်ကို စောင့်ရှောက်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက မည်သည့် ခွင့်ပြုချက်မျှ မရှိပဲ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ဂျိချန်းယု၏ သိုင်းအဆင့်ကို ချိတ်ပိတ်ထားသောကြောင့် ထိုနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်သည့် အစွမ်းအစ မရှိပေ။


ထိုအချိန်တွင် လျန်ဖုက ခန်းမထဲသို့ ၀င်ရောက်လာပြီး သူ၏ လက်များကို ဝှေ့ရမ်း၍ တည်ကြည်စွာ ပြောလိုက်သည်။


“ငါရက်နည်းနည်းလောက် ထွက်ခွာလာတာနဲ့… ဂျိချန်းယုက လွတ်မြောက်သွားတယ်… ဒီကိစ္စက ကြိုတင်ကြံစည်ထားတာပဲ ဖြစ်ရမယ်…”


ဂျိချန်းရွဲ့က နဖူးကြောများ တွန့်သည်အထိ မျက်မှောင်ကြုံ့ထားလိုက်ပြီး သူ၏ ၀တ်ရုံစကို လုံးချေနေလေသည်။ ဂျိချန်းရွဲ့၏ အကျင့်က အလွန်ခံစားလွယ်လေသည်။ သူက အင်ပါယာမြို့တော်၏ ထိခိုက်လွယ်သော အခြေအနေကြောင့် လျန်ဖုကို ခေါ်ထုတ်ခဲ့သော်လည်း ထိုသို့ ဆိုးဝါးသွားမည်ဟု မထင်မှတ်ထားခဲ့ချေ။


“ကြီးကျယ်မြင့်မြတ်လှတဲ့ ဂူဗိမ္မာန်က ထွက်ခွာသွားတယ်ဆိုတော့.. အရင် ဧကရာဇ်ဟောင်းရဲ့ အမိန့်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်တာပဲ.. ဘုရင်ခံယုက ပုန်ကန်မှုကို ကျရှုံးခဲ့ပြီးပြီး သူ့ဘာသာ ထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်ဘူး…”


“တကယ်လို့ ငါသာ သူ့ကို ရှာတွေ့မယ်ဆိုရင် အရင် ဧကရာဇ်မင်းရဲ့ဂုဏ်သိက္ခာကို ပြန်လည်ယူဆောင်လာရမယ်…” လျန်ဖုက အင်္ကျီလက်စကို ဝေ့ရမ်းလိုက်ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။


ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက် ချလိုက်လေသည်။


“ဘုရင်ခံယုက ကြီးကျယ်မြင့်မြတ်တဲ့ ဂူဗိမ္မာန်က ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတော့ ပလ္လင်တော်အတွက် တစ်ကျော့ပြန်လာချင်နေတာလား… ဖခမည်းတော်က နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်ကို အသုံးပြုပြီး သူ့ရဲ့ ကျင့်ကြံမှုကို စည်းခတ်ထားခဲ့တယ်… အဲဒီစည်းကို သာမာန် သူတော်စင်အဆင့်တွေတောင် ချိုးဖျက်နိုင်စွမ်း မရှိဘူး… သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့.. ဘယ်လိုလုပ်ပြီးတော့….”


“ငါက မင်းဘ၀တစ်ခုလုံးကို ခမည်းတော်အတွက် သုံးစွဲမယ်လို့ ထင်ထားခဲ့တာ… မင်းဆုံးဖြတ်ချက် အမှားတွေ မလုပ်မိဖို့ပဲ မျှော်လင့်ပါတယ်…” ဂျိချန်းရွဲ့က လက်သီးတင်းတင်း ဆုတ်၍ ရေရွတ်လိုက်သည်။


…….


ပုဖန်က ပန်ကန်ပြားဝိုင်းကို သယ်ဆောင်၍ မီးဖိုချောင်ထဲမှ ထွက်လာပြီး စားပွဲခုံပေါ်တွင် တင်ထားလိုက်သည်။ လက်ကို ဆေးကြောပြီးနောက် ခုံပေါ်တွင် စိတ်ထားထက်သန်စွာ ၀င်ထိုင်လိုက်လေသည်။


ပန်းကန်ပြားက အတော်အသင့် ကြီးမားပြီး နဂါးသွေးဆန်နှင့် ချက်လုပ်ထားသော ဒွန်ဘူရီထည့်ထားလေသည်။


နဂါးသွေးအသား ဒွန်ဘူရီကို နဂါးသွေးဆန်နှင့် အဆင့်ခုနစ် ခရီးသွားနွားနဂါး၏ နူးညံ့သော အသားတို့နှင့် ချက်ပြုတ်ထားခြင်း ဖြစ်သည်။ ထိုပါ၀င်ပစ္စည်းများကပင် အာရုံစိုက်ရန် လုံလောက်နေပြီဖြစ်သည်။ အသား၏ မွှေးရနံ့နှင့် ဆန်၏ မွှေးရနံ့များ ပေါင်းစပ်နေသော အပူငွေ့လေးများက ထောင်းထောင်းထနေလေသည်။


ပုဖန်က ကြွေဇွန်းကို ကောက်ယူလိုက်ပြီး နဂါးသွေးဆန် ဒွန်ဘူရီကို တစ်ဇွန်း ခပ်ယူလိုက်သည်။ ထမင်းစိများက လုံး၀န်းချောမွေ့နေပြီး အနီရောင်ဖျော့ဖျော့ သမ်းနေလေသည်။ နဂါးသွေးဆန်ကို မြွေနဂါး၏ သွေးဖြင့် စိုက်ပျိုးထားသော်လည်း နူးအိနေပြီး မနှစ်မြို့ဖွယ် ရနံ့များ ကင်းစင်နေလေသည်။


မွှေးရနံ့များက နှလုံးသားထဲသို့ ဖြတ်သန်းသွားသော နို့စမ်းချောင်းတစ်ခုကဲ့သို့ ချိုမြနေပြီး လန်းဆန်းမှုကို ခံစားရစေသည်။ ပုဖန်က ထမင်းဇွန်းကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အနည်းငယ် ကိုက်ဝါးလိုက်သည်နှင့် ဆန်စိလေးများက ကွဲထွက်သွားပြီး သွားနှင့် လျှာကြားသို့ ကျရောက်သွားလေသည်။ နဂါးသွေးဆန်က သာမာန်ထမင်းစိများထက် အနည်းငယ် ပို၍ လေးပင်ပြီး ထူးခြားသော အရသာရှိလေသည်။


ကြွယ်၀လှသော စိတ်ဝိဥာဉ် အနှစ်သာရများက ပေါက်ကွဲထွက်လာပြီး သူ၏ ပါးစပ်နှင့် ခန္ဒာကိုယ်တစ်ခုလုံးကို ဆေးကြောလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုဆန်မှ စွမ်းအင်များက သွေးသရဖူ ရွံ့နက် စပါးအုံးမြွေ၏ သွေးအမာက်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ကောင်းမွန်လှကြောင်း ၀န်ခံရမည်ဖြစ်သည်။


ထို့နောက် ပုဖန်က ခရီးသွားနွားနဂါး၏ အသားနှင့် ဟင်းအနှစ်ကို တစ်ဇွန်း ခပ်လိုက်လေသည်။ ဟင်းအနှစ်က ပြစ်နှစ်လှပြီး ပါးစပ်ထဲမှ ထမင်းနှင့် ရောနှောပေါင်စပ်သွာလေသည်။ ထမင်းနှင့် အသားတို့၏ အရသာက လျှာဖြားမှတဆင့် အာရုံကြောများအထိ စီးဆင်းသွားလေသည်။


မယုံကြည့်နိုင်ဖွယ် အပူငွေ့များက ပုဖန်၏ ပါးစပ်ထဲမှ ထွက်လာလေသည်။ သို့သော် ထိုပူပြင်းသော အာရုံခံစားမှုကြောင့် ဒွန်ဘူရီကို စားရသည်မှာ နှစ်သက်ဖွယ် ဖြစ်လာလေသည်။ ပူစပ်ပူလောင်နှင့် ကြွယ်၀လှသော မွှေးရနံ့များက ခံတွင်းတစ်ခုလုံးတွင် ပြည့်နှက်နေလေသည်။


မျိုချလိုက်ချင်သော်လည်း မမျိုချရဲသော ခံစားချက်တစ်ခုက ဤကမ္ဘာကြီးထဲတွင် ထွက်ပေါ်လာခဲ့လေသည်။


ပုဖန်က လေထဲတွင် လမ်းလျောက်နေရသကဲ့သို့သော ခံစားချက်ထဲတွင် နစ်မြုတ်နေလေသည်။ ထိုခံစားချက်က အလွန်အံ့သြဖွယ်ရာဖြစ်နေပြီး ပျော်ရွှင်နေမိလေသည်။ ပုဖန်က ပါးစပ်ထဲမှ အသားနှင့် ထမင်းကို မျိုချလိုက်ချိန်တွင် စိတ်ကျေနပ်မှုနှင့် လန်းဆန်းမှုက သူ့ခန္ဒာကိုယ်ထဲမှ အရိုးများကို ပွင့်ထွက်သွားစေလေသည်။


“ကောင်း.. ကောင်းလိုက်တာ…”


ပုဖန်က အပူငွေ့တစ်ချို့ကိုမှုတ်ထုတ်လိုက်လေသည်။ နဂါးသွေးထမင်း တစ်ဇွန်းကို စားသောက်ပြီးနောက် သူက စိတ်သက်သာရာ ရသွားလေသည်။ ပုဖန်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ပူစပ်ပူလောင် ဖြစ်မှုကြောင့် လျှာက ထုံနေသည်ကို ခံစားလိုက်ရလေသည်။


“ဒီအတိုင်းဆိုရင် ခရီးသွားနွားနဂါးရဲ့ ဟင်းအနှစ်က ငြုပ်ကောင်းထက်တောင် ပိုကောင်းနေတာပဲ…”


ပုဖန်က တီးတိုးရေရွတ်လိုက်ပြီး နောက်ထက် ထမင်းတစ်ဇွန်း ခပ်စားလိုက်လေသည်။ သို့သော် ပုဖန်က အစပ်ကို အလွန်ကြိုက်နှစ်သက်သူတစ်ယောက် မဟုတ်ပေ။ ငြုပ်သီး ငြုပ်ကောင်းမှုန့် သုံးခြင်းက ဟင်းလျှာ၏ အရသာကို ပို၍ ကောင်းမွန်စေသော်လည်း သူ၏ ဟင်းပွဲအများစုက အစပ်ချက်ထားခြင်း မဟုတ်ပေ။


“အင်း… အခုက စပြီးတော့ နောက်ဆိုရင် ဧည့်သည်တွေရဲ့ အကြံပြုချက်အပေါ် အခြေခံပြီး အပြောင်းအလဲတွေ လုပ်ရမယ်…” ပုဖန်က နှုတ်ခမ်းတွန့်၍ ရေရွတ်လိုက်သည်။ စနစ်၏ သိုလှောင်နေရာထဲတွင် သူသိမ်းဆည်းထားသော ငြုပ်ကောင်းမှုန့်များ ရှိနေလေသည်။


ပုဖန်က ခပ်ကြာကြာ မစဉ်းစားတော့ပဲ နဂါးသွေးအသားဒွန်ဘူရီိကို ဆက်လက် စားသောက်နေလေသည်။ သူ၏ အမူအယာက ကျေနပ်နှစ်သိမ့်နေပြီး တစ်ခါတစ်ခါတွင် ပါးစပ်ကို ဟ၍ အပူငွေ့များ မှုတ်ထုတ်နေလေသည်။ သူက ပျော်ရွှင်မြူးထူးနေလေသည်။ အစားကောင်းကြိုက်သူတစ်ယောက် ဖြစ်သောကြောင့် ကောင်းမွန်သော အစားအသောက်များကို တွေ့သည်နှင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။


ပုဖန်က ဒွန်ဘူရီ တစ်ပွဲကို ကုန်အောင် စားသောက်ပြီးနောက် သူ၏ နှဖူးနှင့် လည်ပင်းတို့တွင် ချွေးများနှင့် ရွှဲနစ်နေလေသည်။ သူက နေရာမှ ရွှေ့ရမည်ကိုပင် ပျင်းရိနေသောကြောင့် ပြည့်အင့်နေသော ဗိုက်လေးကို ခပ်သာသာ ပွတ်လိုက်ပြီး ထိုင်ခုံပေါ်တွင် တိတ်တဆိတ် ထိုင်နေလိုက်လေသည်။


အချိန်ကြာမြင့်စွာ အနားယူလိုက်ပြီးမှ ထိုင်ခုံမှ ထရပ်လိုက်ပြီး စားပွဲကို သန့်ရှင်းရေးလုပ်၍ မီးဖိုချောင်အတွင်း ၀င်သွားလိုက်လေသည်။


ဤဟင်းပွဲကို ဟင်းပွဲအသစ်အဖြစ် သတ်မှတ်နိုင်ပြီး ပုဖန်ကိုယ်တိုင်ပင် အလွန်သဘောကျနေလေသည်။


အာဟာရနှင့် အရသာရှိသော နဂါးသွေးအသားဒွန်ဘူရီ…


ပုဖန်က မီးဖိုချောင်ထဲတွင် ဆေးကြောသိမ်းဆည်းပြီးနောက် အကြောဆန့်၍ သမ်းဝေလိုက်သည်။ ထို့နောက် အပေါ်ထပ်သို့ တက်သွားလိုက်ကာ ရေနွေးနွေးနှင့် ရေချိုးလိုက်ပြီး အိပ်ယာပေါ်သို့ လှဲချလိုက်လေသည်။ ထို့နောက်မျက်လုံးများကို မှိတ်လိုက်လေသည်။ နှလုံးသားကို စားသောက်ခြင်းဖြင့် အားဖြည့်လိုက်ပြီးနောက် ခန္ဒာကိုယ်ကို အိပ်စက်ခြင်းဖြင့် အားပြန်ဖြည့်ရမည်ဖြစ်သည်။


နောက်တစ်နေ့ မနက်ခင်းတွင် နေမင်းက တွားသွားထွက်လာပြီး တောက်ပသော အလင်းရောင်များ ထုတ်လွှတ်၍ ကမ္ဘာမြေ တစ်ခွင်ကို ရောင်ခြည်နွေးနွေးနှင့် ဖုံးလွှမ်းထားလေသည်။


ဖန်ဖန်ဆိုင်ငယ်လေး တည်ရှိရာ လမ်းကြားလေးထဲတွင် တစ်နေ့တာအတွက် စီးပွားရေးလုပ်ငန်း စတင်ရန် ဆိုင်တံခါးကို ဖွင့်လှစ်လိုက်ပြီးနောက် အိပ်မှုံစုံမွှား မျက်လုံးများနှင့် ပုဖန်က ပေါ်ထွက်လာလေသည်။ သူ၏ လက်ချောင်းသွယ်သွယ်လေးများက မွှေးပျံ့လှသော ၀က်နံရိုးချိုချဉ်ကြော် ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ်ကို ကိုင်ထားလေသည်။


ပုဖန်က ဘလက်ကီ၏ ရှေ့တွင် ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို ချပေးလိုက်ပြီးနောက် ဘလက်ကီ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။ ထို့နောက် သမ်းဝေလိုက်ပြီး ထိုင်ခုံတစ်ခုံကို ယူ၍ ဆိုင်ရှေ့တွင် ထိုင်လိုက်ပြီး အေးမြသော လေပြေလေညှင်းကိုခံစားနေလေသည်။


အင်ပါယာမြို့တော်၏ လမ်းမထက်တွင် စျေးသည်များက သူတို့၏ ဆိုင်ခန်းများကို ဖွင့်လှစ်နေကြလေသည်။


ဝေါယာဉ်သယ်လာသော အနက်ရောင်၀တ် လူတစ်စုက လမ်းကြားလေး၏ အ၀င်၀သို့ ရောက်ရှိလာလေသည်။ ထိုဝေါယာဉ် ရှေ့တွင် ပုံရိပ်တစ်ခု ရှိနေလေသည်။ ထိုသူက အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာကို အနက်ရောင်ပိတ်ပါးနှင့် ဖုံးကွယ်ထားလေသည်။ သူ၏ ပုံသဏ္ဍာန် အမှန်ကို ဖုံးကွယ်ထားလိုကြောင်း ထင်ရှားနေလေသည်။


သို့သာ် သူ၏ တောက်ပနေသော ခေါင်းနှင့် အမာရွတ်အချို့ကို မြင်နေရသောကြောင့် ပုဖန်က စက္ကန့်ပိုင်းအတွင်း သူ့ကို မှတ်မိသွားနိုင်ပေသည်။ ထိုဘုန်းကြီးငယ်က ဝေါယာဉ်၏ လိုက်ကာစကို ဆွဲဖယ်လိုက်ပြီး ပုံရိပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။


“သေသင့်တဲ့ကောင်… ကျောက်မူရှန်က ငါ့ကိုကောင်းကောင်းမအိပ်ခိုင်းပဲ စောစောစီးစီး တာ၀န်ပေးလိုက်တာ မင်းကြောင့်ပဲ…”


ထိုဘုန်းကြီးက နှုတ်ခမ်းတွန့်၍ မဲ့လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ သူ့လက်ထဲမှ ပုံရိပ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ထိုပုံရိပ်၏ ရှည်လျှားလှသော မြွေအမြှီးကို ဆောင့်နင်းလိုက်ပြီး ခန္ဒာကိုယ်ကို ငုံ့ကိုင်း၍ ပြောလိုက်သည်။


“ဒီမှာ မြွေလူသား သေသေချာချာနားထောင်… မင်းက မင်းရဲ့ အပေါင်းအဖော်တွေကို ကယ်တင်ချင်ရင် ပိုင်ရှင်ပုကို သွားရှာလိုက်…. ဒီဘုန်းကြီးက ကောင်းမွန်တဲ့ အကြံတွေ မပေးဘူးလို့တော့ မပြောနဲ့နော်…”


မြေပြင်ပေါ်မှ အားနီက နာကျင်မှုကြောင့် တွန့်လိမ်နေပြီး ဒေါသတကြီးနှင့် ထိုခေါင်းပြောင်ကို မော့ကြည့်လိုက်သည်။


“အဲဒီကို စောစောရောက်အောင်သွား… ဒီလိုမှမဟုတ်ရင် တန်းစီနေရလိမ့်မယ်…”


ဘုန်းကြီးငယ်က ခေါင်းပြောင်ပြောင်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် ဝေါယာဉ်ကို ပြန်သယ်ဆောင်စေ၍ ထွက်သွားလေတော့သည်။


နောက်တွင် ကျန်ခဲ့သော အားနီက ဒေါသအပြည့်နှင့် အံကြိတ်လိုက်မိသည်။