အပိုင်း ၂၁၁
Viewers 63k

အခန်း ၂၁၁ “နင်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက မိသားစုတွေ ဖြစ်နိုင်တယ်”


အားနီ၏ သူ၏ အမြှီးကို တွန့်ခေါက်လိုက်သည်။ ခန္ဒာကိုယ် အပေါ်ပိုင်း တစ်ခုလုံးတွင် ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး ရွံရှာဖွယ် ဖြစ်နေလေသည်။


“သေသင့်တဲ့ကောင်…” အားနီက စိတ်ပျက်ရွံရှာစွာ ပြောလိုက်သည်။ 


သူ၏ မျက်၀န်းများထဲတွင်လည်း ဒေါသမီးတောက်များ တောက်လောင်နေလေသည်။ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေမှ ထွက်ခွာလာစဉ်အချိန်က ကမ္ဘာကြီး၏ ကောက်ကျစ်စဉ်းလဲမှုများကို မသိခဲ့ပေ။ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေမှ မြွေလူသား မျိုးနွယ်စုတွင်မူ သူက အင်ပါယာအဆင့်တစ်ယောက် ဖြစ်သောကြောင့် ပြိုင်ဘက်ကင်းပေသည်။ ထို့အပြင် သူ့ကို လာစိန်ခေါ်ကြသော သားရဲများကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့လေသည်။


လူသားတို့၏ နေရပ်သို့ စတင်၀င်ရောက်လာသည်နှင့် သူက ရှုံးနိမ့်မှုကို စတင်ကြုံတွေ့လာရသည်။ လူသားတို့ နေထိုင်ရာ နေရာက ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေထက် ကြောက်မက်ဖွယ်ရာ ကောင်းလှကြောင်း မြွေလူသားအကြီးအကဲများ ပြောခဲ့သည်မှာ မှန်နေလေသည်။ လူသားတို့က သူတို့ကို မြင်သည်နှင့် တိုက်ခိုက်ဖမ်းဆီးကြပြီး ယုဖူနှင့် ယုဖန်တို့ကို ဖမ်းဆီးထား၍ သူ့ကို ဤနေရာတွင် ထားခဲ့သည်။ ထိုအခြေအနေက ပူးပေါင်းကြံစည်မှု ဖြစ်ကြောင်း ရှင်းလင်းနေလေသည်။


“သူတို့က ငါ့ကို ပိုင်ရှင်ပုကို သွားရှာစေချင်တာလား… အဲဒီလူတွေက ကောင်းတဲ့သူတွေ မဟုတ်ဘူးဆိုတာ ငါသိနေတယ်… ပိုင်ရှင်ပုရဲ့ နှလုံးသာက သနားကြင်နာမှုတွေနဲ့ ပြည့်နှက်နေတာဆိုတော့ ယုဖူတို့ကို သွားကယ်မယ်ဆိုရင် သူတို့၏ ထောင်ခြောက်ထဲကို ကျရောက်သွားလိမ့်မယ်… ငါက စီနီယာပု ဆီကို ဒီလို အန္တရာယ်တွေ ယူဆောင်မသွားနိုင်ဘူး…” အားနီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်၍ ရေရွတ်လိုက်သည်။


သူသာ သွားမရှာပါက ယုဖူနှင့် ယုဖန်တို့အတွက် အန္တရာယ် ရှိနေလေသည်။ ထိုဆုံးဖြတ်ချက်က ခက်ခဲလွန်းပေသည်။


“ဟမ်.. မြွေလူသား….”


ရုတ်တရက် ထူးဆန်သော အသံတစ်ခုကို ကြားလိုက်ရသောကြောင့် အားနီ၏ အတွေးများ ရပ်တန့်သွားလေသည်။ သူက နောက်သို့ လှည့်ကြည့်လိုက်ရာ ရင်းနှီးကျွမ်း၀င်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုသူတို့က ပုံရိပ်ယောင်စိတ်ဝိဥာဉ်နွံမြေတွင် ရေခဲဝိဥာဉ် ဧကရာဇ်ကြာပန်းထွက်ပေါ်လာချိန်က ပါ၀င်ခဲ့သူများ ဖြစ်ကြသည်။


“ငါက နင်တို့ ဒီနေရာကို အစောကြီးထဲက ရောက်လာပြီးပြီ ထင်နေတာ ဘယ်လိုဖြစ်လို့ အခုမှ ရောက်လာတာလဲ… ပြီးတော့ တခြားသူတွေရော… ငါမှတ်ထားတာ မမှားဘူးဆိုရင် ပိုင်ရှင်ပုရဲ့ အကူအညီကို လိုအပ်နေတာက နင်မဟုတ်ပါဘူး…”


၀ူယွမ်ပိုင်က အံံအားတသင့်နှင့် မေးလိုက်လေသည်။ သူမက အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး အားနီ၏ ခန္ဒာကိုယ်ပေါ်မှ ဒဏ်ရာများကို စိတ်၀င်တစား ကြည့်နေလေသည်။


အားနီ၏ မျက်၀န်းများက ၀င်းလက်သွားသော်လည်း ဝူယွမ်ပိုင်ကို ယုံကြည်၍ ရမရကို တွေးနေလေသည်။


“လာစမ်းပါ… ငါတို့ ဒီကိစ္စကို ပိုင်ရှင်ပုရဲ့ ဆိုင်ထဲမှာပဲ ဆွေးနွေးကြတာပေါ့…”


၀ူယွမ်ပိုင်က အားနီ၏ မပြတ်မသား အမူအရာကို ကြည့်၍ နှဖူးကျော်များ တွန့်သည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး လျောက်သွားလိုက်သည်။ မာစတာအားဝူကလဲ အားနီကို တစ်ချက်ကြည့်လိုက်ပြီး ဝူယွမ်ပိုင်နောက်သို့ လိုက်သွားလေသည်။ သူတို့သုံးယောက်က ပုဖန်၏ ဆိုင်သို့ ရောက်သွားလေသည်။


၀ူယွမ်ပိုင်က မနက်အစောကြီး ထလာခြင်း ဖြစ်သည်။ သူမက ကြာစိဖြင့် ပြုလုပ်ထားသော နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ကို မမြည်းစမ်းခဲ့ရသောကြာင့် မနက်စောစောထ၍ အိပ်နေသော မာစတာ အားဝူကို အတင်းနှိုးလိုက်ပြီး ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဆိုင်ရှေ့တွင် ထိုင်နေသော ပုဖန်က နီးကပ်လာသော ပုံရိပ်သုံးခုကြောင့် မျက်၀န်းများ တောက်ပလာလေသည်။ သူက မြွေလူသားကို တစ်ချက် စူးစိုက်ကြည့်လိုက်သည်။


“မနေ့က ဘုန်းကြီးငယ်တစ်ပါး ဒီနေရာကို ရောက်လာပြီး မြွေလူသားတွေ အကြောင်း ပြောခဲ့တယ်… အဲဒီဘုန်းကြီးငယ်က သေချာပေါက် ပြသနာကောင်ပဲ ဖြစ်ရမယ်…”


“ပိုင်ရှင်ပု မင်း ဒီမြွေလူသားကို မှတ်မိလား…”


ဆိုင်ငယ်လေးထံသို့ ရောက်လာသည်နှင့် ဝူယွမ်ပိုင်က ပုဖန်ကို မေးခွန်းမေးလိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော်ကို စားနေသော ဘလက်ကီကို ကြည့်လိုက်လေသည်။


မာစတာ အားဝူကလည်း မျက်လုံးမလွှဲနိုင် ဖြစ်နေလေသည်။ သလင်းကျောက်ဒါဇင်ကျော် တန်သော ၀က်နံရိုးချိ်ုချဉ်ကြော်ကို ခွေးကြွေးလိုက်ခြင်းမှာ ဖြုန်းတီးလွန်းလှပေသည်။ 


၀က်နံရိုး ချိုချဉ်ကြော်ကို အငမ်းမရ စားနေသော ဘလက်ကီက စားနေသည်ကို ရပ်လိုက်ပြီး သူ့ကို ကြည့်နေသော မာစတာအားဝူကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်ကို လှည့်၍ မာစတာအားဝူကို ဖင်ပေးလိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော်ကို ဆက်စားနေလေသည်။ သူ၏ အမြှီးကလဲ ရမ်းခါနေလေသည်။


“စီနီယာ …. စီနီယာ ပု…”


အားနီက ပုဖန်နှင့် မျက်နှာချင်းဆိုင်မိသည်နှင့် သူ၏ နှလုံးသားထဲတွင် ၀မ်းနည်းကြေကွဲမှုများနှင့် ပြည့်နှက်နေလေသည်။ နောက်ဆုံးတော့ သူ့ကို တွေ့ရလေပြီ။ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေမှ ထွက်ခွာလာပြီး တစ်လကြာအောင် ခရီးနှင်ခဲ့ခြင်းမှာ ပုဖန်ကို ရှာဖွေရန်ပင် ဖြစ်လေသည်။ ယခုအခါ သူက ပုဖန်ကို တွေ့နေရပြီဖြစ်သောကြောင့် အားနီ၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။


တုန်လှုပ်ခြောက်ခြားသော အမူအယာနှင့် မျက်ရည်များ နှပ်များပင် ထွက်နေသော အားနီကို ကြည့်၍ ပုဖန်က တွေးလိုက်မိလေသည်။


“အကိုကြီး မင်းက တော်တော် သရုပ်ဆောင်ကောင်းတာပဲ…”


“လာ … အထဲကို လာကြ….” ပုဖန်က ပြောလိုက်ပြီးနောက် ခုံမှ ထရပ်လိုက်ပြီး ဆိုင်ထဲသို့ ၀င်သွားလိုက်သည်။


၀ူယွမ်ပိုင်က အသက်ပြင်းပြင် တစ်ချက်ရှိုက်လိုက်ပြီး ဆိုင်ထဲသို့ လှမ်း၀င်လိုက်လေသည်။ ဆိုင်ထဲသို့ ရောက်သည်နှင့် သူမ၏ အမူအယာက ပြောင်းလဲသွားလေသည်။ ဆိုင်ငယ်လေးအတွင်းမှ စိတ်ဝိဥာဉ်စွမ်းအင်များက ပို၍အားကောင်းသန်မာနေပြီး ထူးခြားဆန်းကျယ်သော စွမ်းအင်လှိုင်းများကလည်း ပို၍ အားကောင်းနေလေသည်။ ထို့အပြင် သိမြင်မှု မှတ်စုများက လူတစ်ဦးစီ၏ နားထဲသိုပ တဝီ၀ီ အသံနှင့် ရိုက်ခတ်နေသည်။ 


“ငါးလမ်းကြောင်းသိမြင်မှု သစ်ပင်…”


၀ူယွမ်ပိုင်၏ စူးရှလှသော အကြည့်များက ဆိုင်ငယ်လေး၏ ထောင့်တွင် ရှင်သန်ကြီးထွားနေသော ငါးလမ်းကြောင်းသိမြင်မှု သစ်ပင်ဆီသို့ ရောက်ရှိသွားလေသည်။ သိမြင်မှု သစ်ပင်ပေါ်မှာ သစ်ရွက်လေးများက ရင့်သန်လာပြီး ယခင်ကကဲ့သို့ နူးညံ့လတ်ဆတ်သော အရောင်မရှိတော့ချေ။ ထိုအချက်က သိမြင်မှုသစ်ပင် ရင့်သန်လာပြီဖြစ်ကြောင်း ဖော်ပြနေလေသည်။ 


ထိုအချက်က မာစတာ အားဝူကို ပို၍ သက်ရောက်စေလေသည်။ သူက သူတော်စင် အဆင့် တစ်ယောက် ဖြစ်သောကြောင့် သိမြင်မှု မှတ်စုများကို ပို၍ ရှင်းလင်းစွာ ကြားနေရပေသည်။ သူ၏စိတ်ထဲတွင် လှုပ်ရှားနေပြီး ကျင့်စဉ်ကျင့်ကြံရန် ခြေချိတ်၍ ထိုင်ချလိုက်သည်။ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က နေ့စဉ် ကြုံတွေ့နိုင်သော အရာမဟုတ်ပေ။


“မိန်းကလေး… ဒီငါးလမ်းကြောင်းသိမြင်မှု သစ်ပင်က တော်တော်ကြီးထွားလာပြီ… ပိုင်ရှင်ပုရဲ့ ပန်းအိုးက တော်တော်လေးကို ထူးဆန်းတယ်… ဒါက အချိန်စီးဆင်းမှုကို မြန်စေတဲ့ အစွမ်းသတ္တိရှိပုံရတယ်.. ဒီလိုမှမဟုတ်ရင် ဒီလောက်မြန်စရာ အကြောင်းမရှိဘူး…”


အားဝူက လေးလေးနက်နက် စဉ်းစား၍ ပြောလိုက်သည်။ သူတော်စင်အဆင့် တစ်ယောက်ဖြစ်သောကြောင့် သူက အင်ပါယာမြို့တော်၏ အခြေအနေကို သိရှိနေပေသည်။ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင် ရင်သန်လာသည်နှင့် အင်ပါယာမြို့တော်အတွင်းမှ ဟန်ချက်ညီနေသော အခြေအနေက ပြိုကွဲသွားပေလိမ့်မည်။


“မင်းတို့နှစ်ယောက်က စားစရာမမှာဘူးလား…. မြွေလူသား… တခြားသူတွေကရော… ဘယ်မှာလဲ… ဘာလို့ မင်းတစ်ယောက်တည်း ဖြစ်နေတာလဲ…” ပုဖန်က ပြန်လှည့်ကြည့်၍ မေးလိုက်သည်။


ပုဖန်၏ စကားကို ကြားလိုက်ရသောအခါ အားနီ၏ ကျောရိုးတလျောက် စိမ့်တက်သွားပြီး တွေးလိုက်မိသည်။ ခေါင်းပြောင်ပြောင်နဲ့ လူက စီနီယာပုကို အကောက်ကြံရန် ကြံစည်နေသည်ဟု သံသယရှိနေသောကြောင့် ပြန်ပြောရန် တွန့်ဆုတ်နေလေသည်။


“ငါ… ဒီကိစ္စထဲကို စီနီယာပုကို ဆွဲမသွင်းသင့်ဘူး….” အားနီ၏ နှလုံးသားက နစ်မြုတ်နေလေသည်။


“ရဲရဲပြောပါ… မကြောက်ပါနဲ့… ငါက တောင်းဆိုမှုတွေကို ငြင်းပယ်လေ့မရှိပါဘူး… မင်းစိတ်ထဲရှိတဲ့အတိုင်း ပြောနိုင်ပါတယ်…” ပုဖန်က အားနီ၏ တုန်လှုပ်နေသော မျက်၀န်းများနှင့် မချိတင်ကဲ အမူအယာကို သတိပြုမိသွားပြီး ပြောလိုက်လေသည်။


“ဟမ်… တောင်းဆိုမှု အများစုကို ငြင်းပယ်လေ့မရှိဘူး…”


၀ူယွမ်ပိုင်က ပုဖန်၏ စကားကြောင့် ပြောစရာစကား မဲ့သွားလေသည်။ ပိုင်ရှင်ပုက သူ ကိုယ်ပိုင်နည်းလမ်းများကို ပြောင်းလွယ်ပြင်လွယ်ခြင်း မရှိပေ။ သူသာ မနေ့က နှင်းခါးမီးတောက် သိမြင်မှု ဝိုင် ရောင်းပေးခဲ့ပါက ဤမနက်ခင်းတွင် စောစောထ၍ ဆိုင်သို့ လာရန် လိုလိမ့်မည်မဟုတ်ပေ။


အားနီက ချက်ချင်းပင် စိတ်သက်သာရာ ရသွားဟန်နှင့် ကြုံတွေ့ခဲ့ရသည်များကို တစ်ခုမကျန် ပြောပြလိုက်သည်။


၀ူယွမ်ပိုင်နှင့် မာစတာအားဝူတို့ နှစ်ယောက်လည်း နားထောင်လိုက်ကြသည်။ မြွေလူသားမျိုးနွယ်စုများ၏ စွန့်စားမှု ခရီးလမ်းက သူတို့၏ ခရီးစဉ်ထက် ပို၍ စိတ်၀င်စားဖွယ် ကောင်းလှပေသည်။


“ကျောက်မူရှန်…” ပုဖန်က အားနီကို စိုက်ကြည့်၍ ပြန်မေးလိုက်သည်။


“ဟုတ်ပါတယ်.. အဲဒီ ဆိုးယုတ်လှတဲ့ သူကို ကျောက်မူရှန်လို့ ခေါ်တယ်.. သူက ငါတို့ကို လှည့်စားပြီးတော့ ဖမ်းထားခဲ့တာ…”


အားနီက ခါးသီးလှသော ခံစားချက်များကို ပြန်၍ သတိရသွားပြီး အံကို တင်းတင်းကြိတ်လိုက်သည်။


ပုဖန်က လေးလေးနက်နက် စဉ်းစားလိုက်ပြီး နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးအစီအရင်ထဲတွင် တိုက်ခိုက်ရန် ကြိုးစားခဲ့သည်ကို သတိရသွားလေသည်။ ထိုသူက နောက်တစ်ကြိမ် ထွက်ပေါ်လာလိမ့်မည်ဟု သူက မထင်မှတ်ထားခဲ့ချေ။ ထို့အပြင် သူ့ကို ပြန်လည်ပစ်မှတ်ထားနေလေသည်။


“စီနီယာပု… အဲဒီကျောက်မူရှန်က သေချာပေါက် မင်းအတွက် ထောင်ချောက်တွေ ဆင်ထားမှာပဲ… ကျေးဇူးပြုပြီး ငါတို့ကို ကယ်တင်ဖို့အတွက် မစွန့်စားပါနဲ့… စီနီယာပုက တရားမျှတမှုကို နှစ်သက်တဲ့သူ ဆိုပေမယ့်… ငါတို့ကို ကယ်ဖို့အတွက် စွန့်စားမှာကို ငါမလိုချင်ပါဘူး… ဒါပေမယ့်လဲ…ယုဖူနဲ့ ဦးလေးယုဖန်က ငါ့ရဲက မိသားစုတွေ ဆိုတော့…. ငါ…”


အားနီ၏ အမူအယာက ပြောင်းလဲနေပြီး တောင်စဉ်ရေမရ လျောက်ပြောနေလေသည်။ 


ပုဖန်က လျှာခလုပ်တိုက်မတက် ဗလုံးဗထွေး ပြောနေသော အားနီကို ကြည့်၍ ဆွံ့အနေလေသည်။ သူက လက်တစ်ဖက်ကို မြှောက်၍ အားနီ၏ စကားကို ကြားဖြတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။


“အာ… ကြားဖြတ်ပြောလိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး… ငါက သွားကယ်ဖို့ သဘောမတူဘူး…”


အားနီက ကြောင်အသွားသကဲ့သို့ ဝူယွမ်ပိုင်ကလည်း အံ့သြသွားပြီး ပုဖန်ကို နှစ်ယောက်သား စိုက်ကြည့်လိုက်ကြလေသည်။ 


“ငါက မင်းရဲ့ ဦးလေးယုဖန်ကို ကုသပေးဖို့ပဲ တာ၀န်ယူထားတာ… မင်းတို့ လမ်းခရီးမှာ ဖြစ်ပျက်လာတာတွေက ငါနဲ့ မသက်ဆိုင်ဘူး…” ပုဖန်က အလေးအနက် ရှင်းပြလိုက်သည်။


အားနီက ထိတ်လန့်မှုကြောင့် မထိန်းချုပ်နိုင်ပဲ တုန်လှုပ်သွားလေသည်။ အကယ်၍ ပုဖန်၏ အကူအညီသာ မရပါက ယုဖူနှင့် ဦးလေးယုဖန်ကို ကယ်တင်နိုင်တော့မည် မဟုတ်ချေ။ သူက ပါးစပ်ဟလိုက်ပြီး ဆက်ပြောရန် ပြင်လိုက်ချိန်တွင် လမ်းကြားလေးထဲမှ ခြေသံအများအပြား ကြားလိုက်ရပြီး လူအုပ်ကြီးတစ်အုပ်က ဆိုင်ရှေ့သို့ ရောက်လာကြလေသည်။


“ကြည့်လိုက်လေ… မင်းမြင်တဲ့ အတိုင်းပဲ ငါ့ရဲ့ စားသောက်ဆိုင်က တော်တော်လေး အလုပ်များတယ်… ဓါးစာခံတွေကို ကယ်တင်ဖို့အတွက် ငါ့မှာ အချိန်မရှိဘူး…” ပုဖန်က လက်ဟန်ခြေဟန်နှင့် ပြောလိုက်သည်။ 


သူက အားနီကို စူးစိုက်ကြည့်လိုက်ပြီး ဝူယွမ်ပိုင်ကို ဆက်ကြည့်၍ပြောလိုက်သည်။


“မင်း သူမဆီကနေ အကူအညီ တောင်းနိုင်တယ်.. ဘယ်လိုပဲ ဖြစ်ဖြစ် မင်းတို့ နှစ်ယောက်လုံးက ပုံရိပ်ယောင် စိတ်ဝိဥာဉ် နွံမြေကပဲလေ.. မင်းတို့က အခု မျိုးနွယ်မတူပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်က မိသားစုတွေလဲ ဖြစ်နေနိုင်တာပဲ….”


“လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက တူညီတဲ့ မိသားစု … ဘယ်လို ကြီးလဲ…” ဝူယွမ်ပိုင်က ရေရွတ်လိုက်မိလေသည်။ 


သို့သော် သူမက စိတ်ပျက်လက်ပျက် ဖြစ်နေသော အားနီကို မြင်လိုက်သောအခါ သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။ 


“မြွေလူသား…ငါတို့က မိသားစု တစ်စုထဲက ဆိုတော့… အာ… ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကြတယ်ဆိုတော့ … ငါတို့ လိုက်ကယ်ပေးမယ် ဆိုရင်ရော… ဘယ်လိုလဲ… ဒါပေမယ့် … အဲဒီအတွက် အပေးအယူ ကမ်းလှမ်းချက် တစ်ခု ရှိတယ်.. ငါတို့ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေကို ပြန်ရောက်ရင် မြွေလူသားမျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက်နဲ့ ငါတို့ကို မိတ်ဆက်ပေးဖို့ မျှော်လင့်ပါတယ်…”


အားနီကို ကြည့်နေသော ဝူယွမ်ပိုင်၏ မျက်၀န်းများက အလင်းတန်းများ ဖြာထွက်နေလေသည်။