အပိုင်း ၂၁၂
Viewers 53k

အခန်း ၂၁၂ “ဒီအမျိုးသမီးရဲ့ ဓါးက သွေးဆာနေပြီ….”


“မိန်းကလေး… အဲလိုမလုပ်သင့်ဘူး…”


၀ူယွမ်ပိုင်၏ ကမ်းလှမ်းချက်ကို ကြားလိုက်ပြီးနောက် မာစတာ အားဝူ၏ မျက်လုံးများက ပြူးကျယ်လာလေသည်။


“ဘုရားရေ.. ဒီမိန်းကလေးက ဘယ်လိုဖြစ်လို့ ပြသနာတွေကို ၀င်ပါချင်နေတာလဲ… အင်ပါယာ မြို့တော်ရဲ့ လက်ရှိအခြေအနေက လုံး၀ကို အထိခံတာ မဟုတ်ဘူး… နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ ပြသနာတွေ ဖြစ်လာနိုင်တယ်… ငါတို့က သူတော်စင် အဆင့်တွေအတွက် မျက်စိစူးစရာ ဖြစ်လာခဲ့ရင် အရမ်း ဒုက္ခများသွားလိမ့်မယ်…”


တိမ်ဖြူစံအိမ်က အင်အားကြီးမားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း လေအလင်းအင်ပါယာ၏ မြို့တော်တွင် သူတို့နှစ်ယောက်သာ ရှိနေလေသည်။


၀ူယွမ်ပိုင်က မာစတာအားဝူကို လျှစ်လျူရှုထားပြီး အားနီကိုသာ စိုက်ကြည့်နေလေသည်။ အဆင့်အတန်း မြင့်မားသော မြွေမျိုးနွယ်စု အကြီးအကဲက ဒဏ္ဍာရီလာတစ်ယောက် ဖြစ်ပြီး တိမ်ဖြူစံအိမ်နှင့် ယှဉ်ပြိုင်နိုင်သော မြွေမျိုးနွယ်စုကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ဝူယွမ်ပိုင်က တိမ်ဖြူစံအိမ်တွင် မှတ်တမ်းတင်ထားသော မြွေမျိုးနွယ် အာဏာပိုင်၏ ဒဏ္ဍာရီ ပုံပြင်များကို ဖတ်၍ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။


ခောတ်အဆက်ဆက် ပြောင်းလဲလာပြီးနောက် မြွေမျိုးနွယ် အာဏာပိုင်က ပြောင်းလဲသွားပြီဖြစ်သော်လည်း သူမက ထိုအာဏာပိုင်ကို စိတ်၀င်စားနေဆဲပင် ဖြစ်သည်။


အားနီက ကြောင်အမှင်သက်နေလေသည်။


“ငါ့ရှေ့က လူက ဘယ်သူလဲ…. သူက ဘာလို့ မြွေမျိုးနွယ်အာဏာပိုင်ကို တွေ့ချင်ရတာလဲ… သူတို့က တကယ်ပဲ အရင်တုန်းက အမျိုးတော်စပ်တာလား…” အားနီက ထိုအတွေးကို တွေးလိုက်မိပြီးနောက် ကျောထဲတွင် စိမ့်တက်သွားလေသည်။


“ငါက မြွေမျိုးနွယ် အာဏာပိုင်တွေရဲ့ဒဏ္ဍာရီလာ ပုံပြင်တွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့တာ… အဲဒါကြောင့်လဲ သူတို့ကို မြင်တွေ့ချင်တဲ့ ဆန္ဒရှိနေတာ… သန်မာတဲ့ ငါ့အဖေကိုတောင် ဒဏ်ရာရစေပြီး သုံးနှစ်ကျော်ကျော် ကုသစေခဲ့တဲ့ လူမျိုးကိုပေါ့…” ဝူယွမ်ပိုင်က အားနီကို မျက်လုံးမလွဲတမ်း ကြည့်လိုက်ပြီး အေးစက်စက် ရှင်းပြလိုက်သည်။


“ဟမ်… ဒီအကြောင်းကို ကြားရတာတော့ အခြေအနေက ဆိုးဆိုးဝါးဝါး ပြောင်းလဲ သွားတာပဲ… သူမက မြွေမျိုးနွယ် အာဏာပိုင်ကို တွေ့ချင်နေတဲ့ အကြောင်းရင်းက သူမရဲ့ အဖေကို ဒဏ်ရာရစေခဲ့လို့ပေါ့…”


အားနီ၏ စိတ်က အကြောင်းအရာများကို အပြေးအလွှား စဉ်းစားနေမိလေသည်။


“အဲဒီတော့ နင့်အနေနဲ့ လုပ်ပေးနိုင်လား မလုပ်ပေးနိုင်ဘူးလားဆိုတာပဲ ပြောလိုက်…” ဝူယွမ်ပိုင်က လက်ပိုက်လိုက်ပြီး မေးကို မော့ချီ၍ ပြောလိုက်သည်။


“ရတယ်… တကယ်လို့ မင်းကသာ ယုဖူနဲ့ ဦးလေးယုဖန်ကို ကယ်တင်ပေးနိုင်မယ်ဆိုရင် ဘာပဲ ဖြစ်ဖြစ် ငါလုပ်ပေးနိုင်တယ်… ငါ . မျိုးနွယ်စုခေါင်းဆောင်ကို အသနားခံပြီး ဒီတွေ့ဆုံပွဲကို စီစဉ်ပေးခိုင်းမယ်…”


အားနီက အံကို တင်းတင်းကြိတ်၍ ပြောလိုက်သည်။ သူတို့ မျိုးနွယ်စုများက မြွေမျိုးနွယ် အာဏာပိုင်နှင့် တစ်နှစ်လျှင် တစ်ကြိမ်သာ တွေ့ဆုံနိုင်သောကြောင့် ဤတောင်းဆိုမှုက အလွန်ခက်ခဲလှပေသည်။


“ကောင်းပြီ … ဒီလိုဆိုရင်တော့ သဘောတူညီမှု အထမြောက်သွားပြီ…” ဝူယွမ်ပိုင်က စိတ်ကျေနပ်သွားပြီး လက်ဖျောက်တစ်ချက် တီးကာ ခေါင်းမော့လိုက်လေသည်။


သူမ၏ နောက်တွင် ရပ်နေသော မာစတာ အားဝူက ချွေးများ စီးကျလာပြီး တွေးနေမိသည်။


“ငါ့ရဲ့ ချစ်လှစွာသော သခင်မလေး… ငါတို့ အဲဒီကိစ္စမှာ ၀င်မရှုပ်ပဲ နေလို့ မရဘူးလား… တကယ်လို့ မင်းက မြွေမျိုးနွယ်စုရဲ့ အကြီးအကဲကို တွေ့ချင်တယ်ဆိုရင်တောင် တိမ်ဖြူစံအိမ်ကို ပြန်ရောက်မှ အကြီးအကဲကို ပြောလို့ရတယ်လေ…”


“ပိုင်ရှင်ပု … ဒီနေ့တော့ နှင်းခါးမီးတောက် သိမြင်မှုဝိုင် ရတယ်မဟုတ်လား… ဒီအမျိုးသမီးကို တစ်ခွက်လောက်ပေးပါ…” ဝူယွမ်ပိုင်က လက်ကို ဝေ့ရမ်း၍ ရဲရင့်စွာပြောလိုက်သည်။


“မိန်းကလေး.. ငါတို့ ဒီကိစ္စကို နောက်တစ်ခါ ပြန်စဉ်းစားကြရအောင်…” မာစတာအားဝူက ဝူယွမ်ပိုင်ကို ချော့ပြောလိုက်သည်။


သို့သော် ဝူယွမ်ပိုင်က သူ့ကို လျစ်လျုရှုထားပြီး ပုဖန်ကို ကြည့်နေလေသည်။


ပုဖန်က မျက်နှာသေနှင့် ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုချောင်ဘက်သို့ လှည့်၀င်သွားလိုက်သည်။


ထိုအချိန်တွင် ဆိုင်ထဲသို့ လျောက်၀င်လာသော ခြေသံများ ထွက်ပေါ်လာလေသည်။ များပြားလှသော လူများက ဆိုင်ထဲတွင် ပြည့်ကျပ်သွားလေသည်။ ထိုလူအုပ်များ၏ ထိပ်ဆုံးတွင် ကွမ်းမိသားစု ရှိနေလေသည်။ ကွမ်းညီအကို သုံးယောက်၏ အဆင့်ချိုးဖျက် တက်ရောက်မှုက သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။ ထို့ကြောင့် မနက်စောစော လာရောက်ခဲ့ကြခြင်း ဖြစ်သည်။


ကွမ်းရှောင်ယီက ပုဖန်ကို ဆိုင်ထဲတွင် မတွေ့သောကြောင့် မီးဖိုချောင်ထဲသို့ မျှော်ကြည့်လိုက်သည်။ ပိုင်ရှင်ပုက မီးဖိုချောင်ထဲတွင် ဖြစ်နိုင်လေသည်။


“နင်တို့ မှာချင်တာရှိရင် ငါ့ကို ပြောပါ…”


ကွမ်းရှောင်ယီက ဆိုင်ထဲသို့ ရောက်လာသည်နှင့် သူမ၏ တာ၀န်ကို စတင်လုပ်ဆောင်လိုက်သည်။


“ဒီနေ့အတွက် နှင်းခါးမီးတောက် သိမြင်မှုဝိုင် ငါးခွက်ပဲ ရောင်းမယ်…”


ပုဖန်၏ အသံက အေးဆေးတည်ငြိမ်စွာ ထွက်ပေါ်လာပြီး သူ၏ ပုံရိပ်ကလည်း အဖြူရောင်ဝိုင်အိုးကို ကိုင်၍ မီးဖိုချောင်၀တွင် ပေါ်လာလေသည်။ သူ၏ အမူအယာက အေးစက်တည်ငြိမ်နေပေသည်။


၀ိုင်ရောင်းချမည့် ပမာဏက ကျဆင်းသွားသော်လည်း လူအုပ်ကြီးက မည်သည့်ကန့်ကွက်စကားမျှ မပြောကြပေ။ ထိုဝိုင်က အဆင့်ချိုးဖျက်တက်ရောက်မှုကိုပင် ကူညီနိုင်သော ဝိုင်ဖြစ်သည်။ ထိုဝိုင်ကို ထုတ်လုပ်သည့် သစ်းသီးက ရှားပါးမည့်အပြင် အရသာကလည်း ကောင်းမွန်ပေသည်။ ထို့ကြောင့် ရှားပါးသည်မှာ သဘာ၀ပင် ဖြစ်သည်။


ပုဖန်က ကျောက်စိမ်းဖြူအိုးကို စားပွဲပေါ်တင်၍ အဖုံးဖွင့်လိုက်သည်။ အိုးထဲတွင် သုံးပုံတစ်ပံခန့် ကျန်နေသော ဝိုင်မှ မွှေးရနံ့များ ထွက်ပေါ်လာပြီး လူအားလုံးကို မူးယစ်သွားစေလေသည်။ နံနက်စောစောအချိန်၌ ဆိ်ုင်ငယ်လေးထံမှ ပြန့်လွင့်လာသော ဝိုင်နံ့ က လမ်းကြားလေးတစ်လျောက် ပြန့်နှံ့သွားပြီး ပတ်၀န်းကျင်ကို ဖုံးလွှမ်းသွားလေသည်။


ပုဖန်က ဝါးပြွန်ကို ထုတ်ယူ၍ ဝိုင်ခွက်ထဲသို့ ဝိုင်များ ပြောင်းထည့်လိုက်သည်။ ထိုဝိုင်ခွက်၏ အပေါ်တွင် တိမ်ပုံသဏ္ဍာန် သုံးခုရှိပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်သော သိပ်သည်းလှသည့် စွမ်းအင်များ ထွက်ပေါ်နေလေသည်။


“ဒီမှာ မင်းရဲ့ နှင်းခါးမီးတောက် သိမြင်မှုဝိုင်… ကောင်းကောင်းသုံးဆောင်ပါ…” ပုဖန်က ဝိုင်ခွက်ကို ဝူယွမ်ပိုင်ထံသို့ လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။


၀ူယွမ်ပိုင်က ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး သူမ၏ အကြည့်များက ဝိုင်ခွက်တွင် ကော်ဖြင့် ကပ်ထားသကဲ့သို့ ဖြစ်နေလေသည်။ သူမ၏ နီတျာတျာ နှုတ်ခမ်းလေးများကို လျှာဖြင်သပ်လိုက်ပြီး ဝိုင်ကို တဖြည်းဖြည်း စုပ်သောက်လိုက်သည်။


လောင်ကျွမ်းနေသော အရသာက သူမ၏ ပါးစပ်ထဲတွင် ဖြစ်ပေါ်လာပြီး အေးမြမှုက လည်ချောင်းတစ်လျောက် ဖြတ်စီးသွားလေသည်။ ဝူယွမ်ပိုင်၏ မျက်၀န်းများက တောက်ပလာပြီး ဝိုင်ကို နောက်ထပ် သုံးငုံ စုပ်သောက်လိုက်သည်။ သောက်လိုက်ပြီးသည်နှင့် ဝိုင်ခွက်ထဲတွင် တက်တက်ပြောင်သွားလေသည်။


ပုဖန်က မူးယစ်နေသာ ဝူယွမ်ပိုင်၏ လက်ထဲမှ လွင့်ထွက်လာသော ဝိုင်ခွက်ကို ဖမ်းယူလိုက်ပြီး မထုံတတ်တေးအမူအယာနှင့် သူမကို ပြန်ကြည့်လိုက်သည်။


၀ူယွမ်ပိုင်၏ မျက်နှာလေးက ပန်းသွေးရောင်သမ်းနေပြီး ပါးမို့မို့လေးများက သူမကို ပို၍ ချစ်စရာကောင်းနေစေသည်။ သူမက လေချဉ်တစ်ချက် တက်လိုက်ပြီး ခန္ဒာကိုယ်က ရှေ့သို့ ယိုင်ထိုးသွားကာ ပတ်ချာယမ်းနေလေသည်။ တခဏမျှ ကြာပြီးနောက် သူမက ကြမ်းပြင်ပေါ်သို့ မူးယစ်၍ လဲကျသွားလေသည်။


“မိန်းကလေး..”


ကြောင်အနေသော မာစတာအားဝူက အရှေ့သို့ အလျှင်အမြန် တိုးလာလိုက်ကာ အမူးလွန်ပြီး အိပ်ပျော်နေသော ဝူယွမ်ပိုင်ကို ဖေးမလိုက်သည်။


နှင်းခါးမီးတောက်သိမြင်မှု ဝိုင်တစ်ခွက်က အလွန်ပြင်းထန်လှပေသည်။ တစ်ခွက်ထဲနှင့် မှောက်သွားစေခြင်းက ဟာသမဟုတ်ပေ။


“ပိုင်ရှင်ပု… ဒီမှာ သလင်းကျောက်တုံး ငါးရာ… ငါတို့က တခရီးထဲ သွားတွေပဲ ဖြစ်ပါလိမ့်မယ်… ငါတို့ကို ခွင့်ပြုပါဦး…”


မာစတာအားဝူက ကယ်တင်ပေးရန် သဘောတူထားပြီးမှ ဝိုင်သောက်၍ အိပ်ပျော်သွားသော ဝူယွမ်ပိုင်ကို ကြည့်နေလေသည်။


“မိန်းကလေး… မင်းက နောက်ပြောင်ကျီစယ်တတ်တာလား…”


ပုဖန်က သလင်းကျောက်များကို လက်ခံလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။


မာစတာအားဝူက စကားတစ်ခွန်းမှ ထပ်မပြောတော့ပဲ ဝူယွမ်ပိုင်ကိုတွဲ၍ ဆိုင်ထဲမှ ထွက်ခွာသွားလေသည်။ သူက အားနီကိုလည်း တပါတည်း ခေါ်ဆောင်သွားလေသည်။ သူတို့သုံးယောက်က ဆိုင်ထဲမှ ထွက်ခွာသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။


ပုဖန်က ကျောက်စိမ်းဖြူ ဝိုင်အိုးကို ဝါးပြွန်ဖြင့် ခေါက်လိုက်ပြီး လူများကို ပြန်လည်ဆွဲဆောင်လိုက်ကာ ကြေညာလိုက်သည်။


“နှင်းခါးမီးတောက် သိမြင်မှုဝိုင်… လေးခွက်စာပဲ ကျန်တော့တယ်….”


လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ ကောင်းမွန်သောပစ္စည်းများကို မရလိုက်မည် စိုးသောကြောင့် အလျင်အမြန် လှုပ်ရှားလိုက်ကြလေသည်။


ပုဖန်က ဝိုင်လေးခွက်ရောင်းပြီးနောက် ဝိုင်းအိုးကို စည်းပိတ်၍ မီးဖိုချောင်ထဲသို့ ပြန်ယူသွားလိုက်သည်။ ဝိုင်ရောင်းချပြီးနောက် ဆိုင်၏ ပုံမှန်စီးပွားရေးကို လည်ပတ်လိုက်သည်။


ကွမ်းမိသားစုများက ကွမ်းအဖိုးအိုကို သယ်၍ ပြန်သွားကြလေသည်။ ရှောင်ရှောင်လုံကလဲ နှုတ်ခမ်း တသပ်သပ်နှင့် ကြမ်းပြင်ပေါ်တွင် မူးလဲနေသော ရှောင်ယုကိုတွဲခေါ်၍ ဆိုင်မှ ပြန်ထွက်ခွာသွားလေသည်။


“ဘယ်လောက်တောင် နှမျောဖို့ ကောင်းလိုက်လဲ… ဒီနေ့ ဟင်းပွဲအသစ်ရှိတာတောင် ဘယ်သူမှမှာမစားကြဘူး….” ပုဖန်က နှုတ်ခမ်းတွန့်၍ တီးတိုးရေရွတ်လိုက်သည်။


ပုဖန်က ဆိုင်ထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေလေသည်။


“ဟေ့… ပိုင်ရှင်ပု… စီးပွားရေးကောင်းလှချည်လား… မနက်ခင်းအစောကြီးကိုတောင် လူတွေ ပြည့်ကြပ်နေပါလား.. ငါတို့ မနက်အစောကြီးလာတာတောင် ဆိုင်ထဲကို တိုးမပေါက်ဘူး….”


အဆီတလှုပ်လှုပ်နှင့် လိမ့်၀င်လာသော ဖက်တီးဂျင်က မှတ်ချက်ချလိုက်သည်။


အလုပ်ချိန်များက ပျော်စရာကောင်းသကဲ့သို့ စိတ်လှုပ်ရှားစရာလဲ ကောင်းလှပေသည်။


“ရှောင်ယီ … ဟင်းပွဲချ…”


“ဟုတ်…”


….


၀ူယွမ်ပိုင်က အိပ်ယာပေါ်တွင် ခြေကားယား လက်ကားယားနှင့် လဲလျောင်းနေလေသည်။ သူမက မျက်စိမှတ်ထားပြီး ရေဘဝဲတစ်ကောင်ကဲသို့ လက်များကို ဆန့်တန်း၍ အိပ်ယာဘေးမှ ပစ္စည်းများကို ဆွဲလွဲနေလေသည်။ တခဏမျှ အကြာတွင် ဝူယွမ်ပိုင်က စူပုပ်ပုပ် အမူအယာနှင့် အိပ်ယာထက်မှ ရုတ်တရက် ထလာလေသည်။ သူမ၏ မျက်နှာက တခဏအတွင်း အမျိုးမျိုး ပြောင်းလဲနေလေသည်။ သူမက ခေါင်းကို ခပ်သာသာ ပွတ်လိုက်ပြီး ပြတင်းပေါက်မှ မှောင်နေပြီဖြစ်သော အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။


၀ူယွမ်ပိုင်၏ မျက်၀န်းများက ကျဉ်းမြောင်းသွားလေသည်။ သူမက အသက်တစ်ချက် ရှူထုတ်လိုက်တိုင်း မွှေးပျံ့လှသော ဝိုင်နံ့ကို ရနေသောကြောင့် ထိတ်လန့်သွားပြီး သူမကိုယ်သူမ စစ်ဆေးလိုက်သည်။ ဧကရာဇ်ကြာပန်းနှင့် ပြုလုပ်ထားသော နှင်းခါးမီးတောက် သိမြင်မှုဝိုင်ကို သောက်လိုက်ပြီး မူးလဲသွားသောကြောင့် အဆင့်ချိုးဖြတ် တက်ရောက်ရန် အခွင့်အရေး မရရှိခဲ့ပဲ ယခုမှ သူမကိုယ်သူမ စစ်ဆေးနိုင်ခြင်း ဖြစ်သည်။


“ဒါ… ဒါက အိုး… ဘုရားရေ..”


၀ူယွမ်ပိုင်က အံ့သြလွန်းသောကြောင့် စကားမပြောနိုင်ပဲ ဖြစ်နေလေသည်။ သူမ၏ ခန္ဒာကိုယ်ထဲမှ စွမ်းအင်ရေကန်ထဲတွင် အားကောင်းလှသော စိတ်ဝိဥာဉ်စွမ်းအင်များအဆက်မပြတ် စီးဆင်းနေပြီး အားကောင်းလှသော အစစ်အမှန် စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသည်။ ယမနေ့က သူမ၏ စွမ်းအင်ရေဝဲက ရေအိုင်လေးတစ်ခုဆိုပါက ယခု စွမ်းအင်ရေဝဲက ရေကန်ကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။


၀ိုင်တစ်ခွက်ကို သူမအိပ်မောကျနေစဉ်အတွင်းတွင်ပင် အဆင့်ချိုးဖျက်တက်ရောက်နိုင်ရန် ကူညီပေးနိုင်မည်ဟု သူမက မထင်မှတ်ထားခဲ့ပေ။ အစစ်အမှန် စွမ်းအင်ရေဝဲမှ ကြီးမားလှသော စွမ်းအင်များ လှည့်ပတ်ထွက်ပေါ်နေရာ အဆင့်ခုနစ် သူတော်စင်အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်ကြောင်း သံသယရှိစရာပင် မလိုတော့ပေ။


၀ူယွမ်ပိုင်၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်သွားပြီး နီတျာတျာ နှုတ်ခမ်းလေးများကို ကားတက်သွားသည်အထိ ရယ်မောလိုက်လေသည်။ သူမက မလှုပ်မယှက် ရပ်နေလိုက်ပြီး စိတ်အာရုံကို စူးစိုက်လိုက်ပြီး စွမ်းအင်များကို ခြေထောက်သို့ ပို့လွှတ်လိုက်ရာ လေထဲသို့ မြောက်တက်သွားလေသည်။


၀ူယွမ်ပိုင်က လေဟာနယ်ထဲတွင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ချေ။ ထိုသို့ လေဟာနယ်တွင် လှမ်းနိုင်ခြင်းက သူတော်စင်အဆင့်များတွင် သာ ရှိသော စွမ်းရည်ဖြစ်သည်။


“ဒါတကယ်ပဲ အဆင့်ချိုးဖျက် တက်ရောက်သွားတာပဲ… ဘယ်လို လှုပ်ရှားမှုမျိုး ဘယ်လိုအသံမျိုးမှ ထွက်ပေါ်မလာပဲနဲ့လေ… ပြီးတော့ ငါ့ရဲ့ ကျင့်ကြံမှု အခြေခံအပေါ်မှာတောင် မူတည်မနေဘူး… ပိုင်ရှင်ပုရဲ့ ဝိုင်က တကယ့်ကို မှော်ဆန်တာပဲ… ငါက ဝိုင်သောက်ပြီး မူးလဲသွားလို့ အဆင့်မတက်နိုင်မှာကို စိုးရိမ်နေတာ….”


“ဘာလှုပ်ရှားမှုမှ လုပ်စရာမလိုပဲ တိုက်ရိုက်မြင့်တက်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ….” ဝူယွမ်ပိုင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်၍ ရေရွတ်လိုက်သေလည်။ သူမ၏ နှလုံးသားထဲတွင်ပင် ပျော်ရွှင်မှုများကို မထိန်းချုပ်နိ်ုင်အောင် ဖြစ်နေလေသည်။


သူမက အခန်းထဲမှ ထွက်လာပြီးနောက် ဟောက်သံကျယ်လောင်စွာနှင့် ဆန့်ဆန့်ကြီး အိပ်မောကျနေသော မာစတာ အားဝူကို တွေ့လိုက်ရလေသည်။ သူ၏ ဘေးတွင် အမြှီးကို ခွေထိုင်နေသော မြွေလူသား အားနီကိုတွေ့လိုက်ရသည်။ ဝူယွမ်ပိုင်က ထိုမြင်ကွင်းကို မျက်၀န်းများ မှေးစင်း၍ ကြည့်နေလေသည်။ ထို့နောက် သူမ၏ မျက်နှာပေါ်တွင် ကောင်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး အသံကုန် အော်လိုက်လေသည်။


“မာစတာအားဝူ…..”


မာစတာအားဝူက လန့်ဖြန့်သွားပြီး ခုန်ထလိုက်လေသည်။ သူ၏ အိပ်ချင်မူးတူး မျက်၀န်းများကလည်း ပြူးကျယ်နေလေသည်။


မြွေလူသား အားနီကလဲ စိတ်ရှုပ်ထွေး၍ လန့်ဖြန့်သွားကာ မျက်လုံးများ ဖွင့်ကြည့်လိုက်လေသည်။


“လာခဲ့… ဓါးစားခံတွေကို သွားကယ်ကြစို့ … ဒီအမျိုးသမီးရဲ့ ဓါးက သွေးဆာနေတာ တော်တော်ကြာနေပြီ…” ဝူယွမ်ပိုင်က လက်သီးလက်မောင်းတန်း၍ သူရဲကောင်းဆန်ဆန် ပြောလိုက်လေသည်။