အခန်း ၂၁၃ “လေထန်နေသော လမိုက်ညမှ ခွေးသတ်သမား…”
“မိန်းကလေး… အခုဘာပြောလိုက်တာလဲ…”
မာစတာအားဝူ၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားလေသည်။ ထိုမိန်းမပျိုလေးက သူရဲကောင်းဆန်ဆန် ပုံစံမျိုး ပြုမူလိမ့်မည်ဟု သူမယုံနိုင်ပေ။
နေဦး….
မာစတာအားဝူက ဆက်ပြောရန် ပြင်လိုက်ချိန်တွင် ဝူယွမ်ပိုင်ကို သတိပြုမိသွားပြီး မျက်၀န်းများ ပြူးကျယ်လာကာ ကြောင်အနေလေသည်။ ဝူယွမ်ပိုင်၏ ခန္ဒာကိုယ်ထဲမှ စွမ်းအင်များက မငြိမ်မသက် ဖြစ်နေပြီး ဆက်လက်မြင့်တက်နေဆဲပင် ဖြစ်သည်။
“မိန်းကလေး… အဆင့်ချိုးဖျက်သွားပြီး သူတော်စင်အဆင့်တစ်ယောက် ဖြစ်လာတာလား…”
မာစတာ အားဝူက တုန်လှုပ်ခြောက်ခြားနေပြီး သူ၏ မျက်၀န်းများက ကြယ်ပွင့်များကဲ့သို့ တောက်ပလာလေသည်။ ယခုအချိန်တွင် သူ၏ ပင်ပန်းနွမ်နယ်နေဟန်များ ပျောက်ကွယ်နေပြီဖြစ်သည်။
ဘေးတွင် ရှိနေသော အားနီကလဲ ပါးစပ်ဟောင်းလောင်း ပွင့်နေလေသည်။
“ဒီယောင်္ကျားလေး ပုံစံ ၀တ်ထားတဲ့ မိန်းကလေးက ဘယ်လိုဖြစ်လို့ သူတော်စင်အဆင့်ကို ရောက်သွားတာလဲ… သူက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတယ်မဟုတ်ဘူးလား…”
၀ူယွမ်ပိုင်က အသက်က အလွန်ငယ်ရွယ်သေးပေသည်။သူမက အသက်နှစ်ဆယ်ပင် မပြည့်သေးသော်လည်း သူမ၏ စွမ်းအင်အဆင့်က ရွယ်တူများထက် သာလွန်နေပြီဖြစ်သည်။ တိမ်ဖြူစံအိမ်က လျိုကဝှက်ဆန်းကျယ်၍ ကြီးမားလှသော ဂိုဏ်းတစ်ခုအဖြစ် ထိုက်တန်လှပေသည်။
သူတို့က ယုဖူနှင့် ဦးလေးယုဖန်တို့ကို ကယ်တင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အားနီ မျက်၀န်းများထဲတွက် အားတက်မှုများ ဖြစ်ပေါ်လာလေသည်။
၀ူယွမ်ပိုင်က နှုတ်ခမ်းတွန့်၍ ပြုံးလိုက်ပြီး ၀န်ခံလိုက်ကာ သူမ၏ အစစ်အမှန် စွမ်းအင်များကို ဖော်ထုတ်လိုက်သည်။ ကြီးမားလှသော စွမ်းအင်ဖိအားက မြွေလူသား အားနီကို နောက်သို့ ဆုတ်သွားစေလေသည်။
“ဒါ… တကယ်ပဲ သူတော်စင်အဆင့်တစ်ယောက်ရဲ့ အရှိန်အဝါတွေပဲ…. စံအိမ်သခင်သာ မိန်းကလေး အဆင့်ချိုးဖျက်တက်ရောက်သွားနိ်ုင်တာကို သိရင် အရမ်းပျော်ရွှင်သွားလိမ့်မယ်….” အားဝူက တက်ကြွစွာ ပြောလိုက်သည်။
“ပိုင်ရှင်ပုရဲ့ နှင်းခါးမီးတောက် သိမြင်မှုဝိုင်က တကယ်ကို ကောင်းလွန်းတယ်… အဲဒီဝိုင်ထဲမှာ ရေခဲဝိဥာဉ်ဧကရာဇ် ကြာပန်းရဲ့ အဆီအနှစ် တစ်မျိုးပဲ ပါနေတာ မဟုတ်ဘူး… တခြား အဖိုးထိုက်တန်တဲ့ စိတ်ဝိဥာဉ်ဆေးပင် တချို့လဲ ရောနှောပါ၀င်နေတယ်.. အာရုံခံစားမှု အရ ပြောရမယ်ဆိုရင် အဲဒီဝိုင်ထဲက တခြားပါ၀င်ပစ္စည်းတွေက ရေခဲဝိဥာဉ်ဧကရာဇ်ကြာပန်းအောက် အဆင့်မနိမ့်နိုင်ဘူး….”
“သလင်းကျောက်ငါးရာဆိုတဲ့ စျေးနှုန်းက တန်လွန်းတယ်…” ဝူယွမ်ပိုင်က ရေရွတ်လိုက်လေသည်။
အင်ပါယာအဆင့် တစ်ယောက်ကို သူတော်စင်အဆင့်သို့ ချိုးဖျက် တက်ရောက်နိုင်ရန် ကူညီနိုင်သော ဝိုင်တစ်ခွက်ကို သလင်းကျောက် ငါးရာ ပေးရသည်မှာ ထိုက်တန်လှပေသည်။
“ဟုတ်တယ်.. အဲဒီဝိုင်က တကယ့်ကို တန်လွန်းတယ်…”
“မာစတာအားဝူ… သူတို့ကို မြန်မြန်သွားကယ်ကြစို့… ငါတို့က မြွေလူသားကို ကတိပေးထားပြီးပြီဆိုတော့ ငါတို့ရဲ့ စကားကို တည်ရမှာပေါ့့…”
“အခုက လမိုက်ညဆိုတော့ လှုပ်ရှားဖို့ အကောင်းဆုံးပဲ… အဲဒီအပြင် ငါက သူတော်စင်အဆင့်တစ်ယောက်ရဲ့ ခွန်အားကို စမ်းသပ်ချင်နေတယ်…” ဝူယွမ်ပိုင်က ပျော်ရွှင်နေဟန်နှင့် ပြောလိုက်သည်။
မာစတာ အားဝူ၏ မျက်နှာက တင်းမာခက်ထန်သွားလေသည်။ သူက ကယ်ဆယ်ရေး အစီအစဉ်တွင် ပါ၀င်လှုပ်ရှားရန် စိုးရိမ်နေလေသည်။ အင်ပါယာမြို့တော်၏ လက်ရှိအခြေအနေအရ သူတော်စင်အဆင့်တစ်ယောက် ဖြစ်နေလျှင်ပင် အန္တရာယ်မှ လွတ်မြောက်နိုင်မည်ဟု အာမမခံနိုင်ပေ။ ထို့အပြင် သူ၏ တာ၀န်က ဝူယွမ်ပိုင်၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ထို့ကြောင့် သူက ဝူယွမ်ပိုင်ကို စွန့်စားရမည့် ကိစ္စများတွင် ပါ၀င်စေလိုခြင်း မရှိပေ။
သို့သော် ဆုံးဖြတ်ချက်ခိုင်မာနေပုံရသော သူမ၏ အသွင်သဏ္ဍာန်ကို ကြည့်၍ သူမ၏ ဆန္ဒကို လိုက်လျောက အ၀တ်နက်များကို လဲလှယ်လိုက်လေသည်။
………
လမိုက်ညတွင် တိုက်ခတ်နေသော အေးစက်ပြင်းထန်သည့် လေများကြောင့် မြေပြင်ပေါ်မှ သဲမှုန်များက လေထဲတွင် လွင့်ပျံနေလေသည်။ ထောင့်တစ်ထောင့်မှ ပုံရိမ်တစ်ခု ထွက်ပေါ်လာလေသည်။ ခေါင်းပြောင်ပြောင်ပေါ်တွင် အမာရွတ်များ ရှိနေသော ပုံရိပ်တစ်ခုက အသံတစ်ချက်ပင် မထွက်စေပဲ နံရံပေါ်သို့ ခုန်တက်လိုက်လေသည်။ ထိုသူက နံရံတစ်ဖက်သို့ ခုန်ဆင်းလိုက်ပြီး လမ်းကြားတစ်ခုဆီသို့ ၀င်ရောက်သွားလေသည်။
ထိုသူက ခေါင်းမော့လိုက်ရာ လောဘတက်နေသော မျက်၀န်းတစ်စုံက ထွက်ပေါ်လာလေသည်။ သူက ပုဖန်၏ ဆိုင်ငယ်လေးထံသို့ လှည့်လိုက်ပြီး ချောင်းမြောင်းကြည့်ရှုလိုက်သည်။ ဆိုင်ရှေ့တွင် ဟောင်သံမှန်မှန်နှင့် အိပ်ပျော်နေသော ခွေးနက်ကြီးကို တွေ့လိုက်ရလေသည်။
“ဒီလို ၀၀ဖြိုးဖြိုး ခွေးကို ရှာတွေ့ဖို့ ခဲယဉ်းတယ်… ငါတော့ လမိုက်မှာ ကောင်းကောင်းပွဲတော်တည်နိုင်ပြီပေါ့…”
ထိုသူက ရယ်ချင်စိတ်ကို ကြိုးစားထိန်းချုပ်လိုက်လေသည်။ သူက ကောက်ကျစ်စဉ်းလဲသောမြေခွေးကြီး ကျောက်မူရှန်ပြောထားသည့် ဆိုင်ငယ်လေးကို စောင့်ကြပ်နေသော စိတ်ဝိဥာဉ်သားရဲအကြောင် သတိရသွားလေသည်။ သို့သော် ထိုသားရဲ၏ အဆင့်ကို မည်သူကမျှ မသိကြပေ။
ခွေးခိုးမည့် အစီအစဉ်တွင် သူက ထိုသားရဲကို သတိထားရန် လိုအပ်ပေသည်။ မြေခွေးအိုကြီးက ကျောက်မူရှန်ပင် ထိုသားရဲကို သတိထားနေသောကြောင့် ထိုသတ္တဝါက အလွန်ကြောက်စရာ ကောင်းမည်ဖြစ်သည်။
“ဒီနိမ့်ကျတဲ့ ဘုန်းတော်ကြီးက ဒီကိုလာတာ ခွေးခိုးဖို့ အတွက်ပဲလေ…. အဲဒီအဆင်ြ့့မင့်သားရဲ့ ခွေးခိုးတာလောက်ကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး… ခွေးကို ခိုးပြီးတာနဲ့ ချက်ချင်းပြေးထွက်သွားလိုက်မယ်…”
ခေါင်းပြောင်က သူ့စိတ်ကူးထဲမှ ပြည့်စုံလှသော အကြံအစည်ကို အကောင်အထည် ဖော်ရန် ပြင်ဆင်လိုက်လေသည်။ သူ၏ အတွေးများက ဆူဖြိုးလှသောခွေးနက်ကြီးဆီသို့ ရောက်သွားလေသည်။ စားကောင်းသောက်ဖွယ်များကို စားသောက်ဖူးသည့် အတွေ့အကြုံအရ သူက သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့ပေ။
“ခွေးသားကင်… အနီရောင် ခွေးသားနှပ်… ခွေးသားပျားရည်ဆမ်း…”
သူက တွေးတော့နေလိုက်ပြီး ပို၍ မထိန်းချုပ်နိုင် ဖြစ်လာကာ စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။
“ဒီဘုန်းတော်ကြီးကို ခွေးတရားစီရင်သူလို့ လူတွေ သိကြတယ်… ငါ့ရဲ့ ရှေ့က ခွေးနက်ကြီးရေ … ငါလာပြီဟေ့…”
ဘုန်းကြီးငယ်က ကျိတ်ရယ်လိုက်လေသည်။ သူက သတိကြီးစွာ ထား၍ အရှေ့သို့ တိုးသွားလေသည်။ စားသောက်ဆိုင်ငယ်လေးကို ကာကွယ်စောင့်ရှောက်နေသော အဆင့်မြင့်သားရဲ သတိမပြုမိစေရန် သူက ရုန့်ရင်းဆန်ခတ် ဖြစ်စေသော အပြုအမူများကို မပြုလုပ်ပဲ တိတ်တိတ်ဆိတ်ဆိတ် တိုးသွားလေသည်။
ဘုန်းကြီးငယ်က ငြင်သာစွာ ရွေ့လျားနေလေသည်။ စားသောက်ဆိုင်သို့ ဦးတည်နေသော သူ၏ ခြေလှမ်းများက ပျံသန်းနေသကဲ့သို့ ဖြစ်နေပြီး ပို၍ လျှင်ြ့မန်လာသည်။ သူ၏ အကြည့်များက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခွေးပေါ်သို့ ကျနေလေသည်။ ထိုခွေးဖက်တီးက တကိုယ်လုံးတွင် အသားများနှင့်သာ ပြည့်နှက်နေလေသည်။
“အခြေအနေကောင်းတယ်.. ဘယ်လိုဖိအားမျိုးမှ မခံစားရဘူး… ကြည့်ရတာတော့ အဆင့်မြင့်သားရဲက ငါ့ကို သတိမထားမိဘူးထင်တယ်…”
ဘုန်းကြီးငယ်က စိတ်သက်သာရာ ရစွာနှင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ သို့သော် သူက နိုးနိုးကြားကြားရှိနေလေသည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခွေးနက်ကြီးက နှာခေါင်းကို ရှုံ့ပွ ရှုံ့ပွ လုပ်နေသော်လည်း နိုးထလာမည့် အရိပ်အယောင် ရှိမနေချေ။
ဘုန်းကြီးငယ်က ခွေးနက်ကြီးကို ကြည့်၍ တက်ကြွစွာနှင့် အသံတချို့ ထွက်လာလေသည်။ သူ၏ လက်များကို လှုပ်ရှားလိုက်ရာ လက်ကောင်၀တ်မှ အေးစက်သော အငွေ့အသက်များ ဖြာထွက်နေသည့် ဓါးမြှောင်တစ်ချောင်း ထွက်လာလေသည်။ လမိုက်ညအောက်တွင် အေးစက်တောက်ပနေသော ဓါးမြှေင်က ကြောက်စရာမြင်ကွင်းတစ်ခုကို ဖော်ဆောင်နေလေသည်။
“ဒီလို ဆူဖြိုးတဲ့ ခွေးမျိုးဆိုရင် ခွေးသားစွပ်ပြုတ်လုပ်ဖို့ အကောင်းဆုံးပဲ….”
ဘုန်းကြီးငယ်က နှုတ်ခမ်းများကို လျှာဖြင့် တစ်ချက်သပ်လိုက်ပြီး ခွေးနက်ကြီးကို ဓါးမြှောင်နှင့် ဆတ်ခနဲ ထိုးချလိုက်လေသည်။
အသံတစ်ချက်ပင် မထွက်စေပဲ ခွေးကိုခိုးသွားနိုင်ရန် သူ့တွင် တိကျလျှင်မြန်သော ရက်စက်မှု ရှိရပေမည်။ ထိုဓါးချက် တစ်ချက်ဖြင့်ပင် ခွေးနက်ကြီးက တစ်ချက်ပင် ထမဟောင်နိုင်ပဲ ထာ၀ရ အိပ်မောကျသွားနိုင်ပေလိမ့်မည်။ သူက ထိုလေ့ကျင့်မှုကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ဖူးသောကြောင့် ဓါးဖြင့် ထိုးရမည့် နေရာကို ရွေးချယ်ထားပြီး ဖြစ်သည်။
ချွင်…
တိတ်ဆိတ်နေသော ညအချိန်တွင် ထွက်ပေါ်လာသော အသံက ကြားလိုက်ရသူကို ကြက်သီးမွှေးညှင်းများ ထသွားစေလေသည်။ ဘုန်းကြီးငယ်က ကြောင်အမှင်သက်သွားလေသည်။ သူထိုးလိုက်သော ဓါးချက်က ခွေး ခန္ဒာကိုယ်ပေါ်တွင် ခြစ်ရာတစ်ခုပင် ဖြစ်ပေါ်မလာပဲ ကျောက်တုံးတစ်တုံးကို ထိုးလိုက်သကဲ့သို့ အသံသာ ထွက်ပေါ်လာလေသည်။
“ဒါ… ဒါက မဖြစ်နိုင်ဘူးလေ…”
ဘုန်းကြီးငယ်၏ မျက်၀န်းများက ကျဉ်းမြောင်းသွားပြီး ကောက်ကွေးသွားသော ဓါးမြှောင်ကို သိမ်းဆည်းလိုက်ကာ နောက်ထပ် ထက်မြိနေသော ဓါးမြှေင်တစ်ချောင်းကိုထုတ်ယူ၍ ထပ်ထိုးလိုက်သည်။
“ထပ်ထိုးမယ်….”
“မင်းဖင်ကိုပဲ ထိုးလိုက်တော့…”
သုံးကြိမ်မြောက် ထိုးလိုက်ပြီးချိန်တွင် ဘုန်းကြီးငယ်က မယုံကြည်နိုင်ကြောင့် ဖင်ထိုင်ရက် လဲကျသွားလေသည်။ သူ၏ မျက်၀န်းများက ပြူးကျယ်နေပြီး သူ့လက်ထဲမှ ဓါးမြှောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေလေသည်။
သူ၏ စိတ်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာပြီး မကောင်းသော ခံစားချက်များ ရရှိလာလေသည်။ ထို့ကြောင့်သူက ခွေးကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်လေသည်။ နောက်ဆုံးတွင် ခွေးနက်ကြီး၏ ငိုက်မြည်းနေသော မျက်၀န်းများက ပွင့်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုခွေးက ခေါင်းကို စောင်း၍ သူ့ကို ဘုကြည့်ကြည့်နေနေလေသည်။ ထို့နောက် လူသားတစ်ယောက်ကဲ့သို့ ပြောလိုက်လေသည်။
“ငနုံ ကတုံး… မင်းက ညကြီး အချိန်မတော်.. ဒီခွေးဘုရင်ရဲ့ ရှေ့ကို ဘာလာလုပ်တာလဲ… ပျော်စရာလာရှာတာလား… ဒါမှမဟုတ်….”
နူးညံ့ဖော်ရွေလှသော အမျိုးသားတစ်ယောက်၏ အသံက ထွက်ပေါ်လာလေသည်။
သို့သော် ထိုအသံက ကတုံးပြောင်၏ နားထဲတွင် မိုးကြိုးမုန်တိုင်း ကျလာသကဲ့သို့ ပြင်းထန်လှပြီး သူ့ကို နောက်ဆုတ်သွားစေလေသည်။ သူ၏ မျက်နှာက သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ ဖြူဖျော့နေလေသည်။
“ဒီခွေး၀တုတ်က စကားပြောတတ်တာလား….”
ဘလက်ကီက မျက်လုံးလှန်ကြည့်လိုက်သည်။ ညကြီးသန်းကောင်အချိန်တွင် ထိုကတုံးက သူ့ကို ဓါးမြှောင်နှင့် ဘာကြောင့် လာထိုးနေသည်ကို သူက နားမလည်ချေ။ ထိုဓါးမြှောင်က သူ့ကို အနည်းငယ်မျှပင် မနာကျင်စေသော်လည်း သူ၏ အိပ်စက်မှုကို အနှောက်အယှက် ပြုနေလေသည်။ ထို့ကြောင့် သူက လုံး၀ခွင့်မလွတ်လိုက်နိုင်ပေ။
ကတုံးကောင်၏ စူးရှသော အကြည့်အောက်တွင် ဘလက်ကီက ထရပ်လိုက်လေသည်။ ကတုံးကောင်၏ အမြင်အာရုံထဲတွင် ဘလက်ကီက တဖြည်းဖြည်း နီးကပ်လာလေသည်။ သို့သော် သူက အကြည့်မလွှဲနိုင်ပဲ သူ့ထံသို့ လျောက်လာနေသော ဘလက်ကီကို ကြည့်နေလေသည်။
စားသောက်ဆိုင်၏ ဒုတိယထပ်တွင် ပုဖန်က အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို မသိပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေသည်။ သို့သော် သူသိခဲ့လျှင်ပင် သူက မျက်မှောင်ကြုံ့ထားရုံသာ လုပ်မည်ဖြစ်သည်။ ညကြီး သန်းကောင်အချိန်တွင် ဘလက်ကီကို ခိုးရန် လာသော ခေါင်းပြောင်ငတုံး၏ အဖြစ်ကို မျက်မှောင်ကြုံ့၍ ကြည့်နေမည်သာ ဖြစ်သည်။
တချိန်တည်းမှာပင် အင်ပါယာမြို့တော်အတွင်းရှိ တိတ်ဆိတ်ငြိမ်သက်နေသော ခြံ၀န်းကျယ်တစ်ခုအရှေ့တွင် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော ပုံရိပ်သုံးခုက ရပ်နေကြလေသည်။
“အဲတော့… ဒီနေရာမှာလား…” ဝူယွမ်ပိုင်က ခြံ၀န်းကျယ်ကို စိုက်ကြည့်၍ မေးလိုက်သည်။
အားနီက ခေါင်းငြိမ့်ပြလိုက်လေသည်။ ထိုခြံ၀န်းထဲတွင် ယုဖူနှင့် ဦးလေးယုဖန်ကို ချုပ်နှောင်ထားကြောင်း သူကသေချာနေလေသည်။
“မိန်းကလေး ဒါက သာမန် ကိစ္စမဟုတ်ဘူးနော်…ငါတို့ အထဲကို တကယ်၀င်မှာလား…” မာစတာအားဝူက ခြံ၀န်းကိုမျက်မှောင်ကြုံ့၍ ကြည့်နေရာမှ မေးလိုက်သည်။
ထိုအမှောင်ထု တွင်းနက်ကြီးက သူတို့အားလုံးကို မျိုချရန် စောင့်နေသကဲ့သို့ အန္တရာယ်အငွေ့အသက်ကို ခံစားနေရလေသည်။
“ဘာကိုကြောက်နေရမှာလဲ… မစ္စတာအားဝူ ဒီအမျိုးသမီးက သူတော်စင်အဆင့်ရောက်နေပြီးတော့ နတ်ဘုရားတစ်ပိုင်းလတ်နတ် တိမ်ခွဲဓါးကို ကိုင်ဆောင်ထားသေးတယ်…” ဝူယွမ်ပိုင်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အားဝူက တခဏမျှ တုံ့ဆိုင်းသွားပြီး စိတ်သက်သာရာ ရသွားလေသည်။ ထိုမိန်းကလေးက နတ်ဘုရားတစ်ပိုင်း လတ်နတ်ကို ကိုင်ဆောင်ထားသော သူတော်စင်အဆင့်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ သာမာန် သူတော်စင်အဆင့်များက သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ သူ၏ စိုးရိမ်ပူပန်နေမှုများ များပြားနေခြင်း ဖြစ်နိုင်ပေသည်။
“လာ… သူတို့ကို သွားကယ်ကြစို့…”
အင်ပါယာမြို့တော်၏ လက်ရှိအခြေအနေအရ လက်နတ်ရှိနေလျင်ပင် သတိပြုရန် လိုအပ်နေလေသည်။ သူတို့သုံးယောက်ဆီမှ အစစ်အမှန် စွမ်းအင်များ ထွက်ပေါ်လာပြီး စံအိမ်ရှ်ိရာသို့ တိုး၀င်သွားကြလေသည်။