အပိုင်း ၂၁၄
Viewers 62k

အခန်း ၂၁၄ “ဒီနိမ့်ကျတဲ့ ဘုန်းတော်ကြီးက ခွေးဘုရင်ရဲ့ ကြွက်သားတွေကို မနာလို ဖြစ်မိတာပါ”


အင်ပါယာမြို့တော်၏ တိတ်ဆိတ်နေသော လမ်းကြားလေးထဲမှ ဖန်ဖန်ဆိုင်ငယ်လေး၏ အပြင်ဘက်တွင် အေးမြသော လရောင်အောက်တွင် ခွေးနက်ကြီးက ပေါ့ပေါ့ပါးပါး လမ်းလျောက်နေလေသည်။ သူက သန်းခေါင်ယံအချိန်တွင် သူ့ကို ဓါးမြှောင်နှင့် လာထိုးရဲသော ကတုံးကောင်ကို မှိတ်မသုန် ကြည့်နေလေသည်။ 


ထိုအချိန်တွင် ရှန့်တဲ၏ စိတ်ထဲတွင် ခွေးအကောင်တစ်သောင်းလောက် ပြေးလွှားနေသကဲ့သို့ ခံစားနေရလေသည်။ သူ၏ ရှေ့မှ ခွေးနက်ကြီးက စကားပြောနေလေသည်။


“ဘာတွေဖြစ်နေတာလဲ….”


ထိတ်လန့် အံ့သြစွာနှင့် စိုက်ကြည့်နေပြီး ရှန့်တဲက မြေပြင်မှ ကြိုးစားထရပ်လိုက်သည်။ သူက ဖြစ်နိုင်ချေရှိသည်များကို အပြေးအလွှားစဉ်းစားလိုက်ပြီး သူ့ခေါင်းထဲတွင် တစ်စုံတစ်ခု ပေါ်လာလေသည်။


“စကားပြောနိုင်တဲ့ ခွေး… ငါတော့သေပြီ… ဒီခွေးက ကျောက်မူရှန်ပြောတဲ့ အဆင့်မြင့်သားရဲလို့ မထင်ထားမိဘူး…”


ရှန့်တဲ၏ ခေါင်းထဲတွင် အတွေးတစ်ချက် ထွက်ပေါ်လာပြီး သူ၏ စိတ်ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားလေသည်။ သူ၏ မျက်နှာကလည်း သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ ဖြူဖျော့နေလေသည်။ ကံကြမာ၏ လှည့်စားမှုကြောင့် သူသတိထားနေသော အဆင့်မြင့်သားရဲက သူ၏ ပစ်မှတ်ဖြစ်သော ဆူဖြိုးလှသည့် ခွေးနက်ကြီး ဖြစ်နေလေသည်။


ရှန့်တဲက နေရာတွင် မလှုပ်မယှက် ရပ်နေပြီး သူ၏ မျက်နှာပေါ်တွင် ချွေးစီးများ နှပ်များနှင့် မျက်ရည်များ ပြည့်နှက်နေလေသည်။ သူ၏ ဘေးဒုက္ခအတွက် ကောင်းကင်ဘုံကိုပင် ကျိန်ဆဲလိုနေလေသည်။


“ဒါပေမယ့်… ဘာဖြစ်လို့ အဆင့်မြင့်သားရဲတစ်ကောင်က ဝြဖိုးဖြိုး ခွေးတစ်ကောင် ဖြစ်နေတာလဲ… ဒါမှမဟုတ်… ဝြဖိုးဖြိုးခွေးတစ်ကောင်က အဆင့်မြင့်သားရဲ ဖြစ်လာတာလား…”


ဘလက်ကီက တဖြည်းဖြည်း လျောက်လာလေသည်။ သူ၏ ဝံ့ကြွားလှသောအသွင်အပြင်ကြောင့် ရှန့်တဲ၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားနေလေသည်။ သူ၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်မိခြင်းကို နောင်တရနေလေသည်။ 


“ဘာကြောင့်များ ဒီခွေးကို ဒုက္ခပေးဖို့ ကြိ်ုးစားမိတာလဲ..”


“ဒီခွေးဘုရင်က မင်းရဲ့ ခန္ဒာကိုယ်ပေါ်မှာ သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေကို ခံစားမိနေတယ်… ဘာကြောင့်များ ဒီခွေးဘုရင်ကို သတ်ချင်နေရတာလဲ…” ဘလက်ကီက ရှန့်တဲကို ကြည့်၍ မေးလိုက်သည်။


ရှန့်တဲ၏ မျက်၀န်းများက ပြူးကျယ်လာပြီး သူ့ခေါင်းကို သူပြန်ရိုက်လိုက်သည်။ ထို့နောက် မြေပြင်ကိုအားပြု၍ ခြေစုံကန်လိုက်ပြီး နံရံပေါ်သို့ တက်သွားရန် ပြင်ဆင်လိုက်သည်။ သူ၏ လှုပ်ရှားမှုများအရ အသက်ရှင်သန်ရန် ထွက်ပြေးတော့မည့်ဟန် ဖြစ်နေလေသည်။


ဘလက်ကီက အသည်းအသန် ထွက်ပြေးရန် ပြင်ဆင်နေသော ရှန့်တဲကို ကြည့်၍ သူ၏ လက်ချောင်းများကို လျှာဖြင့် သပ်လိုက်သည်။ 


“ငါမင်းကိုမေးနေတယ်လေ…. ဘယ်ကိုသွားမလို့လဲ…”


ဘလက်ကီက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ရှန့်တဲ၏ နောက်ကျောကို လက်ဖြင့် ကြမ်းတမ်းစွာ လွဲရိုက်လိုက်သည်။ 


လှိုင်းလုံးများ တက်လာသကဲ့သို့ အားလှိုင်းများက ရှန့်တဲကို နစ်မြုတ်သွားလေသည်။ သူ၏ စိတ်ထဲတွင် ဤနေရာမှ လွတ်မြောက်ရန်သာ တွေးနေလေသည်။ သူက ဘလက်ကီကို လှည့်မကြည့်သော်လည်း ထိုခွေးမှ ထွက်ပေါ်နေသော စွမ်းအင်များအရ ထိုခွေးကို ရင်ဆိုင်တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း သိနေလေသည်။


ထိုခံစားချက်က အဆုံးမဲ့ ကန္တာရထဲတွင် အဆင့်ရှစ် စိတ်ဝိဥာဉ်သားရဲနှင့် ရင်ဆိုင်ချိန်က ခံစားချက်မျိုး ဖြစ်သည်။ ထိုအဆင့်ရှစ် သားရဲနှင့်ရင်ဆိုင် ခဲ့ရစဉ်က သူက ဘုရင်အဆင့်သာ ရှိနေသေးလေသည်။ ထိုအဆင့်ရှစ် သားရဲကလဲ စကားပြောတတ်လေသည်။


“ဘယ်လိုတွေတောင် ဖြစ်နေတာလဲဟ…”


ထိုကဲ့သို့ စကားပြောတတ်သော သားရဲများနှင့် ကြုံရပါက အသည်းအသန် ထွက်ပြေးရ တော့မည် ဖြစ်သည်။


ဘန်း…. 


ရှန့်တဲ၏ ခေါင်းထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်နှင့် သူ၏ နောက်မှ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး လုံး၀ မလှုပ်ရှားနိုင် ဖြစ်သွားပြီး မြေပေါ်သို့ ပြန်ကျလာလေသည်။


“ညသန်းကောင်အချိန်မှာ မင်းက ဒီခွေးဘုရင်ကို ဓါးမြှောင်တစ်လက်နဲ့ ဘာလုပ်ချင်နေတာလဲ…” ဘလက်ကီက သူ၏ လက်ကို မြှေက်၍ ပြောလိုက်သည်။ 


ရှန့်တဲ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေလေသည်။ သူ၏ အတွေးများက ပြေးလွှားနေသော်လည်း သူ၏ ခန္ဒာကိုယ်က လုံး၀ မလှုပ်ရှားနိုင်ပေ။ ထိုသို့ ကြောက်စရာကောင်းလှသည့် ခံစားချက်မျိုးက အဆင့်ရှစ်သားရဲနှင့် ရင်ဆိုင်ရစဉ်က ရခဲ့ဖူးသော ဖိအားထက် မြင့်မားနေလေသည်။ 


“သေလိုက်ပါတော့…”


“ဒီခွေးဘုရင်က မင်းဆီမှာ မကောင်းတဲ့ အကြံအစည်တွေ ရှိနေမယ်လို့ ခံစားနေရတယ်.. ဒါကြောင့် ဒီလိုမျိုး အဆုံးမသတ်နိုင်ဘူး….” ဘလက်ကီက ဆက်ပြောလိုက်သည်။


ခရက်… 


မြေပြင်ပေါ်တွင် ၀ပ်နေသော ရှန့်တဲ၏ တစ်ကိုယ်လုံးတွင် ချွေးများနှင့် စိုရွဲနေလေသည်။ သူက ဘေးတွင်အပိုင်းပိုင်း အစစ ဖြစ်သွားသော လမ်းခင်းအုတ်များကို မြင်တွေ့လိုက်ရပြီး မျက်၀န်းများပင် မှေးမှိန်သွားလေသည်။ 


“ဒီခွေးက အဲဒီ အုတ်ခဲတွေကို လက်နဲ့ပုတ်လိုက်တာလား….”


“ခွေးအကိုကြီး စာနာပေးပါ….”


ရှန့်တဲက ငိုချင်သလို ဖြစ်လာပြီး အနိုင်ကျင့်ခံနေရသည်ဟု တွေးလိုက်မိသည်။ 


ဘလက်ကီက မျက်လုံးပင်၍ သတ္တိငယ်လှသော ငတုံးငအ ကတုံးကို စိုက်ကြည့်လိုက်သည်။ 


“ကောင်း… ကောင်းပါပြီ.. ငါက တိတ်ဆိတ်တဲ့ အချိန်မှာ ရောက်လာတယ်ဆိုတာက သူရဲကောင်းဆန်လှတဲ့ ခွေးဘုရင်ရဲ့ သန်မာတဲ့ ကြွက်သားတွေကို သတိထားမိလိုက်လို့ပါ…ဒါကြောင့် ငါက …..”


ရှန့်တဲ၏ နဖူးပေါ်တွင် ချွေးများ တောက်တောက်ကျနေပြီး ဆက်ပြောသင့် မပြောသင့် စဉ်းစားနေလေသည်။


“အဲဒီတော့… မင်းက ငါ့ဆီက ဘာလိုချင်တာလဲ….” ဘလက်ကီက မေးလိုက်သည်။


“ငါ… ငါက ခွေးဘုရင်ဆီက အသားနည်းနည်းလောက် ချေးယူပြီး မြည်းကြည့်ချင်တာပါ…”


ရှန့်တဲက ထိုစကားကို လွှတ်ခနဲ ထွက်သွားသောကြောင့် အလျင်အမြန် ပါးစပ်ပိတ်လိုက်လေသည်။ သူ၏ စိတ်ထဲတွင်လည်း ဒုက္ခကြီးကြီး ရောက်ပြီဖြစ်ကြောင်း တွေးလိုက်မိလေသည်။


ကြောက်စရာကောင်းလှသော အရှိန်အဝါက သူ၏ ကျောပေါ်သို့ ကျလာလေသည်။


“မင်းက ခွေးသားစားချင်တယ်လို့ ပြောရဲသေးတယ်ပေါ့…”


ဖိနှိပ်ထားသော သားရဲတစ်ကောင်၏ အရှိန်အဝါများက ပွင့်ထွက်လာပြီး အင်ပါယာ မြို့တော်တစ်ခုလုံးကို လွမ်းခြုံသွားလေသည်။


ထိုအချိန်တွင် အင်ပါယာ မြို့တော်တစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားလေသည်။ အိပ်ပျော်နေကြသော သူတော်စင် အဆင့်များက ဘောင်းဘီပင် မပါပဲ အခန်းထဲမှ ထွက်လာကြလေသည်။ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့် သူတော်စင်အဆင့်များက ကြောက်ရွံ့မှုကို ခံစားနေရလေသည်။


ထိုစွမ်းအင်များက လွှမ်းမိုးနိုင်စွမ်း ရှိလှပေသည်။ တည်းခိုခန်းတစ်ခု အတွင်းမှ နီယန်က မျက်လုံးဖွင့်လိုက်ပြီး အိပ်ယာပေါ်မှ ခုန်ချ၍ ကောင်းကင်ပေါ်သို့ ပျံတက်လိုက်လေသည်။ သူမ၏ နောက်မှ ရီဇီလင်းက ထပ်ကြပ်မခွာ လိုက်လာလေသည်။


“အမနီယန်… အဲဒီအရှိန်အဝါက စစ်နတ်ဘုရားအဆင့် စိတ်ဝိဥာဉ် သားရဲ တစ်ကောင်ဆီကလား…..” ရီဇီလင်းက သူမ၏ အပြုအမူကိုပင် သတိမပြုမိပဲ ဖြစ်နေလေသည်။ သူမ၏ နီယန်၏ အင်္ကျီစကို ဆွဲကိုင်ထားပြီးလက်ဖဝါးထဲတွင် ချွေးစီးများ ထွက်နေလေသည်။


“မဟုတ်ဘူး… ဒီအရှိန်အဝါက ထူးဆန်းတယ်…ဒါက စစ်နတ်ဘုရားအဆင့်ထက် ပိုပြီးအားကောင်းတယ်လို့ ထင်ရတယ်… ဒီဟာက …”


နီယန်က မျက်မှောင်ကြုံ့၍ တွေးနေလေသည်။ ထိုအရှိန်အဝါက သူမနှင့် ရင်းနှီင်္းနေသည်ဟု ခံစားနေရလေသည်။ 


“ဘယ်လိုပဲ ဖြစ်ဖြစ် အင်ပါယာ မြို့တော်ထဲမှ ပြသနာတွေ စတင်လာတော့မယ်….”


……


“မိန်းကလေး… ငါတို့ ဆက်လှုပ်ရှားသင့်သေးရဲ့လား….”


မာစတာအားဝူ၏ ခန္ဒာကိုယ်က တုန်လှုပ်နေလေသည်။ ထိုအရှိန်အဝါနှင့် ရင်ဆိုင်လိုက်ရချိန်တွင် သူ၏ မျက်နှာက မည်းမှောင်သွားလေသည်။ 


“အင်ပါယာ မြို့တော်ထဲမှာ ဒီလိုကြောက်စရာကောင်းတာတွေ ထွက်ပေါ်လာတယ်… ဒီအရှိန်အဝါအရ… သူ့ရဲ့ အဆင့်က တိမ်ဖြူစံအိမ်သခင်နဲ့တောင် အဆင့်တူနေပြီ…”


“လေအလင်းအင်ပါယာရဲ့ ဝှက်ဖဲကို ဒီလို အခြေအနေမှာ ထုတ်သုံးလိုက်တာလား…”


“မဟုတ်ဘူးလေ… ငါတို့ ဒီအခြေအနေကို အခွင့်ကောင်းယူကြစို့…လူတွေ အကုန်လုံး အဲဒါကို အာရုံစိုက်နေတဲ့အချိန်မှာ ငါတို့က လူ၀င်ကယ်ကြမယ်…” ဝူယွမ်ပိုင်က နှုတ်ခမ်းကို ကိုက်၍ ပြတ်သားစွာ ပြောလိုက်သည်။


အားဝူ၏ မျက်နှာက ဖြူဖျော့သွားလေသည်။ ကြည့်ရသည်မှာ လှုပ်ရှားရန်မှလွဲ၍ အခြားဖြစ်နိုင်တော့မည်မဟုတ်ချေ။ သူတို့က အားနီကို အစောင့်ထား၍ ခြံ၀န်းထဲသို့ ကျော်တက်လိုက်ကြသည်။ 


……..


ရှန့်တဲ၏ တစ်ကိုယ်လုံး တုန်ခါနေလေသည်။ 


“ငါမပြောချင်ဘူးလို့ ပြောတယ်လေ… ကြည့် အခု မင်းအရမ်း စိတ်ဆိုးနေပြီ….”


သူ၏ နှလုံးသားထဲတွင် ခါးသီးစွာ ခံစားနေရလေသည်။ သူက ခွေးသားစားရန်အတွက် ၀ကစ်ကစ် ခွေးကို ဖမ်းဆီးလိုခဲ့လေသည်။ ၀က်တစ်ကောင်နှင့် တူလှသော ထိုခွေးက အလွန်ကြောက်စရာကောင်းမည်ဟု မထင်မှတ်ထားခဲ့ချေ။


“ခွေးသားစားမယ်ပေါ့… မင်းကို ခွေးသားစားဖို့ နည်းလမ်းပေးတာ ဘယ်သူလဲ….”


ဘလက်ကီက အလွန်အမင်း ဒေါသထွက်နေသည်။ သူ၏ ခန္ဒာကိုယ် ပတ်လည်တွင် ရွှေရောင် အလင်းတန်းလေးများ ဖြစ်ပေါ်နေလေသည်။


ဘန်း… ဘန်း…


ဘလက်ကီထံမှ ဖိအားကြောင့် လမ်းခင်းကျောက်များပင် ကွဲကြေသွားလေသည်။


“ခွေး .. ခွေးနတ်ဘုရား… အေးအေးဆေးဆေး စကားပြော ကြရအောင်..” ရှန့်တဲက အလျင်အမြန် ပြောဆိုလိုက်သည်။


ထွက်ပေါ်လာသည့် အလင်းတန်းများ သူ့ကို လွှမ်းခြုံသွားချိန်တွင် ရှန့်တဲက ထိုဖိအားအောက်မှ လွတ်မြောက်နိ်ုင်မည့် နည်းလမ်းကို တွေးမိသွားလေသည်။ သူက မြေပြင်ပေါ်တွင် ခြေစုံရပ်လိုက်ပြီး ရုပ်ပွားတော် ပုံရိပ်ကို ထုတ်ဖော်လိုက်သည်။ 


သို့သော် သူစကားဆက်ပြောရန် အခွင့်အရေး မရတော့ပဲ ခွေးလက်က ကောင်းကင်ထက်မှ ကျဆင်းလာပြီး ရုပ်ပွားတော်ပုံရိပ်က ဖန်ထည်တစ်ခုကဲ့သို့ အပိုင်းပိုင်းအစစ ဖြစ်သွားလေသည်။ ကြယ်ကြွေသကဲ့သို့ မီးတောက်များက ကောင်းကင်ထပ်မှ ကျဆင်းလာပြီး သူ၏ နှလုံးသားထဲတွင်ပင် လောင်ကြွမ်းနေသည်ဟု ခံစားနေရလေသည်။


သူ၏ ၀တ်စုံက စုတ်ပြဲသွားပြီး အရေပြားပေါ်တွင် ဟက်တက်ကွဲသွားလေသည်။ သူက အဆက်မပြတ် သွေးအန်နေရပြီး သူ၏ ခန္ဒာကိုယ်က ပြားလုလု ဖြစ်နေလေသည်။


ဘုန်း… ဘုန်း… ဘုန်း… 


ညအချိန်တွင် အင်ပါယာ မြို့တော်ထဲ၌ အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အသံများက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ အင်ပါယာမြို့တော်၏ တံတိုင်းအပြင်ဘက်တွင် ကျောက်တုံးများ ကွဲကျေနေသည်ကို တွေ့နိုင်လေသည်။


အပျက်အစီးပုံအောက်မှ ပုံရိပ်တစ်ခု တွားသွားထွက်လာလေသည်။ သူ၏ ခန္ဒာကိုယ်တစ်ခုလုံးတွင် သွေးများနှင့် ပြည့်နှက်နေပြီး မတ်တပ်ရပ်နိုင်ရုံသာ ဖြစ်နေလေသည်။ သူ၏ ရင်ဘက်မှ အမွေအနှစ် ပစ္စည်းကလည်း အပိုင်းပိုင်း အစစ ဖြစ်နေလေသည်။


“ခွေးတစ်ကောင်ရဲ့ အပြစ်ပေးတာကို ခံလိုက်ရတာပဲ… ဒါက တော်တော်ဆိုးတာပဲ…”


ရှန့်တဲ၏ တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေပြီး အမွေအနှစ် ပစ္စည်းကြောင့်သာ မဟုတ်ပါက အပျက်အစီးပုံများအောက်တွင် အသားပြားဘ၀ ရောက်သွားနိုင်ပေသည်။ သူက နှစ်ပေါင်းများစွာ ခွေးသားစားခဲ့သော်လည်း နောက်ဆုံးတွင် ခွေးတစ်ကောင်၏ အပြစ်ပေခြင်းကို ခံလိုက်ရလေသည်။


သူ၏ ခန္ဒာကိုယ်တွင် ဒဏ်ရာရထားပြီး နှလုံးသားထဲတွင်လည်း စိတ်ပျက်ခြင်းများ ပြည့်နှက်နေလေသည်။ သူက ခန္ဒာကိုယ်ကို အနိုင်နိုင်သယ်၍ ကျောက်မူရှန်၏ အိမ်ရှိရာသို့ တရွေရွေ့ သွားနေလေသည်။ 


ဘလက်ကီ ဒေါသကြီးစွာ နှာခေါင်းရှုံ့လိုက်လေသည်။ သူက ယခုထက်တိုင် ဒေါသထွက်နေဆဲ ဖြစ်ပြီး ရှန့်တဲ၏ ပုံရိပ်ကို လှမ်းကြည့်နေလေသည်။ ထို့နောက် သူက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဆိုင်ငယ်လေး၏ ရှေ့သို့ ပြန်သွားအိပ်နေလိုက်လေသည်။


အပေါ်ထပ်တွင် ပြတင်းပေါက်ဘောင်ကို မှီ၍ ရပ်နေသော ပုဖန်က လမ်းကြားလေးထဲမှ ကြေမွပျက်စီးသွားသော လမ်းခင်းကျောက်များကို ကြည့်၍ စိတ်ပျက်လက်ပျက် ပြုံးလိုက်သည်။ 


“အဲဒီဘလက်ကီကတော့… လမ်းခင်းကျောက်ပြားတွေပေါ်မှာ ငြင်ငြင်သာသာ လုပ်ဖို့ မှာထားတာတောင်… အခု ဖျက်ဆီးလိုက်ပြန်ပြီ….”


“အခုမှတော့ ရွေးချယ်စရာ မရှိတော့ဘူး… နောက်နေ့ကျရင် လမ်းပြင်ဖို့ တစ်ယောက်ယောက်ကို ပြောရတော့မှာပဲ…”


ပုဖန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး အိပ်ယာပေါ်တွင် ပြန်လှဲချလိုက်လေသည်။


ယနေ့က အင်ပါယာ မြို့တော်အတွင်းတွင် သူတော်စင်အဆင့် အများစု၏ အိပ်ပျက်ညပင် ဖြစ်သည်။