အခန်း ၂၁၅ “လေချွန်သံတစ်ခုနှင့် ဒုက္ခများ ရောက်ရှိလာခြင်း…”
ခန့်ညားလှသော ခြံ၀န်းတစ်ခုအတွင်းရှိ နေရာတစ်ခု၏ ပတ်ပတ်လည်တွင် လှေခါးထစ် ပွဲကြည့်စင်များနှင့် ၀န်းရံထားပြီး အလည်တွင် စမ်းချောင်းတစ်ခုနှင့် ပိုင်းခြားကန့်သတ်ထားလေသည်။ ခြံ၀န်းအတွင်းတွင် တောင်တုတစ်ခုကို နောက်ခံပုံရိပ် ထည့်ထားပြီး စမ်းချောင်းအသေးလေးကို ခြံ၀န်း၏ အသက်သွေးကြောအဖြစ် ပုံဖော်ထားကာ ကျောက်တုံးကျောက်ဆောင်များကိုလည်း ထည့်သွင်းထားသည်။
လရောင်က ခြံ၀န်းတစ်ခုလုံးကို ဖြာကျလာချိန်တွင် စမ်းချောင်းအသေးလေးက ရောင်ပြန်များ ထလာပြီး ကြယ်မြစ်တစ်စင်းကဲ့သို့ ဖြစ်နေလေသည်။
စံအိမ်၏ ထောင့်တစ်နေရာတွင် ပုံရိပ်နှစ်ခုက စိမ်းစိုနေသော အလှစိုက် မြက်ခင်းများပေါ်သို့ ငြင်ငြင်သာသာ ဆင်းသက်လာလေသည်။ စိုးရိမ်ပူပန်နေသော မျက်နှာနှင်း မာစတာ အားဝူက ဝူယွမ်ပိုင်၏ အနီးဆုံးတွင် ကပ်နေပြီး ခြံ၀န်းကို အကဲခတ်လိုက်သည်။ ထိုခြံ၀န်းက မြွေလူသားများကို ချုပ်နှောင်ထားသည်ဟု အားနီညွှန်ပြသည့် နေရာဖြစ်ပြီး ကျောက်မူရှန် နေထိုက်သော နေရာလည်း ဖြစ်သည်။
“မိန်းကလေး သတိထားပါ… ကျောက်မူရှန်က ပိုင်ရှင်ပုကို မြှားခေါ်ထားတာဆိုတော့ ထောင်ချောက်တွေ ဆင်ထားနိုင်တယ်… ဒါမှမဟုတ်… ခြုံခိုတိုက်ခိုက်တာမျိုးတွေလဲ လုပ်လာနိုင်တယ်…” မာစတာ အားဝူက သတိပေးလိုက်သည်။
၀ူယွမ်ပိုင်က ခေါင်းငြိမ့်ပြလိုက်လေသည်။ ကျောက်မူရှန်က ပြင်ဆင်မှု မလုပ်ထားပဲ ပိုင်ရှင်ပုကို စိန်ခေါ်ရဲလိမ့်မည်မဟုတ်ပေ။
ခြံ၀န်းအတွင်း ရပ်နေချိန်တွင် သူတို့က စီးဆင်းနေသော ရေသံသဲ့သဲ့သာ ကြားနေရပြီး အေးစက်တိတ်ဆိတ်မှုကြောင့် အကူအညီ မဲ့နေသကဲ့သို့ ခံစားနေရသည်။
“သွားကြစို့…. မြွေလူသားတွေကို ဖမ်းထားတဲ့ နေရာကိုလည်း ရှာရဦးမယ်…” ဝူယွမ်ပိုင်က ပြောလိုက်ပြီးနောက် ခြံ၀န်းတစ်နေရာသို့ တိုး၀င်ပျောက်ကွယ်သွားလေသည်။
………
ကျောက်မူရှန်က လက်နောက်ပစ်၍ အခန်းတစ်ခုထဲတွင် ရပ်နေလေသည်။ သူ၏ ဘေးဘက်ရှိ စားပွဲခုံပေါ်တွင် ရေနွေးအိုးထဲမှ လတ်တလော ငှဲ့ထားသော ရေနွေးခွက် တစ်ခွက်ရှိပြီး ရေနွေး၏ မွှေးရနံ့များက အခန်းတစ်ခုလုံးကို ပြန့်နှံ့နေလသည်။
ကျောက်မူရှန်က ရုတ်တရက် နှုတ်ခမ်းတွန့်လိုက်ပြီး ရေနွေးခွက်ကို ယူ၍ တစ်ငုံ စုပ်သောက်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်၍ အမွှေးနံ့များကို ရှူရှိုက်လိုက်လေသည်။ ထို့နောက် အခန်းထဲမှ ထွက်လာလိုက်သည်။ သူက အပြင်ဘက်သို့ ရောက်သည်နှင့် အေးစက်စက် လေထု၏ ဆီးကြိုနှုတ်ဆက်မှုကို ခံစားလိုက်ရသည်။ ကျောက်မူရှန်၏ ခန္ဒာကိုယ်မှ စွမ်းအင်များ ထွက်ပေါ်လာပြီး လေထုထဲသို့ ပျံတက်လိုက်သည်။
ခြံ၀န်း၏ အနောက်ဘက်တွင် သားရဲတစ်ကောင်၏ ဟိန်းဟောက်မှုကြောင့် ငြိမ်သက်မှုက ပျောက်ဆုံးသွားလေသည်။ ထိုအသံက ကြားလိုက်ရသူများကို နားအူသွားစေလေသည်။ ထိုနေရာမှ ထွက်ပေါ်လာသော နိုင်လိုမင်းထက် ရယ်သံတစ်ခုက လေထဲတွင် မိုးချိန်းသံကဲ့သို့ ပဲ့တင်ထပ်နေလေသည်။
ဘုန်း… ဘုန်း…. ဘုန်း…
တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော အစစ်အမှန် စွမ်းအင်များက တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသော ခြံ၀န်းအတွင်းတွင် ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းတွင်ပင် ကြောက်စရာကောင်းသော စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ကျောက်မူရှန်က ပြုံးလိုက်သည်။
“နောက်ဆုံးတော့ ငါးစာလာဟပ်ပြီပဲ…”
ကျောက်မူရှန်က လေထဲမှ အလျင်အမြန် ပြေးသွားလိုက်ပြီး တိုက်ခိုက်နေသည့် ခြံ၀န်းအပေါ်တွင် ရပ်လိုက်ပြီး တိုက်ခိုက်နေကြသူများကို အကဲခတ်လိုက်သည်။
“ဟမ်… ဒါက ပုဖန်လည်း မဟုတ်ပါလား…”
ကျောက်မူရှန်က အောက်ဘက်မှ တိုက်ခိုက်နေသူများထဲတွင် ပုဖန်မပါသည်ကို သတိပြုမိလိုက်ပြီး တခဏမျှ တုန့်ဆိုင်းသွားလေသည်။
“ဟား..ဟား..ဟား… ကျောက်မူရှန်… ဒီနှစ်ယောက်က ပစ်မှတ်တွေလား… သူတို့ကို ဖမ်းလိုက်ရင် ငါတို့ ငါးလမ်းကြောင်းသိမြင်မှု သစ်ပင်ကို ရပြီပေါ့… ဟုတ်လား…”
ကျယ်လောင်သော အသံတစ်ခုက အောက်ဘက်မှ ထွက်ပေါ်လာလေသည်။ ထိုသူက အပေါ်ပိုင်း ဗလာကျင်းထား၍ သူ့ကဲ့သို့ ကြမ်းကြုတ်ရက်စက်သော သစ်ကျုတ်တစ်ကောင်ပေါ်တွင် ထိုင်နေပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေသည်။
သူ၏ အနီးအနားတွင် ကိုယ်ပိုင်သားရဲများကို စီးနင်းထားသော အခြားသုံးယောက်လည်း ရှိနေပြီး ဝူယွမ်ပိုင်နှင့် မာစတာ အားဝူတို့ကို ၀န်းရံထားလေသည်။
မာစတာ အားဝူက မြွေလူသား၏ လက်ကို တင်းကြပ်စွာ ဆုတ်ကိုင်ထားပြီး ရပ်နေလေသည်။ သူ၏ စိတ်ထဲတွင် ထိတ်လန့်နေသော်လည်း မျက်နှာပေါ်တွင် မဖော်ပြပဲ တင်းမာသော မျက်နှာထားနှင့် ရှိနေလေသည်။
ကျောက်မူရှန်က ပုဖန်အတွက် ထောက်ခြောက်တစ်ခုကို အမှန်တကယ်ပင် ပြင်ဆင်ထားပြီး ထိုထောက်ချောက်ကလည်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သူတော်စင်အဆင့် လေးယောက်နှင့် အဆင့်ခြောက် သားရဲနှစ်ကောင်…
ထိုသို့ မယုံနိုင်လောက်အောင် အင်အားကြီးမားသော အဖွဲ့အစည်းမျိုး အင်ပါယာမြို့တော်ထဲတွင် ရှိနေသည်ကို မယုံကြည်နိုင် ဖြစ်နေလေသည်။ အဆင့်ငါး ဘုရင်အဆင့်တစ်ယောက်အတွက် ထိုမျှ ပြင်ဆင်ထားခြင်းက ကျောက်မူရှန်၏ ပိုင်ရှင်ပုအပေါ် အလေးအနက် ထားမှုကို မြင်နိုင်ပေသည်။ ထောင်ချောင်အလယ်တွင် ရှိနေသော ဝူယွမ်ပိုင်က နဖူးကြောများ တွန့်ရှုတ်သည်အထိ မျက်မှောင်ကြုံ့ထားပြီး အစစ်အမှန် စွမ်းအင်များက တရိပ်ရိပ် မြင့်တက်နေသည်။
“မြေရိုင်းလွင်ပြင် တတိယ ဘုရားကျောင်းက လူတွေ… ဟမ့်…. ကြီးကျယ်မြင့်မြတ်လှတဲ့ တတိယ ဘုရားကျောင်က လူတွေက ဘာမဟုတ်တဲ့ မဟာယာန ကျွန်းရဲ့ လက်အောက်ခံ လုပ်နေမယ်လို့ မထင်ထားမိဘူး… ဟမ့်… မင်းတို့ရဲ့ ဂုဏ်သတင်းက တန်ဖိုးမဲ့နေတာကို အခုမှပဲ ငါသိလိုက်တယ်…”
၀ူယွမ်ပိုင်က အေးစက်စက် ပြောလိုက်သည်။ မြေရိုင်းလွင်ပြင်ဒေသမှ တတိယဘုရားကျောင်းက သူမနှင့် ကွဲလွဲသော ဂိုဏ်းတစ်ခု ဖြစ်သည်။ ထိုဂိုဏ်းက တိမ်ဖြူစံအိမ်နှင့်ပင် ယှဉ်ပြိုင်နိုင်သော အစွမ်းရှိသည်။ သို့သော် ဂိုဏ်းနှစ်ခုက မတူညီသော နေရာဒေသများတွင် တည်ရှိကြခြင်း ဖြစ်သည်။
တိမ်ဖြူစံအိမ်က ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေကို လွှမ်းမိုးထားနိုင်ချိန်တွင် မြေရိုင်းလွင်ပြင်၏ အလယ်တွင်ရှိနေသော တတိယဘုရားကျောင်းက မြေရိုင်းလွင်ပြင်ကို စိုးမိုးထားလေသည်။ သူမပြောခဲ့သလိုပင် ပူပေါင်းကြံစည်သူများ အားလုံးက သူတော်စင်အဆင့်များ ဖြစ်နေသည်မှာ ထိုသူများ အားလုံးက တတိယ ဘုရားကျောင်းမှ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ မဟာယာနကျွန်းကဲ့သို့ ဗုဒ္ဓဂိုဏ်းတစ်ခုက ထိုမျှ အင်အားပြချင်လျှင်ပင် ပြစရာမရှိနိုင်ပေ။
“အိုး… ဒီအလှလေးက ငါတို့ကို သိတယ်ဆိုတော့ သူ့ရဲ့ နောက်ခံကလည်း ဆိုးမှာ မဟုတ်ဘူး…” သစ်ကျုတ်ပေါ်တွင် ထိုင်နေသော လူက ဝူယွမ်ပိုင်ကို ကြည့်၍ လှောင်ပြောင်လိုက်သည်။
ကျောက်မူရှန်က တောင်ထွတ်တစ်ခုပေါ် ဆင်းသက်လိုက်ပြီးနောက် မျက်မှောင်ကြုံ့၍ ဝူယွမ်ပိုင်တို့ကို မေးမြန်းလိုက်သည်။
“မင်းတို့ နှစ်ယောက်က ဘာလို့ မြွေလူသားတွေကို လာကယ်တာလဲ… ပုဖန်ကရော ဘယ်မှာလဲ…”
၀ူယွမ်ပိုင်က သူ့ကို တစ်ချက်မျှ ကြည့်လိုက်ပြီး ပြန်ပြောခြင်းမရှိပေ။
“မေ့လိုက်တော့… မင်းတို့ နှစ်ယောက်က ပုဖန်အတွက် စွန့်စားရဲမှတော့… မင်းတို့နဲ့ သူ့ရဲ့ ဆက်ဆံရေးက ဆိုးမှာ မဟုတ်ဘူး… မင်းတို့ကို ဖမ်းထားလိုက်ရင်လဲ ဆွေးနွေးညှိနှိုင်းမှုက တူတူပဲ ဖြစ်လိမ့်မယ်…”
ကျောက်မူရှန်က အမူအယာမဲ့စွာ ပြောလိုက်ပြီး သူတော်စင်အဆင့် လေးယောက်ကို လှမ်းအောလိုက်သည်။
“သူတို့ကို ဖမ်းထားလိုက်… ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင် ရဖို့အတွက် အခွင့်အရေး ရလာလိမ့်မယ်…. ဟေ့လူတွေ.. သစ်သီးပင်အတွက်နော်… ဘာကို စောင့်နေတာလဲ…”
“ဟေ့.. ကျောက်မူရှန်… မင်းလိမ်နေတာ မဟုတ်ဖို့ပဲ ငါမျှော်လင့်ပါတယ်… ဒီလိုမှမဟုတ်ရင် မင်းပဲ နောင်တရလိမ့်မယ်….”
သစ်ကျုတ်စီးထားသူက ကျောက်မူရှန်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ ထို့နောက် သူ၏ အောက်မှ သစ်ကျုတ်ကို အချက်ပေးလိုက်လေသည်။
ဝေါ…
ပေါက်ကွဲသံတစ်ခုက ငြိမ်သက်နေသော အင်ပါယာမြို့တော်ကို လှုပ်ခတ်သွားစေလေသည်။ ကြောက်စရာကောင်းလှသော စွမ်းအင်လှိုင်းတစ်ခုက သူ၏ လမ်းကြောင်းပေါ်မှ အရာအားလုံးကို လှည်းကျင်းသွားသည်။ ဖုန်လုံးများ ကြားထဲမှ မြွေတစ်ကောင်ကို လက်များဖြင့် ဆုတ်ကိုင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူက မြေပြင်ပေါ်တွင် လဲလျောင်းနေသော အားနီကို ထိလိုက်သည်။
ခြံ၀န်းအပြင်တွင် တစ်ချိန်လုံး စောင့်ဆိုင်းနေသော အားနီက လျှင်လျှင်မြန်မြန် လှုပ်ရှားလိုက်လေသည်။
“မြန်မြန်… ငါတို့ ဒီနေရာက အရင်ထွက်သွားကြမယ်… မိန်းကလေးက ငါတို့ကို ဒီနေရာကနေ ကာကွယ်ပေးထားတယ်… မြန်မြန်လုပ်…” မာစတာအားဝူက အလျှင်လိုဟန်နှင့် အော်ပြောလိုက်သည်။
သူ၏ မျက်နှာက လမိုက်ညကဲ့သို့ အေးစက်မှောင်မိုက်နေလေသည်။
ထိုအသံကို ကြားလိုက်ရပြီးနောက် အားနီ၏ နှလုံးသားက အေးစက်သွားသော်လည်း စကားတစ်ခွန်းမှ မပြောတော့ပဲ မာစတာ အားဝူ၏ နောက်မှ ပြေးလိုက်သွားလေသည်။
ခြံ၀န်း၏ အနောက်ဘက်တွင် ပေါက်ကွဲမှုများက ရပ်တန့်မည့် အရိပ်အယောင် မရှိပဲ ဆက်လက် ဖြစ်ပေါ်နေလေသည်။ ခြံ၀န်း၏ ဘေးပတ်ပတ်လည် လေထုထဲတွင် ဓါးစွမ်းအင်များက ပိုမိုများပြားလာလေသည်။ ယခုတိုက်ပွဲကို အင်ပါယာ မြို့တော်တစ်ခုလုံး သိရှိသွားတော့မည် ဖြစ်သည်။
မြေငလျင် လှုပ်သကဲ့သို့ ပြင်းထန်လှသော တိုက်ပွဲကို အင်ပါယာ မြို့တော်အတွင်းမှ များပြားလှသော သူတော်စင်အဆင့်များက တိတ်တဆိတ် စောင့်ကြည့်နေကြပေသည်။
ထိုသူများကြားတွင် အနီရောင် ၀တ်စုံကို ၀တ်ဆင်ထားသော လူတစ်ယောက်က သူ၏ လက်ချောင်များကို လှုပ်ခတ်၍ ဆော့ကစားနေလေသည်။
“မူရှန်… မူရှန်… ဒီငတုံးကတော့… ဒီလိုအချိန်မှာတောင်… ရုတ်ရုတ်သဲသဲ ဖြစ်ရပ်မျိုးကို ဖန်တီးရဲတယ်ဆိုတော့ သူက ပြသနာကို မီးထွန်းရှာနေတာပဲ… အဆင့်ရှစ်သားရဲရဲ့ အရှိန်အဝါ ပျောက်ကွယ်သွားတာတောင် မကြာသေးဘူး… သူက ဒီလို ရန်ပွဲမျိုးကို ဖန်တီးရဲတယ်…” မုလင်းဖုန်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့၍ ရေရွတ်လိုက်သည်။
ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ပိုင်ဆိုင်ထားသော စားသောက်ဆိုင်ငယ်လေးကို အဆင့်ရှစ် သားရဲတစ်ကောင် စောင့်ကြပ်နေသည်ဟူသော သတင်းက သူ့အတွက် သတင်းဆိုးပင် ဖြစ်သည်။ ထိုသားရဲကောင်က ဆိုင်ငယ်လေး၏ အစောင့်အရှောက် ဖြစ်နေသောကြောင့် သစ်ပင်ကို ရယူလိုလျှင် တန်ဖိုးကြီးကြီး ပေးဆပ်ရမည်ဖြစ်သည်။
“ကြည့်ရတာတော့ အကြီးအကဲရဲ့ အကူအညီကို တောင်းခံမှ ဖြစ်မယ်… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ရမှဖြစ်မယ်…”
မုလင်းဖုန်က မျက်၀န်းများ မှေးစင်းလိုက်ပြီး လက်ကို တစ်ချက်လှုပ်လိုက်ရာ သူ့လက်ထဲတွင် မီးငှက်လေးတစ်ကောင် ပေါ်လာလေသည်။ သူက ခေါင်းကို ငုံ့၍ တီးတိုးပြောလိုက်ပြီးနောက် ထိုငှက်လေးက ကျီကျီကြာကြာ အော်မြည်၍ ပျံသန်းထွက်ခွာသွားလေသည်။
“အကြီးအကဲ ရောက်လာရင်တော့… ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်က အသီးသီးလောက်ပြီ….အဲဒီအချိန်ဆိုရင် လှုပ်ရှားဖို့ အကောင်းဆုံးပဲ…”
မုလင်းဖုန်က အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး အောက်ဖက်မှ တိုက်ပွဲကို အာရုံစိုက်လိုက်သည်။ ထို့နောက်သူက တိတ်တဆိတ် ထပ်၍ ဆူပူလိုက်ပြီး ထွက်ခွာသွားလေသည်။
………
၀ူယွမ်ပိုင် နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျနေပြီး သူမ၏ လက်က တုန်ခါနေလေသည်။ သူမတွင် တိမ်ခွဲဓါးရှိနေသော်လည်း ကျွမ်းကျင်သူ များစွာကို တစ်ယောက်တည်း ရင်ဆိုင်ရခြင်းက အလွန်ခက်ခဲလှပေသည်။ ကံကောင်းထောက်မစွာဖြင့် သူမတွင် တိမ်ဖြူစံအိမ်၏ ကျောက်စိမ်းအဆောင် ရှိနေသေးပေသည်။
ထိုအဆောင်ကို အသက်သွင်းလိုက်သည်နှင့် သေမင်းထောင်ချောက်ထဲမှ လွတ်မြောက်သွားပေလိမ့်မည်။ ထိုဝှက်ဖဲသာ မရှိပါက သူမ၏ အသက်က ထိုနေရာတွင်ပင် ပျောက်ကွယ်သွားနိုင်ပေသည်။ ထိုဘုရားကျောင်းမှ လူများက သူမကိုညှာတာနေလိမ့်မည် မဟုတ်ပေ။
သူမက နတ်ဘုရားတစ်ပိုင်းအဆင့် လက်နတ်ကို လက်ထဲတွင် ဆုတ်ကိုင်ထားပြီး အခြားတစ်ဖက်က ဒဏ်ရာကို ဖိအုပ်ထားကာ အဝေးသို့ ပြေးထွက်သွားလိုက်သည်။ ရုတ်တရက် ခပ်လှမ်းလှမ်းတစ်နေရာသို့ ကြည့်၍ သူမ၏ မျက်နှာက အေးခဲသွားလေသည်။ ထိုနေရာတွင် သူမကဲ့သို့ အနက်ရောင် အ၀တ်အစားများ ၀တ်ဆင်ထားသော လူတစ်ယောက်က သူ၏ ဒဏ်ရာများကို ဆုတ်ကိုင်၍ သူမဆီသို့ တန်းတန်းမတ်မတ် လျောက်လာနေလေသည်။
“ဘယ်လို ခွေးသတောင်းစားမျိုးက ညကြီးသန်းကောင်အချိန် လမ်းမပေါ်မှာ လက်ယား လက်ယား လုပ်နေတာလဲ…” ဝူယွမ်ပိုင်က တီးတိုးရေရွတ်လိုက်ပြီး ပျိုတက်လာသော သွေးများကို ပြန်မျိုချလိုက်လေသည်။
၀ူယွမ်ပိုင်က ထိုသူကို မှတ်မိသွားပြီးနောက် မှုန်မှိုင်းနေသော သူမ၏ မျက်၀န်းများက အေးစက်ကျဉ်းမြောင်သွာေးလသည်။
“မင်းကိုး…”
သူမက ထိုကတုံးပြောင်ကို မှတ်မိသွားသည်နှင့် သူမ၏ မျက်၀န်းထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်လာလေသည်။
“ဒီဂတုံးက ကျောက်မူရှန်ရဲ့ သတင်းပေးပဲ ဖြစ်ရမယ်…”
ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသည့်အတိုင်းပင် ရှန့်တဲက ခွေးသားစားလို၍ သွားခဲ့သော်လည်း ထိုခွေး၏ သေလုမတက် ရိုက်နှက်ခြင်းကို ခံလိုက်ရလေသည်။ သူ၏ ကံဆိုးမှု များက ထိုမျှနှင့် မပြီးဆုံးသွားခဲ့ပေ။ သူက ကိုယ်ကို တရွတ်ဆွဲ၍ ကျောက်မူရှန်၏ စံအိမ်သို့ ပြန်လာခဲ့သောလည်း လှပသော မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ တောက်လောင်နေသည့် ဓါးကိုင်ထားသော အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရလေသည်။
“ငါဘာတွေ လုပ်ခဲ့မိလို့ ဒီလို ဖြစ်နေရတာလဲ…”
“ငတုံးကောင်… သေပေတော့…”
ကြောက်စရာကောင်းလှသော အော်ဟစ်သံနှင့်အတူ တိမ်ခွဲဓါးက အလင်းရောင်တစ်ချက် လက်သွားပြီး ဂတုံးဘုန်းတော်ကြီးထံသို့ ကျဆင်းလာလေသည်။
ရှန့်တဲ၏ ခန္ဒာကိုယ်က အဝေးသို့ လွင့်စင်ထွက်သွားပြီး သွေးများ ပန်းထွက်လာလေသည်။
ဒဏ်ရာကို ဆုတ်ကိုင်ထားသော ဝူယွမ်ပိုင်က နောက်ကျောလက်မှ မိုးချိန်းသံကဲ့သို့ ပဲ့တင်ထပ် ထွက်ပေါ်လာသော အသံများကြောင့် ထိုဂတုံးကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး အမှောင်ထဲသို့ တိုး၀င်ပျောက်ကွယ်သွားလေသည်။
ရှန့်တဲက မျက်ရည်များ ပြည့်နေသော မျက်လုံးအစုံနှင့် ကောင်းကင်ပေါ်မှ လကို မော့ကြည့်လိုက်ကာ ခွေးသားမစားတော့ဟု ကျိန်ဆိုလိုက်သည်။
…….
အာရုံတက်ချိန်တွင် နံနက်ခင်း၏ ပထမဆုံးနေရောင်ခြည်က ဆိုင်ငယ်လေး၏ ပြတင်းပေါက်မှ ဖြတ်သန်း၀င်ရောက်လာသည်။ နွေးထွေးလှသော နေရောင်ခြည်က ပုဖန်၏ မျက်နှာပေါ်သို့ ဖြာကျလာသောကြောင့် အိပ်ပျော်နေသော ပုဖန်က နှာခေါင်း ရှုံ့ပွ ရှုံ့ပွ လုပ်လိုက်ပြီး နိုးထလာလေသည်။
ပုဖန်က အိပ်ယာမှ ထလိုက်ပြီးနောက် သန့်ရှင်းရေးလုပ်ကာ မီးဖိုချောင်ထဲသို့ ၀င်သွားလေသည်။ နေ့စဉ် လေ့ကျင့်နေကျ နည်းစနစ်များကို လေ့ကျင့်လိုက်ပြီးနောက် ၀က်နံရိုး ချိုချဉ်ကြော်ကို ချက်ပြုတ်လိုက်သည်။ ထို့နောက် ပုဖန်က ၀က်နံရိုးချိုချဉ်ကြော် ပန်းကန်ကို ကိုင်၍ ဘလက်ကီ အိပ်နေသော နေရာသို့ လျောက်ထွက်လာလေသည်။
“ဘလက်ကီ… မနက်စာ စားချိန်ရောက်ပြီ…”
ပုဖန်က ငြင်သာစွာ ခေါ်လိုက်သည်။ သို့သော် သူရရှိလိုက်သော မြင်ကွင်းကြောင့် ပုဖန်က ကြောင်အသွားလေသည်။ ပုံမှန်အတိုင်းဆိုပါက ဘလက်ကီက ၀က်နံရိုးချိုချဉ်ကြော် ပန်းကန်ကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားတက်ကြွစွာ ခေါင်းထောင်လာမြဲ ဖြစ်သည်။ သို့သော် ယနေ့တွင်မူ စိတ်၀င်စားပုံမရပဲ ၀က်နံရိုးချိုချဉ်ကြော်ကို တစ်ချက်မျှ ကြည့်လိုက်ပြီး ပျင်းရိဟန်နှင့် မျက်နှာလွဲသွားလေသည်။
ခွေး၀တုတ်က ညက ဖြစ်ခဲ့သော ကိစ္စကြောင့် စိတ်အနှောက်အယှက် ဖြစ်နေပုံရလေသည်။ သူက ထိုမြင်ကွင်းကို ကြည့်နေခဲ့သော်လည်း ထိုငတိက ဘလက်ကီကို မည်သို့ ရန်စသွားမှန်း မသိပေ။
ဘလက်ကီက ထိုအကြောင်းကို ပြန်ပြောချင်ပုံ မရသောကြောင့် သူက အကြောင်းရင်းကို ရှာဖွေနိုင်ခြင်းမရှိပေ။ ပုဖန်က ဆိုင်ထဲသို့ ပြန်၀င်လာချိန်တွင် လေထုထဲမှ မွှေးပျံ့လှသော ရနံ့တစ်ခုက သူ၏ နှာခေါင်းကို လာမိတ်ဆက်လေသည်။
ပုဖန်က မျက်လုံးပြူးဖြင့် ဆိုင်ထောင့်မှ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို လှမ်းကြည့်လိုက်သည်။ ထိုသစ်ပင်ငယ်လေးတွင် သစ်သီးသုံးလုံး သီးနေလေသည်။ မွှေးပျံ့လှသော ရနံ့များက ထိုအပင်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
“ဒီတော့… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က အသီးသီးလာပြီပေါ့…”