အပိုင်း ၂၁၆
Viewers 62k

အခန်း ၂၁၆ “မှော်ဆန်လှသောဒွန်ဘူရီ…”


ပုဖန်က မျက်မှောင်ကြုံ့၍ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ရှိရာသို့ ဦးတည်လိုက်သည်။ ရှူရှိုက်လိုက်မိစော ရနံ့များက စိတ်အာရုံကို ကြည်လင်းလန်းဆန်းသွားစေလေသည်။


လှုပ်ခါနေသော သစ်ရွက်လေးပေါ်မှ မျဉ်းကြောင်းများက ပို၍ ရှင်းလင်းပြတ်သားလာပြီဖြစ်သည်။ ထိုမျဉ်းကြောင်းလေးများအတွင်းတွင် ကြွယ်ဝသော စွမ်းအင်များ စီးစင်းနေလေသည်။ သစ်ရွက်များကြားတွင် လုံး၀န်းနေသော အစိမ်းရောင် သစ်သီးသုံးလုံး ရှိနေလေသည်။


ထိုသစ်သီး သုံးလုံးက ကောင်းစွာ မရင့်မှည့်သေးသော်လည်း အခွံပေါ်တွင် ခပ်ဖျော့ဖျော့ တိမ်ပုံသဏ္ဍာန် ဖြစ်ပေါ်နေပြီဖြစ်သည်။ ထိုအရာကို မြင်ရသည်မှာ သုံးလမ်းကြောင်း သိမြင်မှု သစ်သီးကိုပင် သတိရသွားစေလေသည်။


ပုဖန်က လက်ကို ဆန့်ထုတ်လိုက်ပြီး သစ်သီးတစ်လုံးကို ခပ်ဖွဖွ ဆုတ်ကိုင်လိုက်သည်။ စိတ်ဝိဥာဉ် စွမ်းအင်များက ဘေးဘက်သို့ ပြန့်လွင့်သွားပြီး ရနံ့များ ပိုမိုမွှေးပျံ့လာလေသည်။ စွမ်းအင်အငွေ့အသက် အချို့က သူ၏ ခန္ဒာကိုယ်ထဲသို့ စီး၀င်သွားသောကြောင့် ပုဖန်က သက်တောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရသည်။


“ကောင်းတယ်… ဒီတိုင်းဆိုရင် မကြာခင်မှာပဲ ရင့်မှည့်တော့မယ်…”


ပုဖန်က နှုတ်ခမ်းတွန့်၍ ပြုံးလိုက်လေသည်။ သူ၏ နှလုံးသားထဲတွင်လည်း ကျေနပ်နှစ်သိမ့်နေပေသည်။


အစေ့လေးတစ်စေမှ တဖြည်းဖြည်း အရွယ်ရောက်လာသော ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ကို ပုဖန်က ပို၍ နှစ်သက်သဘောကျလာလေသည်။


ထို့နောက် ပုဖန်က မတ်တပ်ရပ်လိုက်ပြီး သစ်ပင်ငယ်ကို တစ်ချက်ထပ်ကြည့်၍ မီးဖိုချောင်ထဲသို့ လှည့်၀င်သွားလိုက်သည်။ စားသောက်ဆိုင်ငယ်လေးက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပေသည်။ ဆိုင်ထဲတွင်လည်း မွှေးကြိုင်သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေပြီး စားသုံးသူများကို ဆွဲဆောင်နေလေသည်။


ကွမ်းရှောင်ယီကို ကြည့်ရသည်မှာ ပျော်ရွှင်နေပုံရလေသည်။ သူမက ဆိုင်ငယ်လေးတွင် အလုပ်လုပ်နေရသည်ကို နှစ်သက်သဘောကျနေလေသည်။ အိမ်မှာနေရသည်ထက် အလုပ်လုပ်ရသည်က ပို၍ ကောင်းမွန်ပေသည်။


သူမက ဆိုင်ငယ်လေးတွင် ကူညီနေသော်လည်း သူမ၏ ကျင့်ကြံမှုက နှေးကွေးသွားခြင်း မရှိပေ။ ဆိုင်ထဲမှ လေထုက ကျင့်ကြံခြင်းအတွက် အကျိုးကြေးဇူး ကြီးမားလှပေသည်။ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်မှ ထွက်ပေါ်နေသော ကျင့်ကြံမှု မှတ်စုများက သူမကို အလွန်အထောက်အကူ ပြုနေလေသည်။


“ရှောင်ယီ… ဟင်းပွဲလာချ….”


ပုဖန်၏ အသံက မီးဖိုချောင်ဘက်မှ ထွက်ပေါ်လာသည်။ ရှောင်ယီက မီးဖိုချောင်ပြတင်းပေါက်သ်ို့ သွားလိုက်ပြီး ဖမ်းစားနိုင်သော ဥထမင်းကြော် ပန်းကန်ကို သယ်ဆောင်လာလိုက်သည်။ သူမက စားပွဲထိုးလုပ်သည်မှာ ကြာပြီဖြစ်သောကြောင့် မွှေးရနံ့များ၏ ဆွဲဆောင်မှုကို တောင့်ခံနိ်ုင်လာပြီဖြစ်သည်။ သူမက အခြားသူများထက် ပို၍ ဒဏ်ခံနိုင်လာပြီ ဖြစ်သည်။


ကွမ်းရှောင်ယီက ဥထမင်းကြော် ပန်းကန်ကို စားသုံးသူ ရှေ့တွင် ချပေးလိုက်ပြီး အပြုံးလေးနှင့် နောက်ဆုတ်လိုက်သည်။ ထို့နောက် ဆိုင်ထဲသို့ ၀င်လာသော ပုံရိပ်များကို သတိပြုမိလိုက်သောကြောင့် ဆိုင်၀သို့ လှမ်းကြည့်လိုက်လေသည်။


“ပိုင်ရှင်ပု ဘယ်မှာလဲ… ဒီကို မြန်မြန် လာခိုင်းလိုက်…”


၀ူယွမ်ပိုင်၏ မျက်နှာက စက္ကူဖြူ တစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး ဆိုင်ထဲသို့ တယိမ်းတယိုင်နှင့် ၀င်လာခဲ့သည်။ သူမ၏ နောက်တွင် စိုးရိမ်ပူပန်နေသော အမူအယာနှင့် မာစတာအားဝူက လိုက်လာလေသည်။ သူတို့နှစ်ယောက်၏ နောက်တွင် မြွေလူသားတစ်ယောက်ကို တွဲထူထားသော အားနီနှင့် ယုဖူတို့ ပါလာသည်။


ကွမ်းရှောင်ယီက မြွေလူသားများကို တွေ့လိုက်ချိန်တွင် သူမ၏ စိတ်ထဲ၌ ထူးဆန်းသော မြွေလူသားများအကြောင်းကို သိချင်လာလေသည်။


“နင်တို့ ဒီမှာ ခဏစောင့်ဦး…. စိတ်ပုပ်သူဌေးက မီးဖိုချောင်ထဲမှာ…”


ကွမ်းရှောင်ယီက ပုဖန်နှင့် အချိန်တစ်ခုကြာအောင် အတူရှိနေခဲ့သောကြောင့် သူမ၏ စကားများက လိုတိုရှင်း ဖြစ်နေလေသည်။


“မာစတာ အားဝူ အရမ်း မလောပါနဲ့ ငါတို့ အရင်ဆုံး ထိုင်ရအောင်…”


၀ူယွမ်ပိုင်က ဖျော့တော့စွာ ပြောလိုက်သည်။ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး နှင်းဆီရောင် နှုတ်ခမ်းများက အလွန်အားနည်းနေပေသည်။


မာစတာအားဝူက ခေါင်းငြိမ့်ပြလိုက်ပြီး ခုံတစ်ခုံကို ဆွဲ၍ ဝူယွမ်ပိုင်ကို ထိုင်ခိုင်းလိုက်သည်။


ယုဖူက စိုးရိမ်ထိတ်လန့်နေသော မျက်နှာလေးနှင့် ဆိုင်အတွင်းပိုင်းကို လှည့်ပတ်ကြည့်နေလေသည်။


“ဒါက စီနီယာရဲ့ ဆိုင်လား… ငါတို့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့…”


ယုဖူ၏ လှပသော မျက်နှာလေးတွင် အမာရွတ်များ ပြည့်နှက်နေပြီး သူမ၏ အမြှီးပေါ်တွင်ပင် ဒဏ်ရာများစွာ ရှိနေလေသည်။


အချိန်များ ကုန်ဆုံးသွားပြီးနောက် ပုဖန်က လက်မှ ရေစက်များကို သုတ်၍ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ သူက ဝူယွမ်ပိုင်နှင့် အခြားသူများကို တွေ့သောအခါ ခေါင်းငြိမ့်၍ နှုတ်ဆက်လိုက်သည်။ ပုဖန်က ယုဖးနှင့် သတိလစ်နေသော မြွေလူသားယုဖန်တို့ကို ကြည့်၍ မျက်မှောင်ကြုံ့လိုက်မိသည်။ ထိုမြွေလူသား၏ အသက်ရှူနှုန်းက အရင်ကထက် ပို၍ အားနည်းနေလေသည်။


လမ်းခရီးတွင် ပြင်းထန်သော ဒဏ်ရာအချို့ ရလာခဲ့သည်မှာ ပေါ်လွင်နေလေသည်။


“မင်း ဒဏ်ရာ ရထားတာလား...”


ပုဖန်က ဝူယွမ်ပိုင်ဆီသို့ အကြည့်ရောက်သွားပြီး မျက်နှာသေနှင့် မေးလိုက်သည်။


“ဒဏ်ရာ သေးသေးလေးပါ… စိုးရိမ်စရာ မရှိပါဘူး…”


၀ူယွမ်ပိုင်၏ မျက်နှာက သွေးမရှိလောက်အောင် ဖြူဖျော့နေသော်လည်း သူမက ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုဟန်နှင့် ပြန်ပြောလိုက်သည်။


“ပိုင်ရှင်ပု… ကျောက်မူရှန်က ငါပြောခဲ့သလိုပဲ တော်တော်ပြင်ဆင်ထားခဲ့တာ… သူက မင်းကို သတ်ဖို့ထိ ရည်ရွယ်ထားတာ….တကယ်လို့ မနေ့က သွားတဲ့သူက မင်းဖြစ်နေမယ်ဆိုရင် အဲဒီနေရာမှာ အကြိမ်ပေါင်းများစွာ သေသွားပြီ…”


“ကံကောင်းထောက်မစွာနဲ့ မိန်းကလေး သူတော်စင်အဆင့်ကို ရောက်ရှိသွားခဲ့တယ်.. အဲလိုမှမဟုတ်ရင် ဒီမစ်ရှင်က ကျရှုံးသွားရမှာပဲ…” မာစတာအားဝူက မခံမရပ်နိုင်စွာ ၀င်ပြောလိုက်သည်။


ကျောက်မူရှန်က စက်ဆုတ်ဖွယ် လူတစ်ယောက် ဖြစ်ပြီး မြေရိုင်းလွင်ပြင် ဒေသမှ တတိယ ဘုရားကျောင်းနှင့်ပင် ပူးပေါင်းထားခဲ့သည်။ သူတို့၏ မာစတာသာ ရှိနေပါက ကျောက်မူရှန်ကို သေသည်အထိ ရိုက်နှက်လိမ့်မည်ဖြစ်သည်။


မာစတာ အားဝူက ဝူယွမ်ပိုင် ဒဏ်ရာရသွားချိန်တွင် လျို့ဝှက်စာပို့နည်းနှင့် တိမ်ဖြူစံအိမ်၏ အုပ်ချုပ်သူ လေးယောက်မှ ကျန့်ခုန်းထံသို့ သတင်းပေးပို့ခဲ့သည်။ သူရောက်လာသည်နှင့် ကျောက်မူရှန်က သေသည်အထိ ရိုက်နှက်ခံရမည် ဖြစ်သည်။ အုပ်ချုပ်သူ ကျန့်ခုန်းက အဆင့်ရှစ် စစ်နတ်ဘုရားတစ်ပါး ဖြစ်သည်။


“အိုး… မင်းရဲ့ ကံက သိပ်မဆိုးသေးပါဘူး…”


ပုဖန်က မာစတာအားဝူ ပြောပြသည်များကို ကြားလိုက်ရသော်လည်း အံ့အားသင်သွားခြင်းမရှိပေ။ ကျောက်မူရှန်က အနည်းငယ်မျှသော ပြင်ဆင်မှုဖြင့် သူ့ကို ပြသနာ ရှာရဲမည်မဟုတ်ကြောင်း ပုဖန်က သိနေလေသည်။ အဘယ်ကြောင့်ဆိုသော် ပုဖန်က ကျောက်မူရှန်က ဒုက္ခအကြီးအကျယ် ရောက်ခဲ့ဖူးသောကြောင့် ဖြစ်သည်။


လက်ရှိအချိန်တွင် ပုဖန်သိလိုသည်မှာ ကျောက်မူရှန်နှင့် ပူးပေါင်းထားသော မြေရိုင်းလွင်ပြင် ဒေသမှ တတိယဘုရားကျေင် အကြောင်းပင် ဖြစ်သည်။


“မင်းက ဒဏ်ရာရထားတယ်ဆိုတော့ ငါ့ဆိုင်က ဟင်းပွဲအသစ်ကိုအော်ဒါမှာဖို့ အကြံပေးချင်တယ်.. အဲဒါက မင်းရဲ့ ဒဏ်ရာတွေကို အကူအညီ ပေးနိုင်လိမ့်မယ်…” ပုဖန်က ဝူယွမ်ပိုင်ကို ကြည့်၍ လေးလေးနက်နက် ပြောလိုက်သည်။


၀ူယွမ်ပိုင်က တခဏမျှ ဆွံ့အသွားသည်။ သူမ၏ ဒဏ်ရာများကို သာမာန်သက်စောင့်ဆေးပင် မသက်ရောက်နိုင်ရာ ဟင်းပွဲတစ်ပွဲက သက်ရောက်နိုင်မည်ဟု မယုံကြည်နိုင်ပေ။ သို့သော် ဝူယွမ်ပိုင်က ပုဖန်၏ သက်စောင့်ဟင်းပွဲ ချက်ပြုတ်ခဲ့သည်ကို ပြန်၍ သတိရသွားပြီး သူမ၏ မျက်၀န်းများ တောက်ပလာလေသည်။


“ဟုတ်ပြီ… ငါ့ရှေ့က စားဖိုမှုးက သာမာန်စားဖိုမှုးတစ်ယောက် မဟုတ်တော့ သူ့ရဲ့ နည်းလမ်းတွေက အလုပ်ဖြစ်နိုင်တယ်…”


“ဟင်းပွဲအသစ်… ဟုတ်လား….”


၀ူယွမ်ပိုင် မျှော်လင့်ချက် အနည်းငယ်နှင့် သူမနောက်မှ မီနူးကို လှည့်ကြည့်လိုက်သည်။ တခဏမျှ ရှာဖွေလိုက်ပြီးနောက် ဟင်းပွဲအသစ်ကို တွေ့သွားလေသည်။


“နဂါးသွေးအသား ဒွန်ဘူရီ…”


၀ူယွမ်ပိုင်က အနည်းငယ် တုန့်ဆိုင်းနေပြီး ဟင်းပွဲ၏ အမည်ကို အသံထွက်၍ ရွတ်လိုက်သည်။


“သလင်းကျောက် နှစ်ရာ… ဒါက တော်တော်လေး စျေးကြီးတယ်…” ဝူယွမ်ပိုင်က သက်ပြင်းတစ်ချက် ချလိုက်သည်။


“သူ့ရဲ့ အရသာကည်း သိပ်မဆိုးဘူး… ပြီးတော့ မင်းရဲ့ ဒဏ်ရာတွေကို ကူညီပေးနိုင်တယ်…” ပုဖန်က လေးလေးနက်နက် ဆက်ပြောလိုက်သည်။


“တစ်ပွဲလောက်မှာကြည့်ကြတာပေါ့… သလင်းကျောက်တွေက သိပ်အရေးမကြီးပါဘူး… အခုချိန်မှာ အရေးအကြီးဆုံးက မိန်းကလေးရဲ့ ဒဏ်ရာတွေ သက်သာလာဖို့ပဲ…”


စိုးရိမ်ပူပန်နေသော မာစတာအားဝူက ဝူယွမ်ပိုင် ပြန်မပြေနိုင်ခင် အလေးတကြီး ၀င်ပြောလိုက်သည်။


ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုချောင်ဘက်သို့ ပြန်လှည့်သွားလိုက်သည်။ သူက မြွေလူသားများအနီး ရောက်သောအခါ တခဏမျှ ရပ်၍ ပြောလိုက်သည်။


“ဆိုင်ပိတ်ချိန်ထိ ခဏလောက်စောင့်ဦး…”


အားနီက စကားပြန်မပြောနိုင်ပဲ ဆွံ့အစွာနှင့် မီးဖိုချောင်ဘက်သို့ ၀င်သွားသော ပုဖန်ကို ကြည့်နေလေသည်။


မီးဖိုချောင်ထဲတွင် ပုဖန်က ကြွေအိုးထဲမှ နဂါးသွေးဆန် အနည်းငယ်ကို ထုတ်ယူလိုက်ပြီး နွေဦးစမ်းရည်နှင့် ဆေးကြောလိုက်သည်။ ထို့နောက် ရှောင်ယီကို လှမ်းခေါ်လိုက်ပြီး ဆန်ဆေးရည်များကို ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ကို လောင်းစေလိုက်သည်။


ဆေးကြောပြီးသော ဆန်များကို ပုဖန်က အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် အသားကင် ဆော့ ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။ စနစ်၏ သိုလှောင်နေရာမှ ခရီးသွားနွားနဂါး၏ ကောင်းမွန်လှသော အသားအချို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် ဆက်လက် ချက်ပြုတ်နေလိုက်သည်။


ပုဖန်က နဂါးသွေးအသား ဒွန်ဘူရီကို သယ်ဆောင်၍ မီးဖိုခန်းမှ ထွက်လာခဲ့သည်။ နဂါးသွေးဆန်၏ ရနံ့နှင့် အသားနံ့များက လေထုထဲတွင် ဝေ့၀ဲတက်လာပြီး လူအားလုံးက မွှေးရနံ့များကို ရှူရှိုက်မိလိုက်ရလေသည်။


“ဒီမှာ မင်းရဲ့ နဂါးသွေး အသားဒွန်ဘူရီ… ဖြည်ြး့ဖည်းသုံးဆောင်ပါ….” ပုဖန်က ဟင်းပွဲကို ဝူယွမ်ပိုင်၏ ရှေ့တွင် ချပေးလိုက်ပြီး ပြောလိုက်သည်။


၀ူယွမ်ပိုင်၏ ဟင်းပွဲကို ကြည့်လိုက်သော မျက်၀န်းများက တောက်ပနေလေသည်။ သို့သော် ခဏအကြာတွင် စိတ်ပျက်မှုများနှင့် ပြည့်သွားလေသည်။ ထိုဟင်းပွဲက သူမမျှော်လင့်ထားသော သက်စောင့်ဟင်းပွဲမဟုတ်ပေ။ ထို့ကြောင့် သူမ၏ ဒဏ်ရာများကို သက်ရောက်နိုင်မည် မဟုတ်ကြောင်း သူမက တွေးထင်လိုက်သည်။


၀ူယွမ်ပိုင်က စိတ်ပျက်သွားသော်လည် ဇွန်းကို ကောက်ယူ၍ နဂါးသွေးဆန် ထမင်းကို ခပ်လိုက်ပြီး အခြားသူများ၏ မနာလိုသော အကြည့်အောက်တွင် စတင်စားသောက်လိုက်သည်။


“ပူစပ် ပူလောင်နဲ့…. မွှေးလိုက်တာ…”


နဂါးသွေးအသားဒွန်ဘူရီကို စားပြီးနောက် ထွက်ပေါ်လာသော ဝူယွမ်ပိုင်၏ အသံများ ဖြစ်ကြလေသည်။ ပူလောင်မှုနှင့် သိပ်သည်းလှသော မွှေးရနံ့များက သူမ၏ အာရုံကြောများ အားလုံးကို ဖုံးလွှမ်းသွားလေသည်။


နဂါးသွေးဆန်နှင့် အသားကင်၏ လေးပင်လှသော အရသာများက သူမ၏ ပါးစပ်ထဲတွင် ပြည့်နှက်နေလေသည်။ ထိုဝိဥာဉ်သားရဲအသားက မည်သည့်အဆင့်မှန်း သူမ မသိသော်လည်း မွှေးရနံ့က အလွန်ကောင်းလှပေသည်။ တခဏမျှ ဝါးပြီးသည်နှင့် ဝူယွမ်ပိုင်၏ မျက်နှာက သွေးရောင်လွှမ်းလာလေသည်။ တရိပ်ရိပ် တိုးပွားလာသော အပူငွေ့များက သူမ၏ ဒဏ်ရာများကို ပြန်လည်ကုစားသွားလေသည်။


၀ူယွမ်ပိုင်၏ လက်ထဲမှ ဇွန်းက မရပ်မနားလှုပ်ရှားနေပြီး အဆက်မပြတ် စားသောက်နေလေသည်။


ပုဖန်က ဝူယွမ်ပိုင်၏ စားသောက်နေပုံကို ကြည့်၍ ကျေနပ်သွားလေသည်။ စားကောင်းသောက်ဖွယ်များ စားသောက်ရာတွင် စိတ်ကျေနပ်သလို စားသောက်သင့်သည်။ ထိုအချက်က အစားအသောက်များကို အလေးအနက် ထားခြင်းပင် ဖြစ်သည်။ အစားအသောက်တစ်ခုကို တို့ကနန်း ဆိတ်ကနန်းသာ စားသောက်နေပါက ထိုအစားအသောက်က မကောင်းဘူးဟု ဆိုလိုခြင်း ဖြစ်သည်။


အဆက်မပြတ် စားသောက်နေသော ဝူယွမ်ပိုင်၏ မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ်လာသည်။ နဂါးသွေးအသား ဒွန်ဘူရီက သူမ၏ ပါးစပ်ထဲမှ အစာအိမ်ထဲသို့ ရောက်သွားသည်နှင့် အပူငွေ့မျာ ထုတ်လွှတ်နေသည်ကို ခံစားလိုက်ရသည်။ သူမ၏ စွမ်းအင်ဝဲကတော့က မီးဖိုတစ်ခုကဲ့သို့ ဖြစ်နေပြီး ပူပြင်းလှသော အငွေ့အသက်များကို ထုတ်လွှတ်၍ ခန္ဒာကိုယ် တစ်ခုလုံးကို ဖုံးလွမ်းလာလေသည်။


ထိုအချိန်တွင် ဒဏ်ရာရနေသော သူမ၏ ခန္ဒာကိုယ်က စွမ်းအင်များ ပြည့်နှက်လာခဲ့သည်။ စွမ်းအင်ကျင့်ကြံခြင်း နည်းလမ်းနှင့် ထိုစွမ်းအင်များကို လှည့်ပတ်လိုက်ရာ ထိုစွမ်းအင်များက အစစ်အမှန်စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ခန္ဒာကိုယ်တစ်ခုလုံးသို့ ပြန့်နှံ့ရောက်ရှိသွားသည်။ ပြန့်နှံ့သွားသော အစစ်အမှန် စွမ်းအင်များက သူမ၏ ဒဏ်ရာများကို သိသာစွာ သက်သာလာစေလေသည်။


သူမ၏ ခန္ဒာကိုယ်က ပြင်းထန်သော ဒဏ်ရာများက လျှင်မြန်စွာ ပြန်လည် ကုသခံလိုက်ရသည်။ ဝူယွမ်ပိုင်က အံ့အားသင့်မှုကြောင့် ပါးစပ်ဟောင်းလောင်း ဖြစ်နေလေသည်။


နဂါးသွေးအသားဒွန်ဘူရီ တစ်ပွဲက သူမ၏ ဒဏ်ရာများကို ပြန်လည်သက်သာလာစေခဲ့သည်။ ထိုအရာက အလွန်ပင် မှော်ဆန်လှပေသည်။