အပိုင်း ၂၁၇
Viewers 53k

အခန်း ၂၁၇ “သက်စောင့်ဟင်းပွဲ၏ သက်၀င်ထင်ရှားသော စွမ်းအင်….”


၀ူယွမ်ပိုင်က ဒွန်ဘူရီကို အလျှင်အမြန် စားသောက်လိုက်ပြီး ထမင်းစေ့တစ်စေ့ပင် ကျန်ခဲ့ခြင်း မရှိပေ။ စားသောက်ပြီးနောက် သူမ၏ မျက်နှာက သွေးရောင် ပြန်လွှမ်းလာပြီး ခန္ဒာကိုယ်ထဲတွင် အစစ်အမှန် စွမ်းအင်များ လည်ပတ်စီးဆင်းနေကြသည်။


၀ူယွမ်ပိုင်က သူမသိုလှောင်ထားသော အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်ကြည့်လိုက်သည်။ စွမ်းအင်ဗဟိုမှ ပူနွေးတောက်လောင်နေသော ခံစားချက်ကို ခံစားလိုက်ရပြီး သူမ၏ မျက်နှာက ပို၍ တောက်ပလာလေသည်။


ပိုင်ရှင်ပုက နံမည်ကြီးထိုက်ပေသည်။ နဂါးသွေးအသား ဒွန်ဘူရီ တစ်ပွဲနှင့်ပင် သူမ၏ ဒဏ်ရာများကို သက်သာပျောက်ကင်းသွားစေသည်။ ဒဏ်ရာများက လုံးဝပျောက်ကင်းသွားခြင်း မဟုတ်သော်လည်း ယခင်ကထက် ပို၍ ကောင်းမွန်လာပြီဖြစ်သည်။


“ပိုင်ရှင်ပု… မင်းရဲ့ အသားက တခြားအသားတွေနဲ့ ကွာခြားနေတယ်လို့ ထင်ရတယ်.. ဘယ်လိုဖြစ်လို့ စွမ်းအင်တတွေ အရမ်း ပြည့်ဝနေရတာလဲ… ပြီးတော့… ဒီဆန်… ဝါးလိုက်တာနဲ့ ကျေနပ်နှစ်သိမ့်မှုကို ခံစားရတယ်… အံ့သြစရာကောင်းတဲ ဆေးဝါးတွေကို စားလိုက်ရသလို ငါ့ရဲ့ ခန္ဒာကိုယ်ထဲမှာ စွမ်းအင်တွေ ပြန်ပြည့်လာတယ်…”


၀ူယွမ်ပိုင်က အံ့သြတကြီး ပြောဆိုလိုက်သည်။


သူမ၏ ချီးမွန်းစကားကြောင့် ပုဖန်က အသာအယာ ပြုံးလိုက်မိသည်။ သူမစားလိုက်သော ဆန်က သာမာန်ဆန် မဟုတ်ပဲ နဂါးသွေးဆန်ဖြစ်သည်။ နဂါးသွေးဆန်က မြွေနဂါး၏ သွေးများနှင့် စိုက်ပျိုးထားသောကြောင့် စွမ်းအင်များ အလွန်ပြည့်ဝပေသည်။


နဂါးသွေးဆန်က အရသာရှိရုံသာ မကပဲ ဆေးဘက်၀င် ပစ္စည်းတစ်မျိုး ဖြစ်သည်။ အသားကလဲ အဆင့်ခုနစ် ခရီးသွား နွားနဂါး၏ အသား ဖြစ်သောကြောင့် ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်နေသည်။ ထိုပစ္စည်းနှစ်မျိုးနှင့် ချက်ပြုတ်ထားသော ဒွန်ဘူရီက အလွန်ကောင်းမွန်မည်မှာ အမှန်ပင် ဖြစ်သည်။ လက်ရှိအချိန်တွင် ဝူယွမ်ပိုင်၏ ခန္ဒာကိုယ်ထဲတွင် ဝိဥာဉ်စွမ်းအင်များ ပြည့်နှက်နေပြီဖြစ်သည်။


သူမ၏ တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခု ရှာ၍ ထိုစွမ်းအားများကို ချေဖျက်ရန် လိုအပ်နေပြီး တစ်ချိန်တည်းမှာပင် ပြန်လည်ကျန်းမာလာအောင် လုပ်ရန် လိုအပ်လေသည်။ ထို့ကြောင့် သူမနှင့် မာစတာ အားဝူက ပုဖန်ကို နှုတ်ဆက်လိုက်ပြီး ဆိုင်ထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သူမက ထွက်ခွာမသွားခင်တွင် အာနီကို လှည့်ကြည့်၍ ပြောလိုက်သည်။


“နင်က နင့်ရဲ့ ကတိကို တည်မယ်လို့ မျှော်လင့်ပါတယ်…”


အားနီက ခေါင်းငြိမ့်ပြလိုက်ပြီး ခါးညွှတ်၍ အရိုအသေ ပြုလိုက်သည်။


၀ူယွမ်ပိုင်က တိတ်တဆိတ်သာ လက်ခံလိုက်ပြီး ဆိုင်ထဲမှ အလျင်အမြန် ထွက်ခွာသွားလေသည်။


“ပိုင်ရှင်ပု … အခု ဦးလေး ယုဖန်ကို ကယ်တင်ပေးမှာလား…” အားနီက ပုဖန်ကို စိုးရိမ်ပူပန်နေဟန်နှင့် မေးလိုက်သည်။


ယုဖူကလည်း အာနီကဲ့သို့ပင် စိုးရိမ် ပူပန်နေပြီး ပုဖန်ကို မျှော်လင့်ချက်အပြည့်နှင့် ကြည့်လိုက်သည်။


ပုဖန်က သူတို့နှစ်ယောက်ကို သာမာန်မျှ ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။


“စိတ်ရှည်ရှည်ထားပါ… ငါဆိုင်ပိတ်တဲ့ အချိန်ထိ စောင့်ဖို့ ပြောထားပြီပြီ မဟုတ်လား… ငါက ငါ့ရဲ့ ကိုယ်ပိုင်ဟင်းပွဲတချို့ကို ချက်ပြုတ်ပြီးတော့ သူ့ကို ကယ်ရမှာ… ငါ့ရဲ့ ကတိကို မဖျက်ဘူး… အဲဒီတော့ မင်းတို့ စိတ်အေးအေးထားပြီး စောင့်နေကြ…”


ပုဖန်က ပြောလိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ ပြန်လှည့်၀င်သွားလေသည်။ ကွမ်းရှောင်ယီက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်အောက်တွင် မျက်လုံးမှိတ်၍ ထိုင်နေသည်။ ထိုသစ်သီးမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများက ကျင့်ကြံခြင်းကို ပိုမို လွယ်ကူ လျှင်မြန်စေသည်။


လျပ်တပျက်အတွင်း နေ့တစ်နေ့က ကုန်ဆုံးသွားပြီဖြစ်သည်။ စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သူများအနက် လူရင်းများက ပိုင်ရှင်ပု၏ ဟင်းပွဲများကို လာရောက်အားပေး စားသောက်ကြခြင်း ဖြစ်ပြီး ကျန်လူများက သစ်ပင်လေး၏ ကြီးထွားမှုကို လာရောက်လေ့လာကြခြင်း ဖြစ်သည်။


….


နေ့အလင်းရောင် ကုန်ဆုံးပြီး လခြမ်းကွေးနှစ်ခု ထွက်ပေါ်လာချိန်တွင် တစ်နေ့တာအတွက် ဆိုင်ပိတ်လိုက်ပြီဖြစ်သည်။ ပုဖန်က လက်သုတ်၍ ဆိုင်ထဲသို့ ထွက်လာလိုက်ပြီး ခုံတစ်ခုံတွင် ၀င်ထိုင်လိုက်ကာ မြွေလူသားသုံးယောက်ကို ကြည့်လိုက်သည်။


ပုံရိပ်ယောင် စ်ိတ်ဝိဥာဉ်နွံမြေသို့ သွားခဲ့သည့် ခရီးစဉ်တွင် သူက ရေခဲဝိဥာဉ် ဧကရာဇ် ကြာပန်းကို ရရှိခဲ့သည်။ ထိုကြာပန်းက မြွေလူသား မျိုးနွယ်များ၏ ကောင်းကင် ရတနာ တစ်ခုပင် ဖြစ်သည်။ ထိုသို့ တန်ဖိုးကြီးလှသော ပစ္စည်းကို သူယူလာခဲ့သောကြောင့် ထိုက်တန်သော တန်ဖိုးတစ်ခု ပေးဆပ်ရန် လိုအပ်နေလေသည်။ ထို့ကြောင့် မြွေလူသား ယုဖန်ကို ကုသပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။


ထိုကြောင့်သာ ညီမျှသည့် လဲလှယ်မှု ဖြစ်နိုင်ပေလိမ့်မည်။ ထိုအချိန်က အခြေအနေ အလွန်ဆိုးဝါးနေသောကြောင့် နွားနဂါး ဆန်ပြုတ်ကို ချက်ပြုတ်၍ မြွေလူသား ယုဖန်၏ သက်တမ်းကို အနည်းငယ်မျှ ဆွဲဆန့်ပေးထားခြင်း ဖြစ်သည်။ ယခုအခါ သူတို့က အင်ပါယာ မြို့တော်ကို ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပုဖန်က သက်စောင့်ဟင်းပွဲ တစ်ပွဲကို ချက်ပြုတ်ရတော့မည် ဖြစ်သည်။ ပုဖန်က ယခုအချိန်က သူ၏ ကတိကို မဖျက်လိုက်နိုင်ပေ။


ပုဖန်က ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်လိုက်ပြီး မြွေလူသား အားနီနှင့် စကားစမြည် ပြောနေလိုက်သည်။ တစ်နေ့လုံး မီးဖိုချောင်ထဲတွင် လုပ်ကိုင်နေရသောကြောင့် ပုဖန်က ပင်ပန်းနေပြီး အနည်းငယ် အနားယူရန် လိုအပ်နေပေသည်။


သို့သော် ယခုအချိန်တွင် မြွေလူသား အားနီနှင့် ယုဖူတို့က အလွန်စိုးရိမ် ပူပန်နေကြသည်။ ထို့ကြောင့် သူတို့က ပုဖန်ကို ချက်ချင်းပင် ချက်ပြုတ်ရန် တိုက်တွန်းနေကြလေသည်။ ပုဖန်က တခဏမျှ ထိုင်၍ အနားယူလိုက်ပြီး မြွေလူသားနှစ်ယောက်၏ အကြည့်အောက်တွင် မီးဖိုချောင်ထဲသို့့ပြန်၀င်သွားလိုက်သည်။


မြွေလူသားများ၏ နေရာတွင် သူတို့အသုံးပြုသော မီးဖိုချောင် ပစ္စည်းများကို အသုံးပြု၍ ချက်ပြုတ်ခဲ့ရသည်။ ထို အကြမ်းထည် ပစ္စည်းများကို အသုံးပြု၍ နွားနဂါးဆန်ပြုတ်ကို ချက်ပြုတ်ခဲ့ရသောကြောင့် အသားများမှ မူလစွမ်းအင်၏ ဆယ်ရာခိုင်နှုန်းလောက်သာ ရရှိအောင် ချက်ပြုတ်နိ်ုင်ခဲ့ပေသည်။ ယခုအခါ သူ၏ ကိုယ်ပိုင် မီးဖိုချောင် ဖြစ်သောကြောင့် ထိုပြသနာမျိုး ဖြစ်လာတော့မည် မဟုတ်ချေ။


“ခရီးသွား နွားနဂါး အသားဆန်ပြုတ်… အခု နည်းနည်းတော့ အပြောင်းအလဲ လုပ်ဖို့ လိုမယ်ထင်တယ်…”


ပုဖန်က မီးဖိုရှေ့တွင် ရပ်၍ အတွေးနက်နေလေသည်။ ပထမဦးစွာ စနစ်၏ သိုလှောင်နယ်မြေထဲမှ အဆင့်ခုနစ် ရွံ့နက်စပါးအုံးမြွေ၏ သွေးအမောက်ကို ထုတ်ယူလိုက်သည်။ ထိုသွေးအမောက်ထဲတွင် သွေးအဆီအနှစ်များ ပါ၀င်နေသောကြောင့် ယုဖန်အတွက် သက်စောင့်ဟင်းပွဲ ချက်ပြုတ်ရာတွင် လိုအပ်ပေသည်။


“နဂါးသွေးဆန်ကို ထည့်ပေါင်းလိုက်မယ်ဆိုရင်… သက်ရောက်မှုက ပိုကောင်းလာနိုင်တယ်….”


ပုဖန်က မေးစိကို ပွတ်၍ တွေးတောနေလိုက်သည်။ သူက ပါ၀င်ပစ္စည်းတစ်ခုကို ပြောင်းလဲ စဉ်းစားလိုက်တိုင်း သူ၏ မျက်၀န်းများက ပို၍ တောက်ပလာကြသည်။


ပုဖန်၏ လက်ကောက်၀တ်မှ အစိမ်ရောင် အငွေ့များ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး ထွက်ပေါ်လာခဲ့သည်။ သူက လက်ကို ဝှေ့ရမ်း၍ ဓါးကို ဆုတ်ကိုင်လိုက်ပြီး သွေးအမောက်ကို ဖြတ်တောက်လိုက်သည်။


ထိုသွေးအမောက်ကို ဖြတ်တောက်ရာ၌ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြုရန် လိုအပ်ပေသည်။ အခြားဓါးများက သွေးအမောက်၏ စွမ်းအင်များကို ထိမ်းသိမ်းထားနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထိုသို့ဆိုပါက သွေးအမောက်အတွင်းမှ စွမ်းအင်များက ပြန့်လွင့်သွားပြီး အချိန်အနည်းငယ်အတွင် သွေးအမောက်က တန်ဖိုးမဲ့သွားပေလိမ့်မည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးက ပါ၀င်ပစ္စည်းများကို ဖြတ်တောက်လိုက်ပြီးနောက် ပါ၀င်ပစ္စည်းများအတွင်မှ စွမ်းအင်များကို မပျောက်ပျက်သွားစေရန် စည်းတံဆိပ် ခတ်နှိပ်နိုင်ပေသည်။ ထို့ကြောင့် သက်စောင့်ဟင်းပွဲ များ ချက်ပြုတ်ရာတွင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြုရန် လိုအပ်ပေသည်။


သွေးအမောက်ကို လက်တစ်ဆုတ်စာမျှ ဖြတ်တောက်ထားလိုက်သည်။ ထိုပမာဏက ဒွန်ဘူရီပြင်ဆင်ရာတွင် အသုံးပြုရသည့် အသားပမာဏ၏ တစ်၀က်မျှသာ ဖြစ်သည်။ ထို့နောက် ပုဖန်က ဗီိဒိုထဲမှာ ဇောက်နက်သည့် အိုးတစ်လုံးကို ထုတ်ယူလိုက်သည်။ နဂါးသွေးဆန်ကို ဆေးကြော၍ အိုးထဲသို့ ထည့်လိုက်သည်။ စနစ်မှ ထောက်ပံ့ပေးထားသော ကောင်းကင်တောင်တန်း စိတ်ဝိဥာဉ်ရေကို လောင်းထည့်လိုက်သည်။


ထို့နောက် ပုဖန်က ခရီးသွား နွားနဂါး၏ အသားကို ထုတ်ယူလိုက်သည်။ သည်တစ်ကြိမ်တွင် အသား၏ အောက်ခြေကို ပိုင်းဖြတ်လိုက်သည်။ပါ၀င်ပစ္စည်းများအားလုံးကို အိုးထဲသို့ ထည့်လိုက်ပြီးနောက် မီးဖိုပေါ်တင်၍ ချက်ပြုတ်လိုက်သည်။ ထို့နောက် မီးအေးအေးနှင့် စတင် ချက်ပြုတ်နေစဉ်အအချိန်တွင် အိုးအဖုံးပေါ်လက်တင်၍ ပါ၀င်ပစ္စည်းများ ရောနှောသွားစေရန် သူ၏ အစစ်အမှန် စွမ်းအင်များကို ပို့လွှတ်လိုက်သည်။


သက်စောင့်ဟင်းပွဲ ချက်ပြုတ်သည့် နည်းလမ်းတိုင်းက ချက်ပြုတ်သူ၏ အစစ်အမှန် စွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်းအပေါ် စမ်းသပ်စစ်ဆေးနေခြင်းပင် ဖြစ်သည်။ ထို့အပြင် ချက်ပြုတ်သူက ဟင်းပွဲတွင် ပါ၀င်သော ပါ၀င်ပစ္စည်းများ၏ စွမ်းအင်အတိအကျကို သိရှိနေရန် လိုအပ်ပေသည်။ ထို့ကြောင့် သက်စောင့်ဟင်းပွဲ ချက်ပြုတ်ရခြင်းက စားဖိုမှုး အများစုအတွက် အလွန်ခက်ခဲ ပင်ပန်သော အလုပ်ပင် ဖြစ်သည်။


သက်စောင့်ဟင်းပွဲ သွေးသရဖူ နွားနဂါး အသားဆန်ပြုန်ကို ချက်ပြုတ်ရန်အတွက် ပုဖန်ပင်လျင် အစစ်အမှန် စွမ်းအင် အများအပြားကို အသုံးပြုနေရသည်။ ပါ၀င်ပစ္စည်းများက တမူထူးခြားလှပြီး သူတို့၏ စွမ်းအင်များက အချင်းချင်း ရှုပ်ထွေးစွာ ဆက်နွယ်နေသောကြောင့် စွမ်းအင်ထိန်ချုပ်ရာတွင် ရှုပ်ထွေးသော လိုအပ်ချက်များ ရှိလာသောကြောင့် ဖြစ်သည်။


နာရီ၀က်ခန့်အကြာတွင် ပုဖန်က အစစ်အမှန်စွမ်းအင်များကို ပြန်၍ ရုတ်သိမ်းလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ချွေးများစီးကျနေပြီး နဖူးကြောများ တွန့်ရှုတ်နေသော်လည်း သူ၏ အာရုံစိုက်မှုကို အနည်းငယ်မျှပင် မပေါ့ဆရဲပေ။


ပုဖန်က ချက်ပြုတ်ရာတွင် အမြင့်ဆုံး စံချိန် စံညွှန်များကို ထားရှိထားလေသည်။ သူချက်ပြုတ်လိုက်သည့် ဟင်းပွဲတိုင်းက အကောင်းဆုံးဖြစ်ရန် မျှော်လင့်ထားပေသည်။ ထို့ကြောင့် သူချက်ပြုတ်သည့် ဟင်းပွဲတိုင်းတွင် သူ၏ နှလုံးသားကို နှစ်မြုတ်ထားခဲ့သည်။ သို့မှသာ သူ၏ ချက်ပြုတ်ခြင်း ဂုဏ်သတင်းက မကျဆင်းနိုင်တော့မှာဖြစ်သည်။


အချိန်များ ကုန်ဆုံးသွားပြီးနောက် သင်းပျံ့မွှေးကြိုင်သော ဆန်ပြုတ်ရနံ့က အိုးအဖုံးအောက်မှ ထွက်လာလေသည်။ ထိုရနံ့များက ပုဖန်၏ နှာခေါင်းပေါက်ထဲသို့ ၀င်ရောက်သွားပြီး နူးညံ့သိမ်မွှေ့မှုကို ခံစားလိုက်ရသည်။


“ဒီအနံ့ပဲ… ဒါက အရင်တုန်းကနဲ့ ကွာခြားနေပေမယ့်…ဒီအနံ့ကို ငါကောင်းကောင်းမှတ်မိတယ်…”


ယုဖူက အားနီ၏ လက်မောင်းကို လှုပ်ခါ၍ ပြောလိုက်သည်။


အားနီက သူမကို ကြည့်၍ ခေါင်းငြိမ့်လိုက်ပြီး ပြုံးပြလိုက်သည်။ သူ၏ အမူအယာက တည်ငြိမ်လှသော်လည်း စိတ်ထဲတွင် အလွန်လှုပ်ရှားနေလေသည်။ သူက မွှေးပျံ့လှသော အမွှေးရနံ့ လှိုင်းထဲတွင် နစ်မြုတ်နေလေသည်။ ပထမဆုံး ထွက်ပေါ်လာသော မွှေးရနံ့များကပင် ဆွဲဆောင်နိုင်စွမ်း မြင့်မားလှပေသည်။


ထိုအချိန်တွင် မြွေလူသားနှစ်ယောက်က မီးဖိုချောင်မှ ထွက်လာသော ပုဖန်၏ ပုံရိပ်ကို တွေ့လိုက်ရသောကြောင့် ကျောမတ်လိုက်ကြသည်။ ပုဖန်က မီးဖိုချောင်ထဲမှာ မွှေးရနံ့များ ထွက်ပေါ်နေသော အိုးပူပူ တစ်လုံးကို ကိုင်ဆောင်၍ ထွက်လာခဲ့သည်။


ပွက် .. ပွက်..


ဆန်ပြုတ်အိုးကို စားပွဲပေါ်တင်လိုက်သည့် အချိန်ထိပင် ဆန်ပြုတ်များက ဆူပွက်နေဆဲ ဖြစ်သည်။ ဆူပွက်နေသည့် ပူပေါင်းလေးများမှ ပေါက်ကွဲထွက်ပေါ်လာသော မွှေးရနံ့များက ဆိုင်တစ်ခုလုံးကို ပြန့်နှံ့နေလေသည်။


“သွေးသရဖူ နွားနဂါး အသားဆန်ပြုတ်…. ဒါက မင်းအဖေရဲ့ ဒဏ်ရာတွေ အားလုံးကို အပြည့်အ၀ သက်သာစေဖို့ လုံလောက်တယ်… သူ့ကို ခွံ့ကြွေးလိုက်…” ပုဖန်က သူ၏ လက်ချောင်းလေးများကို နှိပ်နယ်လိုက်ပြီး ယုဖူကို ရှင်းပြလိုက်သည်။


မြွေအမျိုးသမီးက ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူမက စိတ်လှုပ်ရှားနေသော အမူအယာနှင့် ဆန်ပြုတ်အိုးအနီးသို့ တိုးကပ်သွားလိုက်သည်။ အိုးအတွင်မှ ဆူပွက်နေသော ဆန်ပြုတ်များကို ကြည့်၍ သူမ၏ နှုတ်ခမ်းများကို ကြိတ်ဝါးလိုက်မိလေသည်။ ယုဖူက ကြွေပန်းကန်လုံး တစ်လုံးကို ယူ၍ ဆန်ပြုတ်များကို ဇွန်ကြီးတစ်ဇွန်း ခပ်ယူလိုက်သည်။ ထိုအချိန်တွင် အသက်ရှင်နေသကဲ့သို့ စွမ်းအင်လှိုင်းများက မြွေလူသားတစ်ယောက်အသွင် ဖြစ်ပေါ်နေသည်ဟု ထင်ရလေသည်။


“ဒါ.. ဒါက…”


သူမက ပြောစရာ စကားလုံးပင် ရှာမတွေ့လောက်အောင် ဖြစ်သွားလေသည်။ ထိုစွမ်းအင် ပုံသဏ္ဍာန်များက အလွန်ကြောက်မက်ဖွယ် ကောင်းနေလေသည်။


“ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ…”


“တကယ်လို့ ဘာအမှားအယွင်းမှ ဖြစ်မလာရင် ဒီသက်စောင့်ဟင်းပွဲက မင်းအဖေရဲ့ ဒဏ်ရာတွေကို ကောင်းကောင်းကုသနိုင်တယ်…”


ပုဖန်က ခေါင်းငြိမ့်၍ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ သူက စိတ်လှုပ်ရှားနေသော ယုဖူကို ကြည့်၍ သူ၏ အကြည့်များက အနည်းငယ် နူးညံ့သွားလေသည်။