အပိုင်း ၂၁၈
Viewers 53k

အခန်း ၂၁၈ “ငါက ဆိုင်ရဲ့ အစောင့်အရှောက် လုပ်ပေးမယ်ဆိုရင်ရော..”


ယုဖူက ဆန်ပြုတ်ကို ယောက်ချိုဇွန်းနှင့် ခပ်၍ ကြွေပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။ ခဏအကြာတွင် သက်၀င်လှုပ်ရှားနေသော စွမ်းအင်အငွေ့အသက်များက နဂါးတစ်ကောင်ကဲ့သို့ ပုံသဏ္ဍာန် ဖြစ်ပေါ်လာလေသည်။


ယုဖူက ဆန်ပြုတ်ပန်းကန်ကို ကြွေဇွန်နှင့် မွှေ၍ တဖူးဖူး မှုတ်နေလိုက်သည်။ ထိုအချိန်တွင် မွှေးရနံ့များ လွင့်ပါသွားရာ တစ်လျောက်တွင် နဂါးတစ်ကောင်၏ ပုံရိပ်က ဖြစ်ပေါ်နေလေသည်။


နဂါးသွေးဆန်ပြုတ်က အခြားဆန်ပြုတ်များနှင့် မတူနိုင်ပေ။ ခရီးသွား နွားနဂါး၏ အသားကို ထည့်ပေါင်းထားသောကြောင့် အနည်းငယ် ငန်နေပေသည်။


ယုဖူက သတိလစ်နေသော ယုဖန်ကို ထူမ၍ ဆန်ပြုတ်များကို ခွံ့ကြွေးလိုက်သည်။ ဆန်ပြုတ်နှစ်ပွဲ ခွံ့ကြွေးပြီးနောက် ယုဖန်၏ မျက်နှာတွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာလေသည်။ သူ၏ အားနည်းနေသော အသက်ရှူသံများက တည်ငြိမ်လာပြီး ပါးပြင်နှစ်ဖက်က အနီရောင် သမ်းလာခဲ့သည်။ ယခင်အချိန်နှင့် မတူပဲ သက်စောင့်ဟင်းပွဲ၏ အကျိုးသက်ရောက်မှုက ပို၍ သိသာထင်ရှားနေပေသည်။


ယုဖူက ဆန်ပြုတ်ကို ဆက်လက်တိုက်ကြွေးနေလိုက်ပြီး တတိယပန်းကန်လုံး ကုန်သွားချိန်တွင် ယုဖန်၏ မျက်၀န်းများက ရုတ်တရက် ပွင့်လာလေသည်။ သူ၏ မျက်၀န်းထဲတွင် စွမ်းအင်များ အသက်၀င် လှုပ်ရှားလေသည်။ သူ၏ ခန္ဒာကိုယ်ထဲတွင် ပြည့်နှက်နေသော စွမ်းအင်များက ပေါက်ကွဲထွက်လာပြီး ဆန်ပြုတ်ကြွေးရန် ပြင်နေသော ယုဖန်ကို အဝေးသို့ လွင့်စင်သွားစေလေသည်။


ယုဖန်၏ ခန္ဒာကိုယ်မှ စွမ်းအင်လှိုင်းများက မငြိမ်မသက်ဖြစ်နေပြီး သူ၏ ခန္ဒာကိုယ်က သွေးထွက်ထားသကဲ့သို့ နီရဲနေလေသည်။ ခဏအကြာတွင် ယုဖန်က အနက်ရောင်အရည်များကို အန်ထုတ်လိုက်သောကြောင့် နေရာတစ်ခုလုံး အနံ့ဆိုးများနှင့် ပြည့်နှက်သွားလေသည်။


ပုဖန်ပြောင်းလဲလိုက်သော နည်းလမ်းက အကျိုးသက်ရောက်မှု ရှိနေလေသည်။ သို့သော် ထိုရလာဒ်မျိုး ဖြစ်လာမည်ဟု ခန့်မှန်းထားပြီး ဖြစ်သောကြောင့် အစမှ အဆုံးထိတိုင်အောင် ပုဖန်က အံ့သြသွားခြင်း မရှိပေ။


ထိုဆန်ပြုတ်ထဲတွင် စွမ်းအင်သိပ်သည်းလှသော ပါ၀င်ပစ္စည်း အများအပြား ပါ၀င်နေလေသည်။ သွေးသရဖူ တစ်ခုကပင် ယုဖန်ကို ပြန်လည်နိုးထနေရန် လုံလောက်နေပြီဖြစ်သည်။ နဂါးသွေးဆန် ပေါင်းထည့်လိုက်ခြင်းကြောင့် သက်စောင့်ဟင်းပွဲ၏ အကျိုးသက်ရောက်မှုကို ပို၍ ပြင်းထန်လာစေသည်။


ယုဖန်၏ တရှိန်တိုး တိုးတက်နေသော စွမ်းအင်များက နောက်ဆုံးတွင် တည်ငြိမ်သွားပြီဖြစ်သည်။ ချောက်သွေးနေသော ဆံနွယ်ရှည်များက သူ၏ မျက်နှာကို တဖျပ်ဖျပ် ရိုက်ခတ်နေလေသည်။ သူ၏ မျက်နှာပေါ်မှ ချွေးစက်များက မေးရိုးမှတဆင့် ကြမ်းပြင်ပေါ်သို့ တစ်တောက်တောက် စီးကျနေသည်။ ထိုချွေးစက်လေးများထဲတွင် ခန္ဒာကိုယ်ထဲမှ အညစ်အကျေးများ ပါ၀င်နေလသည်။


“အဖေ…”


ယုဖူက စိတ်လှုပ်ရှားစွာနှင့် ငိုကြွေးလိုက်မိသည်။ သူမအဖေ ပြန်ကောင်းလာနိုင်ရန် လာခဲ့ရသော ခရီးက အလွန်ခက်ခဲ ကြမ်းတမ်းလှပေသည်။ ထိုအန္တရာယ်များကြောင့် သူမ၏ ဘ၀ကိုပင် ဆုံးရှုံးလုနီးပါး အကြိမ်ကြိမ် ဖြစ်ခဲ့လေသည်။ သို့သော် သူမ၏ အဖေ ပြန်ကျန်းမာလာချိန်တွင် ထိုအရာများကို လျှစ်လျုရှုလိုက်ပြီး စိတ်ကျေနပ်မှုသာ ခံစားလိုက်ရလေသည်။


ယုဖန်၏ အကြည့်များက နက်ရှိုင်းနေလေသည်။ သူ၏ ခန္ဒာကိုယ်ထဲမှ စွမ်းအားများကို ခံစားလိုက်ပြီး သူ၏ သမီး ယုဖူကို ချစ်ခင်စွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ နံဘေးတွင် စိတ်လှုပ်ရှားနေဟန် ရသော အားနီကို ကြည့်၍ ခေါင်းငြိမ့်ပြလိုက်ပြီး ပုဖန်ဘက်သို့ လှည့်လိုက်သည်။ သူက ပုဖန်ရှိရာသို့ လျောတိုက်သွားလိုက်ပြီး ကျေးဇူးတင်စွာနှင့် လက်ဆွဲ နှုတ်ဆက်လိုက်သည်။


“ကျေးဇူးအများကြီး တင်ပါတယ် ပိုင်ရှင်ပု… ဒီလို မျက်နှာသာ ပေးမှုမျိုးကို ယုဖန် ဘယ်တော့မှ မမေ့ပါဘူး…”


ပုဖန်က သူ့ကို ကျေးဇူးတင်စကား ဆိုနေသော မြွေလူသားကို မျက်လုံးများ မှေးစင်း၍ ကြည့်လိုက်သည်။ အံ့သြဖွယ်ကောင်းသော သက်စောင့်ဟင်းပွဲ ဖြစ်လာစေရန် သူက ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသောကြောင့် မြွေလူသား၏ ကျေးဇူးတင်မှုကို ကျေနပ်ပျော်ရွှင်နေမိသည်။


“ဒီမှာ ဆန်ပြုတ်တစ်ပွဲစာ ကျန်နေသေးတယ်… အကုန်စားလိုက်ပြီး ဒဏ်ရာတွေ အရှင်းပျောက်သွားအောင် လုပ်သင့်တယ်…” ပုဖန်က ပြောလိုက်သည်။.


မြွေလူသားက ခေါင်းငြိမ့်ပြလိုက်ပြီး ကျန်နေသော ဆန်ပြုတ်အနည်းငယ်ကို တဖြည်းဖြည်းချင်း စားသောက်လိုက်သည်။ ထိုဆန်ပြုတ်ပွဲတွင် သဘာ၀စွမ်းအင်များ ပြည့်၀စွာ ပါ၀င်နေပြီး အရသာရှိလှသည့် စားသောက်ဖွယ်ရာ တစ်ခုပင် ဖြစ်သည်။ မြွေလူသားက ဆန်ပြုတ်စားပြီးနောက် သူ၏ နှလုံးသားထဲတွင် စိတ်ကျေနပ်သွားပြီး ပန်းကန်ကို ပြန်ချထားလိုက်သည်။ အရသာရှိသော ဆန်ပြုတ်အနည်းငယ်ကြောင့် သူ၏ လျာကိုပင် မြိုချလုမတက် ဖြစ်ရပေသည်။


“ပိုင်ရှင်ပုရဲ့ အချက်အပြုတ်စွမ်းရည်က တကယ့်ကို အံ့အားသင့်စရာပါပဲ… ငါက ပိုင်ရှင်ပုကို ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်.. ဒီလို မျက်နှာသာ ပေးမှုမျိုးကို ငါပြန်တုန့်ပြန်နိုင်ပါ့မလားတောင် မသေချာတော့ပါဘူး…” မြွေလူသားက ပုဖန်ကို မျက်နှာချင်းဆိုင် ကြည့်၍ ပြောလိုက်သည်။


ပုဖန်က အရေးမကြီးဟန်နှင့် လက်တစ်ဖက်ကို ဝှေ့ရမ်း၍ ပြောလိုက်သည်။


“မင်းတို့ ငါ့ကို ဘာမှ ပြန်လုပ်ပေးစရာ မလိုပါဘူး… ငါက မင်းတို့ မျိုးနွယ်စုကနေ ရေခဲဝိဥာဉ် ဧကရာဇ် ကြာပန်းကို ရခဲ့တယ်... ဒါကြောင့် မင်းကို ကယ်တင်ပေးဖို့ မင်းတို့ရဲ့ အကြီးအကဲကို ကတိပေးခဲ့တာ…. ဒါက ငါတို့ကြားက မျှတတဲ့ အလဲအလှယ်တစ်ခုပဲလေ… ဘာမှ ထပ်လောင်းပေးနေစရာ မလိုတော့ဘူး…”


သူက ထိုသို့ ပြောလိုက်သော်လည်း ယုဖန်၏ စိတ်ထဲတွင် သူပြန်လည်သက်သာလာခြင်းက ရေခဲဝိဥာဉ် ဧကရာဇ် ကြာပန်းတစ်ခုထဲကြောင့် မဟုတ်မှန်း နက်နက်ရှိုင်းရှိုင်း သိနေလေသည်။ ဆန်ပြုတ်ထဲတွင် အခြားတန်ဖိုးကြီး ဆေးဘက်၀င် ပစ္စည်းများ ပါ၀င်နေသည်ကို သူက ခံစားသိရှိနေလေသည်။ ထိုသက်စောင့်ဆန်ပြုတ်ထဲတွင် ကြာပန်းနှင့် နှိုင်းယှဉ်နိုင်သော အခြားတန်ဖိုးကြီး အရာနှစ်ခု ပါ၀င်နေကြောင်း သူက ခံစားမိနေသည်။


“တကယ်လို့ ပိုင်ရှင်ပုသာ စိတ်မရှိဘူးဆိုရင် ငါဆိုင်ရဲ့ အစောင့်လုပ်ပေးမယ်ဆိုရင်ရော ဘယ်လိုအဆင်ပြေလောက်လား… ဒီလို အင်ပါယာ မြို့တော်ထဲမှာ စီးပွားရေးကို တစ်ယောက်တည်း လုပ်နေရတာ ခက်ခဲမှာပဲ… သူ့မှာ တစ်ခြားကျွမ်းကျင်မှုတွေ ရှိနိုင်ပေမယ့် သူ့ရဲ့ စွမ်းအင်အဆင့်က အားနည်းနေသေးတယ်…”


မြွေလူသား ယုဖန်က တခဏမျှ စဉ်းစားပြီးနောက် သူ၏ အတွေးကိုကမ်းလှမ်းလိုက်သည်။ မြွေမျိုးနွယ်စု၏ သူတော်စင်အဆင့် တစ်ယောက်က စားဖိုမှုးတစ်ယောက်၏ အစောင့်လုပ်ပေးခြင်းမှာ သူ၏ မျက်နှာသာပေးမှုကို ပြန်လှန်တုံ့ပြန်ပေးခြင်းထက်ပင် ပိုနေလေသည်။


သူ၏ ကမ်းလှမ်းချက်ကို ကြားသောအခါ အားနီနှင့် ယုဖန်တို့၏ မျက်နှာအမူအယာများက ထူးဆန်းသွားကြသည်။


ပုဖန်လည်း တခဏမျှ ကြောင်အသွားလေသည်။ သူက ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။


“အဲဒါက ကောင်းပါတယ်… အစောင့်လုပ်ပေးမယ်ဆိုတာက .. အင်း…”


“ပိုင်ရှင်ပုက ဒီကမ်းလှမ်းချက်ကို သဘောမကျဘူးလား… ဒီလူရဲ့ စွမ်းအင်အဆင့်က မြွေလူသားမြို့တော်မှ ထိပ်ဆုံးတစ်ယောက် မဖြစ်နိုင်ပေမယ့်… ဒီလေအလင်းအင်ပါယာရဲ့ အင်ပါယာ မြို့တော်မှာတော့ အသန်မာဆုံး ဖြစ်နိုင်တယ်…” ယုဖန်က ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။


သူ၏ ဘေးတွင် ရပ်နေသော အားနီနှင့် ယုဖူတို့က အကူအညီမဲ့စွာ ခေါင်းခါရမ်းလိုက်ကြသည်။


“ဒီနေရာကို ဘာလို့ ထင်နေတာလဲ… ဒါက ကျော်ကြားလှတဲ့ ပိုင်ရှင်ပုရဲ့ဆိုင်လေ… ဒီဆိုင်က သေးသေးလေး ဆိုပေမယ့် အင်ပါယာ မြို့တော်ရဲ့ လက်ရှိအခြေအနေက ဒီဆိုင်လေးကြောင့် ဖြစ်နေတာ… မရေမတွက်နိုင်တဲ့ သူတော်စင်အဆင့်တွေက ဒီဆိုင်ရဲ့ လျှို့ဝှက်ချက်တွေကို သိအောင် ကြိုးစားနေကြတာ…”


“ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တဲ့ ပညာရှင်တွေက ဒီဆိုင်ကို ပြသနာရှာဖို့ ကြိုးစားနေကြတာ… ဒါလောက် ကိစ္စတွေ အများကြီး ဖြစ်သွားပြီးတာတောင် ဆိုင်လေးက နေ့စဉ် နေ့တိုင်း ပုံမှန်စီးပွားရေးကို လည်ပတ်နေနိုင်တုန်းပဲ… ဒီဆိုင်က သူ့ရဲက အကူအညီကို မရရင်တောင် အကာအကွယ် မဲ့မနေဘူးလေ…”


“ငါ့ဆိုင်မှာ အစောင့်အရှောက် မရှားပါဘူး… ဒါကြောင့် မင်း အရမ်း စိတ်ပူနေစရာမလိုဘူး… ငါ့ရဲ့ ကတိကို တည်အောင် ဖြည့်ဆည်းပေးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါ… ပီးတော့.. ငါတို့ရဲ့ ဆိုင်ဖွင့်ချိန်က ကုန်လွန်သွားပြီဖြစ်တာကြောင့် ငါဆိုင်ပိတ်တော့မယ်… မင်းတို့ စိတ်မရှိဘူးဆိုရင် … ငါလိုက်မပို့တော့ဘူးနော်…”


ပုဖန်က သူတို့နှင့် ထပ်၍ အချိန်မဖြုန်းလိုတော့သောကြေင့် တည်ငြိမ်လေးနက်စွာနှင့် ပြောလိုက်သည်။


ဆိုင်ထဲတွင် ဝှိုက်တီက စောင့်ရှောက်နေပြီး ဆိုင်အပြင်ဘက်တွင် ခွေး၀တုတ်… အာ.. ခွေးဘုရင်က စောင့်ရှောက်နေလေသည်။ သူ၏ ဆိုင်ငယ်လေးတွင် ထိပ်တန်းအထွတ်အထိပ် သူတော်စင်အဆင့်များပင် အရုပ်သဖွယ် ဖြစ်သွားနိုင်ပေသည်။


“ကောင်းပြီလေ… ပိုင်ရှင်ပုက ငါ့ရဲ့ အကူအညီကို မလိုဘူးဆိုတော့လဲ ငါထပ်ပြီး မတောင်းဆိုတော့ပါဘူး… ဘယ်လိုပဲ ဖြစ်ဖြစ် အင်ပါယာ မြို့တော်ထဲမှာ ငါတစ်နှစ်လောက်နေပါဦးမယ်… တကယ်လို့ ဆိုင်လေးမှာ ပြသနာ တစ်စုံတစ်ခု ကြုံလာမယ်ဆိုရင် ငါ အကောင်းဆုံး ကူညီပါ့မယ်… ပိုင်ရှင်ပုသာ အကူအညီလိုလာရင် အားမနာပဲ တောင်းဆိုလိုက်ပါ….”


ယုဖန်က ပြောပြီးသည်နှင့် ယုဖူနှင့် အားနီတို့ကို ခေါ်ဆောင်၍ ဆိုင်ငယ်လေးအတွင်မှ ထွက်ခွာသွားလေသည်။


ပုဖန်က ထူးဆန်းသော မျက်နှာအမူအယာနှင့် ထွက်သွားသော သုံးယောက်ကို အကူအညီ မဲ့စွာ ကြည့်နေလေသည်။


“ဒီမြွေလူသားက ဘာလို့ ဒီလောကခေါင်းမာရတာလဲ… ငါက သူ့ကို တိုက်ရိုက် အကူအညီ ပေးခဲ့လို့လား… ဒီလို ဖြစ်မယ်မှန်းသိရင် သူတော်စင်အဆင့်တစ်ယောက်က ငါ့ဆိုင်မှာ အစောင့်လုပ်ဖို့အတွက် အဆင့်မမှီဘူးလို့ တစ်ခါတည်း ပြောလိုက်ပါတယ်….”


ပုဖန်က ရေရွတ်လိုက်ပြီးနောက် သူ့ကိုယ်သူ သဘောကျစွာ ရေရွတ်လိုက်သည်။ ထို့နောက် ပန်းကန်များကို သိမ်းဆည်းလိုက်ပြီး မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်သည်။ ဟင်းပွဲအနည်းငယ်ကို လေ့ကျင့်ချက်ပြုတ်လိုက်ပြီးနောက် အနားယူရန်အတွက် သူ၏ အခန်းသို့ တက်သွားလိုက်သည်။


စားသောက်ခန်းထဲတွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က သိပ်သည်လှသော မွှေးရနံ့များ ပိုမို ထွက်ပေါ်လာပြီး သစ်ပင်ငယ်လေးက အနည်းငယ် ပို၍ ကြီးထွားလာလေသည်။


……..


“ယုဖူ… ဒီဒဏ်ရာတွေက ဘယ်သူလုပ်တာလဲ…”


ယုဖန်က လမ်းကြားလေးထဲမှ ထွက်လာလိုက်ပြီးနောက် အားနီနှင့် ယုဖူတို့၏ ဒဏ်ရာများကို ကြည့်၍ သူ၏ မျက်နှာက မဲမှောင်သွားလေသည်။ သူက ထိုမေးခွန်းကို စားသောက်ဆိုင်ထဲတွင် ရှိစဉ်ကတည်းက မေးမြန်းလိုနေသော်လည်း ပုဖန်ကို လေးစားသောအားဖြင့် မမေးမြန်းနိုင်ခဲ့ချေ။ ယခုအခါ သူတို့သုံးယောက်သာ ရှိနေသောကြောင့် ထပ်၍ မျိုသိပ်နိုင်ခြင်း မရှိတော့ပဲ မေးမြန်းလိုက်ခြင်း ဖြစ်သည်။


ယုဖူက သူ၏ သမီးဖြစ်သည်။ သူ့သမီး၏ ခန္ဒာကိုယ်ပေါ်တွင် ထိုမျှ များပြားလှသော ဒဏ်ရာများ ဖုံးလွှမ်းနေသည့် နေ့ရက်မျိုး ရှိလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ သူသတိလစ်နေသည့် အချိန်တွင် အကြောင်းအရာများစွာ ဖြစ်ပွားခဲ့ပုံရလေသည်။


ထိုစကားကို ကြားလိုက်သောအခါ အားနီက အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။ ယုဖန်ပြန်လည်သတိရလာချိန်တွင် အင်ပါယာမြို့တော်အတွင် ပုန်းအောင်းနေသော သူတော်စင် အဆင့်များကို လက်တုန့်ပြန်နိုင်တော့မည်ဖြစ်သည်။ အားနီက ယုဖန် သတိလစ်နေချိန်တွင် ဖြစ်ပွားခဲ့သည်များကို ပြန်လည်ပြောပြလိုက်သည်။ ကျောက်မူရှန်က ယုဖူကို ပြန်ပေးဆွဲခဲ့ခြင်းနှင့် ယုဖူနှင့် ယုဖန်တို့ကို ကယ်တင်နိုင်ရန် ဝူယွမ်ပိုင်နှင့် အပေးအယူ လုပ်ခဲ့သည်များကို မချွင်းမချန် ပြောပြလိုက်သည်။


“ဒီအဖိုးကြီးက သေချင်နေတာပဲ… သူက ငါ့သမီးကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့…”


အကြောင်းအရာ အားလုံးကို ကြားပြီးသောအခါ ယုဖန်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ဖြစ်ပေါ်လာလေသည်။ အလင်းရောင် တစ်ချက်နှင့်အတူ သူ၏ လက်ထဲတွင် အနက်ရောင် လှံရှည်တစ်ချောင်း ထွက်ပေါ်လာလေသည်။ ထိုလှံမှ သွေးဆာနေသော အရှိန်အဝါများ ထုတ်လွှတ်နေလေသည်။


“အားနီ.. ငါ့ကို အဲဒီနေရာကို လမ်းပြ…အဲအဖိုးကြီးကို ဒီလှံနဲ့ သတ်ပစ်မယ်လို့ ငါကျိန်ဆိုတယ်…” ယုဖန်က ဒေါသတကြီး ပြောဆိုလိုက်သည်။


သို့သော် ကျောက်မူရှန်၏ စံအိမ်က မည်မျှ ကြောက်စရာကောင်းသည်ကို အားနီက ကောင်ကောင်းသိနေလေသည်။ ဝူယွမ်ပိုင်နှင့် မာစတာအားဝူတို့ကဲ့သို့ သူတော်စင်အဆင့် နှစ်ယောက်ပင် သေခြင်းတရာမှ လွတ်မြောက်နိုင်ရုံသာ ဖြစ်ခဲ့လေသည်။ ယုဖန်က အင်အားကြီးမားသော်လည်း ထိုစံအိမ်သို့ ထိုးဖောက်၀င်ရောက်သွားပါက အဆုံးသတ် လှလိမ့်မည်မဟုတ်ပေ။


ထို့ကြောင့် အားနီက ယုဖူနှင့် ပူးပေါင်း၍ ဒေါသကြီးနေသော ယုဖန်ကို ဝူယွမ်ပိုင်တို့ ဆီသို့ အရင်သွားရန် ဖြောင်းဖျပြောဆိုလိုက်သည်။


ယုဖန်က စိတ်လျော့လိုက်ပြီး ခေါင်းညိမ့်လိုက်သည်။ ထိုနှစ်ယောက်ထံသို့ အရင်သွားခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှန်း သူကိုယ်တိုင်လည်း သိနေလေသည်။ ယုဖန်က သူ၏ အသတ်ဖြတ်ချင်ဆုံး လူစာရင်းတွင် ကျောက်မူရှန်ကို ထိပ်ဆုံးမှ တေးမှတ်ထားလိုက်လေသည်။


“အိုး… ဟုတ်သားပဲ… အားနီ… ငါ့ကို ပိုင်ရှင်ပုဆိုင်နဲ့ နီးတဲ့ နေရာမှာ အိမ်၀ယ်ပေးဦး… ငါတို့ အဲဒီနေရာမှာ တစ်နှစ်လောက်နေကြမယ်… ပိုရှင်ပုဆိုင်ကို တစ်နှစ်ကာကွယ်ပေးမယ်လို့ ပြောခဲ့ပြီးပြီဆိုတော့ ငါ့ရဲ့ စကားကို တည်မှရမယ်…” ယုဖန်က တခဏမျှ စဉ်းစားလိုက်ပြီးနောက် အားနီကို သလင်းကျောက်များ ထုတ်ပေး၍ ပြောဆိုလိုက်သည်။


အားနီက အမှတ်တမဲ့နှင့် သလင်းကျောက်များကို လက်ခံလိုက်ပြီး ကြောင်အနေသော အမူအယာနှင့် ယုဖန်ကို ပြန်ကြည့်လိုက်သည်။


“ဟမ်…. အာ…..”