အပိုင်း ၂၁၉
Viewers 53k

အခန်း ၂၁၉ “အဆင့်ရှစ် ကျွမ်းကျင်ပညာရှင် ရောက်ရှိလာခြင်း …”


အင်ပါယာမြို့တော်၏ ကြီးကျယ်ခန်းနားလှသော ဂိတ်တံခါး အပြင်ဘက်တွင် ဆောင်ရာသီ ကုန်ဆုံးပြီး နွေဦးရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သစ်ပင် များက ပြန်လည်ဦးမော့လာကြပြီး ရွက်သစ်လေးများ ထွက်ပေါ်လာကြပြီဖြစ်သည်။ တစ်ရာသီလုံး ဆီးနှင်းဖုံးခံထားရသော မြေဆီလွှာများက ပြန်လည်ပေါ်ထွက်လာကြသည်။


မြို့တော်၏ အပြင်ဘက်တွင် မိုးကုတ်စက်ဝိုင်ဆီမှပင် ပဲ့တင်ထပ်လာသော ကြည်လင်ပြတ်သားသည့် အသံများကို ကြားနေရသည်။


အဝေးတစ်နေရာဆီမှ တဖြည်းဖြည်းလာနေသော ပုံရိပ်တစ်ခုက မြင်ကွင်းထဲသို့ ၀င်ရောက်လာသည်. ထိုသူက တစ်ကိုယ်လုံး လုံသော ၀တ်စုံကို ၀တ်ဆင်ထားသည့် လူကြီးတစ်ယောက် ဖြစ်သည်။ သူက မီးခိုးရောင်မြည်းကို စီးထားပြီး လက်ထဲတွင် ကြီးမားလှသော ဘူးသီးခြောက် ဝိုင်အိုးကို ကိုင်ထားသည်။ သူ့လက်ထဲမှ ဝိုင်ကို အဆက်မပြတ် မော့နေပြီး လက်တစ်ဖက်မှ တစ်ဖက်သို့ လွဲပြောင်းနေလေသည်။ သူ၏ အမူအယာကလည်း အလွန် စိတ်ကျေနပ်နေဟန် ဖြစ်နေလေသည်။


အင်ပါယာမြို့တော်၏ ဂိတ်တံခါးအောက်တွင် ပုံရိပ်သုံးခု ရပ်နေလေသည်။ ထိုသူများက ကျောမတ်၍ မတ်မတ်ရပ်နေကြပြီး သူတို့၏ ၀တ်ရုံစများက အေးစက်လှသော လေထဲတွင် တစ်ဖျပ်ဖျပ် လွင့်ခါနေသည်။


မီးခိုးရောင်မြည်းကို စီးနင်းလာသော လူကြီးကို မြင်ရချိန်တွင် ထန်းယင်က သတိလက်လွတ်နှင့် နီယန့်၏ လက်ကို လှုပ်ခါ၍ ပြောလိုက်သည်။


“ဆရာ… စီနီယာ ရောက်လာပြီ…”


နီယန်က နှုတ်ခမ်းတင်းတင်းစေ့၍ ခေါင်းငြိမ့်ပြလိုက်သည်။ ထိုလူကြီးက ဟာသဥာဏ် ရှိပုံရလေသည်။ ဝူလျန်တောင်မှ ဤနေရာထိ မြည်းကို စီးနင်းလာခဲ့သည်။ ထိုထက် ဟာသဖြစ်စရာ ရှိတော့မည်မဟုတ်ပေ။


“ဒါက စီနီယာ ဟူလား…. ငါ့ဆရာ အမြဲတမ်း ပြောပြောနေတဲ့သူလေ…”


လင်းလေးတစ်လက်ကို လွယ်ထားသော ရီဇီလင်းက မြည်းကို စီးလာသော လူကြီးကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်၍ လှမ်းကြည့်လိုက်သည်။


“မင်းပြောချင်တာက မင်းဆရာ အမြဲပြောနေတဲ့ ယစ်ထုတ်ကြီးဆိုရင်တော့ ဟုတ်တယ်… အဲဒါ သူပဲ….” နီယန်က ရွှင်ပြသော အမူအယာဖြင့် ရီဇီလင်းကို ပြန်ပြောလိုက်သည်။


မြည်းတစ်ကောင်၏ စည်းချက်ညီသော ခွာသံက အေးစက်နေသော လေထုကို ဖြတ်သန်း၍ ပေါ်ထွက်လာလေသည်။


အဝေးတစ်နေရာတွင် ရှိနေသော ပုံရိပ်က သူတို့ရှေ့သို့ ချက်ချင်းလိုလို ရောက်လာသောကြောင့် သူတို့၏ နှလုံးသားများက အံံသြမှုကြောင့် ရုတ်တရက်ခုန်ပေါက်လှုပ်ရှား လာလေသည်။


နီယန်က အံ့သြမှင်သက်မှုကြောင့် ပါးစပ်ဟောင်းလောင်း ပွင့်နေလေသည်။


“ဒီ.. ဒီမြည်းက ဘယ်လိုဖြစ်လို့ အဲလောက်မြန်ရတာလဲ…”


“သေနာလေးတွေ… ဒီအဖိုးကြီးက အသက်ကြီးပြီမို့ ဒီလို အံ့အားသင့်စရာတွေ မလုပ်နိုင်ဘူး ထင်တယ်ပေါ့… တကယ်လို့ ငါသာ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ကို မရဘူးဆိုရင် ငါ့ရဲ့ ဝိုင်ကို လာထိဖို့ စဉ်းတောင် မစဉ်းစားကြနဲ့ …” အဖ်ိုးအိုက သရော်တော်တော် ပြောလိုက်ပြီး ဝိုင်ကို မော့သောက်လိုက်သည်။


ထိုစကားကို ကြားလိုက်သောအခါ နီယန်က တွေးလိုက်မိသည်။


“အင်ပါယာ မြို့တော်ထဲကို ရောက်နေတဲ့ လူတွေသာ ပိုင်ရှင်ပုရဲ့ နှင်းခါး မီးတောက် သိမြင်မှု ဝိုင်ကို မြည်းကြည့်ပြီးရင် နင့်ရဲ့ နဂါးရှင်သန်ခြင်းဝိုင်အကြောင်းကို ဘယ်သူမှ တွေးမိမှာ မဟုတ်တော့ဘူး…”


ယစ်ထုတ်အဖိုးအိုက မြည်း၏ ကျောပေါ်မှ ဆင်းလိုက်ပြီး သူ၏ ဝိုင်ဘူးကို ကျောပေါ်တွင် ချိတ်ဆွဲလိုက်သည်။ ထို့နောက် နီယန်နှင့် ထန်းထင်ကို ကြည့်၍ ပြုံးပြလိုက်ပြီး မြည်းကို ဆွဲ၏ အင်ပါယာမြို့တော်ဆီသို့ ဦးတည်လိုက်သည်။


“ဒီတော့… ဒီကလေးမလေးက စုန်းမအိုကြီးရဲ့ တပည့်ဖြစ်ရမယ်… ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကလေးမလေးက တော်တော်လှတာပဲ…” အဖိုးအိုက တွေးလိုက်ပြီးနောက် သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။


ရီဇီလင်းက ချက်ချင်းပင် သတိထားနေသော အကြည့်များနှင့် သူ့ကို လှည့်ကြည့်လိုက်သည်။


သူတို့လေးယောက်က ပေါ့ပါးစွာဖြင့် မြို့တော်ဆီသို့ ရင်ပေါင်တန်းလျောက်လာကြသည်။ သူတို့ မြို့ထဲသို့ မ၀င်ခင်မှာပဲ ကျယ်လောင်လှသော မိုးချိန်းသံတစ်ခု ထွက်ပေါ်လာလေသည်။ နီယန်နှင့် အခြားသူများက အသံထွက်ပေါ်လာရာဆီသို့ ပြန်လှည့်ကြည့်လိုက်သော်လည်း ယစ်ထုတ်အိုကြီးက ဝိုင်တစ်ငုံ မော့လိုက်ပြီးမှ လှည့်ကြည့်လိုက်သည်။


သူတို့အားလုံးက ကြီးမားလှသော အနက်ရောင် နဂါးတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုနဂါးက သူတို့ရှိရာသို့ ပျံသန်းလာနေလေသည်။ သူ၏ ခန္ဒာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများက အတုအယောင် နဂါးပုံသဏ္ဍာန်တစ်ခု ဖြစ်နေလေသည်။


“အိုး… ဟိုး… အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ ငရဲနတ်နဂါးပါလား…” ယစ်ထုတ်ကြီးက ခပ်တိုးတိုး ရယ်မောလိုက်သည်။


သူနှင့် ခြားနားစွာပင် နီယန်နှင့် အခြားသူများက နဂါး၏ အရှိန်အဝါကြောင့် တုန်လှုပ်နေကြသည်။ ထိုအချိန်တွင် နဂါးပေါ်မှ လူရိပ်တစ်ရိပ်ကို သတိပြုမိသွားသောကြောင့် သူတို့၏ မျက်၀န်ူများ ကျဉ်းမြောင်းသွားကြသည်။ အနည်းငယ် ခါးကုန်သော ထိုလူထံမှ ထွက်ပေါ်နေသော အရှိန်အဝါများက တောင်ကြီးတစ်တောင်ကဲ့သို့ လေးလံလှသည်။


“ဒါ… ဒါက မြေရိုင်းလွင်ပြင်ဒေသရဲ့ ဘုရားကျောင်းက ပညာရှင်မဟုတ်လား…” နီယန်က တီးတိုးရေရွတ်လိုက်သည်။


နောက်ဆုံးတွင် မြေရိုင်းလွင်ပြင်ဒေသမှ အဆင့်ရှစ် စစ်နတ်ဘုရားပင် တိုက်ပွဲသို့ ၀င်ရောက်လာပြီဖြစ်သည်။


………


အင်ပါယာ မြို့တော်၏ ခြံ၀န်းငယ်တစ်ခုထဲတွင် မကောင်းဆိုးဝါး စားဖိုမှုး ၀မ့်တင်းက သူ၏ လက်ထဲမှ သားခုတ်ဓါးကို လွဲ၍ အဆင့်ငါး သားရဲတစ်ကောင်ကို ဖြတ်တောက်နေလေသည်။ သူ၏ ကျွမ်းကျင်လှသော လက်များထဲတွင် သားခုတ်ဓါးက ကနေသယောင် ထင်ရလေသည်။


အချိန်အနည်းငယ်မျှ လွဲခုတ်ပြီးနောက် အသားလွှာလေးများ ပျံသန်းထွက်ပေါ်လာလေသည်။ အချိန်တို အတွင်းမှာပင် သားရဲကောင်ကို ဖြတ်တောက်ပြီးစီးသွားပြီဖြစ်သည်။ ၀မ့်တင်းက သူ့လက်မှ အညစ်အကြေးများကို ဆေးကြောလိုက်ပြီး ထရပ်လိုက်သည်။ ထို့နောက် ခြံ၀န်းအတွင်းမှ အိမ်ငယ်လေးဆီသို့ ပြန်သွားလိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်လိုက်လေသည်။


ကုလားထိုင်၏ ရှေ့တွင် ကြီးမားလှသော အနက်ရောင် ဒယ်အိုးတစ်လုံး ရှိနေသည်။ ထိုအိုးအတွင်းတွင် ဆူပွက်နေပြီး အဖြူရောင် အငွေ့များက အခန်းထဲတွင် လှည့်ပတ်နေကာ အနံ့ဆိုးများကို ရှင်းလင်းပေးနေဟန် ရလေသည်။ ၀မ့်တင်းက တခဏမျှ ထိုင်လိုက်ပြီးနောက် ထလိုက်ပြီး ရေပုံးတစ်ပုံးကို ယူလာလိုက်သည်။ ထိုပုံးထဲတွင် သူလှီးဖြတ်ထားသောအသားများ ရှိနေလေသည်။


သူက ဒယ်အိုး အဖုံးကို ဖွင့်လိုက်ရာ ရေနွေးငွေ့များက ပျံတက်လာလေသည်။ ၀မ့်တင်းက နားလည်ရခက်သော အကြည့်များနှင့် အိုးထဲမှ ပွက်ပွက်ဆူနေသော ရေများကိုကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းတွန့်၍ ပြုံးလိုက်ပြီး ပုံးထဲမှ အသားများကို အိုးထဲသို့ လောင်းချလိုက်သည်။ အသားများက လျှင်မြန်သော အရှိန်နှင့် အိုးထဲတွင် လည်နေလေသည်။


၀မ့်တင်းက တုန်ယင်နေသော လက်များနှင့် သူ၏ အတွင်းအိတ်ထဲမှ ပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး ပုလင်းထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။ သူက ဆေးလုံးကို ကြည့်၍ အက်ရှရှ အသံနှင့် ရယ်မောလိုက်လေသည်။ ထို့နောက် ဆေးလုံးကို ဖိချေ၍ အိုးထဲသို့ ထည့်လိုက်သည်။


“ဒါက သုံးဆယ့်ငါးကြိမ်မြောက် အဆင့်ငါး စိတ်ဝိဥာဉ် သားရဲပဲ … နောက်ထပ်နှစ်ကြိမ်ဆိုရင်တော့ သားရဲ အဆီအနှစ် စွပ်ပြုတ်က အဆင်သင့် ဖြစ်သင့်ပြီ… အဲဒီအချိန်ဆိုရင်တော့… ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်အတွက် စတင် တိုက်ခိုက်ရတော့မယ်…”


၀မ့်တင်းက တုန်တုန်ယင်ယင်နှင့် ကုလားထိုင်ရှိရာသို့ သွား၍ ထိုင်ချလိုက်သည်။ ထို့နောက် သူ၏ ခြေထောက်များကို သားမွှေးစောင်နှင့် ခြုံထားလိုက်ပြီး ကုလားထိုင်ကို လှုပ်၍ အေးအေးသာသာ အနားယူနေလေသည်။


……


လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် ဆိုင်ငယ်လေးဆီသို့ ၀င်ထွက်သွားလာသူများ ပိုမိုများပြားလာလေသည်။ သူတော်စင်အဆင့်များက စိတ်မရှည်နိုင်တော့ပဲ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်၏ ကြီးထွားမှုကို သူတို့ကိုယ်တိုင် လာရောင်ကြည့်ရှုကြသည်။


ထိုသူများထဲမှ အချို့က စားသောက်ဆိုင်ငယ်လေးမှ စားဖိုမှုး၏ လက်ရာကို မြည်းစမ်းကြည့်ကြပြီး ကြိုက်နှစ်သက်သွားကြလေသည်။ ထိုသူများက ဆိုင်၏ ပုံမှန် ဖောက်သည်များ ဖြစ်လာကြသည်။ သူတို့က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်လေး၏ သိမြင်မှု မှတ်စုများကြားတွင် အစားအသောက်ကောင်းများ စားနေရသည်ကို နှစ်သက်နေကြသည်။


စားသောက်ဆိုင်ငယ်လေး၏ ထောင့်တွင် နေရာယူထားသော မြေအိုးတစ်လုံးထဲတွင် တဖြည်းဖြည်း ကြီးပြင်းလာသော ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ငယ်လေး ရှိနေလေသည်။ ထိုသစ်ပင်လေး၏ သစ်ရွက်များက မှောင်မိုက်သော အစိမ်းရောင်ကို ဖော်ဆောင်ထားကြသည်။ ထိုသစ်ရွက်များပေါ်တွင် မြွေသေးသေးလေးများကဲ့သို့ ရှုပ်ထွေးလှသော မျဉ်းကြောင်းများ ရှိနေသည်။


သစ်ရွက်များ ကြားထဲတွင် ပုန်းအောင်းနေသော သစ်သီးသုံးလုံး ရှိနေလေသည်။ ထိုသစ်သီးလေးများ ချိတ်တွယ်နေသော အကိုင်းအခက်များပေါ်တွင် အပြာရောင် တိမ်တိုင်သဏ္ဍာန် လေးခု ဖြစ်ပေါ်နေကြသည်။ ထိုအပြာရောင် တိမ်ပုံသဏ္ဍာန် ငါးခု ဖြစ်လာသည်နှင့် သစ်သီးလေး ရင့်မှည့်လာပြီဟု ဆိုနိုင်လေသည်။ သို့သော် ယနေ့အထိ တိမ်ပုံသဏ္ဍာန် လေးခုသာ ရှိသေးပြီး ငါးခုဖြစ်ပေါ်လာရန် တစ်ခု လိုနေပေသည်။


“ရှောင်ယီ … ဟင်းပွဲချပေး…” ပုဖန်၏ ငြင်သာသော အသံက မီးဖိုချောင်ဘက်မှ ထွက်ပေါ်လာသည်။


ထိုအချိန်တွင် ပုဖန်က အငွေ့တထောင်းထောင်း ထနေသော ငါးခေါင်းတို့ဟူး စွပ်ပြုတ်ကို ပြတင်းပေါက်ဘောင်ပေါ်သို့ လှမ်းတင်လိုက်သည်။


စားသောက်ဆိုင်ထဲတွင် ခေါက်တုန့်ခေါက်ပြန် လှုပ်ရှားနေသော ကွမ်းရှောင်ယီက ဟင်းပွဲကို သေချာစွာကိုင်၍ အနီရောင် ၀တ်စုံနှင့်လူ ထိုင်နေသော စားပွဲပေါ်တွင် တင်ပေးလိုက်သည်။


“ဒီမှာ … မင်းရဲ့ ငါးခေါင်း တို့ဟူး စွပ်ပြုတ် ကောင်းကောင်း သုံးဆောင်ပါ….”


ကွမ်းရှောင်ယီက သူ၏ ပုံစံအတိုင်း တက်ကြွစွာ ပြောလိုက်ပြီး အနီရောင် ၀တ်စုံနှင့် လူကို ကြည့်လိုက်သည်။ ထိုသူက လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နေ့တိုင်းနီးပါး လာရောက်လေ့ရှိပြီး အခေါက်တိုင်းတွင် မတူညီသော ဟင်းပွဲများကို မှာယူစားသောက်လေသည်။ ယင်ကောင်ကဲ့သို့ ဝေ့လည်ကြောင်ပတ် လုပ်နေသော အခြားသူတော်စင်အဆင့်များနှင့် မတူပဲ စားပြီးသည်နှင့် ချက်ချင်း ထပြန်သွားတတ်လေသည်။


“ကျေးဇူးတင်ပါတယ်…”


အနီရောင် ၀တ်စုံနှင့်လူက နွေးထွေးစွာ ပြုံးပြလိုက်ပြီး သူ၏ ဟင်းပွဲကို ကြည့်လိုက်သည်။


ယခုအချိန်တွင် စားသောက်ဆိုင်ငယ်လေးမှ စားကောင်သောက်ဖွယ်များက မုလင်းဖုန်ကို အနိ်ုင်ရသွားပြီဖြစ်သည်။ ပထမအကြိမ် စားသောက်စဉ်က သူ့ဘ၀တစ်လျောက်တွင် မစားဘူးခဲ့သော နတ်သုဒ္ဓါကို စားလိုက်ရသကဲ့သို့ အံ့သြမှင်သက်သွားခဲ့သည်။ ခန္ဒာကိုယ်တစ်ခုလုံး လှုပ်ခါသွားပြီး ပျော်ရွှင်မှုက သူ၏ နှလုံးသားထဲမှ ခုန်ပေါက်ထွက်လာလေသည်။


သူတစ်ယောက်တည်းသာ ထိုသို့ ဖြစ်သည်မဟုတ်ပဲ သူ့အနီးမှ အခြားသူတော်စင်အဆင့်များလည်း အတူတူပင် ဖြစ်သည်။ သူတို့၏ မှာယူထားသော ဟင်းပွဲကို စားသောက်ပြီးသည်နှင့် ချက်ချင်း ပြန်ထွက်ခွာသွားကြသည်။


“နှမျောစရာ ကောင်းတာက သစ်သီး ရင့်မှည့်လာတာနဲ့ ဒီဆိုင်လေးက စစ်မြေပြင်တစ်ခု ဖြစ်လာလိမ့်မယ်..အဲဒီအချိန်မှာ သူရှင်သန်နိုင်ပါ့မလားလို့တောင် တွေးမိတယ်…. ဒီလိုမျိုး ကောင်းမွန်တဲပ အစားအသောက်တွေစားသောက်ပြီး ရလာတဲ့ ပျော်ရွှင်မှုမျိုး နောက်တစ်ခါ ရနိုင်ပါ့မလား….”


မုလင်းဖုန်က တီးတိုးရေရွတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။


ဟမ်…


ငါးစွပ်ပြုတ်တစ်ဇွန်း ခပ်သောက်လိုက်ချိန်တွင် သူ၏ ကျောက်စိမ်းအဆောင်က လှုပ်ရှားလာသောကြောင့် ထုတ်ယူလိုက်သည်။ ထိုအဆောင်သို့ သတင်းတိုလေးတစ်ခု ရောက်ရှိလာပုံ ပေါ်လေသည်။


“အကြီးအကဲပြန့်က ဒီကို ရောက်နေပြီလား…”


လက်တစ်ဖက်က ငါးစွပ်ပြုတ်ဇွန်းကို ကိုင်ထားပြီး အခြားတစ်ဖက်က ကျောက်စိမ်းအဆောင်ကို ကိုင်ထားသော မုလင်းဖုန်က အနည်းငယ် အံ့အားသင့်သွားသည်။


ဖြီး…


မုလင်းဖုန်က သူသောက်ထားသော ငါးစွပ်ပြုတ်များကို ရုတ်တရက် ထွေးထုတ်လိုက်မိသည်။ ကျောက်စိမ်းပြားဆီမှ သတင်းတိုလေးကြောင့် သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာလေသည်။ သူက ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။


“ရှန့်မု…. ဒီကျပ်မပြည့်တဲ့ကောင်က အကြီးအကဲရှားကို ခေါ်လာခဲ့တယ်.. အခုတောင်က ဒီမြို့ထဲမှာ အကြီးအကဲတွေ ရှုပ်ရှက်ခတ်နေပြီ… သူက အခုချိန်မှာ နေရာရွှေ့ပြောင်းဖို့ ကြိုးစားနေတာလား….”


မြေရိုင်းလွင်ပြင်ဒေသမှ ဘုရားကျောင်းသုံးခုက အများထင်နေသကဲ့သို့ တည့်မြတ်ခြင်း မရှိကြပေ။ ဘုရားကျောက်များက တစ်ခုနှင့်တစ်ခု မကြာခဏ ယှဉ်ပြိုင်နေကြလေသည်။ မုလင်းဖုန်က သားရဲခန်းမမှ လူတစ်ယောက်ဖြစ်ပြီး အကြီးအကဲပြန့်က ဘုရားကျောင်း၏ ကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်သည်။


ရှန့်မုက ဒေါသနတ်ဆိုး ခန်းမမှ ဖြစ်သည်။ သူတို့၏ အမည်အတိုင်း ခွန်အားကြီးမားသော်လည်း ဥာဏ်ရည် နည်းပါးလေသည်။ အကြီးအကဲ ရှားက ဒေါသနတ်ဆိုးခန်းမ၏ အကြီးအကဲ တစ်ယောက်ဖြစ်ပြီး ဖျက်ဆီးသည့်နေရာတွင် ကျော်ကြားသူတစ်ယောက် ဖြစ်သည်။


ငါးလမ်းကြောင်းသိမြင်မှု သစ်သီး ရင့်မှည့်လာချိန်တွင် ထိုကဲ့သို့သော လူများ မြို့တော်သို့ ရောက်ရှိလာခြင်းမှာ ကောင်းသည့်အချက် မဟုတ်နေပေ။