အခန်း ၂၂၀ “ငါက ရိုက်တယ် ဆိုရင်ရော…”
အင်ပါယာမြို့တော်၏ ခန့်ညာထည်ဝါလှသော အဓိကခန်းမထဲတွင် တိတ်ဆိတ်နေပြီး ခွေးတစ်ကောင် ကြောင်တမြှီးမျှပင် မတွေ့ရချေ။
ဂျိချန်းယွဲ့က မိန်းမစိုးများ အပါအ၀င် နန်းတွင်သူ နန်းတွင်းသားများ အားလုံးကို နှင်လွှတ်ထားခြင်း ဖြစ်သည်။ သူက နဂါးပလ္လင်ပေါ်တွက် မျက်လုံးများ အသာမှိတ်၍ တိတ်ဆိတ်စွာ ထိုင်နေလေသည်။ အိပ်ပျော်နေခြင်းမဟုတ်ပဲ အတွေးနက်နေခြင်းသာ ဖြစ်သည်။
ယခုလက်ရှိ အင်ပါယာမြို့တော်၏ အခြေအနေက သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေပြီဖြစ်သည်။ သူက ဧကရာဇ်တစ်ပါး ဖြစ်နေသော်လည်း အကူအညီ မဲ့မှုနှင့် စွမ်းအားမဲ့မှုကို ခံစားနေရလေသည်။ ရှောင်မန်က သူ့ထံသို့ အစီရင်ခံစာ အသစ်များကို ပေးပို့လိုက်သောကြောင့် သူက လေ့လာလိုက်ပြီး အတွေးနက်နေခြင်း ဖြစ်သည်။
အင်ပါယာမြို့တော်က ယခုအချိန်တွင် သူ၏ ထိန်းချုပ်မှုအောက်၌ မရှိတော့ပေ။ အဆင့်ရှစ် စစ်နတ်ဘုရားများပင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ သူတို့၏ တည်ရှိ်မှုက လေအလင်းအင်ပါယာ မြို့တော်၏ စွမ်းအားကိုပင် ထိုးဖောက်ဖြတ်ကျော်နိုင်လေသည်။ ဆိုလိုသည်မှာ လေအလင်း အင်ပါယာ မြို့တော်က အင်ပါယာအတွက်ပင် ကာကွယ်နိုင်စွမ်း မဲ့နေပြီဖြစ်သည်။
လွန်ခဲ့သောအချိန်က အင်ပါယာမြို့တော်ထဲတွင် သူတော်စင်အဆင့်များသာ ရှိနေခဲ့ပြီး ရှောင်မန်က သူတော်စင်အဆင့် အထွတ်အထိပ် ဖြစ်သောကြောင့် ထိုသူများ အားလုံးကို ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သို့သော် စစ်နတ်ဘုရားအဆင့်များကို ရှောင်မန်က လွှမ်းမိုးနိုင်စွမ်း မရှိတော့ပေ။
ယခင်အချိန်က ကြားပင်မကြားခဲ့ဖူးသော စစ်နတ်ဘုရား အဆင့်များက အင်ပါယာမြို့တော်ထဲတွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ထိုသူတို့၏ ရည်ရွယ်ချက်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်သာ ဖြစ်ပေသည်။ ထို့ကြောင့် ပုဖန်၏ ဆိုင်ငယ်လေးက ပြသနာကြီးများကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ဂျိချန်းရွဲ့က သူ၏ မျက်ခုံးများကို ပွတ်သပ်လိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။
“ကိစ္စမရှိဘူး… ဒါကို ခေါင်းခြောက်နေလဲ အကြံဥာဏ်ကောင်းတွေ ထွက်လာမှာမဟုတ်ဘူး…. အဲတော့ ပိုင်ရှင်ပု ကိုယ်တိုင်ပဲ ရှင်းလိမ့်မယ်… သူ့မှာ စောင့်ရှောက်နေတဲ့ အဆင့်မြင့်သားရဲ ရှိပြီးတော့ ဝှက်ဖဲတွေလဲ ရှိသေးတယ်…. အဆင့် ရှစ် စစ်နတ်ဘုရားတွေက သူ့ဆိုင်ကို အလွယ်တကူ ဖျက်စီးနိုင်မယ်လို့တော့ မထင်ဘူး…”
…….
၀ူယွမ်ပိုင်က သူမ၏ ရှေ့တွင် ရပ်နေသော လူကို အကဲခတ်ကြည့်ရှုနေလိုက်သည်။ ထိုသူက ပေါ့ပေါ့ပါးပါး အ၀တ်အစားကို ၀တ်ဆင်ထားပြီး မျက်နှာတစ်၀က် ဖုံးထားသော ငွေရောင် မျက်နှာဖုံးကို ၀တ်ဆင်ထားသည်။ ဝူယွမ်ပိုင်က ထိုသူ့ကို ကြည့်၍ နောက်သို့ အလိုလို ဆုတ်လိုက်မိသည်။
“အကိုကျန့်ခုန်း… ဘယ်လိုကနေ ဘယ်လို ဒီကို ရောက်လာတာလဲ…” ဝူယွမ်ပိုင်က ကို့ယို့ကားယား အမူအယာနှင့် မေးလိုက်သည်။
ကြမ်းပြင်ကို ကြည့်နေသူက ဝူယွမ်ပိုင်ကို အကြည့်စူးစူးနှင့် တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“အားဝူပြောတာ… မင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်ဆို.. အခုကြည့်ရတာတော့ ဘာမှ ဆိုးဆိုးဝါးဝါးလည်း မတွေ့ပါလား…”
သူ၏ အသံက နွေးထွေးသော်လည်း သီးခြားဆန်သည့် အငွေ့အသက်များ ပါ၀င်နေသည်။
“အုပ်ချုပ်သူ ကျန့်ခုန်း သူမက လွန်ခဲ့တဲ့ ရက်အနည်းငယ်က တကယ်ပဲ ဒဏ်ရာ အပြင်းအထန် ရခဲ့တာပါ… အခု သူမက လူတစ်ယောက်ရဲ့ အကူအညီကြောင့် ပြန်ကောင်းလာတာပါ…” မာစတာ အားဝူက ရိုသေလေးစားဟန်နှင့် ပြောဆိုလိုက်သည်။
သူ၏ ရှေ့မှ အေးစက်သော မျက်နှာနှင့် လူက သာမာန်လူမဟုတ်ပေ။ တိမ်ဖြူစံအိမ်၏ အုပ်ချုပ်သူ လေးဦးမှ တစ်ဦး ဖြစ်သည်။ သူ၏ စွမ်းအင်အဆင့်က အဆင့်ရှစ် စစ်နတ်ဘုရား တစ်ပါးဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထိုသူက အဆင့်ခုနစ် သတ္တဝါတစ်ကောင်ကို လက်ချည်းသက်သက်နှင့် စုတ်ဖြဲခဲ့ပြီး သွေးများဖြင့် ရေချိုးခဲ့သည်။
“ဘယ်သူက နင့်ကို နာကျင်စေတာလဲ….” မျက်နှာဖုံး၏ နောက်ကွယ်မှ ကျန့်ခုန်း၏ မျက်၀န်းများက ဝူယွမ်ပိုင်ထံ ရောက်ရှိလာပြီး မေးလိုက်သည်။
“နင့်အလုပ်မဟုတ်ဘူး… ငါ့ဟာငါ လက်စားချေမယ်…” ဝူယွမ်ပိုင်က ဂျစ်ကန်ကန် ပြန်ပြောလိုက်သည်။
ကျန့်ခုန်းက ဝူယွမ်ပိုင်ကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်ပြီး သူမ၏ ခေါင်းကို ခပ်ဖွဖွ တစ်ချက်ပုတ်၍ အခန်းဆီသို့ လျောက်သွားလိုက်သည်။
“အားဝူ.. သူ့ကို ဒဏ်ရာရအောင် ဘယ်သူလုပ်တာလဲ… ပြီးတော့ ဘယ်သူက ကယ်လိုက်တာလဲ ဆိုတာကို ငါ့ကိုပြော…”
“ဟုတ်ကဲ့….” တုန်လှုပ်ခြောက်ခြားနေသော အားဝူက ထိုသူ့နောက်သို့ အလျင်အမြန် လိုက်သွားလေသည်။
၀ူယွမ်ပိုင်က ကျောခိုင်းထွက်သွားသော လူနှစ်ယောက်ကို ကြည့်၍ မျက်နှာက ဆူပုပ်လာပြီး ခြေဆောင့်လိုက်သည်။
“မဟာယာနကျွန်းက ဗုဒ္ဓဂိုဏ်း….”
ကျန့်ခုံးက စိတ်ရှုပ်ထွေးစွာဖြင့် အားဝူကို တစ်ချက် ကြည့်လိုက်သည်။ ထိုဂိုဏ်းသေးမွှားလေး တစ်ခုက တိမ်ဖြူစံအိမ်ကို ဘာကြောင့် ရန်စရဲသည်ကို တွေးလိုက်မိသည်။ သို့သော် ထိုအကြောင်းနှင့် ပတ်သတ်၍ သူက ဆက်မမေးတော့ချေ။ သူက ဝူယွမ်ပိုင်ကို ဒဏ်ရာရအောင် လုပ်လိုက်သူကိုသာ သိလိုခြင်း ဖြစ်သည်။
“အဲဒီတော့… သူ့ကို ဘယ်သူက ကုသပေးတာလဲ…”
“အဲဒါက… စားသောက်ဆိုင်လေး တစ်ဆိုင်ရဲ့ ပိုင်ရှင်ပါ.. အဲဒီဆိုင်ငယ်လေးက အင်ပါယာ မြို့တော်ထဲမှာ မကြာသေးခင်ကမှ နံမည်ကြီးနေတဲ့ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ပိုင်ဆိုင်ထားတဲ့ ဆိုင်ပါ…” အားဝူက လေးစားစွာ ပြန်ပြောလိုက်သည်။
“အိုး… အဲဒီဆိုင်လား… ငါဒီကို ရောက်တော့ … ဒေါသနတ်ဆိုးခန်းမက ငှက်အိုကြီးကိုတောင် တွေ့လိုက်တယ်.. တကယ်လို့ ငါခန့်မှန်းတာ မမှားဘူးဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်က မင်းခုဏက ပြောလိုက်တဲ့ ဆိုင်ငယ်လေးပဲ ဖြစ်ရမယ်…” ကျန့်ခုန်းက မှတ်ချက်ပြုလိုက်သည်။
၀ူယွမ်ပိုင်၏ မျက်နှာက ပြောင်းလဲသွားလေသည်။
“ဒေါသနတ်ဆိုးခန်းမက ငှက်အိုကြီး…”
ကျန့်ခုန်း၏ အာရုံကို ရယူနိုင်သူက အဆင့်ရှစ် စစ်နတ်ဘုရားတစ်ပါးသာ ဖြစ်နိုင်ပေသည်။ နောက်ဆုံးတွင် သူတို့က စတင်လှုပ်ရှားလာပြီဖြစ်သည်။ သူတို့က စောင့်ရသည်ကို ငြီးငွေ့လာပုံ ရလေသည်။
“ကျန့်ခုန်း…”
“ဘာမှ ထပ်မပြောနဲ့ … နင်ဘာပြောချင်နေတာလဲ ဆိုတာ ငါသိတယ်… ငါ့မှာလဲ ငါ့အစီအစဉ်နဲ့ ငါရှိတယ်… အဲတော့ အရင်ဆုံး အနားယူလိုက်… အခု အလေအလင်းအင်ပါယာရဲ့ အခြေအနေက အရမ်းကို ရှုပ်ထွေးနေပြီ… အခု ငါ့ရဲ့ အလုပ်က စံအိမ်သခင်ရဲက ဆန္ဒအတိုင်း မင်းကို စံအိမ်ရောက်အောင် ဘေးမသီ ရန်မခပဲ ပြန်ပို့နိုင်ဖို့ပဲ … အဲတော့ ကိုယ်ကိုယ်ကိုယ် ဂရုစိုက်….”
ကျန့်ခုန်းက ဝူယွမ်ပိုင်၏ စကားကို ဖြတ်ပြောလိုက်ပြီး မတ်တပ်ရပ်ကာ လက်နှစ်ဖက် နောက်ပစ်၍ ထွက်သွားလေသည်။
“ဒီမောက်မာတဲ့ လူကတော့…” ဝူယွမ်ပိုင်က ကျန့်ခုန်းကို ကြည့်၍ ဒေါသထွက်သွားလေသည်။
“အားဝူ… သူ့ကို ကောင်းကောင်းကြည့်ထား… ငါပြန်မလာမချင်း ဘယ်မှ မသွားစေနဲ့…” ကျန့်ခုန်းက ဘေးတွင် ရပ်နေသော မာစတာ အားဝူကို ညွှန်ကြားလိုက်သည်။
အားဝူ၏ နှလုံးသားက တုန်လှုပ်သွားပြီး ကျောရိုးတစ်လျောက် စိမ့်တက်သွားကာ ခပ်မြန်မြန် ခေါင်းညိမ့်လိုက်သည်။
ကျန့်ခုံးက သူတို့ကို လှည့်မကြည့်တော့ပဲ တည်းခိုခန်းထဲမှ အလျှင်အမြန် ပျောက်ကွယ်သွားလေသည်။ သူက သွားလာလှုပ်ရှားသူများနှင့် စည်ကားနေသော အင်ပါယာမြို့တော်၏ လမ်းမထက်တွင် ပေါ်လာလေသည်။ သူက မျက်လုံးမှိတ်၍ အာရုံခံလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူက ခန်းနားကြီးကျယ်လှသော ခြံ၀န်းတစ်ခုထဲသို့ ရောက်ရှိသွားလေသည်။ ထို့နောက် သူရောက်နေသော ခြံ၀န်းကို တစ်ချက် အကဲခတ်လိုက်ပြီး မျက်၀န်းများ မှေးစင်းသွားလေသည်။
“စစ်နတ်ဘုရားတစ်ပါးတောင် မရှိတဲ့ မဟာယာနကျွန်းရဲ့ ဂိုဏ်းသေးသေးလေး တစ်ခုက ဘယ်လိုလုပ်ပြီးတော့ ငါတို့ သခင်ငယ်ကို နာကျင်စေရဲတာလဲ… ဘယ်လို ငတုံးမျိုးက ဒီလောက်တောင် ကန်းနေတာလဲ…”
ငွေရောက်မျက်နှာဖုံးအာက်မှ ကျန့်ခုန်း၏ မျက်လုံးများက မှိတ်ထားသော်လည်း နှုတ်ခမ်းတွန့်၍ ပြုံးလိုက်မိသည်။ သူက ပြင်းပြင်ထန်ထန် လှုပ်ရှားခြင်းမရှိပဲ လက်ကို မြှောက်၍ လေထုထဲသို့ ဖမ်းဆုတ်လိုက်သည်။ လေထုထဲမှ ဝိဥာဉ်စွမ်းအင်များက သူ၏ လက်ဖဝါးတွင် ချက်ချင်း လာရောက် စုဝေးနေလေသည်။
လေဟာနယ်ထဲတွင် ကြီးမားသော စွမ်းအင်တစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုစွမ်းအင်များက သိမ်မွေ့နူးညံ့သည်ဟု ထင်ရသော်လည်း မမြင်နိုင်သော စွမ်းအင်လှိုင်းများ ပြန့်နှံ့နေလေသည်။ သူက ခေါင်းအနည်းငယ် စောင်းလိုက်ပြီး စွမ်းအားများ ပြည့်နှက်နေသော လက်ဝါးနှင့် အဆောက်အဦးများကို ဖိချလိုက်သည်။ ထိုအချိန်တွင် လေနှင့် မိုးများ တိုက်ခတ်လာပြီး အဆောက်အဦးများက ထိန်းချုပ်မရနိုင်လောက်အောင် လှုပ်ခတ်သွားလေသည်။
ခြံ၀န်းထဲရှိ လျှို့ဝှက်အခန်းတစ်ခုထဲတွင် ထိုင်နေသော ကျောက်မူရှန်က ရုတ်တရက် မျက်လုံးများ ပွင့်လာလေသည်။ သူ၏ မျက်၀န်းထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေသည်။
“ဘယ်စစ်သည်တော်များ ရောက်လာတာလဲဆိုတာ သိချင်ပါတယ်… ကျွန်တော် ကြိုဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက်လဲ တောင်းပန်ပါတယ်…”
အသံနှင့်အတူ ကျောက်မူရှန်က ကြောက်စရာကောင်းလှသော စွမ်းအင်များကို ချိုးဖျက်၍ ခြံ၀န်းထဲသို့ ပြေးထွက်သွားလိုက်သည်။ ခြံ၀န်းအထက် လေထုထဲတွင် ရပ်တန့်လိုက်ပြီး ခေါင်းပေါ်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော လက်ဝါးကြီးကို မြင်လိုက်ရသောကြောင့် ကျောက်မူရှန်၏ မျက်၀န်းများ စူးရှသွားပြီး သူ၏ နှလုံးသားထဲတွင် တုန်လှုပ်လာလေသည်။
“ကျောက်မူရှန်… မင်းထွက်လာတာ အချိန်ကောင်းပဲ… မင်းက ငါတို့ တိမ်ဖြူစံအိမ်က လူကို ထိခိုက်အောင် လုပ်ရဲတယ်ဆိုတော့… မင်းရဲက သေမင်းကို ရင်ဆိုင်လိုက်တော့…”
ကျန့်ခုန်းက လေထဲမှ ကျောက်မူရှန်ကို အေးစက်စက် စိုက်ကြည့်၍ နှုတ်ခမ်းတွန့်လိုက်သည်။ သူက စကားအပို မပြောတော့ပဲ ကောင်းကင်ပေါ်မှ လက်ဝါးကို ကျောက်မူရှန် ရှိရာသို့ ဖိချလိုက်သည်။
ဘန်း…
မိုးချိန်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်လှသော စွမ်းအင်များက ကျောက်မူရှန်၏ ခန္ဒာကိုယ်ပေါ်သို့ ကျရောက်လာလေသည်။ ထိုဖိအားကြောင့် ကျောက်မူရှန်က သူ၏ ခန္ဒာကိုယ်အတွင်းမှ အရိုးများပင် ကွဲအက်လာသည်ဟု ခံစားလိုက်ရလေသည်။
ကျောက်မူရှန်၏ မျက်လုံးထဲတွင် အဆုံးမဲ့ ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ပြည့်နှက်လာလေသည်။ ထိုကြောက်မက်ဖွယ် ကောင်းလှသော ခွန်အားကို သူ့အနေနှင့် လုံး၀ မတွန်းလှန်နိုင်ပေ။ သူ၏ မျက်စိရှေ့မှ လူက စစတ်နတ်ဘုရားတစ်ပါး ဖြစ်နိုင်လေသည်။
စိတ်ဝိဥာဉ်စွမ်းအားများနှင့် ပြည့်နှက်နေသော လက်ဝါးကြီးက ဆက်လက် ဖိချလာသောကြောင့် ကျောက်မူရှန်က မြေပြင်ပေါ်တွင် ပြားပြား၀ပ်သွားပြီး ခန်းနားကြီးကျယ်လှသော ခြံ၀န်းကြီးကလည်း ပျက်စီးသွားလေသည်။ မြေပြင်ပေါ်တွင် လဲကျနေသော ကျောက်မူရှန်နှင့် လက်ဝါးရာကြီးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
နောက်ဆက်တွဲ ပြသနာ တစ်ရပ်အနေနှင့် မြေပြင်တုန်ခါမှုက အပြင်ဘက်သို့ ပြန့်ကားသွားပြီး အင်ပါယာ မြို့တော်တစ်ခုလုံးကို ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားစေလေသည်။ ပြင်းထန်လှသော ဆူညံမှုက လူအားလုံးကို ဆွဲဆောင်သွားလေသည်။
ရှောင်စံအိမ်ထဲတွင် အနားယူနေသော ရှောင်မန်က သူ၏ စိတ်နှလုံးက လည်ချောင်းထဲသို့ ခုန်တက်လာသည်ဟုပင် ခံစားလိုက်ရလေသည်။ ထိုကြောက်မက်ဖွယ် ဖိအားကို အာရုံခံလိုက်မိသောကြောင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
ဘုန်း… ဘုန်း… ဘန်း…
ကျောက်တုံးကျောက်ခဲများက ပေါက်ကွဲလွင့်စင်ထွက်နေလေသည်။ ထိုပေါက်ကွဲမှုကြောင့် ကျောက်မိုရှန်၏ ခန္ဒာကိုယ်မှ သွေးများ ယိုစီးကျလာလေသည်။
ကျောက်မူရှန်က ခက်ထန်သော အမူအယာနှင့် ကျန့်ခုန်းကို စိုက်ကြည့်လိုက်သည်။ သူက စကားတစ်ခွန်းမှ မဆိုပဲ မြေပြင်ကို ဆောင့်နင်း၍ ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
မျက်နှာဖုံးအောက်မှ ကျန့်ခုံး၏ မျက်လုံးများက သူ့ကို အေးစက်စက် စိုက်ကြည့်နေပြီး လှောင်ပြုံးပြုံးလိုက်သည်။ သူ၏ စွမ်းအင်များကို လှည့်ပတ်လိုက်သောအခါ တောင်ပံတစ်စုံက သူ၏ ကျောပေါ်တွင် ထွက်ပေါ်လာလေသည်။ ထို့နောက် ကျောက်မူရှန်၏ ဘေးသို့ ရုတ်တရက် ရောက်ရှိသွားလေသည်။
“မင်းကို ငါက သွားခွင့်ပြုတယ်လို့များ ပြောမိလို့လား…”
“မင်း…ဒီထက် ပိုမလွန်လာနဲ့…” ကျောက်မူရှန်က အော်ဟစ်လိုက်သည်။
ကျန့်ခုန်းက သူ့အပေါ်တွင် အနည်းငယ် အာရုံပြောင်းသွားရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ သူ၏ သေခြင်းတရားနှင့် ရင်ဆိုင်ရန် အဆင်သင့် မဖြစ်သေးပေ။
“အိုး… ငါက မင်းကို ထက်ရိုက်မယ်ဆိုရင်ရော… ဘာဖြစ်မှာလဲ… မင်းက ငါ့လူတွေကို ဒဏ်ရာရအောင် တိုက်ခိုက်ပြီးမှ အေးအေးဆေးဆေး စကားပြောချင်နေတာလား….” ကျန့်ခုန်းက အေးစက်စက်ပြောလိုက်ပြီး ခန္ဒာကိုယ်ကို လှည့်၍ ကျောက်မူရှန်ကို ကန်ထုတ်လိုက်သည်။
ကြောက်စရာ ကောင်းလှသော အင်အားက လေထုကိုပင် ရပ်တန့်သွားစေလေသည်။
ကျောက်မူရှန်က သွေးတစ်ပွက် အန်လိုက်ရလေသည်။ ထိုအချိန်တွင် သူ၏ အသက်အရွယ်က အိုမင်းလာပြီး ပျက်စီးလွယ်သည့်ပုံ ပေါက်နေလေသည်။
တုန်လှုပ်ခြောက်ခြားနေသော ကျောက်မူရှန်က လေထဲတွင် ဟန်ချက်ထိန်း၍ ရပ်တန့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးစသွေးန တချို့ကို သုတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် လျို့ဝှက်သော အမူအယာတစ်ခု ပေါ်လာလေသည်။
ကျောက်မူရှန်က သွေးနီရောင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး အပိုင်းပိုင်း ချိုးချေလိုက်သည်။ သူ၏ ပတ်ပတ်လည်တွင် တောက်ပလင်းလက်သော ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ထိုပုံရိပ်၏ လက်ဝါးက ကျန့်ခုန်းကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး အောက်သို့ ဆက်လက်ဆင်းသက်သွားကာ သွေးနီရောင်အဖြစ် ပြောင်းလဲသွားလေသည်။
ကျန့်ခုန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ခန္ဒာကိုယ်ကို တစ်ပတ်လှည့်၍ သွေးနီရောင် ပုံရိပ်ကို ဆွဲဖြဲလိုက်သည်။. ကြီးမားလှသော ပုံရိပ်က ပျက်စီးသွားပြီး သွေးအမျှင်တန်းလေးများသာ ကျန်ရစ်နေတော့သည်။
“ကောင်တယ်… အရမ်းကောင်းတယ်… ငါက သေသည်အထိ တိုက်ခိုက်မယ်လို့ ထင်ခဲ့တာ… သူက အာရုံပြောင်းပြီးတော့ ပြေးသွားသေးတယ်… ဒါကို ပညာရှိတယ်လို့ ခေါ်တာလား… ဘာပဲ ဖြစ်ဖြစ် သူတို့က ဂိုဏ်းငယ်လေး တစ်ခုပဲလေ… ဘာကို ဂရုစိုက်ရမှာလဲ….”
ကျန့်ခုံး၏ ကျောဘက်မှ ထွက်ပေါ်နေသော တောင်ပံတစ်စုံက တစ်ဖြည်းဖြည်း မှိန်ဖျော့လာကာ ပျောက်ကွယ်သွားလေသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ခြံ၀န်းထဲမှ ထွက်ခွာသွားလေသည်။ သူ၏ အနောက်ဖက်တွင် အပျက်အစီးများ စုပုံနေသည့် ခြံ၀န်းတစ်ခုသာ ကျန်ခဲ့လေသည်။
…..
အင်ပါယာမြို့တော်၏ လမ်းမထက်တွင် ကြောက်စရာကောင်းသော လူနှစ်ယောက်က အဆင်အခြင်မဲ့ ပြေးလွှားနေလေသည်။ ထိုသူများက သားရေ အ၀တ်အစားများ ၀တ်ဆင်ထားပြီး သူတို့၏ ခန္ဒာကိုယ်က ကြံ့ခိုင် သန်မာလှသည်။ ထိုနှစ်ယောက်အနက် ဦးဆောင်နေသူ၏ ကြွက်သားများက တောင်အသေးလေး တစ်ခုကဲ့သို့ သန်မာလှသည်။ သူ၏ ခန္ဒာကိုယ်မှ ထုတ်လွှင့်နေသော စွမ်းအင်လှိုင်းများက မိုးချိန်းသံကဲ့သို့ အသံများ ဖြစ်နေလေသည်။
အဝေတစ်နေရာမှ ထွက်ပေါ်လာသော မီးခိုးလုံးများကို ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်လေသည်။
“တစ်ယောက်ယောက်ကတော့ ငါတို့ထက်တောင် အရင် လှုပ်ရှားနေပြီ…. ကောင်းတယ်… ငါတို့လဲ နောက်ကျလို့ မဖြစ်ဘူး… ရှန့်မု ငါတို့ အဲဒီဆိုင်ကို အရင်သွားရအောင်…”
ရှားတက အေးစက်စက် ပြုံးလိုက်သည်။ သူ၏ မျက်နှာပေါ်မှ ကြွက်သားများက လှုပ်ရှားသွားသောကြောင့် ပို၍ပင် ကြောက်စရာ ကောင်းလာလေသည်။
သစ်ကျုတ်စီးထားသော ရှန့်မုက ခပ်ဟဟ ရယ်မောလိုက်ပြီး လမ်းကြားလေးကို လက်ညိုးညွှန်ပြလိုက်သည်။
“အကြီးအကဲရှား.. လမ်းကြားလေးကို ချိုးလိုက်တာနဲ့ အဲဆိုင်လေးကို ရောက်ပါပြီ… အရင်က အရူး ကျောက်မူရှန်နဲ့ ပူးပေါင်းခဲ့တယ်…. သူက သူပြောသလိုလုပ်ရင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို ရပြီလို့ပြောတာကို ယုံကြည်ခဲ့တာ ငါဘယ်လောက်တောင် တုံးအလိုက်လဲ… ငါတို့ အချိန်ကုန်တာပဲ အဖက်တင်ပြီး ဘာမှ ပြန်မရလိုက်ဘူး… အဲဒါကြောင့် အကြီးအကဲ ရှားရဲ့ လမ်းညွှန်မှုကို ယူဖို့ ရှာလိုက်ရတာပါ…”
“ဟားဟားဟားဟား… ရှန့်မု… မင်းက အရမ်းကို ဥာဏ်တိမ်တာလဲ… ငါတို့ရဲက ခွန်အားသက်သက်နဲ့ သိမ်းနိုင်နေတာကို ဘာကိစ္စ ခြောက်လှန့်နေရမှာလဲ… အဲဒီဆိုင်ကို သွားလိုက်ရုံပဲလေ… ကမ္ဘာကြီးထဲမှာ ဒေါသနတ်ဆိုးခန်းမ ထွက်လာတာနဲပ အားလုံး ဖိန့်ဖိန့်တုန်သွားစေရမယ်…”
“အခုပဲ အဲဒီဆိုင်ကို သွားကြစို့ ဘာမှ ကြောက်လန့်တကြား ဖြစ်မနေနဲ့ … ရဲရဲသာသွား….”