အပိုင်း ၂၂၁
Viewers 62k

အခန်း ၂၂၁ “ငါ့ဆီမှာ ရတနာ လာရှာတဲ့ သူတွေ အများကြီးပဲ… မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ…”


ပုဖန်က မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ သူက ခန္ဒာကိုယ်ကို အကြောဆန့်လိုက်ပြီး လက်မှ ရေများကို သုတ်၍ ခုံတစ်ခုံပေါ်တွင်ထိုင်ကာ အနားယူနေလိုက်သည်။ တမနက်လုံး မီးဖိုချောင်ထဲတွင် စားသုံးသူများ မှာယူသော အစားအသောက် များကို ချက်ပြုတ်နေရခြင်းမှ တခဏမျ အနားရသွားပြီဖြစ်သည်။ အလုပ်ပါးသည့် အချိန်လေးတွင် ခဏ ခိုးနားရသည့် အရသာက အလွန်ကောင်းမွန်လှသည်။


ခပ်လှမ်းလှမ်းတွင် ငါးစွပ်ပြုတ်သောက်၍ ထိုင်နေသော မုလင်းဖုန်က ပုဖန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူက နေ့တိုင်းနီးပါး ဆိုင်သို့ လာခဲ့လေသည်။ သူရောက်လာချိန်တိုင်းတွင် ပုဖန်၏ တည်ငြိမ်လှသော အမူအယာကြောင့် ပေါက်ကွဲခါနီး မီးတောင်တစ်ခုကဲ့သို့ ခံစားနေမိလေသည်။ သို့သော် ပုဖန်၏ ကောင်းမွန်လှသော ဟင်းချက်စွမ်းရည်က အစားကောင်း ကြိုက်သူများ အားလုံး၏ အကောင်းဆုံးအဖြစ် သတ်မှတ်နိုင်လောက်အောင် ကောင်းမွန်ပေသည်။


ဆိုင်ငယ်လေးထဲတွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင် မရှိလျင်ပင် သူက နေ့တိုင်းနီးပါး လာရောက်စားသောက်မည်ဖြစ်သည်။ သို့သော် နှမျောစရာ ကောင်းသည်က ရတနာများက ပိုင်ရှင်ကို ဒုက္ခရောက်စေနိုင်သည်ဟူသော စကားအတိုင်း တန်ဖိုးရှိလှသော ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ကြောင့် ဆိုင်ငယ်လေး၏ အဆုံးသတ်ကို ရောက်လာတော့မည်ဖြစ်သည်။ ထိုအချိန်ကလည်း သိပ်မကြာခင်ရောက်ရှိတော့မည်မှန်း သူက သေချာသ်ိနေလေသည်။


“အဲဒီရှန်းမုက အကြီးအကဲရှားကို ဒီဆိုင်ခေါ်လာတယ်… ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လဲ…” မုလင်းဖုန်က အေးခဲကျောက်စိမ်း နှလုံးသားဝိုင်ကို တစ်ငုံစုပ်သောက်လိုက်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။


…….


အင်ပါယာမြို့တော်၏ လမ်းမများကို ဖြတ်ကျော်လာသော သန်မာသည့် လူတစ်စုက တိတ်ဆိတ်အေးချမ်းနေသော လမ်းကြားလေးသို့ ရောက်လာလေသည်။


“အဲဒီနေရာလား….” ရှားတက ရှန့်မုကို တစ်ချက်ကြည့်လိုက်ပြီး မေးမြန်းလိုက်ချိန်တွင် သူ၏ မျက်နှာမှ ကြွက်သားများက လှုပ်ခါသွားပြီး ရက်စက်မည့်ပုံ ပေါက်နေလေသည်။


“ဟုတ်တယ်… အဲဒီ လမ်းကြားလေးထဲက ဆိုင်ပဲ….” သစ်ကျုတ်စီးထားသော ရှန့်မုက ခပ်ပေါ့ပေါ့ ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။


အကြီးအကဲရှားက မျက်မှောင်ကြုံ့၍ သရော်ဟန်ပြုံးလိုက်သည်။


“ဒီနေရာက တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က အဲဆိုင်လေးရဲ့ ထောင့်မှာ တကယ်ပဲ ပေါက်နေတာလား….”


သို့သော်လည်း သူက စကားဆက်မပြောတော့ပဲ သူ၏ ငယ်သားများကို ဦးဆောင်၍ လမ်းကြားထဲသို့ ၀င်သွားလိုက်သည်။ ထိုဆိုင်ငယ်လေးက စိတ်ပျက်ဖွယ်ကောင်းသော နေရာတွင် ရှိသည်ဖြစ်စေ လမ်းကြားလေး၏ ထောင့်တွင် ရှိသည်ဖြစ်စေ သူ့အတွက် အရေးမပါပေ။ သူ၏ ရည်ရွယ်ချက်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်သာ ဖြစ်သည်။ ထိုဆိုင်လေးက ပြသနာမဟုတ်ပဲ သူက ရှင်းပစ်နိုင်စွမ်း ရှိလေသည်။


အကြီးအကဲရှားက ဆိုင်၏ အပေါက်၀တွင် ရပ်၍ ဇာတ်ချိုးလိုက်သည်။ သူ၏ ခန္ဒာကိုယ်မှ ကြွက်သားများက စတင်တုန်ခါလာပြီး နှလုံးခုန်သံများ ကျယ်လောင်လာသည်။


သူ၏ နောက်မှ ရှန့်မုက မျက်လုံးများ မှေးစင်းလိုက်ပြီး အကြီးအကဲ ရှားဘက်သိ်ု့ လှည့်၍ မေးလိုက်သည်။


“အကြီးအကဲရှား… ငါတို့ အထဲ၀င်မှာလား မ၀င်ဘူးလား…”


“လာခဲ့… ငါတို့ အရင်ဆုံး ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို သွားကြည့်ကြမယ်… ငါမင်းပြောတာကို မယုံသေးဘူး… မင်းပြောတာ အမှန် ဟုတ်မဟုတ် သွားစစ်ဆေးရမယ်… ကျောက်မျက်ရတနာလို တန်ဖိုးရှိ်တဲ့ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က ဘယ်လိုဖြစ်လို့ လမ်းကြားလေးထဲက ကြုံရာဆိုင်မှာ ပေါက်နေမှာလဲ…ဟမ့်…”


အကြီးအကဲ ရှားက မဲ့၍ ပြောလိုက်သည်။


ရှန့်မုက မည်သို့ တုန့်ပြန်ရမှန်း မသိပဲ ဖြစ်သွာလေသည်။ ထို့နောက် သူက ရယ်မောလိုက်ပြီး ရှေ့မှ ဦးဆောင်၍ ၀င်သွားလိုက်သည်။


ဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် နွေးထွေးသော လေထုက လာရောက်ရိုက်ခတ်သောကြောင့် သူ၏ အမူအယာက ပြောင်းလဲသွားလေသည်။ အထူးသဖြင့် သူတော်စင်အဆင့်တစ်ယောက် ဖြစ်သော သူက စိတ်ဝိဥာဉ် စွမ်းအင်များကို ပို၍ ခံစားနိုင်လေသည်။ လေထဲတွင် ပြန့်နှံ့နေသော အစားအစာများ၏ မွှေးရနံ့နှင့် စိတ်ဝိဥာဉ် စွမ်းအင်များက အံ့သြဖွယ် ကောင်လှပေသည်။


ဆိုင်အတွင်းမှ လေထုက အပြင်ဘက်ရှိ လေထုနှင့် သိသိသာသာ ကွာခြားနေလေသည်။ တစ်ခါ တစ်ရံတွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးမှ ပြန့်လွင့်လာသော သိမြင်မှု မှတ်စုများက လူတစ်ယောက်၏ နှလုံးသားထဲထိ ထိုးဖောက်၀င်ရောက်နေလေသည်။


“ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်က တကယ်ရှိနေတာပဲ…”


ရှန့်မု၏ မျက်၀န်းများက တောက်ပသွားပြီး သူ၏ နောက်မှ ဆိုင်ထဲသို့ ၀င်လာသော အကြီးအကဲ ရှားကို လှည့်ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအယာက အနည်းငယ် ထူးဆန်းနေလေသည်။


“ကျေးဇူးပြုပြီး မင်းတို့နောက်က မီနူးကို ကြည့်လိုက်ပါ… မင်းတို့ မှာချင်တာ တစ်ခုခုရှိရင် ငါ့ကိုပြောပါ…”


ကွမ်းရှောင်ယီက ဆိုင်ထဲသို့ ၀င်လာသော လူများကို ကြည့်၍ နဖူးကြောများ ရှုံ့လိုက်မိသည်။ စားသောက်ဆိုင်လေးက သေးငယ်သောကြောင့် လူသစ်များ ရောက်လာသောအခါ အနည်းငယ် ကြပ်သိပ်နေလေသည်။


“စားစရာမှာရမယ်… ဟားဟားဟား… ကလေးမလေး ငါတို့က ဒီမှာလာစားတာ မဟုတ်ဘူး… ဒီနေရာမှာ ရတနာ လာရှာတာ…” ရှန့်မုက ဟားတိုက်ရယ်မော၍ ပြောလိုက်သည်။


ကွမ်းရှောင်ယီက တုန်လှုပ်ခြောက်ခြားသွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားလေသည်။


ထိုင်ခုံပေါ်တွင် ထိုင်၍ အနားယူနေသော ပုဖန်က နဖူးကြောများ တွန့်ရှုတ်၍ ထိုသူတို့ကို ကြည့်လိုက်သည်။


“ဆိုင်ရှင်ကို မြန်မြန် ခေါ်လိုက်… သူ့ကို ပြောလိုက်… တကယ်လို့ ဒီဆိုင်ကို ထပ်ဖွင့်ချင်ရင် ဒီနေရာကို မြန်မြန်လာလို့…” ရှန့်မုက ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်သည်။


ပုဖန်က ခုံမှ ထလိုက်ပြီး ထိုသူများ ရှေ့သို့သွား၍ ကွမ်းရှောင်ယီကို ကာရပ်လိုက်သည်။


“ဒီဆိုင်ရှင်က ငါပဲ … ဘာကိစ္စရှိလို့လဲ…”


ခပ်လှမ်းလှမ်းတွင် ထိုင်နေသော မုလင်းဖုန်က ခေါင်းခါရမ်းလိုက်သည်။ ထိုသူများက ဒေါသနတ်ဆိုး ခန်းမမှ ဖြစ်ကြပြီး သူတို့က ခွန်အားသန်မာလာကြသော်လည်း ဦးနှောက်ပျက်နေကာ ဤနေရာတွင် ပြသနာ လာရှာနေလေသည်။ သို့သော် မုလင်းဖုန်က အနည်းငယ်ပင် မလှုပ်ရှားပဲ သူ၏ ငါးစွပ်ပြုတ်ကို ဆက်သောက်နေလေသည်။


“ဘာကိစ္စရှိလဲ… ဟုတ်လား… ငါခုဏ ပြောလိုက်တာကို မင်းမကြားလိုက်ဘူးလား… ငါက ဒီဆိုင်မှာ ရတနာလာရှာတာ… ငါနဲ့ လာကစားမနေနဲ့…. ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ယူလိုက်ပြီ…”


ရှန့်မုက လက်သီးဆုတ်သဏ္ဍာန် လုပ်ပြလိုက်ပြီး သူ့မျက်နှာပေါ်မှ ကြွက်သားများ လှုပ်ခါသွားသည်အထိ ကြောက်စရာကောင်းစွာ ရယ်မောလိုက်သည်။


ပုဖန်က အမူအယာမပျက်ပဲ သူ့ကို ကြည့်၍ မဲ့ပြုံးပြုံးလိုက်သည်။


“ငါ့ဆီမှာ ရတနာ လာရှာတဲ့သူတွေ အများကြီးပဲ… မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ…”


ရှန့်မုက မှင်သက်သွားလေသည်။ သူက ပုဖန်ကို စူးစိုက်ကြည့်လိုက်ပြီး သေဆုံးခြင်း စွမ်းအင်များကို ထုတ်ဖော်လိုက်လေသည်။ သို့သော် သူလှုပ်ရှားရန် ပြင်ဆင်လိုက်ချိန်တွင် အင်အားတစ်ခုက ကြားဖြတ်တားဆီးလိုက်သောကြောင့် အံ့အားသင့်သွားလေသည်။ တံခါး၀မှ ၀င်ရောက်လာသော စွမ်းအင်များက သူ့ကို လှုပ်ရှား၍ မရအောင် ချုပ်ထားလေသည်။


“ဘယ်သူက ဒီဆိုင်မှာ ပြသနာ လာရှာနေတာလဲ….”


အပြင်ဘက်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။


ပုဖန်နှင့် အခြားသူများ အားလုံးက ဆိုင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ သူတို့အားလုံးက ထူးထူးခြားခြား ပြုမူနေသော မြွေလူသားတစ်ယောက်ကို သတိပြုမိသွားလေသည်။


ထိုအချိန်တွင် ပုဖန်က ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။ ထိုမြွေလူသားက ဆိုင်ငယ်လေးကို အမှန်တကယ်ပင် စောင့်ရှောက်ကာကွယ်နေလေသည်။ သူက ထွက်ပေါ်လာလိမ့်မည်ဟု ပုဖန်က မထင်မှတ်ထားခဲ့ချေ။ သူ့ရှေကမှ လူစု၏ အရှိန်အဝါများက ကြောက်မက်ဖွယ် ကောင်လှသည်။ ထိုသူက မည်သည့်နေရာမှ သတ္တိများ စုစည်းလာခဲ့သည်ကို သူက မသိတော့ပေ။


“ဟိုးဟိုး… မင်းက ဒီဆိုင်ကို ကာကွယ်စောင့်ရှောက်နေတာလား….” ရှန့်မုက လှောင်ပြောင်ရယ်မောလိုက်သည်။


“ဒီဆိုင်ရဲ့ ဝှက်ဖဲက အဆင့်ခုနစ် မြွေလူသားတစ်ယောက်လား… တော်တော်ရယ်စရာကောင်းတာပဲ….:


“ငါက ဆိုင်ကို ကာကွယ်ပေးမယ်လို့ ပိုင်ရှင်ပုကို ကတိပေးထားတယ်… ဒါကြောင့် ငါ့ရဲ့ ကတိကို တည်ရမယ်…”


ယုဖန်က တည်ကြည်သော အသံနှင့် ပြောဆိုလိုက်သည်။ ထို့နောက် သူ၏ လက်ထဲတွင် အနက်ရောင် လှံရှည်တစ်ချောင်း ပေါ်လာလေသည်။ ထိုလှံရှည်က လေထုထဲတွင် ဖြတ်သန်းသွားပြီး စားသောက်ဆိုင်ထဲမှ ဒေါသနတ်ဆိုး စစ်သည်တော်များထံ တိုး၀င်သွားလေသည်။


ပုဖန်က တစ်ခုခု ၀င်ပြောရန် ပြင်လိုက်သော်လည်း ရှန့်မုနှင့် သူ၏ ငယ်သားများက ဆိုင်ပြင်သို့ ထွက်သွားကြပြီး လမ်းကြားလေးထဲတွင် ယုဖန်နှင့် တိုက်ခိုက်နေကြပြီဖြစ်သည်။ ပုဖန်က ပြောစရာစကားမဲ့သွားပြီး မျက်လုံးတစ်ချက် လှန်လိုက်မိသည်။ ထိုအခြေအနေကြောင့် သူ၏ စိတ်ထဲတွင် နွေထွေးမှုတစ်ခု ခံစားလိုက်ရလေသည်။


“မြွေလူသားတွေက လေအလင်းအင်ပါယာရဲ့ မြို့တော်ထဲမှာပေါ်လာတာလား… တော်တော်လေး စိတ်၀င်စားဖို့ ကောင်းတာပဲ…” လူအုပ်ထဲမှ ရှားတက မြွေလူသားကို ကြည့်၍ တွေးလိုက်မိသည်။


ထို့နောက် သူက ယုဖန်ကို ကြည့်၍ အော်ရယ်လိုက်လေသည်။


“ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေထဲမှာ တည်ဆောင်ထားတဲ့ မဟာမြွေနဂါး မြို့တော်ရဲ့ သတင်းက ပုန်းကွယ်နဂါး တိုက်ကြီးတစ်ခုလုံး ပြန့်နှံ့နေတာ…. အဲဒီ မြွေအာဏာပိုင်က ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေရဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ အခြေအနေမှာတောင် ကြီးကျယ်ခမ်းနားတဲ့ မြို့ကြီးကို သူတစ်ယောက်တည်း တည်ဆောက်ခဲ့တယ်…”


“အဲဒီအတွက်ကြောင့်လဲ လူအများက သူ့ကို အထင်ကြီး လေးစားခဲ့ကြတယ်… မင်းကရော… အဲဒီ မြွေလူသား အာဏာပိုင် တည်ဆောက်ထားတဲ့ မြွေလူသားမြို့တော်ကလားဆိုတာကို ငါသိချင်တယ်…” ရှားတက အေးစက်စက် မေးလိုက်သည်။


မြွေလူသားယုဖန်က အနောက်သို့ အနည်းငယ် ပြန်ဆုတ်လိုက်ပြီး နဖူးကျောများ တွန့်သည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး ပြန်ပြောလိုက်သည်။


“ငါက မြွေလူသား အာဏာပိုင်တွေရဲ့ မြိုကတော်ကတော့ မဟုတ်ဘူး… ဒါပေမယ့် အနာဂတ်မှာ မြွေလူသားအာဏာပိုင်နဲ့ တွေ့ခွင့်ရမယ့် တစ်ယောက်ပဲ…”


ယုဖန်က သူ၏ အကြောင်းကို ဖွင့်ဟပြောလိုက်ချိန်တွင် ဂုဏ်ယူမှုနှင့် ၀င့်ကြွားနေလေသည်။ မြွေလူသားအဖွဲ့ခွဲမှ သူ့အနေနှင့် မြွေလူသား အာဏာပိုင်နှင့် တွေ့ခွင့်ရသည်မှာ သူ့အတွက် ဂုဏ်ယူစရာပင် ဖြစ်သည်။


“အဲဒီတော့…. မင်းက မြွေလူသား အာဏာပိုင်နဲ့ တွေ့ရမယ့် လူတစ်ယောက်ပေါ့….. ဒီလိုဆိုရင်လည်း မြွေလူသားအာဏာပိုင်နဲ့ တွေ့ရအောင် မင်းကို လွှတ်ပေးလိုက်မယ်… ထွက်သွားစမ်း….”


ရှားတက မြွေလူသားကို ကြည့်၍ လက်ဝှေ့ရမ်းလိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။ အနီးနားတွင် ရပ်နေကြသော ရှန့်မုနှင့် ငယ်သားများကလည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူတို့က မြွေလူသားမျိုးနွယ်များကို အထင်သေးကြလေသည်။


သူတို့နှင့်သားရဲလူသားများက တူညီကြသော်လည်း မြေရိုင်းလွင်ပြင်တွင် နေထိုင်ကြသော သားရဲလူသားများက တိုးတက်လာကြပြီး ဖြစ်သောကြောင့် အဆင့်န်ိမ့်သော အခြားမျိုးနွယ်များကို အထင်သေးကြပြီး လေးစားမှု အနည်းငယ်ပင် မရှိကြပေ။ ထို့အပြင် မြွေလူသားက ဆိုင်ငယ်လေးကို ကာကွယ်ရန်ပင် ကတိပြုထားလေသည်။


“ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ…”


ပုဖန်က တံခါးဘောင်ကို မှီ၍ ထိုမြင်ကွင်းကို အေးစက်စက် ကြည့်နေလေသည်။ သူ၏ နောက်တွင် ဝှိုက်တီက ရောက်နေပြီဖြစ်သည်။ ဝှိုက်တီက သစ်သားရုပ်တစ်ရုပ်ကဲ့သို့ တောင့်တောင့်ကြီး ရပ်နေပြီး သူ၏ စက်ရုပ်မျက်လုံးများက အနီရောင် လဲ့ဖြာနေလေသည်။


“ဘယ်လိုတောင် ရဲတင်းလွန်းတာလဲ…”


ယုဖန်က သူ၏ရှေ့မှ သန်မာလှသော ထိုသူများကို မသိသော်လည်း ထိုသူများ၏ အသံကို နားထောင်လိုက်သည်နှင့် သူ့ကို နှိမ့်ချလှောင်ပြောင်နေသည်ကို ခံစားမိလေသည်။


“ဒါ… ဒါမျိုးကို လုံး၀ခွင့်မလွှတ်နိုင်ဘူး…”


“ပြေးရမယ်… မင်းရဲ့ ရဲတင်းမှုက ရယ်စရာကောင်းလိုက်တာ…”


ယုဖန်၏ မျက်လုံးက တစ်ချက်လင်းလက်သွားလေသည်။ သူ၏ မြွေအမြှီးကို ရမ်းခါလိုက်ပြီး ခန္ဒာကိုယ်မှ အစစ်အမှန်စွမ်းအင်များ ထွက်ပေါ်လာလေသည်။ သူ၏ လက်ထဲတွင် အနက်ရောင် လှံရှည်တစ်ချောင် ပေါ်ထွက်လာပြီး လေထုထဲမှ ထိုသူများထံသို့ ပျံသန်းသွားလေသည်။


ထိုအချိန်တွင် လေထုက စတင်ပျက်စီးလာသည်ဟုပင် ခံစားလိုက်ရလေသည်။ လေထုထဲတွင် အသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး အစစ်အမှန် စွမ်းအင်များက လမ်းကြားလေးထဲမှ လေထုကို ပျက်စီးသွားစေလေသည်။


မျှော်လင့်ထားသည့်အတိုင်းပင် သူတော်စင် အဆင့် အထွတ်အထိပ် တစ်ယောက်၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူလှုပ်ရှားလိုက်သည်နှင့် ကြောက်စရာကောင်းလှသော အဖျက်စွမ်းအင်များကို ဆင့်ခေါ်နိ်ုင်လေသည်။


ရှန့်မုနှင့် သူ့လူများ၏ မျက်နှာအမူအယာက ပြောင်းလဲသွားလေသည်။ ထိုမြွေလူသား၏ စွမ်းအင်အဆင့်က ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထို့ကြောင့်သာ သူက ပေါ်ပေါ်တင်တင် ရှေ့ထွက်လာရဲခြင်း ဖြစ်နိုင်ပေသည်။ ဤနေရာတွင် ရှိနေသော သူတော်စင်အဆင့်များက အသည်းအသန် တိုက်ခိုက်မှုမရှိပဲ နှိမ်နင်းနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် သူက ဤနေရာတွင် ကိုယ်စားလှယ် တစ်ယောက်သာ ဖြစ်မည်ဟု ထိုမြွေလူသားက တွေးမိလိမ့်မည်မဟုတ်ချေ။


ရှားတက ထိုမြင်ကွင်းကို မျက်လုံးများ မှေးစင်း၍ ကြည့်နေလေသည်။ နောက်ဆုံးတွင် သူက နှေးတိနှေးကန်နှင့် လက်မြောက်ရန် ဆုံးဖြတ်လိုက်ချိန်တွင် လှံရှည်က သူနှင့် အနည်းငယ်သာ ကွာဝေးတော့သည်။


ခရက်…


နားကွဲလုမတက် အသံတစ်ခုက လေထုထဲတွင် ပဲ့တင်ရိုက်ခတ်လာလေသည်။


ယုထန်၏ မျက်၀န်းများက စူးရှ တောက်ပသွားကြသည်။ ထိုလူသားက သူ၏ လှံရှည်ကို လက်တစ်ဖက်တည်းနှင့် ဖမ်းနိုင်စွမ်း ရှိနေလေသည်။


တံခါးဘောင်ကို မှီ၍ ရပ်နေသော ပုဖန်က ထိုမြင်ကွင်းကို ကြည့်၍ တိတ်တဆိတ် တွေးတောလိုက်လေသည်။


“သူတော်စင်အဆင့်တစ်ယောက် ပစ်လိုက်တဲ့ လှံရှည်ကို လက်တစ်ဖက်တည်းနဲ့ ဖမ်းနိုင်တယ် ဆိုတော့ ဒီလူရဲ့ စွမ်းအင်အဆင်က တော်တော်လေး ထူးခြားရမယ်… ဒါကြောင့် သူက ဆိုင်ကို ရန်လာစရဲတာကိုး… သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို အရမ်း ယုံကြည်စိတ်ချနေပုံရတယ်…”


ပုဖန်၏ စိတ်ထဲတွင် စိုးရိမ်စိတ် အနည်းငယ်ပင် ရှိမနေချေ။ သူက ဝှိုက်တီ၏ ဗိုက်ကို အသာပုတ်လိုက်လေသည်။