အပိုင်း ၂၂၂
Viewers 53k

အခန်း ၂၂၂ “ဆိုင်ရဲ့ အစောင့်အရှောက်က တခြားသူတွေရဲ့ အ၀တ်ချွတ်တတ်တဲ့ နတ်ဆိုးတစ်ကောင်…”


ရှားတက ပြင်းထန်သော သွေးနံ့များ ထုတ်လွှတ်နေသော အေးစက်လှသည့် လှံရှည်ကို သူ၏ အစစ်အမှန် စွမ်းအင်ကိုပင် အသုံးမပြုပဲ လက်တစ်ဖက်တည်းနှင့် ဖမ်းယူလိုက်သည်။ မြွေလူသားယုဖန် ထုတ်လွတ်လိုက်သော စွမ်းအားများကို သူ၏ ကြွက်သားသက်သက် ခန္ဒာကိုယ်နှင့်ပင် ဖမ်းယူလိုက်ခြင်း ဖြစ်သည်။


ယုဖန်၏ မျက်၀န်းများက စူးရှသွားပြီး သူ၏ စိတ်ထဲတွင်လည်း တုန်လှုပ်သွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားနှင့် သူ၏ လှံရှည်ကိုပင် လက်တစ်ဖက်တည်းနှင့် ဖမ်းယူနိုင်သူ၏ ခန္ဒာကိုယ်တည်ဆောက်ပုံက အံ့သြစရာ ကောင်းလှပေသည်။ ထိုသူ၏ ခန္ဒာကိုယ်က စိတ်ဝိဥာဉ် သားရဲများထက်ပင် သန်မာပုံရလေသည်။


ရှားတက အံ့အားသင့်နေသော ယုဖန်၏ အမူအယာကြောင့် လှောင်ပြောင်ရယ်မောလိုက်သည်။


“ဒီလွံက မဆိုးဘူးပဲ…”


ထို့နောက် သူ၏ အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်သောကြောင့် သူ့လက်ဖဝါးမှ စွမ်းအားကြီးလှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ 


ယုဖန်က လေထဲမြောက်တက်သွားပြီး ထိန်းချုပ်နိုင်စွမ်းမဲ့စွာနှင့် ရှားတရှိရာသို့ မြောက်တက်သွားလေသည်။


“သေလိုက်စမ်း… ဒါဘယ်လို စွမ်းအားလဲ….”


ယုဖန်၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားလေသည်။ သူတော်စင်အဆင့် ဖြစ်သော သူပင် ရှားတ၏ စွမ်းအင် စီးကြောင်းများကို ခုခံနိုင်စွမ်းမရှိပေ။ ထက်မြိလှသော ဓါးကဲ့သို့ ရမ်းခါနေသော မြွေအမြှီးကို ယုဖန်က ရှားတရှိရာသို့ ထိုးသွင်းလိုက်သည်။


မြွေလူသားများ၏ အမြှီးက သူတို့၏ သဘာ၀ လက်နတ်တစ်ခုပင် ဖြစ်သည်။ မြွေအမြှီးကို သန်မာအောင် လေ့ကျင့်ထားလျင် လူသားများ၏ လက်နတ်ထက်ပင် ပို၍ သန်မာပေသည်။


သို့သော် ရှားတက ယုဖန်၏ မြွေအမြှီးကို ဖမ်းဆွဲလိုက်သည်။


ပြင်းထန်လှသော နာကျင်မှုက ယုဖန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့လက်ထဲမှ လှံရှည်ကလဲ အောက်သို့ ပြုတ်ကျသွားလေသည်။


ရှားတက အထင်အမြင်သေးဟန်နှင့် အေးစက်စက် ရယ်မောလိုက်သည်။ သူ၏ ကြီးမားလှသော လက်သီးဖြင့် ယုဖန်၏ ခန္ဒာကိုယ်ပေါ်သို့ ထိုးနှက်လိုက်လေသည်။ သူတော်စင်အဆင့် အထွတ်အထိပ် မြွေလူသား ယုဖန်က လက်သီးချက် တစ်ချက်နှင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။ သူ၏ ခန္ဒာကိုယ်က လမ်းကြားလေး၏ နံရံထဲသို့ နစ်၀င်သွားပြီး သွေးတစ်လုပ် အန်လိုက်ရလေသည်။


“အကျိုးဆက်ကို မစဉ်းစားပဲ မျက်ကန်းတစ်ယောက်လို ပြုမူတတ်တဲ့ သူတွေအတွက် ရလာဒ်ပဲ… ငါက မင်းကို ပြေးခိုင်းပေမယ့် မင်းက ဒီမှာနေဖို့ ရွေးချယ်ခဲ့တာလေ…”


ရှားတက မဲ့ပြုံးပြုံးလိုက်ပြီး အေးစက်စက် ပြောလိုက်ကာ လက်သီးဆုတ်လိုက်သည်။ သူက မြေပြင်ပေါ်တွင် ရုန်းကန်လှုပ်ရှားနေသော ယုဖန်ရှိရာသို့ တဖြည်းဖြည်း တိုးလာလိုက်သည်။ သူ၏ ခန္ဒာကိုယ်မှလည်း သူတော်စင်အဆင့် တစ်ယောက်၏ စိတ်နှလုံးကိုပင် ဖိနှိပ်နိုင်သော ကြောက်စရာကောင်းသည့် ဖိအားများ ထွက်ပေါ်နေလေသည်။ 


သူက အဆင့်ရှစ် စစ်နတ်ဘုရားတစ်ပါးပင် ဖြစ်သည်။ ထိုအဆင့်က ပြိုင်ဘက်ကင်း စစ်သည်တော်တစ်ယောက် ဖြစ်သည်။ 


နှုတ်ခမ်းထောင့်မှ သွေးများ ယိုစီးကျနေသော ယုဖန်က ရှားတကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။


“သေလိုက်စမ်း…သူက ငါထင်ထားသလို စစ်နတ်ဘုရားအဆင့်ပဲ….”


ထိုအချိန်တွင် သူက အရှက်ရ သိမ်ငယ်မှုကို ခံစားလိုက်ရသည်။ သူက ဆိုင်ငယ်လေးကို ကာကွယ်ပေးမည်ဟု ကတိပေးထားသော်လည်း ယခုအခါ ခွေးသေကောင် တစ်ကောင်ကဲ့သို့ ရိုက်နှက်ခြင်း ခံလိုက်ရလေသည်။


“ငါက မင်းကို မြွေအာဏာပိုင်ကို သွားရှာဖို့ အခွင့်အရေး ပေးခဲ့တာတောင် မင်းက သေဖို့ပဲ ရွေးချယ်ခဲ့တယ်ဆိုတော့ ငါ့ကို အပြစ်မတင်နဲ့တော့ … အခုသေလိုက်တော့….”


ခမ်းနားကြီးကျယ်လှသော တောင်ကြီးတစ်လုံးကဲ့သို့ မတ်မတ်ရပ်နေသော ရှားတက ဖြည်းဖြည်းခြင်း ပြောလိုက်ပြီး သူ၏ ခြေထောက်ကို မြှောက်လိုက်သည်။ 


ယုဖန်၏ မျက်၀န်းများက ကျဉ်းမြောင်းသွားပြီး သူ၏ ခန္ဒာကိုယ်ထဲတွင် သိုလှောင်ထားသော စွမ်းအားများကို ထုတ်ဖော်၍ ထွက်ပြေးရန် ကြိ်ုးစားလိုက်သည်။


သို့သော် ရှားတက အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ မြွေအမြှီးပေါ်သို့ တက်နင်းထားလိုက်သည်။


ယုဖန်၏ ခန္ဒာကိုယ်ထဲမှ စွမ်းအားများက ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ သူက နောက်ထပ် သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး မျှော်လင့်ချက် မဲ့စွာနှင့် မြေပြင်ပေါ်တွင် လဲကျနေလေသည်။ 


“မြွေလူသားက မြွေလူသားပါပဲ… အခုထက်ထိ နိမ့်ကျတဲ့ မျိုးနွယ်အဖြစ် ရှိနေတုန်းပဲ… မြေရိုင်းလွင်ပြင်ဒေသက သားရဲလူသားတွေနဲ့ အများကြီး ကွာခြားသွားပြီ…”


ရှားတက ခပ်လှောင်လှောင်ပြောလိုက်ပြီး ယုဖန်၏ ခေါင်ကို လက်သီးနှင့် ချိန်ရွယ်လိုက်သည်။ ထိုလက်သီးချက်သာ ထိသွားပါက သူတော်စင်အဆင့် စွမ်းအင်များကပင် တောင့်ခံနိုင်စွမ်း ရှ်ိမည်မဟုတ်ပဲ ယုဖန်၏ ခေါင်းက ပေါက်ကွဲသွားရမည်ဖြစ်သည်။ 


“မြွေလူသားကို လွှတ်လိုက်….”


လေထုက အေးစက်သွားလေသည်။ ဒေါသားနတ်ဆိုးခန်းမမှ လူများက မြွေလူသားယုဖန်ကို ဟာသအမြင်နှင့် ကြည့်နေကြပြီး သူတို့၏ မျက်၀န်းများထဲတွင် သနားကြင်နာမှု အနည်းငယ်ပင် မရှိကြချေ။ မြွေလူသားက ရှားတ၏ အရိပ်ကိုပင် ထိနိုင်စွမ်း မရှိသောကြောင့် သေရန် ပြင်ဆင်ထားရတော့မည်ဖြစ်သည်။ ထိုအချိန်တွင် အေးဆေးတည်ငြိမ်လှသော အသံတစ်ခုက ထွက်ပေါ်လာလေရာ လူအားလုံးက အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်ကြသည်။ 


လက်သီးနှင့် ထိုးနှက်ရန် ပြင်ထားသော ရှားတပင် ရပ်တန့်သွားပြီး အသံထွက်လာရာသို့ လှည့်၍ တံခါးဘောင်ကို မှီထားသော ပိန်ပိန်ပါးပါး ပုံရိပ်ကို ကြည့်လိုက်လေသည်။ 


“မင်းက ဒီငတုံးကို ကယ်ချင်တာလား… ရတာပေါ့… ငါတို့ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင် နဲ့ လဲကြမယ်…” ရှားတက မတ်မတ်ပြန်ရပ်လိုက်ပြီး ပုဖန်ကို လှမ်းပြောလိုက်သည်။


သို့သော်ပုဖန်က သူ့ကို အေးစက်စက် စိုက်ကြည့်နေလေသည်။ 


ထိုအချိန်တွင် ရပ်တန့်နေသော ရှန့်မုက ခပ်ပြုံးပြုံးနှင့် ပုဖန်ထံသို့ လျောက်သွားလိုက်သည်။


“အကြီးအကဲရှား… ဒီလူကို ငါမင်းအစား ဆုံးမပေးလိုက်မယ်… ဘုရင်အဆင့်တစ်ယောက်က ငါတို့ရှေ့မှာ ရဲစွမ်းသတ္တိ ရှိချင်ယောင် ဆောင်နေတယ်… ငါအခု သူ့ကို မျက်စိဆံပင်မွှေးစူးလောက်အောင်ကို အမြင်ကပ်နေပြီ….”


ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ ရှန့်မုက ပုဖန်ရှေ့သို့ ရောက်လာလေသည်။ သူက အေးစက်စက် လှောင်ရယ်လိုက်ပြီး ပုဖန်ကို လက်ဖြင့် ကုတ်ဆွဲလိုက်သည်။ 


တံခါးဘောင်ကို မှီနေသော ပုဖန်က အမူအယာ တစ်ချက်ပင် ပျက်သွားခြင်းမရှိပေ။ ထိုအချိန်တွင်ိ ပုဖန်နောက်မှ ဝှိုက်တီ၏ စက်ရုပ်သံက ထွက်ပေါ်လာလေသည်။


“ပြသနာကောင်… တခြားသူတွေကို ဥပမာပေးဖို့ မင်းရဲ့ အ၀တ်အစားတွေကို ချွတ်ပစ်ရမယ်…”


၀ှိုက်တီ၏ မျက်၀န်းမှ လင်းလက်လာသော အနီရောင် အလင်းတန်းများက ရှန့်မု၏ မျက်လုံးများကို ကန်းသွားမတက် ကျိန်းစပ်သွားစေလေသည်။ 


ဘန်း….


ပုဖန်ထံသို့ ရည်ရွယ်လိုက်သော လက်သည်းကုတ်ချက်က ဝှိုက်တီ၏ ရင်လက်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွာေးလသည်။ သို့သော် ခြစ်ရာတစ်ခုပင် ထင်ကျန်ခဲ့ခြင်း မရှိပေ။


“ဒါ… ဒါကဘာလဲ ရုပ်သေးတစ်ရုပ်လား…”


ရှန့်မုက စိတ်ရှုပ်ထွေးစွာနှင့် မျက်မှောင်ကြုံ့လိုက်ပြီး သူ၏ လက်ဝါးထဲသို့ စွမ်းအားများကို ထပ်ပေါင်းထည့်လိုက်သည်။ သူက ဝှိုက်တီ၏ ခန္ဒာကိုယ်ကို ဖြတ်တောက်သွားရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ဝှိုက်တီ၏ အနည်းငယ်မျှပင် လှုပ်ရမ်းသွားခြင်းမရှိပေ။


ဘန်း…


ထို့နောက် ဝှိုက်တီက လက်ဖဝါးကို မြှောက်၍ ရှန့်မုထံသို့ ရိုက်ချလိုက်သည်။ 


ရှန့်မုက သူ့ထံသို့ သေခြင်းတရာက နီးကပ်လာသည်ဟု ခံစားလိုက်ရပြီး အစစ်အမှန် စွမ်းအင်များကို အစွမ်းကုတ် ထုတ်၍ ကာကွယ်လိုက်သည်။ သို့သော်လည်း ဝှိုက်တီ၏ လက်ဝါးရိုက်ချက်ကြောင့် ရှန့်မု၏ ခန္ဒာကိုယ်က ပစ်ပေါက်ခံလိုက်ရသော ဘောလုံးတစ်လုံးကဲ့သို့ လမ်းကြားလေး၏ နံရံနှင့် ပြင်းထန်စွာ တိုက်မိသွားလေသည်။


ဒေါသနတ်ဆိုး ခန်းမမှ အခြားသူများက ကြောက်ရွံ့မှုကြောင့် သူတို့၏ နှလုံးသွေးများပင် ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။


“ရှန့်မုက တစ်ချက်တောင် ပြန်မတိုက်နိုင်ပဲ ပစ်ထုတ်ခံလိုက်ရတာလား… ဒီ .. ဒီရုပ်သေးရုပ်က ဘာလို့ ဒီလောက်စွမ်းအားကြီးနေရတာလဲ…”


၀ှိုက်တီ၏ မျက်၀န်းများက လင်းလက်တောက်ပနေလေသည်။ သူက အုတ်ကျိုးပုံထဲမှ ရှန့်မုကိ ဆွဲထုတ်လိုက်သည်။


ရွှပ်…


လေထဲတွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် ကြွက်သားအပြည့်နှင့် ခန္ဒာကိုယ်တစ်ခု ထွက်ပေါ်လာလေသည်။


ဘန်း….


၀ှိုက်တီက အ၀တ်အစားများ ချွတ်လိုက်ပြီးနောက် ရှန့်မုကို မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။


“တခြားသူတွေရဲ့ အ၀တ်အစားကို ချွတ်ရတာ ကြိုက်တဲ့ နတ်ဆိုး….”


ဒေါသနတ်ဆိုး ခန်းမမှ ကြောက်လန့်နေကြသော လူများထဲရှိ တစ်ယောက်က အော်ဟစ်လိုက်သည်။ စားသောက်ဆိုင်ငယ်လေး၏ အစောင့်အရှောက်က တခြားသူများ၏ အ၀တ်အစားများကို ချွတ်ရသည်ကို နှစ်သက်သော နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။


“ငါမင်းကို သတ်မယ်…”


ရှန့်မုက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ လည်ပင်းတွင် ဆွဲထားသော စိတ်ဝိဥာဉ်သားရဲ သိုလှောင်နယ်မြေမှ အ၀တ်တစ်စုံကို ထုတ်ယူ ၀တ်ဆင်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ပြင်းထန်သော အမျက်ဒေါသများ တောက်လောင်နေလေသည်။


၀ှိုက်တီ၏ စက်ရုပ်မျက်၀န်းမှ ဖြာထွက်နေသော အနီရောင် အလင်းတန်းများက ရှန့်မု၏ ခန္ဒာကိုယ်ပေါ်သို့ နောက်တစ်ကြိမ် ကျရောက်လာလေသည်။ ထိုအနီရောင် အလင်းတန်းများက တောက်ပသော ခရမ်းကြည်ရောင်အဖြစ် အနည်းငယ် ပြောင်းလဲသွားသည်။ 


အနားတွင် လဲနေသော မြွေလူသား ယုဖန်က ထိုမြင်ကွင်းကြောင့် အံ့အားသင့်ပြီး ပါးစပ်ဟောင်းလောင်း ဖြစ်နေလေသည်။


“ဘာကြီးလဲ… အခု ဘာတွေ ဖြစ်နေတာလဲ… ငါရော ဘာတွေလုပ်ခဲ့တာလဲ… ဘာကြောင့် ငါအရိုက်ခံခဲ့တာလဲ…”


သူကတွင်းတူ၍ ပုန်းခိုလိုနေလေသည်။


“နောက်ဆုတ်လိုက်…”


ရှားတက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်နေသော ရှန့်မုကို တားဆီးလိုက်သည်။ သူက ဝှိုက်တီကို အေးစက်စက် ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။ ထိုအကြည့်က သားကောင်ကို ချောင်းနေသော မုဆိုးနှင့် တူနေလေသည်။ 


“မင်းရဲ့ ရုပ်သေးက တော်တော်သန်မာတာပဲ… အဲတော့ ဘာလို့ ငါနဲ့ လာမတိုက်ခိုင်းတာလဲ….”


ရှားတက လက်နတ်အကူအညီ မပါပဲ တိုက်ခိုက်တတ်သူ မဟုတ်သော်လည်း သူ၏ ခွန်အားပေါ်တွင် အလွန်ယုံကြည်မှု ရှိလေသည်။ သူက ၀၀ဖြိုးဖြိုး ရုပ်သေးရုပ်ကို မျက်လုံးချင်း ဆိုင်ကြည့်၍ ခြေထောက်ကို ဆောက်လိုက်သည်။ လမ်းခင်းအုတ်ခဲများက ဖိအားဒဏ်ကြောင့် ကျိုးကြေသွားလေသည်။


၀ှိုက်တီ၏ လှုပ်ရှားမှု မလုပ်ရသေးချိန်တွင် ကြီးမားလှသော ခွန်အားက သူ့ပေါ်သို့ ဖိနှိပ်လာပြီး ကြီးမားလှသော လက်သီးများက သူ၏ ခန္ဒာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာလေသည်။ ထိခိုက်ရာမှ ထွက်ပေါ်လာသော အသံများက လမ်းကြားလေးထဲတွင် ပဲ့တင်ထပ်နေလေသည်။


၀ှိုက်တီက မပြိုလဲနိုင်သော တောင်တစ်လုံးကဲ့သို့ မယိုင်မလဲ ရပ်နေပြီး ခေါင်းငုံ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးမှ အနီရောင် အလင်းများက ရှားတ၏ ကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။ 


ရှားတက နဖူးကြောများ တွန့်လိုက်မိသည်။


“ဘာလို့ သက်ရောက်မှု မရှိတာလဲ… ကောင်းတယ်… မင်းဆိုင်မှာ ဒီလို ကာကွယ်သူ ရှိနေမှတော့ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ကို စိုက်ထားရဲတာ အံ့သြစရာ မဟုတ်တော့ဘူး… ဒီနေ့ မင်းဆိုင်ရဲ့ ကာကွယ်သူက ထိုက်တန်ရဲ့လားဆိုတာကို စမ်းသပ်ကြည့်ရမယ်…”


ရှားတက ပြောလိုက်ပြီးနောက သူ၏ အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်၍ ခန္ဒာကိုယ်ကို ကြီးထွားလာစေလိုက်သည်။ သူ၏ ခန္ဒာကိုယ်ကြီးက ဝှိုက်တီကဲ့သို့ ကြီးမားလာလေသည်။


ဘန်း… ဘန်း… ဘန်း…


ရှားတက လက်သီးများကို မြှောက်လိုက်ပြီး မလှုပ်မယှက် ရပ်နေသော ဝှိုက်တီကို လျှင်မြန်သော လက်သီးချက်များနှင့် တိုက်ခိုက်လိုက်လေသည်။ 


လမ်းကြားလေး တစ်ခုလုံးက မြေငလျှင် လှုပ်သကဲ့သို့ ရမ်းခါနေလေသည်။ မီးခိုးရောင် မြူမှုန်များ လွှင့်ပျံလာပြီး ပတ်၀န်းကျင်ကို ဖုံးလွှမ်းသွားလေသည်။ ဂရုမစိုက်စွာနှင့် တံခါးဘောင်ကို မှီ၍ ရပ်နေသော ပုဖန်က သူ၏ ကိုယ်ဟန်ကို အနည်းငယ် ပြင်လိုက်လေသည်။ သူက မီးခိုးဖုန်လုံးများကြားမှ ကြောက်စရာကောင်းသသည့် အလင်းများ ထွက်ပေါ်နေသည့် နေရာကို စူးစူးစိုက်စိုက် ကြည့်ရှုနေလိုက်သည်။


ပုဖန်က ဝှိုက်တီကို လုံး၀ယုံကြည်ထားသော်လည်း ယခုရင်ဆိုင်နေရသောသူက ခွေးရူးတစ်ကောင်သဖွယ် တိုက်ခိုက်နေလေသည်။ ထိုသူ၏ လက်သီးချက်များက အဆက်မပြတ် ကျရောက်နေပြီး လက်သီးတစ်ချက်ကပင် သူတော်စင်အဆင့် တစ်ယောက်ကို သေစေနိုင်လေသည်။


ဆိုင်ငယ်လေးးထဲတွင် ထိုင်နေသော အနီရောင်၀တ်စုံနှင့် မုလင်းဖုန်က ထိုမြင်ကွင်းကို တည်ငြိမ်စွာနှင့် ကြည့်နေလေသည်။ 


ရှားတက သားရဲတစ်ကောင်ကဲ့သို့ ခွန်အားကြီးမားသူ ဖြစ်သည်။ မြေရိုင်းလွင်ပြင်ဒေသတွင် အဆင့်ခုနစ် သားရဲကောင်ကိုပင် လက်ချည်းသပ်သပ်နှင့် ဆွဲဖြဲနိုင်သူအဖြစ် ကျော်ကြားလှပေသည်။ ထိုကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရခြင်းက ဆိုင်ငယ်လေး၏ အဆုံးသတ် ဖြစ်ကောင်းဖြစ်နိ်ုင်ပေသည်။