အပိုင်း ၂၂၄
Viewers 53k

အခန်း ၂၂၄ “ဘယ်လိုမွန်းစတားလဲ…”


ဆည်းလည်းသံကဲ့သို့သော အသံများက လေပြေလေညှင်းလေးများနှင့် မျောပါသွားလေသည်။ ထိုအသံများက ဂယက်ထနေသော လူအုပ်ကြီး၏ စိတ်ကို သက်တောင့်သက်သာ ဖြစ်သွားစေ၏။ ထိုအသံများက လူတိုင်း၏ စိတ်နှလုံးကို ကြည်လင်လာစေပြီး ခန္ဒာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင် လှည့်ပတ်မှုကို ချောမွေ့စေရန် ကူညီနေလေသည်။ သိမြင်မှု မှတ်စုများ လွင့်ပျံလာခြင်း ဖြစ်သည်။


ဆိုင်အတွင်းမှ ပုံမှန်မဟုတ်သော မွှေးရနံ့များ ဝေ့၀ဲ ထွက်ပေါ်လာခဲ့သည်။ ထိုရနံ့များက မူလရနံ့များထက် ပိုမိုကောင်းမွန်လှပေသည်။ ထိုအနံ့များကို နို့နှင့် နှိုင်းယှဉ်ရပါက ယခင်က နို့ရည်ကြည်နှင့် တူပြီး ယခုအခါ နို့နှစ်ကဲ့သို့ အခြေအနေ ဖြစ်နေလေသည်။


ပုဖန်နှင့် မုလင်းဖုန်က တခဏမျှ သတိလက်လွတ် ဖြစ်သွားပြီးနောက် ဆိုင်ထောင့်သို့ ပြိုင်တူ ကြည့်လိုက်ကြသည်။ 


လူတစ်ယောက်၏ အရွယ်ထက် အနည်းငယ် မြင့်မားသော ပင်ပျိုလေးက ရမ်းခါနေလေသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် ထူးခြားဆန်းကျယ်လှသော အက္ခရာများ လွင့်မျောနေပြီး အပင်ကို အထောက်အပံ့ပေးကာ စိတ်ဝိဥာဉ်စွမ်းအင်များ ပြည့်၀လာအောင် လုပ်ဆောင်ပေးနေလေသည်။ မြေ၀ါရောင် ပန်းအိုး၏ အသွင်အပြင်က ပြောင်းလဲသွားပြီဖြစ်သည်။ မြေမှုန့်နေရာတွင် နူးညံ့သော ကျောက်စိမ်းရောင် ဖြစ်ပေါ်လာပြီး အနှစ်သာရများကို ထုတ်ဖော်နေလေသည်။


သစ်ပင်ပေါ်တွင် လက်သီးဆုတ်အရွယ် အသီးသုံးလုံး ရှိနေလေသည်။ ထိုအသီးများပေါ်တွင် တိမ်ပုံသဏ္ဍာန် လေးခု ဖြစ်ပေါ်နေပြီး နောက်ဆုံးလိုင်းလေးကလဲ တဖြည်းဖြည်း လှုပ်ခါနေပြီး တိမ်ပုံသဏ္ဍာန်အဖြစ် တဖြည်းဖြည်း ပြောင်းလဲ လာလေသည်။ တိမ်ပုံသဏ္ဍာန် ငါးခု ဖြစ်လာချိန်တွင် ငါးလမ်းကြောင်း သိမြင်မှု သစ်သီးက ရင့်မှည့်လာတော့မည် ဖြစ်သည်။ ထိုအချိန်သို့ ရောက်လာသည်နှင့် စစ်နတ်ဘုရား အဆင့်များပင် သူတို့၏ လောဘများကို ချုပ်တည်းနိုင်တော့မည် မဟုတ်ချေ။


မုလင်းဖုန်၏ မျက်၀န်းများက ပို၍ တောက်ပသထက် တောက်ပလာကြသည်။ နောက်ဆုံးတွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက ရင့်မှည့်လာတော့မည်ဖြစ်သည်။


ပုဖန်က အဝါရောင် ဖျော့ဖျော့ သမ်းနေသည့် သစ်သီးလေးများကို စိတ်၀င်တစား ကြည့်ရှုနေလေသည်။ သူက သုံးလမ်းကြောင်းသိမြင်မှု သစ်သီးကို မြင်ဖူးသော်လည်း ထိုသစ်သီး သူ့လက်ထဲရောက်လာချိန်တွင် သစ်သီးက အကောင်းဆုံးအခြေအနေတွင် ရှိမနေတော့ချေ။ သုံးလမ်းကြောင်းသိမြင်မှု သစ်သီးက လေအလင်း အင်ပါယာတွင် အချိန်ကြာမြင့်စွာ ရှိနေသောကြောင့် သူ၏ အနှစ်သာရများက တစ်၀က်ခန့် ကုန်ဆုံးနေပြီဖြစ်သည်။ 


ထို့ကြောင့် ထိုသစ်သီးကို ယခုလက်ရှိ တောက်ပသော တိမ်ပုံသဏ္ဍာန်များ ၀န်းရံထားပြီး ကြည်လင်နေသည့် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။


“ပိုင်ရှင်ပု… သိမြင်မှုသစ်သီးပင်က အသီးသီးနေတာလား…”


ဆွံ့အနေသော ပုဖန်က ပြန်၍ သတိ၀င်လာလေသည်။ သူက မုလင်းဖုန်ကို သတ်ိမပြုမိပဲ သိမြင်မှု သစ်သီးပင်၏ အကိုင်းအခက်လေးများကို ကြည့်နေလေသည်။


“စနစ်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးများ သီးလာသည်ကို တွေ့ရှိပါတယ်… ပိုင်ရှင်ရဲ့ ယာယီတာ၀န်… သင်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးတွေကို ကာကွယ်ပြီး ဟင်းပွဲအသစ် ဖန်တီးရပါမယ်… အဲဒီဟင်းပွဲက စနစ်ရဲ့ အကဲဖြတ် စစ်ဆေးခြင်းကို ခံယူရပါမယ်….”


“ရရှိမည့်ဆု…. မာပိုတို့ဟူး ချက်ပြုတ်ရမည့် နည်းလမ်း….”


ပုဖန်က သစ်ပင်လေးကို အာရုံစိုက်နေချိန်တွင် စနစ်၏ အသံက စိတ်ထဲတွင် ထွက်ပေါ်လာသောကြောင့် ထိတ်လန့်သွားလေသည်။ ယခုအချိန်တွင် စနစ်က ယာယီတာ၀န်တစ်ခု ရုတ်တရက်ပေးလာမည်ဟု သူက ထင်မှတ်ထားခြင်း မရှိခဲ့ချေ။


“ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို သုံးပြီးတော့… ဟင်းပွဲအသစ် ဖန်တီးရမှာလား….”


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားလေသည်။ ငါးလမ်းကြောင်းသိမြင်မှု သစ်သီး ရင့်မှည့်လာချိန်တွင် များပြားလှသော စစ်သည်တော်များက သူ့ဆိုင်၏ တံခါး၀တွင် ရောက်ရှိနေပြီဖြစ်သည်။ ဤအချိန်တွင် ပုဖန်ကို သစ်သီးအသုံးပြု၍ ဟင်းပွဲဖန်တီးခိုင်းခြင်းက အပြင်ဘက်မှ သူတော်စင် အဆင့်များ၏ မျော်လင့်ချက်ကို ရက်ရက်စက်စက် နင်းခြေလိုက်ခြင်းပင် ဖြစ်သည်။ 


ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို အသုံးပြု၍ ချက်ပြုတ်လျှင် ဟင်းပွဲ အရည်အသွေးက တိုးတက်လာမည်ဖြစ်သည်။ သို့သော် စနစ်၏ အကဲဖြတ်မှုကို အလွယ်တကူ ဖြတ်ကျော်နိုင်မည်မဟုတ်မှန်း ပုဖန်က သိနေလေသည်။ ထို့အပြင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက သုံးလုံးသာ ရှိသောကြောင့် အရင်းအမြစ်က အလွန်ရှားပါးနေလေသည်။


“ပိုင်ရှင်ပု…”


မုလင်းဖုန်က မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။ ပုဖန်က သူ့ကို လျစ်လျူရှုထားသောကြောင့် သူ့မျက်နှာက ပုပ်သိုးနေပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူက တစုံတစ်ခုကို တွေးမိသွားပြီး သူ့၏ မျက်မှောင်ကြုံ့ထားသည်က ပြေလျော့သွားလေသည်။ သူက ဆိုင်ရှေ့တွင် လူအုပ်ကြီးကို တစ်ကိုယ်တည်း ရင်ဆိုင်နေသော ဝှိုက်တီကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့ရှေ့မှ ပုဖန်ကို ကြည့်လိုက်သည်။


သူ့ရှေ့တွင် ရပ်နေသော ပုဖန်က အဆင့်ငါး ဘုရင်အဆင့်မျှသာ ရှိသေးသည်။ ပုဖန်ကို ကိုင်တွယ်နိုင်ပါက ထိုသစ်သီးက သူ့အပိုင် ဖြစ်လာပေလိမ့်မည်။


……


တောက်ပနေသော ခရမ်းရောင် မျက်လုံးများနှင့် ဝှိုက်တီ၏ ရှေ့တွင် ကြောက်စရာကောင်းလောက်အောင် တောက်လောင်နေသော လှံရှည်တစ်ချောင်း စိုက်၀င်နေသည်။ ထိုလှံရှည်ကြောင့် ကျောက်တုံးကျောက်ခဲများပင် ကွဲကြေသွားပြီး နေရာအနှံ့ စိုက်၀င်သွားလေသည်။


လူတိုင်းက တုန်လှုပ်ခြောက်ခြားစွာနှင့် ကောင်းကင်ကို မော့ကြည့်လိုက်ရာ ကောင်းကင်ကိုပင် ကွယ်နေသော ကြီးမားလှသည့် အရိပ်ကြီး တစ်ခုကို တွေ့လိုက်ရသည်။ ထိုအရိပ်က အလွန်ကြီးမားလှသော ငရဲနက်နဂါး ဖြစ်သည်။ ထိုနဂါးနက်၏ ကျောပေါ်တွင် အနည်းငယ် ခါးကုန်းနေသော အကြီးအကဲတစ်ယောက် လိုက်လာလေသည်။ ထိုအကြီးအကဲ ထုတ်ဖော်လိုက်သော စွမ်းအင်က ကြောက်စရာကောင်းလောက်အောင် သန်မာလှသည်။


“ပြန့်ချန်ခုန်း….”


တစ်ကိုယ်လုံး သွေးများနှင့် ဖုံးလွှမ်းနေသော ရှားတက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ ရှေ့မှ လှံရှည်က ကြောက်စရာကောင်းလှသော စက်ရုပ်၏ တိုက်ခိုက်မှုကို တားဆီးပိတ်ပင်နိုင်သောကြောင့် သူက စိတ်သက်သာရာ ရသွားလေသည်။ 


ခါးကုန်းကုန်းနှင့် အကြီးအကဲက လက်နှစ်ဖက်ကို နောက်ပစ်၍ လေထဲမှ ဆင်းသက်လာလေသည်။ သူ၏ ငရဲနတ်နဂါးက သူ့ကို ချပေးသည်နှင့် အသံကျယ်ကျယ် တစ်ချက်ပြုလိုက်ပြီး အလင်းရောင် တစ်ချက်နှင့်အတူ ပျောက်ကွယ် သွာေးလသည်။


အင်ပါယာ သားရဲခန်းမမှ အကြီးအကဲ ပြန့်ချန်ခုန်းက စစ်နတ်ဘုရားတစ်ပါး ဖြစ်ပြီး သူမတူအောင် သန်မာလှပေသည်။


“မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းက အကြီးအကဲ တစ်ယောက်က ခွေးတစ်ကောင်လို ရိုက်နှက်ခံထားရတာလား… မင်းက မြေရိုင်လွင်ပြင်ဒေသက တတိယ ဘုရားကျောင်းရဲ့ သိက္ခာကို ချနေတာပဲ… ဟမ့်…”


အကြီးအကဲပြန့်က သွေးများ ပေလူးနေသော ရှားတကိုကြည့်၍ အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက လက်ကို မြှောက်လိုက်ရာ လှံရှည်က သူ့ဆီသို့ ပြန်ရောက်လာလေသည်။ သူက လက်တစ်ဖက်ကို ဝှေပရမ်းလိုက်ပြီး လူအုပ်ကြီးပေါ် ကျရောက်နေသော ဖိအားကို ဖယ်ရှားလိုက်လေသည်။


သူက ခရမ်းရောင် မျက်လုံးနှင့် ဝှိုက်တီကို တင်းမာခက်ထန်စွာ ကြည့်လိုက်သည်။ ရှားတက တတိယဘုရာကျောင်း၏ အကြီးကအကဲ တစ်ယောက်ဖြစ်သောကြောင့် သူသေမည်ကို လက်ပိုက်ကြည့်မနေနိုင်ပဲ ၀င်ပါလိုက်ရခြင်း ဖြစ်သည်။


သိပ်သည်း မွှေးပျံ့လှသော ရနံပများက ဆက်လက်ထွက်ပေါ်နေပြီး သိမြင်မှု မှတ်စုများက အနီးအနားတွင် ရိုက်ခတ်နေကာ အင်ပါယာ မြို့တော်တစ်ခုလုံးကို ပြန့်နှံ့နေလေသည်။


အင်ပါယာ မြို့တော်အတွင်းမှ သူတော်စင်အဆင့်များက သူတို့၏ အင်အားစုများကို ဖော်ထုတ်လိုက်ကြသည်။ သိမြင်မှု မှတ်စုများ လေထဲတွင် ပြန့်နှံ့လာခြင်းက ငါးလမ်းကြောင်းသိမြင်မှု သစ်သီး ရင့်မှည့်လာပြီဟု သူတို့ကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ သူတို့၏ စစ်နတ်ဘုရား ဖြစ်လာရန် မျှော်လင့်ချက်များက ထိုသစ်သီးပေါ်တွင် မူတည်နေသောကြောင့် သူ့ထက်ငါ ဦးအောင် လှုပ်ရှားလိုက်ကြသည်။ 


ရွပ်… ရွှပ်….


မရေမတွက်နိုင်သော ပုံရိပ်များက အင်ပါယာ မြို့တော်၏ နေရာအနှံ့မှ ရောက်ရှိလာပြီး လမ်းကြားလေး တစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။


……..


တည်းခိုခန်းသို့ ပြန်ရောက်လာသော ကျန့်ခုန်းက ခိုးထွက်ရန် ပြင်နေသော ဝူယွမ်ပိုင်ကို လက်မတင်လေး ပြန်ဖမ်းမိသွားလေသည်။ သူက လှောင်သလို ပြုံး၍ ပြောလိုက်သည်။


“အလောကြီးမနေပါနဲ့ ငါတို့ တူတူသွားကြစို့… အဲဒီငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို ရအောင် ငါကြိုးစားပေးမယ်… ပြီးတော့… မင်းသာ သူတော်စင်အဆင့် အထွတ်အထိပ်ကို ရောက်တာနဲ့ အဆင့်ချိုးဖျက်နိုင်အောင် ငါကူညီပေးမယ်…”


၀ူယွမ်ပိုင်က ကြောင်အသွားသကဲ့သို့ သူမ၏ ဘေးမှ အားဝူ၏ အမူအယာကလဲ ကို့ယို့ကားယား ဖြစ်သွားလေသည်။ 


…….


ရှောင်စံအိမ်တော်တွင် ငွေရောင်သံချပ်ကာကို ၀တ်ဆင်ထားသော ရှောင်မန်က သူ၏ ဆံပင်ရှည်များကို သေချာစွာစည်းနှောင်လိုက်ပြီး လှံရှည်ကို ယူ၍ စံအိမ်တော်မှ ထွက်လာလိုက်သည်။ ထို့နောက် သူက ပုဖန်၏ ဆိုင်သို့ ဦးတည်လိုက်လေသည်။ အင်ပါယာ မြို့တော်ကို နှစ်ပေါင်းများစွာ ကြာအောင် စောင့်ရှောက်ပြီးနောက် သူ့အတွက် အခွင့်အရေး ရောက်ရှိလာပြီဖြစ်သည်။ စစ်နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သော ထိုအခွင့်အရေးကို သူက လွယ်လွယ်နှင့် လက်မလွှတ်လိုပေ။


ကောင်းကင်ပေါ်တွင် တောက်ပလှသော ဓါးအလင်းရောင် တစ်ချက်က တောက်ပသွားလေသည်။ ထိုအလင်းရောင်များ ဖြာထွက်နေသော ဓါးပျံတစ်လက်ပေါ်တွင် မျက်ခုံးမွှေး ဆံပင်မွှေးများပင် ဆွတ်ဆွတ်ဖြူနေသော အကြီးအကဲတစ်ယောက် လိုက်ပါလာသည်။ ထိုသူက သူ၏ မှတ်ဥာဏ်ဆိုးများ ရှိရာ လမ်းကြားလေးသို့ ဦးတည်နေလေသည်။ 


ထျန်းရှုဇိ၏ ဆံပင်များ မုတ်ဆိတ်များက ထိုးထိုးထောင်ထောင် ဖြစ်နေလေသည်။ လမ်းကြားလေးထဲတွင် သူ၏ အိမ်မက်ဆိုးများကို ကြုံတွေ့ခဲ့ရသော်လည်း ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်က စစ်နတ်ဘုရားအဆင့်ကို ရောက်ရှိနိုင်သောကြောင့် ထိုအခွင့်အရေးကို လက်လွှတ်မခံလိုခဲ့ချေ။


“ဟား…ဟား..ဟား… ဒီနေ့တော့ အင်ပါယာမြို့တော်ကြီးက အသက်၀င်နေပြီ…. လူတိုင်းက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို ရဖို့အတွက် ဆိုင်လေးဆီကို သွားနေကြပြီး ကျွတ်..ကျွတ်ကျွတ်…”


အင်ပါယာမြို့တော်၏ လမ်းမထက်တွင် မြည်းတစ်ကောင်က သွားလာနေပြီး ခွာသံက ပဲ့တင်ထွက်ပေါ်နေသည်။ ထိုမြည်း၏ ကျောပေါ်တွင် ထိုင်နေသော ယစ်ထုတ်ကြီးက ရုတ်တရက် ရယ်မောလိုက်ရာ သူ့ပါးစပ်ထဲမှ ဝိုင်များပင် ထွက်ကျလာလေသည်။ 


နီယန်နှင့် ရီဇီလင်းက ယစ်ထုတ်အိုကြီးကို မျက်လုံးလှန်ကြည့်လိုက်ပြီး သူနှင့် ဝေးရာသို့ ဆုတ်ခွာသွားလိုက်ကြသည်။


……


၀ှိုက်တီ၏ ခရမ်းရောင် မျက်လုံးများက ရုတ်တရက် လှုပ်ရှားလာကြသည်။ တောက်ပသော ခရမ်းရောင် မျက်လုံးများထဲမှ အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။ ထိုအကြည့်ကြောင့် လူတိုင်း၏ ကျောရိုးထဲထိ စိမ့်တက်သွားကြလေသည်။


ကြီးမားသော ဓါးတစ်လက်သဏ္ဍာန် ပြောင်းထားသော ဝှိုက်တီ၏ လက်များကိ ဝှေ့ရမ်းလိုက်သည်နှင့် ပြင်းထန်သော လေပြင်းများ ဖြစ်ပေါ်လာလေသည်။


ရှားတက ဝှိုက်တီကို ကြောက်ရွံ့စွာကြည့်လိုက်သည်။ သူ၏ နှလုံးသားက ကြောက်ရွံ့စွာနှင့် တုန်ခါနေလေသည်။ ထိုစက်ရုပ်က အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။ 


ပြန့်ချန်ခုန်းက သူ၏ လက်ထဲမှ လှံရှည်နှင့် ဝှိုက်တီကို ညွှန်လိုက်ပြီး အက်ရှရှအသံနှင့် ပြောလိုက်သည်။


“ဒီလူက ငါတို့ မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရာကျောင်းက အကြီးအကဲ တစ်ယောက်ပဲ… ဒါကြောင့် မင်းက သနားညှာတာမှု နည်းနည်းထားပြီးတော့ သူ့ရဲ့ အသက်ကို ချမ်းသာပေးလို့ ရလား…..”


ရှာတ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွားလေသည်။ သူက ခေါင်းပင် မဖော်ရဲတော့ချေ။ သူ၏ အခြေအနေက အလွန်သနားစရာ ကောင်းနေပြီး တစ်စုံတစ်ယောက်က သူ့အတွက် သနားညှာတာမှု ရစေရန် တောင်းပန်နေရလေသည်။ အခြေအနေက အလွန်စိတ်ပျက်ဖွယ် ဖြစ်နေလေသည်။ 


၀ှိုက်တီက ခေါင်းလှည့်ကြည့်လိုက်ပြီး သူ၏ သဘောထားကိုပြတ်သားစွာ ကြေညာလိုက်သည်။


“ဆိုင်ရှင်ကို သတ်ဖို့ ကြိုးစားတဲ့သူတိုင်း ဖယ်ရှားသုတ်သင်ခြင်း ခံရမယ်…”


ဘန်း….


၀ှိုက်တီက ခြေဆောင့်နင်းလိုက်ရာ သူ၏ ခြေထောက်အောက်မှ မြေပြင်က ကွဲကြေသွားလေသည်။ ဝှိုက်တီ၏ လှုပ်ရှားမှုများက မျက်စိနှင့်ပင် လိုက်၍ မကြည့်နိုင်အောင် လျှင်မြန်လှပေသည်။


ပြန့်ချန်ခုန်း၏ မျက်၀န်းများက စူးရှသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။


“အဲလိုဆိုမှတော့… ငါ့ကိုဗွေမယူနဲ့တော့…”


သူ၏ ဘေးပတ်ပတ်လည်တွင် အစစ်အမှန် စွမ်းအင်များ စတင်စုဝေးလာလေသည်။ ထိုလှုပ်ရှားမှုကို ကြည့်လိုက်သည်နှင့် သူက ရှားတထက် ပို၍ သန်မာသည်ကို တွေ့နိုင်လေသည်။ ပြန့်ချန်ခုန်း၏ လှံရှည်က နဂါးတစ်ကောင်ကဲ့သို့ လေထုကို ထိုးဖောက်ပျံသန်းသွာေးလသည်။ ထို့နောက် လှံရှည်က နဂါးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာပြီး သူ၏ လက်သည်းချက်များကို ဝှေ့ရမ်းလိုက်သည်။ 


ပြင်းထန်သော တိုက်ခိုက်မှုကြောင့် အနီးအနားမှ ကျောက်တုံးကျောက်ခဲများပင် ကြေမွသွာေးလသည်။ အနားတွင် ရှိသော သူတော်စင် အဆင့်များက ထိုဖိအား၏ သက်ရောက်မှု ဒဏ်ကို ခံလိုက်ရလေသည်။


၀ှိုက်တီက ရှေ့သို့ မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ သူ၏ ခရမ်းရောင် မျက်၀န်းများက ပို၍ တောက်ပလာပြီး သူ၏ ဓါးသဏ္ဍာန် လက်ကို လေထဲသို့မြှောင်တင်လိုက်လေသည်။ 


ရွှပ်… ရွှပ်… ဘုန်း…. ဘန်း….


ကျယ်လောင်လှသော ပေါက်ကွဲသံများ ပဲ့တင်ထပ် ထွက်ပေါ်လာပြီး လှံရှည်က အပိုင်းပိုင်းအစစ ပျက်စီးသွားလေသည်။ ကြောက်စရာကောင်းလှသော နဂါးအရိပ်ကြီးကလည်း ဓါးသွား၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရလေသည်။ 


ပြန့်ချန်ခုန်း လက်များက တဆတ်ဆတ် တုန်ယင်နေလေသည်။ သူ၏ ခန္ဒာကိုယ်တစ်ခုလုံးကို ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖုံးလွှမ်းသွားသည်ဟု ခံစားလိုက်ရပြီး သူ၏ စိတ်ဝိဥာဉ်က ရေခဲကန်ထဲ ကျသွားသကဲ့သို့ တောင့်တင်းသွားလေသည်။


“သေလိုက်စမ်း…. ကမ္ဘာပေါ်မှာ ဘယ်လို မွန်းစတားမျိုး ပေါ်လာတာလဲ….”