အပိုင်း ၂၂၆
Viewers 52k

အခန်း ၂၂၆ “နောက်ဆုံးတော့ ငါးလမ်းကြောင်းသိမြင်မှု သစ်သီး ပေါ်လာပြီ….”


ဆွစ် ဆွစ် ဆွစ်…


အင်ပါယာမြို့တော်၏ ကောင်းကင်ထက်တွင် ပျံသန်းလာသော အသံများကို ကြားနေရသည်။ လက်နှက်များကို သယ်ဆောင်ထားသော စစ်သည်တော်များက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင် တည်ရှိရာ ဖန်ဖန်ဆိုင်ငယ်လေးဆီသို့ တစ်ရောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ ထိုသူအားလုံးက သူတော်စင်အဆင့်များ မဟုတ်ကြပဲ ဘုရင်အဆင့်များနှင့် အင်ပါယာ အဆင့်များပင် ပါ၀င်နေလေသည်။


သို့သော် သူတို့၏ ရည်ရွယ်ချက်က သူတော်စင်အဆင့်များနှင့် အတူတူပင် ဖြစ်သည်။ သူတို့အားလုံးက ငါးလမ်းကြောင်း သိမြင်မှု သစ်သီးအတွက် ရောက်ရှိလာကြခြင်းသာ ဖြစ်ကြသည်။ ရတနာ ပစ္စည်းများကို ပိုင်ဆိုင်ထိုက်သူထံသာ ရောက်ရှိလာမည်ဖြစ်သည်။ ဘေးတွင် ရပ်ကြည့်နေသူ တစ်ဦးအနေနှင့် ကံကောင်းထောက်မခဲ့လျှင် ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်ကို ပိုင်ဆိုင်သွားနိုင်ပေသည်။


တစ်ဦးတစ်ယောက်ကသာ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို ရရှိစားသုံးနိုင်ခဲ့ပါက သူတော်စင်အဆင့် ဖြစ်လာနိုင်ပေသည်။ ထို့နောက် စစ်နတ်ဘုရားအဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။ အဆင့်မြင့် လူသားတစ်ဦး ဖြစ်လာစေရန် စတင် စိတ်ကူးယဉ်နိုင်တော့ မည်ဖြစ်သည်။


ပုဖန်နေထိုင်ရာ လမ်းကြားလေးထဲတွင် ပြည့်နှက်နေသော လူရိပ်များက ယင်အုံနေသည်နှင့်ပင် တူနေလေသည်။


သန်မာ၍ စွမ်းအားကြီးလှသော မိုကျိုးဓါးမြ ၁၃ ယောက်ကလည်း သူတို့၏ အထူးလက်နှက်များကို ကိုင်ဆောင်ပြီး ဆိုင်ငယ်လေးဆီသို့ ချီတက်လာကြသည်။ ဆိုင်ငယ်လေးက သူတို့၏ အိမ်မက်ဆိုးများ စတင်ရာ နေရာဖြစ်သော်လည်း ငါးလမ်းကြောင်းသိမြင်မှုသစ်သီး၏ ဆွဲဆောင်မှုကို တောင့်ခံနိုင်စွမ်း မရှိကြချေ။


တချိန်တည်းမှာပင် နီယန်နှင့် ရီဇီလင်းတို့က လမ်းကြားလေးသို့ ရောက်ရှိလာကြသည်။ ထိုနှစ်ယောက်က သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်၍ မျက်မှောင်ကြုံ့လိုက်မိကြသည်။ ကျဉ်းမြောင်းသော လမ်းကြားလေးထဲတွင် လူအုပ်ကြီးက ဘုရားပွဲကဲ့သို့ ပြည့်ညှပ်နေလေသည်။


ထိုနေရာမှ ထွက်ပေါ်နေသော စွမ်းအားများက တည်ငြိမ် သန်မာလှပြီး လေထုကိုပင် ဖျက်စီးလုလု ဖြစ်နေလေသည်။ ကြည့်ရှုနေသူများ အားလုံးတွင့် ကျင့်ကြံမှု နိမ့်ကျသူများ မပါသည့်အပြင် အားလုံးနီးပါးက သူတော်စင် အဆင့်များ ဖြစ်ကြသည်။ သို့သော်အားလုံးက မဆင်မခြင် အလျှင်စလို မလှုပ်ရှားရဲကြချေ။


သာမာန်အချိန်တွင် တိတ်ဆိတ်အေးချမ်းနေတတ်သော လမ်းကြားလေးက အမှိုက်ပုံဖြစ်လုနီးပါး ဖြစ်နေလေသည်။ လမ်းကြားလေး၏ နံရံများက အက်ကွဲနေကာ လမ်းခင်းကျောက်များက အပိုင်းပိုင်း အစစ ကွဲကြေနေသည်။ သူတို့၏ ရှေ့တွင် တောင်တစ်တောင်ကဲ့သို့ မားမားမတ်မတ် ရပ်နေသော ဝှိုက်တီရှိနေပြီး သူနှင့် မလှမ်းမကမ်းတွင် ခေါင်းပြတ်နေသော ပုံရိပ်တစ်ခု ရှိနေသည်။


ရွစ်…


စူးစိုက်ကြည့်နေသော နီယန်နှင့် ရီဇီလင်းက ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။ အ၀တ်အစားများ မပါသော သက်ကြီးပိုင်းတစ်ယောက်က သူတို့၏ ဘေးမှ မြေပြင်ပေါ်သို့ မျက်နှာနှင့် အပ်၍ ပြုတ်ကျလာခဲ့သည်။


“နောက်ထပ် အ၀တ်ချွတ်ခံလိုက်ရတဲ့ တစ်ယောက် …. ပုဖန်ရဲ့ အ၀တ်ချွတ်ရတာ ကြိုက်တဲ့ နတ်ဆိုးက သူ့နံမည်နဲ့ တကယ်လိုက်ဖက်တယ်….”


နီယန်က ရေရွတ်လိုက်ပြီး စူးစမ်းနေသော ရီဇီလင်း၏ မျက်လုံးများကိ ကမန်းကတမ်း ဖုံးကာလိုက်သည်။ နီယန်က ၀တ်စလစ် ဖြစ်နေသော လူကြီးကို မနှစ်မျို့ဟန်နှင့် ကြည့်လိုက်လေသည်။


ပြန့်ချန်ခုန်း၏ အိုမင်းနေသော မျက်နှာက အကြီးအကျယ် တုန်လှုပ်နေသော်လည်း အသံတစ်ချက်ပင် မထွက်ရဲချေ။ ထိုစက်ရုပ်က အလွန်သန်မာလှပြီး သူ့အနေနှင့် မယှဉ်ပြိုင်နိုင်ပေ။ ဤကဲ့သို့ ချောင်ကျလှသော ဆိုင်ငယ်လေးထဲတွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင် ထွက်ပေါ်လာခြင်းက အံ့သြစရာတစ်ခု မဟုတ်တော့ချေ။ သူ၏ အစောင့်စစ်သည်တော်က အလွန်သန်မာလှသောကြောင့် သူတို့၏ အားထုတ်မှုများက ရယ်စရာ ဖြစ်နေလေသည်။


ပြန့်ချန်ခုန်းက သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အ၀တ်အစားတစ်စုံကို ထုတ်၀တ်လိုက်ပြီးမှ အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ သို့သော်သူ၏ စိတ်ကျေနပ်မှုက ကြာရှည်မခံပဲ တခဏအတွင်း ပို၍ ဒေါသထွက်လာလေသည်။ သူက မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းမှ အကြီးအကဲ တစ်ယောက် ဖြစ်ပြီး အဆင့်ရှစ် စစ်နတ်ဘုရားတစ်ပါးလည်း ဖြစ်သည်။ ထိုကဲ့သို့သော သူက လမ်းပေါ်သို့ တစ်စုံတစ်ယောက်၏ အ၀တ်ချွတ်၍ ပစ်ထုတ်ခံရသည်ကို ခံရမည်ဟု မထင်ထားခဲ့ချေ။


“ဘာတွေလာကြည့်နေတာလဲ… အမျိုးသမီး….”


ပြန့်ချန်ခုန်းက ဒေါသထွက်သွားလေသည်။ သူ၀တ်ရုံ ၀တ်ပြီးချိန်တွင် နီယန်နှင့် ရီဇီလင်း၏ အကြည့်များကို သတိထားမိသွားလေသည်။ ထို့ကြောင့် သူ၏ မျက်နှာက မည်းမှောင်သွားပြီး ချက်ချင်း အော်ဟစ်လိုက်လေသည်။


နီယန်က ယခုအချိန်မှ မျက်နှာလွဲရန် မဖြစ်နိ်ုင်တော့သောကြောင့် မျက်နှာပြောင်တိုက်၍ ပြန့်ချန်ခုန်းကို စိုက်ကြည့်လိုက်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။


“ကိုယ်တုံးလုံးနဲ့ အဘိုးကြီးက ဘာတွေလာပြောနေတာလဲ… နင့်ရဲက ခန္ဒာကိုယ်ပေါ်မှာ စိတ်၀င်စားစရာ တစ်ခုခု ရှိနေသေးတယ်လို့ ထင်နေတာလား… အရှက်မဲ့လိုက်တာ…”


ရီဇီလင်းကလည်း ရှေ့တိုး၍ မိုက်ကြည့်ကြည့်လိုက်လေသည်။


ပြန့်ချန်ခုန်းက သွေးအန်လုမတက် ဒေါသထွက်သွားလေသည်။ ထို့ကြောင့် သူ၏ ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး ထိုအမျိုးသမီး နှစ်ယောက်ကို သေသည်အထိ ရိုကနှက်ရန် ပြင်ဆင်လိုက်လေသည်။ သို့သော် သူ၏ စွမ်းအင်ဗဟိုမှ အစစ်အမှန်စွမ်းအားများ ထွက်ပေါ်လာသည်နှင့် ကျောရိုးတစ်လျောက် အေးစက်မှုက ဖြတ်စီးသွာေးလသည်။ သူ၏ နောက်တွင် ကြောက်စရာကောင်းသော စက်ရုပ် ရှိနေဆဲဖြစ်သည်ကို သူက ရုတ်တရက် သတိရသွားလေသည်။


ကလုပ်….ကလုပ်….


ခွာသံတစ်ခု ထွက်ပေါ်လာပြီး မြည်းစီးထားသော လူတစ်ယောက်က မြင်ကွင်းထဲသို့ ၀င်လာလေသည်။


ယစ်ထုတ်အိုကြီးက ဝိုင်ကို မော့သောက်လိုက်သည်။ သူ၏ မျက်နှာက ဝိုင်ကြောင့် ရဲရဲနီနေပြီး ရယ်ရွှင်ဖွယ် ဖြစ်နေလေသည်။


“ဘယ်သူက ငါတို့ အာကာသ အာနန်ဂိုဏ်းရဲ့ တတိယ အကြီးအကဲကို တိုက်ခိုက်ချင်တာလဲ….”


ယစ်ထုတ်အိုကြီးက ဘူးသီးချောက် ဝိုင်ဘူးကို ဆုတ်ကိုင်ထားပြီး ပြန့်ချန်ခုန်းကို ရီဝေ၀ အကြည့်များနှင့် ကြည့်လိုက်သည်။ ထို့နောက် သူက စိတ်ကျေနပ်စွာဖြင့် ရုတ်တရက် ရယ်မောလိုက်သည်။


“အိုး…. မင်းပါလား… အဖိုးကြီး….”


မင်း…..


ပြန့်ချန်ခုန်းက မျက်မှောင်ကြုံ့လိုက်သည်။ အာကာသအာနန်ဂိုဏ်းမှ ယစ်ထုတ်ကြီးက အလွန်စွမ်းအားကြီးလှသည်။ လေအလင်း အင်ပါယာမြို့သို့ ထိုသူ ရောက်ရှိနေသည်မှာ အလွန်အံ့သြဖွယ် ကောင်းလှပေသည်။


“သူကလဲ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကြောင့် ရောက်လာတာလား…..”


ထိုသူက ကောင်းမွန်လှသော ဝိုင်တစ်ခု ထုတ်လုပ်နိုင်ရန် အမြဲတစေ ကြိုးစားနေသူ ဖြစ်သောကြောင့် ထိုကိစ္စက ဖြစ်နိုင်ချေ ရှိလေသည်။ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးက အလွန်ရှားပါးလှသော သစ်သီးဖြစ်ပြီး သူ့ကို အသုံးပြုလိုက်လျင် အဖိုးတန် ပါ၀င်ပစ္စည်းတစ်ခု ဖြစ်လာနိုင်ပေသည်။


ထိုအချိန်တွင် လေထုကို ဖြတ်သန်းလာသော အလွန်ကျယ်လောင်သည့် အသံတစ်ခုကို ကြားလိုက်ရပြီး သန်မာသော ပုံရိပ်တစ်ခုက ကောင်းကင်ထက်တွင် ထွက်ပေါ်လာလေသည်။ ထိုသူ၏ မျက်နှာတစ်၀က်ကို မျက်နှာဖုံးနှင့် ဖုံးကာထားပြီး သူ့ခန္ဒာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်များက အလွန်ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။


“ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက ရင့်မှည့်ပြီလား… ငါက လောဘမကြီးပါဘူး… တစ်ခုပဲ ယူမှာပါ….” လေထဲတွင် ရပ်တည်နေသော ကျန့်ခုန်းက ဆိုင်ငယ်လေးကို ကြည့်၍ ပြောလိုက်သည်။


“နောက်ထပ် အဆင့်ရှစ် စစ်နတ်ဘုရားတစ်ယောက်…” ဝိုင်တစ်ငုံ မော့သောက်နေသော ယစ်ထုတ်ကြီးက မျက်လုံးများကို မှေးစင်းလိုက်သည်။


ပြန့်ချန်ခုန်းကလည်း အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။ စစ်နတ်ဘုရာများက အလွန်သန်မာလှသည်။ သို့သော ဤလမ်းကြားလေးထဲတွင် စစ်နတ်ဘုရားတစ်ပါး သေဆုံးသွားပြီးဖြစ်သည်။


ကျန့်ခုန်းက သူ၏ စကားကို တုန့်ပြန်သူ မရှိသည်ကို သတိပြုမိသွားပြီး မျက်မှောင်ကြုံ့လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိ်ုက်ရာ ဆိုင်ငယ်လေးရှေ့သို့ ရောက်သွားလေသည်။ သူ၏ အာရုံခံစားမှု ရုတ်တရက် ပြောင်လဲသွားသောကြောင့် ဆိုင်ငယ်လေးထဲသို့ လှမ်းကြည့်လိုက်သည်။


ဘန်း… ဘန်း…


ပေါက်ကွဲသံများနှင့်အတူ စိတ်ဝိဥာဉ်သားရဲ တစ်ကောင်၏ နာနာကျင်ကျင် အော်သံက ကျယ်လောက်စွာ ထွက်ပေါ်လာလသေည်။ အပြင်းအထန် တိုက်ခိုက်နေသော ဆိုင်ထဲမှ အနီရောင်၀တ်စုံနှင့် လူတစ်ယောက်က ယိုင်တိယိုင်တိုင် ထွက်လာလေသည်။ ထွက်လာသူက အဆင့်ခုနစ် သူတော်စင်အဆင့်တစ်ယောက် ဖြစ်သည်ကို ကျန့်ခုန်းက သတိပြုမိလိုက်သည်။


ပြန့်ချန်ခုန်း၏ မျက်နှာအမူအယာက ပြောင်လဲသွားလေသည်။


“အိုး… လင်းဖုန်က ဘယ်လိုဖြစ်ပြီး ဆိုင်ထဲရောက်နေတာလဲ….”


ပြန့်ချန်ခုန်းက မုလင်းဖုန်၏ ဆိုးဝါးလှသော အခြအနေကို သတိပြုမိသွားပြီး တွန့်ဆုတ်ခြင်းမရှိပဲ ရှေ့သို့ ပြေးတက်သွားလိုက်သည်။


“အကြီးအကဲ… အကြီးအကဲ ပြန့် ငါ့ကိုကယ်ပါ…”


ဆိုင်ထဲမှ ထွက်လာသော မုလင်းဖုန်က အကြီးအကဲပြန့်ရှိရာသို့ ပြေးလွှားသွားလိုက်သည်။ အကြီးအကဲက သူ၏ နောက်ဆုံးကောက်ရိုးတစ်မျှင်ပင် ဖြစ်သည်။ အခြေအနေများက အလွန်စိတ်ပျက်ဖွယ် ကောင်လှပေသည်။


“သေပြီ… အားလုံးသေသွားပြီ…. မီးကလေး… ရေကလေး… မိုးကြိုးကလေးတို့ အားလုံး သေသွားကြပြီ….”


ခွေးနက်ကြီးက အလွန်ကြောက်မက်ဖွယ် ကောင်းလှချေသည်။ သူ၏ လက်ဖဝါးကို မြှောက်လိုက်သည်နှင့် အဆင့်ခုနစ် သားရဲက အစပင် ရှာ၍ မရအောင် ဖြစ်သွားလေသည်။ ထိုခွေးနက်ကြီး၏ မညှာမတာ ရိုက်ချက်များအောက်တွင် သူ၏ သားရဲသုံးကောင်လုံး အသက်ပျောက်သွားပြီဖြစ်သည်။ သူ၏ စိတ်ထဲတွင် အလွန်နာကျင် ဝမ်းနည်းနေသော်လည်း သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုက ကြီးစိုးနေလေသည်။


“ဒီခွေး… ဒီခွေးက နတ်ဆိုးပဲ…”


ပြန့်ချန်ခုန်း၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေလေသည်။ သူက မုလင်းဖုန်၏ ထိုအမူအယာမျိုးကို မမြင်တွေ့ဖူးခဲ့ချေ။ သူက မုလင်းဖုန်ကို နောက်သို့ ဆွဲ၍ ကာကွယ်လိုက်ပြီး ဆိုင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဆိုင်အတွင်းမှ ထွက်ပေါ်လာသော ရန်လိုသည့် အငွေ့အသက်များကို ခံစားလိုက်ရပြီး ထိတ်လန့်သွားလေသည်။


“ဟမ်… ခွေးလက်က အစစ်အမှန် စွမ်းအင်တွေက….”


ပြန့်ချန်ခုန်းက ဝေခွဲမရ ဖြစ်သွားလေသည်။


“ခွေးတစ်ကောင်ရဲ့ လက်တစ်ဖက်က သားရဲခန်းမရဲ့ သခင်လေး မုလင်းဖုန်ကို ကြောက်ရွံ့ တုန်လှုပ်သွားအောင် လုပ်နိုင်တာလား….”


“အကြီးအကဲပြန့် သတိထား….”


မုလင်းဖုန်က ခွေးလက်ကို ကာကွယ်ခြင်းမရှိသော ပြန့်ချန်ခုန်းကို ကြည့်၍ အော်ဟစ်လိုက်သည်။ အဖြစ်အပျက်များက ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူ၏ စိတ်ဝိဥာဉ်သားရဲ သုံးကောင်းဆုံးရှုံးခဲ့ပြီး အကြီးအကဲတစ်ယောက် သေဆုံးသွားရလေသည်။ သူ၏ သားရဲများကို ပြန်လည်ဖြည့်တင်းနိုင်သော်လည်း အကြီးအကဲတစ်ယောက် သေဆုံသွားခြင်းက အလွန်ဆိုးဝါးလှပေသည်။


ပြန့်ချန်ခုန်းက အနောက်သို့ ဆုတ်လိုက်ပြီး သူ၏ မျက်နှာအမူအယာက တင်းမာခက်ထန်လာလေသည်။ သူက အစစ်အမှန် စွမ်းအင်များနှင့် ဖန်တီးထားသော အကာအကွယ်ကို သူ၏ ခန္ဒာကိုယ်တွင် လွှမ်းခြုံလိုက်သသည်။ ထို့နောက် စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး သေးငယ်လှသော အနက်ရောင်မြွေလေးတစ်ကောင်လည်း ထွက်ပေါ်လာလေသည်။


ရွှီး….ရွှီး….


လှုပ်ရှားနေသော မြွေငယ်လေးထံမှ ပြင်းထန်လှသော ဖိအားများ ထွက်ပေါ်လာသည်။ ထိုမြွေက အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ တစ်ကောင်ပင် ဖြစ်သည်။ သူက မြွေငယ်လေးကို ခွေး၏ လက်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ ထိုအဆင့်ခုနစ် ရေနက်မြွေက သူ၏ ရတနာပင် ဖြစ်သည်။ ထိုမြွေ၏ အဆိပ်က အလွန်ပြင်းထန်လှပြီး အကျိုးဆက်က ကြောက်မက်ဖွယ် ကောင်းလှပေသည်။ စစ်နတ်ဘုရားအဆင့်များပင် သတ်ိမထားမိပါက သူ၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။


မြွေငယ်လေးက ပါးစပ်ဟလိုက်ပြီး လောင်ကျွမ်းနိုင်သော အဆိပ်ငွေ့များကို ထုတ်ဖော်လိုက်သည်။ သို့သော် တခဏအတွင်းပင် ခွေးလက်က သူ့ပေါ်သို့ ကျဆင်းလာပြီး ပေါက်ကွဲသွားကာ သွေးမြူများအဖြစ် လွင့်ပြယ်သွားလေသည်။


“ဘုရားရေ…”


ပြန့်ချန်ခုန်း၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ကြောက်စိတ်များက သူ့စိတ်ထဲသို့ တိုး၀င်လာလေသည်။ သူ၏ အဆင့်ခုနစ် ရေနက်မြွေက ရိုက်ချက်တစ်ချက်နှင့်ပင် သွေးမြူများအဖြစ် ပြောင်းလဲသွားလေသည်။


“ဒီ… ဒီခွေးလက်ထက် ကြောက်စရာကောင်းတာ ရှိသေးလား….”


သူက ထပ်မံမစဉ်းစားတော့ပဲ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။


“ဒါ… ဒါပေမယ့် ငါပြေးလို့ လွတ်ပါ့မလား….”


ထိုအချိန်မှာပင် ခွေးလက်က သူတို့ဆီသို့ နောက်တစ်ကြိမ် တိုး၀င်တိုက်ခိုက်လာသောကြောင့် ပြန့်ချန်ခုန်း၏ မုလင်းဖုန်၏ ရှေ့တွင် ကာဆီးလိုက်လေသည်။


ဘန်း….


ပုန်းခိုစရာ မရှိ်တော့သောကြောင့် ပြန့်ချန်ခုန်းက သူ၏ လှံရှည်ကို ထုတ်လိုက်ပြီး စွမ်းအားအပြည့်နှင့် ခုခံလိုက်လေသည်။


ဝေါ့…


ပြန့်ချန်ခုန်း၏ ပါးစပ်အပြည့် သွေးများ အန်ထွက်လာပြီး သူ၏အရိုးများက ပဲကြော်ကဲ့သို့ ကျိုးကြေသွားလေသည်။ သူ၏ လှံရှည်ကလည်း အပိုင်းပိုင်း အစစ ကျိုးကြေသွားပြီး ခန္ဒာကိုယ်က လေထဲသို့ လွင့်ပျံတက်သွားကာ လမ်းကြားလေး၏ နံရံနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားလေသည်။ သူ၏ ခန္ဒာကိုယ်ပေါ်မှ အစစ်အမှန်စွမ်းအင် အကာအကွယ်က ပျက်စီးသွားပြီဖြစ်သည်။


ခွေးလက်ဖဝါး တစ်ခုမျှက စစ်နတ်ဘုရားတစ်ပါးကိုပင် အဆုံးသတ်လုနီးပါး ဖြစ်သွားလေသည်။ မုလင်းဖုန်က ကြောက်လန့်တကြားနှင့် ဖင်ထိုင်ရက် လဲကျသွားလေသည်။ သူ၏ ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ကျန့်ခုန်းကလဲ တံတွေးများပင် သီးသွားပြီး ကို့ယို့ကားယား ဖြစ်နေလေသည်။ သူက ထွက်ခွာသွားရန် ပြင်လိုက်လေသည်။ ထိုခွေးက သူ့ကိုလည်း သတ်ဖြတ်နိုင်သည်မှာ ထင်ရှားလှပေသည်။


ယခုအချိန်တွင် လမ်းကြားလေးထဲ၌ တစပြင်ကဲ့သို့ တိတ်ဆိတ်နေလေသည် စစ်သည်တော်အချို့က လမ်းကြားလေးထဲသို့ ထပ်မံဆင်းသက်လာသော်လည်း တင်းမာခက်ထန်နေသော လေထုကြောင့် အသံတစ်စက်ပင် မထွက်ရဲကြချေ။


ရှပ်… ရှပ်… ရှပ်…


ထိုအချိန်တွင် ဆိုင်ငယ်လေးဆီမှ ထွက်ပေါ်လာသော ခြေသံတချို့က တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲလိုက်လေသည်။ ပိန်ပါးသွယ်လျသော ပုံရိပ်တစ်ခုက ဆိုင်၏ တံခါး၀တွင် ပေါ်ထွက်လာလေသည်။ သူ၏ လက်ထဲတွင် စိတ်ဝိဥာဉ် စွမ်းအင်များ သိပ်သည်းကြွယ်၀လှသော ငါးလမ်းကြောင်း သိမြင်မှု သစ်သီးသုံးလုံး ရှိနေလေသည်။


ပုဖန်က တံခါး၀သို့ ရောက်လာချိန်တွင် ဘယ်ဘက်၌ ကြောင်တစ်ကောင်ကဲ့သို့ လျောက်နေသော ခွေးနက်ကြီးတစ်ကောင် ရှိပြီး ညာဘက်တွင် ကလေးမလေးက လိုက်ပါလာလေသည်။ ထူးခြားဆန်းကျယ်သော သုံးယောက်က လူအများ၏ အာရုံကို ဆွဲဆောင်သွားလေသည်။


လူများက ပုဖန်၏ လက်ထဲမှ သစ်သီးသုံးလုံးကို သတိပြုမိသွားကြပြီး အသက်ရှူရပ်မတက် ဖြစ်သွားကြလေသည်။


အဓိကဇာတ်လိုက်က နောက်ဆုံးတွင် ထွက်ပေါ်လာပြီဖြစ်သည်။