အခန်း ၂၂၇ “ငါက လက်ဝါးကြီးအုပ်တယ်… မင်းက ရှက်တက်သေးရဲ့လား…”
အင်ပါယာမြို့တော်အတွင်းရှိ ခြံ၀န်းလေး တစ်ခုထဲတွင် မကောင်းဆိုးဝါး စားဖိုမှု ၀မ့်တင်းက သူ၏ ရှေ့မှ ဒန်အိုးရှိရာသို့ လျောက်လာလေသည်။ အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် အပူငွေ့များနှင့် စိတ်ဝိဥာဉ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထိုအငွေ့များက သူ၏ မျက်နှာကို ရိုက်ခတ်သွားပြီး လေထဲ လွှင်ပျံတက်သွာေးလသည်။ အသက်ရှူလိုက်သည်နှင့် အပူငွေ့များက နှာခေါင်းပေါက်ထဲသို့ တိုး၀င်သွားပြီး မခံမရပ်နိုင် ဖြစ်လာစေလေသည်။
ထိုခံစားမှုကို မခံနိုင်သောကြောင့် ၀မ့်တင်းက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
“သုံးဆယ့် ခုနစ်ကြိမ်မြောက် အဆင့်ငါးသားရဲကို ပြုတ်ပြီးရင် အသားအဆီအနှစ် ဖြစ်လာလိမ့်မယ်… ဒါက ကုန်းမြေတိုက်ကြီးတခွင်ကို ငါလှည့်လည်သွားလာခဲ့တုန်းက သိခဲ့ရတဲ့ သက်စောင့်ဟင်းပွဲချက်နည်းပဲ…”
၀မ့်တင်း၏ မျက်လုံးများက တောက်ပလင်းလက်နေလေသည်။
“ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို ငါ ရမှဖြစ်မယ်… စားသောက်ဆိုင်ငယ်လေးက ပျက်စီးသွားပြီလာဆိုတာကို ငါသိချင်တယ်… အဲဒီဆိုင်မှာ အဆင့်ရှစ် အစောင့်အရှောက်ရှိတယ်ဆိုတဲ့ ကောလဟာလတွေ ရှိနေပေမယ့်… ဆိုင်ငယ်လေးရဲ့ နေရာက စွန့်ပစ်နယ်မြေ ဖြစ်သွားမှာပဲ….”
၀မ့်တင်းက စွပ်ပြုတ်အိုးကို မွှေနေရာမှ တီးတိုးရေရွတ်လိုက်သည်။ စွပ်ပြုတ်အိုးမှလည်း အနံ့ဆိုးများ ထွက်ပေါ်နေလေသည်။ သူက လက်သီးဆုတ် အရွယ်ရှိသော ကြွေအိုးအဝိုင်းလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ဒန်အိုးကြီးထဲမှ အသားစွပ်ပြုတ် အဆီအနှစ်များကို ထည့်လိုက်လေသည်။
“ဒီအသား စွပ်ပြုတ် အနှစ်သာရနဲ့ဆိုရင် အဆင့်ရှစ် စစ်နတ်ဘုရားတွေကိုတောင် ဆန့်ကျင်နိုင်စွမ်း ရှိတယ်… ဒါကြောင့် ငါ တိုက်ပွဲမှာ အနိုင်ရနိုင်တယ်… နှမျှောစရာ ကောင်းတာက ဒီအသားစွပ်ပြုတ် အနှစ်သာရဲရဲ့ ဘေးထွက်ဆိုးကျိုးက အရမ်းကြီးမားလွန်းတယ်… ဘယ်လိုပဲ ဖြစ်ဖြစ် ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို ရဖို့ပဲ…”
၀မ့်တင်းက အနည်းငယ် ပူနွေးနေသော စွပ်ပြုတ်အိုးကို ခပ်တင်းတင်း ဆုတ်ကိုင်လိုက်သည်။ ထို့နောက် အနက်ရောင် ၀တ်စုံကို လဲလှယ်၀တ်ဆင်လိုက်ပြီး ခြံ၀န်းထဲမှ ထွက်လာလေသည်။ ခြံ၀န်းအပြင်တွင် စောင့်ဆိုင်းနေသော အစောင်နှစ်ယောက်က မကောင်းဆိုးဝါးစားဖိုမှုး ထွက်လာသည်ကို သတိပြုမိလိုက်လေသည်။
သူတို့က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်ချိန်တွင် ၀မ့်တင်း၏ လက်မှ အလင်းရောင် တစ်ချက် လက်သွားပြီး သူတို့လည်ပင်းကို ဖြတ်တောက်လိုက်လေသည်။ ၀မ့်တင်း၏ မျက်နှာက အေးစက်နေလေသည်။ ထိုသူများက ဂျိချန်းရွဲ့ စေလွှတ်ထားသော သူများ ဖြစ်ကြသည်။
၀မ့်တင်းက သူ့ကို စောင့်ကြည့်နေသော သူများကို ဂရုပြုမိသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူတို့၏ အပြုအမူများက သူ့အတွက် ပြသနာ မဟုတ်ခဲ့သောကြောင့် အဖက်မလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးက ရင့်မှည့်လာပြီဖြစ်သောကြောင့် မည်သူ့ကိုမျှ သနားညှာတာနိုင်ခြင်း မရှိတော့ချေ။
မကောင်းဆိုးဝါး စားဖိုမှုး၏ အမူအကျင်က ကြင်နာတတ်သော လူတစ်ယောက်မဟုတ်ပေ။ ကုန်းမြေတိုက်အတွင်း လှည့်လည်သွားလာခဲ့ပြီး အသက်ရှင်နေခြင်းကပင် သူက နှလုံးသားနူးညံ့သူ တစ်ယောက်မဟုတ်ကြောင်း သက်သေပြနေလေသည်။ သူ၏ မျက်နှာပေါ်တွင် ရက်စက်တတ်သော အမူအယာများ ဖြစ်ပေါ်နေလေသည်။ သူက အသားအနှစ်သာရများ ထည့်ထားသော အိုးငယ်လေးကို ခပ်တင်းတင်း ဆုတ်ကိုင်လိုက်ပြီး ရှေ့သို့ ခြေလှမ်းကျယ်ကျယ် လှမ်း၍ ပျောက်ကွယ်သွားလေသည်။
……
လမ်းကြားလေးထဲတွင် နံရံများ လမ်းများက ကျိုးပဲ့ကြေမွနေပြီး လေတိုက်လိုက်တိုင်း သဲများ လွင့်ပျံနေလေသည်။ ထိုနေရာတွင် ရှိနေကြသော အလွန်များပြားလှသည့် ကျွမ်းကျင်သူများက အသက်ကို ခက်ခက်ခဲခဲ ရှူရှိုက်နေရလေသည်။ သူတို့၏ မျက်၀န်းများက နီရဲနေပြီး ဆိုင်ငယ်လေးကို စူးစိုက်ကြည့်နေကြသည်။
ဆိုင်ငယ်လေး၏ အပေါက်၀တွင် ထူးဆန်းသော ပေါင်းစပ်မှု တစ်ခု ရှိနေလေသည်။ ပိန်ပိန်ပါးပါးလူတစ်ယောက် ချစ်စရာကောင်းလှသော ကလေးမလေး တစ်ယောက်နှင့် ဝြဖိုးလှသော ခွေးတစ်ကောင်…
ပုဖန်၏ လက်ထဲတွင် အရောင်အသွေး စုံလင်လှသော အလင်းတန်းများကို ထုတ်လွှင့်နေသည့် သစ်သီးသုံးလုံး ရှိနေလေသည်။ ထိုသစ်သီးများမှ ထုတ်လွှင့်နေသော အလင်းတန်းများက သူ၏ ပတ်ပတ်လည်ကို လွင့်ပျံနေရာ အနီးအနားမှ ကျွမ်းကျင်သူများက တိုက်ခိုက်လိုနေကြလေသည်။
ပုဖန်၏ လက်ထဲတွင် ရှိနေသော သစ်သီးသုံးလုံးက သူတို့၏ အခွင့်အလမ်းတစ်ရပ် ဖြစ်နေလေသည်။ ထိုသစ်သီးကို ရရှိခဲ့ပါက သူတို့အမြဲတမ်း အိမ်မက်မက်ခဲ့ရသော အောင်မြင်မှုက ရောက်ရှိလာနိုင်ပေသည်။
လေထဲတွင် ရပ်နေသော စစ်နတ်ဘုရားအဆင့်အတွက်မူ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက အနည်းငယ်မျှသာ အကျိုးသက်ရောက်မှု ရှိပေသည်။ သူတော်စင် အဆင့်များအတွက် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက တန်ဖိုးရှိလှသော်လည်း စစ်နတ်ဘုရားများ အတွက်မူ အကျိုးသက်ရောက်မှု နည်းပါးပေသည်။
သို့သော် ထိုသစ်သီးက ကောင်းကင်ရတနာပင် ဖြစ်သောကြောင့် လက်၀ယ်ပိုင်ဆိုင်ရခြင်းက မဆိ်ုးလှပေ။ ထို့အပြင် သူက ဝူယွမ်ပိုင်ကို ငါးလမ်းကြောင်းသိမြင်မှု သစ်သီးတစ်လုံး လက်ဆောင်ပေးမည်ဟု ကတိပေးခဲပြီး ဖြစ်နေလေသည်။
ဘန်း…
ပြိုကျနေသော နံရံအပျက်အစီးများထဲမှ ဖုန်မှုန့်များ လူးနေသည့် လူတစ်ယောက် တွားသွားထွက်လာလေသည်။ ပြန့်ချန်ခုန်း၏ တစ်ကိုယ်လုံးကို သွေးများ ဖုံးလွှမ်းနေပြီး သူ၏ အသွင်အပြင်က ရွံရှာ စိတ်ပျက်ဖွယ် ကောင်းလှလေသည်။ သူက ချောင်းအနည်းငယ် ဆိုးလိုက်ရာ သွေးများ စီးကျလာပြီး သူ၏ မျက်၀န်းထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေလေသည်။ သံစက်ရုပ်တစ်ရုပ်ထက် ခွေးတစ်ကောင်၏ လက်ဖဝါးက သူ့ကို ပို၍ ကြောက်ရွံ့ထိတ်လန့်စေလေသည်။
“စားသောက်ဆိုင်ငယ်လေးက တကယ့်ကို မှန်းဆလို့ မရဘူးပဲ…”
“အကြီးအကဲပြန့်…”
မုလင်းဖုန်က အကြီးအကဲ ပြန့်ဆီသို့ ပြေးသွားလိုက်သည်။ သူ့ကို ၀င်ရောက် ကူညီလိုက်သောကြောင့် ဒဏ်ရာအပြင်းအထန် ရသွားသော အကြီးအကဲ ပြန့်ကို သေချာစွာ ကြည့်လိုက်လေသည်။ ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ပဲ အေးစက်စက် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ စစ်နတ်ဘုရားတစ်ပါးက သေလုအောင် ရိုက်နှက်ခံထားရလေသည်။
ခွေးနက်ကြီးက ဒဏ္ဍာရီလာ အဆင့်မြင့်သားရဲကြီး ဖြစ်နိုင်လေသည်။ အဆင့်မြင့်သားရဲက မြေရိုင်းလွင်ပြင် ဒေသ၏ အနက်ရှိုင်းဆုံး နေရာတွင်သာ နေထိုင်ကြပြီး လူများ ရှိရာသို့ ပေါ်ထွက်လာခြင်း မရှိပေ။ သို့သော် လမ်းကြားလေးထဲမှ ဆိုင်ငယ်လေးတွင် အဆင့်မြင့်သားရဲတစ်ကောင် ပေါ်ထွက်လာခြင်းက အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“ငါက ကျန့်ခုန်းပါ… တိမ်ဖြူစံအိမ်ရဲ့ အုပ်ချုပ်သူတွေ ထဲက တစ်ယောက်ပါ… ငါဒီကို လာတာက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို လာရှာတာပါ..”
ဆိုင်ငယ်လေးနှင့် ထိပ်တိုက်ရင်ဆိုင်လျင် အလွန်ပြင်းထန်နိုင်သောကြောင့် ကျန့်ခုန်းက လက်သီးဆုတ်လိုက်ပြီး ပုဖန်ကို လေးစားမှုနှင့် ပြောဆိုလိုက်သည်။
သူက တိမ်ဖြူစံအိမ်မှ အုပ်ချုပ်သူတစ်ဦးဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ပတ်၀န်းကျင်မှ လူများက တစ်ဦးနှင့်တစ်ဦး တီးတိုး ပြောဆိုလိုက်ကြသည်။
တိမ်ဖြူစံအိမ်က ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေအတွင်းမှ အင်အားကြီး အဖွဲ့အစည်း တစ်ခု ဖြစ်သည်။
အခြားသူများက တိမ်ဖြူစံအိမ်အကြောင်း ကောင်းကောင်းမသိကြသော်လည်း အကြီးအကဲပြန့်၏ မျက်နှာအမူအယာက ပြောင်လဲသွားလေသည်။ တိမ်ဖြူစံအိမ်နှင့် မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းက အင်အားချင်း တူသည်ကို သူက ကောင်းစွာ သိနေလေသည်။ သူက တည်ငြိမ်လေးနက်နေသော ကျန့်ခုန်း၏ မျက်နှာကို ကြည့်လိုက်သည်။
“ပိုင်ရှင်ပု… ငါ ပြန့်ချန်ခုန်းက မြေရိုင်းလွင်ပြင်ဒေသ တတိယဘုရားကျောင်းက အကြီးအကဲတစ်ယောက်ပါ… ငါကလည်း ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို လာရှာတာပါ…”
ခပ်လှမ်းလှမ်းနေရာတွင် ရှိနေသော ယစ်ထုတ်အိုကြီးက ရယ်မောလိုက်လေသည်။ ထို့နောက် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ဝိုင်ကို မော့သောက်လိုက်သည်။
ပတ်၀န်းကျင်တွင် ရှိနေသော လူများက ပုဖန်၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေကြလေသည်။
ဆိုင်ပေါက်၀တွင် ရှိနေသော ပုဖန်က ပတ်၀န်းကျင်ကို ဝေ့၀ဲကြည့်လိုက်လေသည်။ ပျက်စီးကြေမွနေသော လမ်းကြားလေးကို ကြည့်၍ သူ၏ မျက်မှောင်များ ကြုံ့လာလေသည်။
“မင်းတို့ ဒီနေ့လာကြတာက …ငါ့လက်ထဲမှာ ရှိနေတဲ့ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကြောင့်ဆိုတာ ငါသိတယ်….”
ပုဖန်က ပြောဆိုလိုက်ပြီး လက်ကို ထုတ်ပြလိုက်သည်။ သူ၏ လက်ထဲမှ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးများက အားလုံးကို ဆွဲဆောင်သွားလေသည်။ သို့သော် ပုဖန်က လက်ကို ပြန်ရုတ်လိုက်ပြီး သစ်သီးများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက စိတ်လှုပ်ရှားမှု ကင်းမဲ့စွာနှင့် ဆက်ပြောလိုက်သည်။
“ဒါပေမယ့်… ဒီသစ်သီးတွေကို ဘယ်သူ့ကိုမှပေးဖို့ မစဉ်းစားထားဘူး…”
လူအားလုံးက ကြောင်အသွားကြပြီး တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားလာကြလေသည်။
“သူက ငါးလမ်းကြောင်းသိမြင်မှုသစ်သီးကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး...”
“သူက ကောင်းကင်ရတနာ သုံးခုလုံးကို တစ်ယောက်တည်း အပိုင်လိုချင်နေတာလား…”
သူ၏ စကားကြောင့် လူအုပ်ကြီးက ပွက်လောရိုက်သွားလေသည်။ သူတို့က ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို ရှာဖွေ၇န် အင်ပါယာ မြို့တော်သို့ ခရီးဝေးနှင်လာခဲ့ကြခြင်း ဖြစ်သည်။ ပုဖန်က တစ်ကိုယ်ကောင်းဆန်စွာနှင့် သစ်သီးအားလုံးကို သိမ်းထားချင်သောကြောင့် လူအုပ်ကြီးက ဒေါသထွက်သွားကြလေသည်။
ကျန့်ခုန်း၏ မျက်နှာကလည်း မကျေမနပ် ဖြစ်သွားလေသည်။ သူက ထိုကဲ့သို့ ပြတ်သားသော စကားများကို ပုဖန်ပြောရဲမည်ဟု မျှော်လင့်ထားခြင်း မရှ်ိခဲ့ချေ။
“ပိုင်ရှင်ပု…. ဒီလောက်လူတွေ အများကြီး ရှေ့မှာတောင် သစ်သီးသုံးလုံးကို မင်းအတွက်ပဲ သိမ်းထားမယ်လို့ ပြောရဲတာတော့ မင်းအတွက် ကောင်းမှာမဟုတ်ဘူး….” ကျန့်ခုန်းက အေးစက်စက် ပြောလိုက်သည်။
သူ၏စကားလုံးများတွင် အားလုံး၏ စိတ်အခြေအနေက ထင်ဟပ်နေလေသည်။ လူများအားလုံးက ပုဖန်ကို စိတ်ဆိုးဒေါသထွက်စွာ ကြည့်လိုက်ကြသည်။ သို့သော် အားလုံး၏ အကြည့်များ အောက်တွင်ပင် ပုဖန်၏ အမူအယာက မပြောင်းလဲသွားသောကြောင့် သူတို့က ပို၍ မကျေမနပ် ဖြစ်လာကြလေသည်။
ပုဖန်က ခေါင်းခါရမ်းလိုက်ပြီး ကျန့်ခုန်းကို ကြည့်လိုက်သည်။
“မသင့်တော်ဘူး… ငါက မမှန်ကန်ဘူးလို့ မင်းပြောချင်နေတာလား.. ငါက ဒီငါးလမ်းကြောင်း သိမြင်မှု သစ်စေ့လေးကို အင်ပါယာမြို့တော်ရဲ့ မိသားစုတစ်ရာ စားသောက်ပွဲကနေ ပထမဆုအနေနဲ့ ရခဲ့တာ.. ဒါကြောင့် ဒီသစ်ပင်က ငါ့ရဲ့ အပိုင်ပဲ…”
“ပီးတော့ ဒီသစ်စေ့ကို ငါ့ဆိုင်ထဲမှာ ငါကိုယ်တိုင်ပဲ စိုက်ပျိုးခဲ့တယ်… အပင်လေး အရွယ်ရောက်လာပြီး အသီးသီးလာတဲ့အချိန်ထိ ငါပဲ စောင့်ရှောက်ခဲ့တယ်… မင်းပြောကြည့် ငါ့ရဲ့ အပြုအမူက မသင့်တော်ဘူးလား… မင်းက ဘယ်လိုတောင် အရှက်မရှိတာလည်း ….”
ပုဖန်၏ အသံက မကျယ်သလို ဒေါသသံလည်း ပါမနေချေ။ သို့သော် သူ၏ နေ့စဉ် ပုံမှန်အတိုင်း အေးစက်စက် ပြောနေသည့် အသံကပင် လူများကို ကြောင်အသွားစေလေသည်။
သူ၏ စကားမှက မှန်ပေသည်။ ငါးလမ်းကြောင်းသိမြင်မှု သစ်စေ့က ပုဖန် အပိုင်ဖြစ်သည်။ ကောင်းကင်ရတနာကိုလည်း ပုဖန်ပင် ပိုင်ဆိုင်သင့်ပေသည်။ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို တခြားသူများထံသို့ ပေးရန် အကြောင်းပြချက် ရှိမနေချေ။
ပုဖန်၏ စကားများကို ကြားပြီးသောအခါ ယစ်ထုတ်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ ထို့နောက် သူက ဝိုင်သောက်ရန် ဘူးသီးခြောက် ဝိုင်အိုးကို ဖွင့်လိုက်ရာ မွှေးရနံ့များ လွှင့်ပျံတက်လာလေသည်။
“ဒါပေမယ့်လည်း … ငါးလမ်းကြောင်း သိမြင်မှု သစ်သီးက သုံးလုံးတောင်ရှိတယ်လေ… ဒါက မင်းက မင်းအတွက်ပဲ သိမ်းထားမယ်ဆိုရင် လူတိုင်းက ဒေါသထွက်လာလိမ့်မယ်…. ဒီသစ်သီးတွေက ကောင်းကင်ရတနာတွေ ဖြစ်ပြီး လူတိုင်းအတွက် ရွှေရောင်အခွင့်အလမ်းတွေပဲ… ဒါကို မင်းက….”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“ဟုတ်တယ်… ဒါက ကောင်းကင်ရတနာပဲ တစ်ယောက်တည်းက လက်ဝါးကြီး အုပ်ထားချင်လို့ မရဘူး… ဒီလူအိုကြီးက ကောင်းကင် ရတနာအတွက် တိုက်ခိုက်ရမယ်…. ငါရဲ့ အောင်မြင်နိုင်တဲ့ အခွင့်အလမ်းတွေကို တားဆီးတဲ့သူက ငါ့ရန်သူပဲ…”
လူအုပ်ကြီးထဲမှ အသံများက တစ်ဆထက်တစ်ဆ ပို၍ ကျယ်လောင်လာလေသည်။ သူတို့အားလုံးက စိတ်လှုပ်ရှားစွာနှင့် ပုဖန်ကို အော်ဟစ်နေကြပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ စတင်ထွက်ပေါ်လာကြသည်။
ပုဖန်က တစ်ယောက်တစ်ပေါက်နှင့် ဆူညံနေသော လူအုပ်ကြီးဘက်သို့ စိတ်မရှည်စွာနှင့် လှည့်ကြည့်လိုက်သည်။ သူက စနစ်ပေးအပ်ထားသောမစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်ရမည် ဖြစ်သောကြောင့် သစ်သီးသုံးလုံးကပင် သူ့အတွက် လုံလောက်မှု မရှိချေ။ ထို့ကြောင့် သူက သစ်သီးများကို မျှဝေမပေးနိုင်ချေ။ ပုဖန်က ထိုသူများနှင့် ငြင်းခုန်ရန် ပြင်းရိနေသောကြောင့် ဆိုင်ဘက်သို့ လှည့်၀င်လိုက်လေသည်။
“ပိုင်ရှင်ပု… ငါက ငါးလမ်းကြောင်း သိမြင်မှု သစ်သီးတွေကို သလင်းကျောက်နဲ့ ၀ယ်ချင်ပါတယ်…” တိတ်ဆိတ်နေသော ပြန့်ချန်ခုန်းက ပုဖန်ကို လှမ်းပြောလိုက်သည်။
“ဟုတ်တယ်… ငါလဲ သလင်းကျောက်တွေ ပေးနိုင်တယ်.. ပြသနာ မရှိဘူး…” မုလင်းဖုန်ကလည်း ၀င်ပြောလိုက်သည်။
ပုဖန်က ပြန်လှည့်လာပြီး ပြန့်ချန်ခုန်းနှင့် မျက်နှာချင်း ဆိုင်လိုက်သောကြောင့် အခြားသူများက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးများကို သလင်းကျောက်နှင့် ရောင်းမည်ဟု ထင်မှတ်သွားကြလေသည်။
ပြန့်ချန်ခုန်းက ၀မ်းသာအားရနှင့် နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
“ငါက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးအတွက် သလင်းကျောက်ငါးထောင် ပေးနိုင်ပါတယ်… ပိုင်ရှင်ပု စိတ်၀င်စားလား မသိဘူး….”
“ငါးလမ်းကြောင်းသိမြင်မှု သစ်သီးတစ်လုံးကို သလင်းကျောက်ငါးထောင်….”
ရိုးရိုးသားသား ပြောရလျှင် ထိုစျေးနှုန်းက အလွန်ကြီးမြင့်လှပေသည်။ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးတစ်လုံးက သူတော်စင်အဆင့် တစ်ယောက်ကို စစ်နတ်ဘုရားတစ်ပါးအဖြစ် အဆင့်ချိုးဖျက်နိုင်ရန် ကူညီပေးနိုင်သော်လည်း တစ်ရာရာခိုင်နှုန်း အောင်မြင်မည် မဟုတ်ပေ။ ထို့ကြောင့် သလင်းကျောက် ငါးထောင် ပေးလိုက်ခြင်းက စွန့်စားမှု ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။
“ငါက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးတစ်လုံးကို သလင်းကျောက် ခုနစ်ထောင်ပေးမယ်….” ကျန့်ခုန်းက ပြန့်ချန်ခုန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
“ဟားဟားဟား… ငါက ဒီလို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတာကို ကြိုက်တယ်… တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်နေကြတာက အဓိပ္ပါယ်မရှိဘူး…. ဒီအဖိုးကြီးက သလင်းကျောက်ကိုးထောင်ပေးမယ်… ပြောရမယ်ဆိုရင် ဒီငါးလမ်းကြောင်း သိမြင်မှု သစ်သီးက ဝိုင်ထုတ်လုပ်ဖို့ တော်တော်လေးကို အသုံး၀င်တယ်..”
နောက်ဆုံးတွင် ယစ်ထုတ်အိုကြီးက ရယ်ရယ်မောမောနှင့် ၀င်ရောက်ပြောဆိုလိုက်သည်။
ပြန့်ချန်ခုန်းက ဒေါသထွက်လာပြီး ထိုနှစ်ယောက်ကို ကြည့်လိုက်လေသည်။
“ဒီအဖိုးကြီးက သလင်းကျောက် တစ်သောင်းပေးမယ်….”
“သလင်းကျောက်တစ်သောင်း…..” လူအုပ်ကြီးက သက်ပြင်းချလိုက်မိကြသည်။
သူတို့ ပြောဆိုနေကြသည်က သလင်းကျောက်များ ဖြစ်ကြပြီး ရွှေပြားများ မဟုတ်ချေ။ သလင်းကျောက်များက မိုးထိအောင် မြင့်မားသော စျေးနှုန်းများ ဖြစ်နေလေသည်။ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးတစ်လုံးအတွက် သလင်းကျောက်တစ်သောင်း ကျသင့်ခြင်းက မထိုက်တန်လှပေ။ သလင်းကျောက်တစ်သောင်းက သူတော်စင်အဆင် တစ်ယောက်၏ ပိုင်ဆိုင်မှု အကုန်ပင် ဖြစ်နိုင်ပေသည်။
လူတိုင်းက ထိုကမ်းလှမ်းချက်ကို ပုဖန်လက်ခံလိုက်မည်ဟု ခံစားမိလိုက်ကြသည်။ သလင်းကျောက်တစ်သောင်းဟူသော ပမာဏက ဆုံးဖြတ်ရန် ခက်ခဲလွန်းလှပေသည်။
သူတို့တွေးကြသလိုပင် ပုဖန်လည်း ဆွဲဆောင်ခံလိုက်ရသည်။
“သလင်းကျောက်တစ်သောင်း…. တကယ်လို့ အဲဒီသလင်းကျောက်တွေကို စွမ်းအင်ကျင့်ကြံခြင်းအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် တော်တော်လေး အလုပ်ရှုပ် သက်သာသွားမှာပဲ….”
“စနစ်… တကယ်လို့ ငါက သစ်သီးတွေကို ရောင်းလိုက်မယ်ဆိုရင် အဲဒီကရတဲ့ သလင်းကျောက်တွေကို ဆိုင်ရဲ့ အမြတ်အဖြစ် ထည့်တွက်မှာလား….” ပုဖန်က တခဏမျှ စဉ်းစားလိုက်ပြီး စနစ်ကို မေးလိုက်သည်။
စနစ်က တည်ငြိမ်လေးနက်စွာနှင့် ပြန်ဖြေလိုက်သည်။
“အဲဒီသလင်းကျောက်တွေကို ထည့်တွက်မှာ မဟုတ်ပါဘူး… သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဆိုင်ငယ်လေးရဲ့ အမြတ်ငွေပေါ်မှာပဲ မူတည်ပါတယ်… သင်ကိုယ်တိုင်ချက်ပြီး ရောင်းရတဲ့ အမြတ်ငွေတွေကိုပဲ ကျင့်ကြံခြင်း အရင်းအမြစ်အဖြစ် ပြောင်းလဲလို့ ရပါမယ်… သစ်သီးတွေ ရောင်းချပြီး ရလာတဲ့ သလင်းကျောက်တွေကို စွမ်းအင်အဆင့်အတွက် ထည့်တွက်ပေးမှာ မဟုတ်ပါဘူး…”
ပုဖန်၏ အမူအယာက အပြောင်းအလဲ မရှိပေ။ စနစ်က သူ့ကို ဖြတ်လမ်းနည်း ပေးမည်မဟုတ်ဟု သူက သိနေလေသည်။ လူတိုင်း၏ မျှော်လင့် စောင့်စားနေသော အကြည့်များအရ သူတို့အားလုံးက ပုဖန် သစ်သီးရောင်းလိမ့်မည်ဟု ထင်မှတ်နေသည်မှာ ထင်ရှားလှပေသည်။ ပုဖန်၏ စိတ်ထဲတွင်လည်း နှမျောမှုကြောင့် အောင့်မျက်နာကျင်နေလေသည်။
ထို့နောက် ပုဖန်က မျက်နှာသေနှင့် ပြန့်ချန်ခုန်းကို ပြန်တုန့်ပြန်လိုက်သည်။
“ငါ… ပိုင်ရှင်ပုမှာ သလင်းကျောက်တွေ ရှားပါးနေတယ်လို့ထင်နေတာလား.. မင်းတို့ သလင်းကျောက်တွေ ဘယ်လောက်ပဲပေးပေး.. ငါးလမ်းကြောင်း သိမြင်မှု သစ်သီးတွေကို ငါမရောင်းနိုင်ဘူး….”
“ဘာ…”
ပုဖန်၏ စကားကြောင့် လူတိုင်းက ပင့်သက် ရှိုက်လိုက်မိကြပြီး ပြန့်ချန်ခုန်း၏ အကြည့်များက စူးရှလာကြလေသည်။ သူ၏ စိတ်ထဲတွင် မီးလောင်နေသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။
“ပိုင်ရှင်ပုက အားလုံးကို သူတစ်ယောက်တည်း လက်ဝါးကြီး အုပ်ချင်နေတာပဲ…. သူ့ကိုဖမ်းကြ…”
“ဒါက အားလုံးအတွက် အခွင့်အရေးပဲ…. သူက ဘယ်လိုဖြစ်ပြီး သူ့အတွက်ပဲ သူလိုချင်နေတာလဲ… သူ့ကိုသတ်ပြီး သစ်သီးတွေကို လုကြမယ်….”
“သေလိုက်စမ်း…. ရွှေရောင်အခွင့်အလမ်းတွေ ရဖို့အတွက် ငါနဲ့ အတူတူ တိုက်ခိုက်ကြမယ်…”
ပုဖန်၏ စကားများက ဓါးထက်ထက်နှင့် အားလုံး၏ မျော်လင့်ချက်များကို ဖျက်စီးလိုက်သလို ဖြစ်သွားလေသည်။ လူတိုင်းက မခံမရပ်နိုင်နှင့် စတင် တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။ သူတို့၏ ရှေ့တွင် အကျိုးအမြတ်များ ရှိလာသောအခါ လူတိုင်း၏ စိတ်ထဲမှ ဝှိုက်တီနှင့် အဆင့်မြင့်သားရဲကို ကြောက်ရွံ့နေသည့် စိတ်များက ပျောက်ကွယ်သွားကြလေသည်။
အားလုံးက သူတို့၏ အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်ကြပြီး လောဘရောင် ပြောင်လက်နေသော မျက်နှာများနှင့် ဆိုင်ငယ်လေးဆီသို့ တဟုန်တိုး တိုး၀င်လာကြလေသည်။ လူအားလုံးက သူ့ထက်ငါ ရှေ့ရောက်အောင် ပြေးတက်လာသောကြောင့် မြေပြင်က သိမ့်သိမ့်တုန်နေလေသည်။
ကျန့်ခုန်း၏ မျက်နှာ အမူအယာက ပြောင်းလဲသွားလေသည်။
ပုဖန်၏ မျက်နှာအမူအယာက အေးစက်စက်ပင် ဖြစ်နေလေသည်။ သူကလောဘတကြီး ဖြစ်နေသော လူများကို ကြည့်၍ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
“အင်း… ဒီလူတွေက သူတို့ရဲ့ သေခြင်းကို ပျော်ပျော်ကြီး ရှာဖွေနေကြတာပဲ… ဒီလိုဆိုမှတော့….”