အပိုင်း ၂၂၈
Viewers 62k

အခန်း ၂၂၈ “ခွေးဘုရင် လှုပ်ရှားပြီ….”


အင်ပါယာ မြိုတော်အတွင်းတွင် ကြီးမားလှသော စွမ်းအင်လှိုင်းများက ကောင်းကင်ထက်သို့ပင် လွင့်ပျံနေလေသည်။ ထိုကြီးမားလှသော စွမ်းအင်လှိုင်းများက တိမ်များထိတိုင် ရောက်ရှိသွားပြီး အရပ်လေးမျက်နှာသို့ ကွဲထွက်သွားကာ အင်ပါယာ မြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။


အစစ်အမှန် စွမ်းအင်လှိုင်းများနှင်အတူ ဒေါသတကြီး အောဟစ်နေသံများက ကပ်၍ ပါလာလေသည်။ ထိုအချိန်တွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို လာရောက်ရှာဖွေနေကြသူများ အားလုံးက ဒေါသတကြီး အော်ဟစ်နေကြလေသည်။ သူတို့က လုံး၀ စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပေ။


ထိုနေရာတွင် ရှိနေသော ကျွမ်းကျင်သူများ၏ ဒေါသတကြီး အော်ဟစ်နေသံကို ကြားလိုက်ရသောအခါ နီယန်၏ မျက်နှာက ဖြူဖွေးသွားလေသည်။ သူမက ရီဇီလင်း၏ လက်ကို ဆွဲ၍ ထိုလူအုပ်နှင့် ဝေးရာသို့ ရှောင်ကွင်းသွားလိုက်သည်။ ထို့နောက် နီယန်က ကျွမ်းကျင်သူ အများအပြား ၀န်းရံထားသော ဆိုင်ငယ်လေးဆီသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။


ပုဖန်က အဘယ်ကြောင့် သစ်သီးမရောင်းရသည်ကို သူမက နားလည်နိုင်ခြင်း မရှိပေ။ အကယ်၍ ပုဖန်သာ သူတို့ကမ်းလှမ်းလာသကဲ့သို့ ရောင်းချလိုက်ပါက ဤအခြေနေသို့ ရောက်လာလိမ့်မည် မဟုတ်ချေ။ သစ်သီးကို ရောင်းချလိုက်လျင် လူအုပ်ကြီးက အကြမ်းဖက်လာလိမ့်မည်မဟုတ်ပေ။ သစ်သီးကို ၀ယ်ယူနိုင်သူက စွမ်းအားကြီးမားသည့် သူသာ ဖြစ်ပေလိမ့်မည်။


ကျန့်ခုန်းနှင့် ပြန့်ချန်ခုန်းတို့က စစ်နတ်ဘုရားများ ဖြစ်ကြသောကြောင့် သူတိုလက်ထဲတွင် သစ်သီးရှိနေပါက မည်သူကမျှ လုယက်ရဲလိမ့်မည် မဟုတ်ချေ။ သို့သော် ပုဖန်က ယခုထက်ထိ သစ်သီးများကို ဆုတ်ကိုင်ထားသောကြောင့် လူအုပ်ကြီးကို လုယက်ရန် ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေလေသည်။ ထိုကဲ့သို့ တယူသန်စွာ တင်းခံနေရသည့် အကြောင်းရင်းကို နီယန်က နားမလည်နိုင်ချေ။


“အမနီယန်… ပိုင်ရှင်ပုက အဆင်ပြေပါ့မလား…” ရီဇီလင်းက တစ်ခုခုကို ဆုံးဖြတ်ထားပုံရသည့် နီယန့်ဘက်သို့ လှည့်၍ သင်္ကာမကင်းဟန်နှင့် မေးလိုက်သည်။


နီယန်က သူမ၏ ကိုယ်တွင်းစွမ်းအင်များကို စတင်လှည့်ပတ်လိုက်လေသည်။


“အမနီယန်… နင်လည်း တိုက်ခိုက်မလို့လား…” ရီဇီလင်းက အံ့သြတကြီး မေးလိုက်လေသည်။


:တိုက်ခိုက်ရမယ်… ဘာကို တိုက်ခိုက်ရမှာလဲ… လိမ္မာတဲ့ ကလေးမလေး… သွား… ယစ်ထုတ်အိုကြီးနားမှာ သွားနေလိုက်… ငါက ပိုင်ရှင်ပုကို သွားကူလိုက်ဦးမယ်…”


နီယန်က ရီဇီလင်း၏ ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး ပြောဆိုလိုက်သည်။ ပုဖန်တွင် ကြောက်စရာကောင်းလှသော စက်ရုပ် နှင့် ခွေးနက်ကြီး ရှိကြောင်း သူမက သိနေပေသည်။ သို့သော် ဆိုင်ရှေ့တွင် ရှိနေသော လူအုပ်က များပြားလွန်းလှပေသည်။ လမ်းကြားလေးထဲတွင် ရှိနေသော လူတန်းကြီးဆီမှ ထွက်ပေါ်လာသော အစစ်အမှန် စွမ်းအင်များကပင် လမ်းကြားလေး၏ နံရံကို ပြိုကျသွားစေရန် လုံလောက်နေပြီဖြစ်သည်။


သူတော်စင် အဆင့်များ အားလုံး ပူးပေါင်းလိုက်ပါက သူတို့၏ အင်အားကို စစ်နတ်ဘုရားများပင် ခုခံနိုင်လိမ့်မည်မဟုတ်ချေ။


“အခုချိန်က စကားစမြည်ပြောပြီး အချိန်ဖြုန်းနေရယ့် အချိန် မဟုတ်တော့ဘူး…”


နီယန်၏ မျက်၀န်းများက စူးရှတောက်ပလာပြီး သူမ၏ ခန္ဒာကိုယ်မှ အစစ်အမှန် စွမ်းအင်များကို ဖော်ထုတ်လိုက်သည်။ လှပသွယ်လျှသော ခြေချောင်းများနှင့် မြေပြင်ကို ထောက်ကန်လိုက်ပြီး အရှေ့သို့ တိုးသွားလိုက်ကာ ဆိုင်ငယ်လေးထံသို့ သွားနေသော လူတချို့၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။


“မင်းတို့အားလုံး နောက်ဆုတ်ကြစမ်း….”


နီယန်က မြေပြင်ကို ပြင်းပြင်းထန်ထန် ကန်လိုက်ပြီး သူမ၏ အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူမက အနားမှ ဘုရင်အဆင့် နှစ်ယောက်ကို ဆွဲကိုင်၍ လူအုပ်ကြီးထဲသို့ ပစ်ပေါက်လိုက်သည်။


ဘန်း…. ဘန်း…


လောဘကြီးလွန်းပြီး အတွးများ တိမ်ဖုံးနေကြသော ဘုရင်အဆင့် နှစ်ယောက်က လေထဲ လွင့်ထွက်သွားပြီး အပြင်းအထန် ဒဏ်ရာရသွားကာ သွေးများ အန်နေကြလေသည်။


ပိုးချည်မျှင်များ လေထဲတွင် ကခုန်နေသကဲ့သို့ နီယန့်ဆီမှ ထွက်ပေါ်နေသော အစစ်အမှန် စွမ်းအင်များကို လေထဲတွင် ရှင်းလင်းစွာ မြင်နေရလေသည်။ သူမ၏ မျက်နှာကလဲ အလွန်အမင်း ဒေါသထွက်နေဟန် ရှိလေသည်။ နီယန်က သူမ၏ အစစ်အမှန် စွမ်းအင်များကို ဆက်လက်ထုတ်ဖော်၍ လူအုပ်ကြီးဆီသို့ ပစ်လွှတ်တိုက်ခိုက်နေသည်။ သူမက လူပေါင်းများစွာကို ဟန့်တားလိုက်သော်လည်း တားမကုန်နိုင်အောင် ဖြစ်နေလေသည်။


ကြီးမားသော စွမ်းအင်လှိုင်းလုံးများနှင့်အတူ အလင်းကဲ့သို့ မြန်ဆန်သော မြှားတစ်ချောင်းက လူအုပ်ထဲသို့ ရုတ်တရက် ဖြတ်သန်းသွားသောကြောင့် အချို့က အပြင်းအထန် ဒဏ်ရာ ရသွားကြလေသည်။


“အမနီယန်… ငါနင့်ကို ကူညီမယ်…”


……


“လူတွေက သေခြင်းတရားကို ပျော်ပျော်ကြီး ရှာဖွေနေကြတယ်… ဒီလိုဆိုမှာတော့…”


ပုဖန်၏ အသံက မကျယ်လှသော်လည်း လမ်းကြားလေးထဲ ပြန့်နှံ့သွားလေသည်။


လူအုပ်ကြီးက ထိုစကားကြောင့် စိုးရိမ်ပူပန်သွားခြင်း မရှိပဲ ပို၍ ဒေါသထွက်လာကြလေသည်။


“သတ်ပစ်… သူကငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို မပေးရင် သူ့ဆိုင်ကို ဖြိ်ုမယ်… သူ့ကိုလည်း သတ်မယ်…” လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ဒေါသတကြီး ကြွေးကြော်လိုက်သည်။


သတ် ဟူသောအသံက လမ်းကြားလေးထဲတွင် ပဲ့တင်ထပ့်နေလေသည်။


၀၀ဖိုင့်ဖိုင့် ဝှိုက်တီက ဆိုင်၀တွင် ပိတ်ဆို့၍ ရပ်လိုက်ပြီး မားမားမတ်မတ် ရပ်တည်နေလေသည်။ သူ၏ အနီရောင် မျက်၀န်းများကလည်း ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။


“ပိုင်ရှင်ကို သတ်ချင်တဲ့ ဘယ်သူမဆို အမြစ်ပြတ် သုတ်သင်ခြင်း ခံရမယ်…”


၀ှိုက်တီ၏ လက်က ဓါးအဖြစ် ပြန်လည်ပြောင်လဲသွားပြီး သူနင့် အနီးဆုံးမှ အင်ပါယာ အဆင့် နှစ်ယောက်၏ ခေါင်းကို ထက်ခြမ်းခြမ်းလိုက်လေသည်။ များပြားလှသော အနီရောင်သွေးများက လူအုပ်ကြီး၏ သွေးဆာမှုများကို မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။


နီယန်နှင့် ရီဇီလင်းက ဆက်လက်တိုက်ခိုက်နေပြီး ပုဖန်အနီးသို့ ရောက်အောင် ဆုတ်ခွာလိုက်သည်။ သူတို့နှစ်ယောက်၏ အသွင်အပြင်က ပေတိပေစုတ် ဖြစ်နေလေသည်။.


“ပိုင်ရှင်ပု… နင်ရူးနေတာလား… ဒီလောက်လူတွေ အများကြီးကို ဆန့်ကျင်တိုက်ခိုက်မလို့လား…”


နီယန်က ဒေါသတကြီးနှင့် ပုဖန်ကို အော်ပြောလိုက်သည်။ သူမက ပုဖန်၏ အတွေးများကို လုံး၀ပင် နားမလည်နိုင်တော့ချေ။ ပုဖန်နှင့် ရင်းနှီးကြသော အခြားသူများက လူအုပ်ကြီးကို တားဆီးနေကြပြီး ဆိုင်ပေါက်၀သို့ တဖြည်းဖြည်း ရောက်ရှိလာလေသည်။ ရှောင်မန် ဝူယွမ်ပိုင်နှင့် အခြားသူများက ဘိုသီဘတ်သီ ဖြစ်နေကြလေသည်။


ပုဖန်က သူ့ကို ကူညီကြသော သူများကို မျက်လုံးဝေ့ကြည့်လိုက်ပြီး သူ၏ မျက်၀န်းများက နွေးထွေးသွားလေသည်။ သို့သော် လောဘတကြီး ဖြစ်နေသော လူအုပ်ကြီးကို ပြန်ကြည့်လိုက်ချိန်တွင် သူ၏ အကြည့်များက အေးစက်သွားလေသည်။


“ခွေးငပျင်း..ဒီလူတွေကို လုံး၀ ငဲ့ညှာစရာ မလိုဘူး…”


ပုဖန်က အေးစက်စွာ ပြောလိုက်လေသည်။ ပထမဦးဆုံးကြိမ်အဖြစ် သူ၏ အသံထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပါ၀င်နေလေသည်။


ဘလက်ကီက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ သူ၏ မျက်၀န်းထဲတွင်လည်း စိတ်လှုပ်ရှားမှုများနှင့် တောက်ပလာလေသည်။


“သက်ညှာစရာမလိုဘူး… ဟုတ်လား… ကြိုက်တယ်…..”


ဘလက်ကီက သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ချွန်မြလှသည့် သွားစွယ်များကိ လှစ်ဟလိုက်သည်။


“လောဘကြီးမှုက မကောင်းမှုတွေရဲ့ အရင်းအမြစ်ပဲ… ဆင်ခြင်တုံတရား ကင်းမဲ့လိုက်တဲ့ လူသားတွေ….”


တည်ငြိမ်လှသော အမျိုးသားတစ်ယောက်၏ အသံက ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။


လူအုပ်ထဲတွင် ရှိနေသော ကျန့်ခုန်းက သူ့နှလုံးသားကို ရိုက်ခတ်လာသော အန္တရာယ်ကြီးမားသည့် အငွေ့အသက်များကို ခံစားမိလိုက်လေသည်။


ပြေး….


ကျန့်ခုန်းက တခဏမျှပင် တွေဝေမနေပဲ စားသောက်ဆိုင်ငယ်လေးနှင့် ဝေးရာသို့ ချက်ချင်း ဆုတ်ခွာလိုက်သည်။


ပုံရိပ်တချို့ကလဲ လူအုပ်ထဲမှ ထွက်ခွာ၍ လေထဲတွင် မျောလွင့်နေလိုက်ကြသည်။ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ လှုပ်ခါနေလေသည်။ ထိုထဲမှ တစ်ယောက်က မြည်းစီးထားသော ယစ်ထုတ်အိုကြီး ဖြစ်သည်။ ယစ်ထုတ်ကြီး၏ မြည်းကလည်း လေထဲတွင် ပျံသန်းနေလေသည်။


အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိလိုက်သော ပြန့်ချန်ခုန်းက မုလင်းဖုန်၏ လက်ကို ဆွဲ၍ ထိုနေရာနှင့် ဝေးရာသို့ ဆုတ်ခွာလိုက်သည်။


လူအုပ်ထဲတွင် မကြာခင် ကျရောက်လာတော့မည် အန္တရာယ်ကို ကြိုတင်ခံစားမိနေသူများ များစွာ ရှိနေလေသည်။ လေထဲတွင် ရပ်နေကြသောလူများက ကြောက်ရွံ့ထိတ်လန့်စွာနှင့် မြေပြင်ကို ငုံ့ကြည့်နေကြလေသည်။


ဘလက်ကီက ကြောင်တစ်ကောင်လို ခြေလှမ်းများနှင့် ဆိုင်ရှေ့သို့ ထွက်သွားချိန်တွင် ပုဖန်က နီယန်နှင့် အခြားသူများကို ဆိုင်ထဲသို့ ၀င်ရန် ပြောလိုက်လေသည်။


ဘလက်ကီက သွေးများပေပွနေသည့် ဝှိုက်တီ၏ ဘေးတွင်ရပ်တန့်လိုက်သည်။


၀ှိုက်တီက စက်ရုပ်တစ်ရုပ်သာ ဖြစ်သောကြောင့် မည်သည့် အစစ်အမှန် စွမ်းအင်ကိုမျှ ထုတ်လွှတ်နိုင်ခြင်း မရှိပေ။ သူက အဆင့်ကိုး အထွတ်အထိပ်များနှင့်ပင် ရင်ဆိုင်နိုင်သည့် စွမ်းအင်ကို ပိုင်ဆိုင်ထားသော်လည်း သူရင်ဆိုင်နေရသော လူများက များပြားလွန်းသောကြောင့် လက်မလည်နိုင်အောင် ဖြစ်နေလေသည်။ ထို့ကြောင့် သည်တစ်ကြိမ်တွင် ခွေးနတ်ဘုရားက သူ့ကို ကူညီရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။


ဒေါသတကြီး ဖြစ်နေသော အဆင့်ခြောက် အင်ပါယာတစ်ယောက်က သူ၏ အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်၍ ခန္ဒာကိုယ်ကို ဖုံးအုပ်၍ အော်ဟစ်လိုက်သည်။ ထို့နောက် သူ့လက်ထဲမှ ပုဆိန်နှင့် ခွေးနက်ကြီးကို ခုတ်ပိုင်းချလိုက်လေသည်။


“သေဖို့သာပြင်ပေတော့…”


ပုဆိန်အရိပ်က ဘလက်ကီဆီသို့ ကျလာသည်နှင့် ဘလက်ကီက တစ်ချက်ဟောင်လိုက်ပြီး သူ၏ လက်ကို မြှောက်၍ ပုတ်ထုတ်လိုက်သည်။


ဘုန်း…


ပုဆိန်နှင့် အတူ အင်ပါယာအဆင့်က တစ်စစီ ဖြစ်သွားပြီး သွေးအိုင်ငယ်လေးတစ်ခု ဖြစ်သွားလေသည်။


ကျွမ်းကျင်သူတစ်ယောက် ကျဆုံးသွားသောကြောင့် သူတို့၏ နှလုံးသားထဲတွင် ထိတ်လန့်သွားသော်လည်း ထိုသူများက ရှေ့သို့ဆက်တက်လာကြသည်။


ဘုန်း…


ဘလက်ကီဆီမှ ပြင်းထန်လှသည့် ဖိအားများ ထွက်ပေါ်လာပြီး ရှေ့သို့ တိုးလာကြသော လူအုပ်ကြီးကို ဖိနှိပ်လိုက်လေသည်။ သူတို့၏ ကြွေးကြော်သံများပင် တိတ်ဆိတ်သွားလေသည်။


လူတိုင်၏ တုန်လှုပ်ခြောက်ခြားနေသော အကြည့်များအောက်တွင် ဘလက်ကီ၏ ခန္ဒာကိယ်က တြ့ဖည်းဖြည်း ကြီးမားလာလေသည်။ တခဏအတွင်းပင် နှစ်မီတာ အမြင့်ရှိသော မီးတောက်များ ဖုံးလွှမ်းနေသည့် အနက်ရောင် ခွေးကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။


ရွဲ… ရွဲ…


ပတ်၀န်းကျင်မှ လေထုပင် လောင်ကျွမ်းသွားသည်ဟု ထင်ရလေသည်။


လူအုပ်ထဲမှ လူများအားလုံးက ပြင်းထန်လှသည့် ဖိအားကို ခံစားလိုက်ရပြီး ကူရာမဲ့စွာနှင့် ခွေး၏ ရှေ့မှ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွား ကြလေသည်။ ဘုရင်အဆင့် အင်ပါယာအဆင့်နှင့် သူတော်စင်အဆင့်များပါ မြေပြင်ပေါ်သို့ ပြိုလဲကျသွားလေသည်။


ဧရာမခွေးကြီးက ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မြေပြင်က သိမ့်သိမ့်ခါသွားပြီး သူ မျက်တောင်ခတ်လိုက်သည်နှင့် လေဟာနယ်ပင် မူလအနေအထားမှ ပြောင်လဲသွားလေသည်။ ခွေးကြီးက အရှေ့သို့ တဖြည်းဖြည်း လှမ်းလာပြီး လူအုပ်ကြီး၏ အလယ်တွင် မတ်တပ်ရပ်လိုက်သည်။ သူ့ပတ်၀န်းကျင်မှ အရာများ အားလုံးကို ဝေ့၀ဲကြည့်လိုက်ပြီး ပါးစပ်ဟ၍ သူ၏ တောက်ပလှသော သွားစွယ်များကို လျစ်ဟလိုက်လေသည်။


ထို့နောက် ခေါင်းမော့၍ ကောင်းကင်ဘုံပင် အက်ကွဲစေလောက်သော အသံမျိုးနှင့် ဟစ်ကြွေးလိုက်ရာ ကျယ်လောင်သော အသံက အင်ပါယာ မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွာေးလသည်။ သူ၏ အသံတစ်ခုတည်းနှင့်ပင် လမ်းကြားလေး၏ မြေပြင်က အက်ကွဲသွားလေသည်။


ဒူးထောက်နေကြသော လူအုပ်ကြီးက သူတို့၏ ဒွါရကိုးပေါက်မှ သွေးများ စိမ့်ထွက်လာကြသောကြောင့် နာကျင်စွာ ဟစ်ကြွေးလိုက်ကြသည်။ ယခုအချိန်တွင် သူတို့၏ တစ်ခုတည်းသော ဆန္ဒမှာ လမ်းကြားလေးထဲမှ ထွက်သွားနိုင်ရန် ဖြစ်နေလေသည်။ သို့သော် သူတို့ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းနိုင်ခင်တွင် သွေးအိုင်ငယ်များအဖြစ် ပြောင်းလဲသွားကြလေသည်။ သူတ်ာစင် အဆင့်များက အနည်းငယ် တောင့်ခံနိုင်သော်လည်း နောက်ဆုံးတွင် အခြားသူများနည်းတူ ပေါက်ကွဲသွားကြလေသည်။


လေထဲတွင် မျောလွင့်နေသော လူများက ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းကိုကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံလိုက်ကြရလေသည်။ သူတို့၏ နှလုံးသားထဲတွင် ထိုခွေးလက်ဖဝါးနှင့် မကြုံတွေ့လိုက်ရခြင်းက ကံကောင်းသည်ဟု သတ်မှတ်နေကြသည်။ ထိုရိုက်ချက် တစ်ချက်ကပင် သူတို့ကို အသားပြား ဖြစ်သွားစေရန် လုံလောက်နေလေသည်။


“ကိုး… ကိုး… အဆင့်ကိုး… အဆင့်မြင့် သားရဲကြီး…”


ထိုအချိန်တွင် မုလင်းဖုန်က သူ၏ ရှေ့မှ သားရဲမှာ အဆင့်ကိုး သားရဲတစ်ကောင်ဟု သေချာသွားပြီဖြစ်သည်။


လေထဲတွင် မျောလွင့်နေကြသူများ၏ နဖူးမှ ချွေးအေးများ စီးကျလာလေသည်။ သူတို့အားလုံး မြေပြင်ပေါ်တွင် ရှိမနေခြင်းက အလွန်ကံကောင်းသည်ဟု ခံစားလိုက်ကြရသည်။ သူတို့၏ အမြင်တွင် လမ်းကြားလေးက ငရဲပြည်ကဲ့သို့ ဖြစ်နေလေသည်။ သူတော်စင်အဆင့် ထိပ်သီးကျွမ်းကျင်သူများက နေရာအနှံ့တွင် ပေါက်ကွဲနေကြပြီး သွေးမြူများ ဖြစ်ပေါ်နေလေသည်။


လူတိုင်းက ဆိုင်ငယ်လေး၏ အစစ်အမှန် အင်အားကို မှားယွင်းစွာ သုံးသပ်ခဲ့ကြလေသည်။ ဆိုင်ငယ်လေး၏ ဝှက်ဖဲက အားလုံးထင်ကြသကဲ့သို့ စက်ရုပ်တစ်ရုပ်မဟုတ်ပဲ ဆိုင်၀တွင် အမြဲလိုလို လဲလျောင်းနေပြီး ကြောက်စရာကောင်းလှသော အဆင့်မြင့် သားရဲတစ်ကောင် ဖြစ်နေလေသည်။