အပိုင်း ၂၂၉
Viewers 62k

အခန်း ၂၂၉ “ပွင့်လန်းလာသော သိမြင်မှုပန်း..”


ဘန်း…ဘန်း… ဘန်း…


လမ်းကြားလေးထဲတွင် နာကျင်၀မ်းနည်းနေသော ဟစ်ကြွေးသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ နာကျင်စွာ မြည်တမ်းလိုက်သော ကျွမ်းကျင်သူများ အားလုံးက သွေးမြူများအဖြစ် ပြောင်းလဲသွားကြသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော လူများအားလုံး၏ နှလုံးသားများက တင်းကြပ်နေကြလေသည်။


၀ှိုက်တီ၏ မျက်၀န်းများက အနီရောင်အဖြစ် ပြန်ပြောင်းသွားပြီး သူ၏ ခန္ဒာကိုယ်ပေါ်မှ သွေးများက အလိုလျောက် ပြန်လည်သန့်စင်သွားပြီ ဖြစ်သည်။ သူ၏ ပုံစံက ပုဖန်၏ နောက်တွင် ရပ်နေကျ ပုံစံအတိုင်း ၀၀ဖိုင့်ဖိုင့်နှင့် ချစ်စရာကောင်းသော အဖြူရောင်စက်ရုပ်အဖြစ် ပြန်လည်ပြောင်းလဲသွားပြီဖြစ်သည်။


နီယန်နှင့် အခြားသူများက ထိတ်လန့်တုန်လှုပ်နေကြလေသည်။ ကြောက်စရာကောင်းလှသော မြင်ကွင်းကြောင့် သူတို့၏ နှလုံးသားများ ခုန်ပေါက်နေကြလေသည်။ ထိုကဲ့သို့ စက်စုတ်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို သူတို့ တစ်ကြိမ်မျှပင် မမြင်ဖူးပေ။ သတ်ဖြတ်ခြင်းတွင် မွေ့လျော်လေ့ရှိသော ရှောင်မန်ပင် ထိတ်လန့်တုန်လှုပ်နေလေသည်။ သူ၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်နေပြီး ကျောပြင်တစ်လျောက်တွင် ချွေးစီးများ ထွက်နေလေသည်။


ရီဇီလင်း၏ မျက်၀န်းလေးများက ပြူးကျယ်ဝိုင်းစက်နေပြီး နှုတ်ခမ်းလေးများက လူသေကောင်ကဲ့သို့ ဖြူဖျော့နေလေသည်။ သူမက တောင်စဉ်တစ်ထောင် တောင်တန်းတွင် နေထိုင်ခဲ့သော မိန်းမပျိုလေး တစ်ယောက်သာ ဖြစ်လေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားသော်လည်း စစ်မြေပြင်နှင့် သွေးထွက်သံယို မြင်ကွင်းများကို မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ သူမ၏ရှေ့မှ မြင်ကွင်းကြောင့် အလွန် ထိတ်လန့် ခြောက်ခြားနေလေသည်။


လမ်းကြားလေး၏ အလယ်တွင် ရပ်၍ ဟောင်နေသော ခွေးနက်ကြီးကို ကြည့်လိုက်မိချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ အကူအညီ မဲ့မှုနှင့် ရိုသေလေးစားမှုကို ခံစားလိုက်ရသည်။


ပုဖန်၏ မျက်နှာကလည်း အနည်းငယ် ဖြူဖျော့နေလေသည်။ သို့သော် သူက အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလိုက်လေသည်။ ခွေးနက်ကြီးက အပြင်းအထန် ဟောင်သံက အင်ပါယာ မြို့တော်ကို ပြန့်နှံ့မသွားသောကြောင့် လမ်းကြားလေးထဲတွင် ပဲ့တင်သံများ ထွက်ပေါ်နေလေသည်။


ထို့ကြောင့် လမ်းကြားလေး၏ အပြင်ဘက် အင်ပါယာ မြို့တော်ထဲတွင် အခြေအနေများက ပုံမှန်အတိုင်း တည်ငြိမ်နေလေသည်။ လမ်းကြားလေးထဲမှ စွမ်းအင်များကို တစ်စွန်းတစိမျှပင် အာရုံခံမိခြင်း မရှိကြချေ။


ကြေမွနေသည်ဖြစ်သည့် လမ်းကြားလေး၏ မြေပြင်က သွေးများနှင့် ပေပွနေလေသည်။ လူတစ်ချို့က ထွက်ပြေးလွတ်မြောက်သွားကြသော်လည်း သူတို့၏ စိတ်ဝိဥာဉ်များက ဖိနှိပ်ခံနေရဆဲပင် ဖြစ်သည်။ သူတို့က အနောက်သို့ ပြန်လှည့်မကြည့်နိုင်ပဲ လမ်းကြားလေးမှ လွတ်မြောက်ရန်သာ ကြိုးစားနေကြလေသည်။


ထိုလွတ်မြောက်သွာသော သူများ၏ စွမ်အင်အဆင့်က သူတော်စင်အဆင့်နှင့် အထက်များသာ ဖြစ်ကြသည်။ သူတော်စင် အဆင့်များတွင် အသက်ကယ်နည်းလမ်းပေါင်း များစွာရှိနေလေသည်။ ထို့ကြောင့်သာ သူတို့က လွတ်မြောက်နိုင်ခြင်း ဖြစ်သည်။


နောက်ဆုံးတွင် ပြင်းထန်လှသော ဟောင်သံက ရပ်တန့်သွားပြီဖြစ်သည်။ ဧရာမခွေးကြီးက ခေါင်းပြန်ငုံ့လိုက်ပြီး ပြောင်သလင်းခါနေသော လမ်းကြားလေးကို အကဲခတ် စစ်ဆေးလိုက်သည်။ ထို့နောက် သူ၏ ခန္ဒာကိုယ်က တုန်ခါလာပြီး တဖြည်းဖြည်းချင်း ခွေး၀တုန်း ဘလက်ကီပုံသဏ္ဍာန်သို့ ပြန်ပြောင်းသွားလေသည်။ ဘလက်ကီက ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများနှင့် ဆိုင်ရှိရာသို့ ပြန်လာလေသည်။


ပြင်းထန်လှသော ဖိအားများက လွင့်ပျောက်သွားပြီဖြစ်သည်။ ထိုအချိန်ကျမှ သူတို့၏ အပေါ်သို့ ကျရောက်နေသော ဖိအားများ ပျက်ပြယ်သွားသည်ကို ခံစားလိုက်ရပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။


ဘလက်ကီက ပြင်းရိစွာနှင့် သမ်းဝေလိုက်သည်။ မူလခွေးငပျင်း၏ အမူအယာက ပြန်လည်ရောက်ရှိလာလေသည်။ သို့သော် ရှောင်မန်က ဘလက်ကီကို လေးစားစွာနှင့် ကြည့်နေလေသည်။ ထိုခွေးနက်ကြီး၏ ရှေ့တွင် သူ၏ ကြီးကျယ်ခန်းနားလှသော ဂုဏ်သိက္ခာများကို ထုတ်ကြွားရဲခြင်း မရှိတော့ချေ။


ပုဖန်က ဘလက်ကီ၏ ခေါင်းကို သပ်သာသာ ပုတ်လိုက်သည်။ ထို့နောက် လေထဲတွင် ရပ်နေကြသူုများကို ခေါင်းမော့ကြည့်လိုက်ပြီး ပုံမှန်အသံနှင့် ပြောလိုက်လေသည်။


“မင်းတို့ထဲက ဘယ်သူက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို လိုချင်သေးလဲ….”


“လိုချင်တယ်… မင်းနှမပဲ လိုချင်နေလိုက်…”


အားလုံးက စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်ကြသည်။ သူတို့ထံတွင် သစ်သီးကို ယူဆောင်လိုသော သတ္တိမရှိတော့ပေ။ စစ်နတ်ဘုရားတစ်ပါး ဖြစ်နေလျင်ပင် ထိုခွေးနှင့် ရင်ဆိုင်ရပါက အစွမ်းအစမဲ့သွားနိုင်ပေသည်။


“တကယ်တော့လဲ မင်းတို့ စိတ်ပျက်နေစရာမလိုပါဘူး…” ပုဖန်က လေထဲမှ လူများကို ကြည့်နေပြီး တည်ငြိမ်စွာနှင့် ပြောလိုက်သည်။


“ငါက ဘာကြောင့် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို မရောင်းရတာလဲဆိုတော့… ဟင်းပွဲအသစ် ချက်ပြုတ်တဲ့ နေရာမှာ ဒီသစ်သီးကို သုံးရမှာမို့ပဲ…. မင်းတို့တွေက ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို ၀ယ်ယူနိုင်မှာတော့ မဟုတ်ဘူး… ဒါပေမယ့်… သစ်သီးသုံးပြီး ချက်ထားတဲ့ ဟင်းပွဲကိုတော့ ၀ယ်ယူနိုင်တယ်.. အဲဒီဟင်းပွဲကလည်း သေချာပေါက် မင်းတို့ကို စိတ်ပျက်စေမှာမဟုတ်ဘူးဆိုတာကို ငါအာမခံနိုင်တယ်….”


“ဟင်းပွဲချက်မယ်… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို သုံးပြီးတော့….” ပုဖန် ဆုံးဖြတ်ချက်က အလွန် ရယ်စရာ ကောင်းသည်ဟု အားလုံးက ခံစားလိုက်ကြရသည်။


“ငါးလမ်းကြောင်း သိမြင်မှု သစ်သီးက ကောင်းကင် ရတနာလေ… ဒါတောင်မှ မင်းက သစ်သီးကို သုံးပြီးတော့ ဟင်းချက်မယ်လို့ ပြောနေတာလား…”


ကျန့်ခုန်းနှင့် ပြန့်ချန်ခုန်း၏ အမူအယာ များက ကြောင်အမှင်သက်နေကြလေသည်။


ဆန့်ကျင်ဘက်အနေနှင့် ယစ်ထုတ်အိုကြီးက စိတ်၀င်စားစရာ ကောင်းသည်ဟု တွေူးလိုက်မိသည်။ သူက ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို သုံး၍ ဝိုင်ချက်လုပ်ရန် ပြင်ဆင်ထားသော်လည်း ပုဖန်က ဟင်းပွဲချက်ပြုတ်ရန် ကြံစည်နေလေသည်။ သူတို့၏ အတွေးနှင့် အသုံးပြုမည့် နည်းလမ်းများက ခြားနားသော်လည်း ရလာဒ်က အတူတူသာ ဖြစ်သည်။


ယစ်ထုတ်အိုကြီးက စိတ်ကျေနပ်စွာနှင့် အော်ဟစ် ရယ်မောလိုက်သည်။ သူက ဘူးသီးခြောက်ဝိုင်အိုးကို ဆွဲကိုင်လိုက်ပြီး စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ဝိုင်တစ်ငုံးမော့သောက်လိုက်သည်။ ထို့နောက် သူ၏ ခေါင်းမာသော မြည်းကို လမ်းကြားလေးထက်သို့ ပြန်လည်ဆင်းသက်စေလိုက်ပြီး ဆိုင်ငယ်လေးဆီသို့ လျောက်သွားလိုက်သည်။


“ငါက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို သုံးပြီးတော့ ပိုင်ရှင်ပုချက်မယ့် ဟင်းပွဲကို စောင့်မျှော်နေပါတယ်…” ယစ်ထုတ်အိုကြီးက ခပ်ပြုံးပြုံးနှင့် ပြောလိုက်သည်။


ပုဖန်က အံ့အားတသင့်နှင့် ထိုလူကြီးကို ပြန်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။


ကောင်းကင်ယံထက်တွင် ကျန့်ခုန်းနှင့် သူ၏ လူများကမကျေမနပ်နှင့် ခေါင်းခါယမ်းနေကြသည်။ သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိသောကြောင့် ဆိုင်ထဲသို့ ၀င်လာကြလေသည်။


နောက်ဆုံးတွင် နောက်ယှက်ဖျက်စီးမှုများက အဆုံးသတ်သွားပြီဖြစ်သည်။ ဤလမ်းကြားလေးထဲတွင် အင်ပါယာမြို့တော်သို့ ရောက်ရှိလာသော ကျွမ်းကျင်သူ မည်မျှ သေဆုံးခဲ့သည်ကို မည်သူကမှ သိရှိနိုင်တော့မည် မဟုတ်ချေ။ ဤလမ်းကြားလေးမှ လွတ်မြောက်သွားသော သူတော်စင်အဆင့်များလည်း ရှိနေလေသည်။ သူတို့က နောက်သို့ပင် လှည့်မကြည့်နိုင်ပဲ ပြေးလွှားနေကြလေသည်။ ထိုခွေးနှင့် ရင်ဆိုင်ရမည်ကို သူတို့က သေမတက် ကြောက်ရွံ့တုန်လှုပ်နေကြလေသည်။


…….


အင်ပါယာမြို့တော်၏ လမ်းမထက်တွင် မကောင်းဆိုးဝါးစားဖိုမှုး ၀မ့်တင်းက အေးအေးသာသာ လမ်းလျောက်လာလေသည်။ သူ၏ လက်ထဲတွင် ကြွေအိုးတစ်လုံးကို ကိုင်ဆောင်ထား၏။


“ဆူညံနေတာတွေက ဘယ်ရောက်သွားတာလဲ… ငါရောက်လာတာ နောက်ကျသွားတာလား… တိုက်ပွဲက ပြီးဆုံးသွားပြီလား…”


၀မ့်တင်းက ဇဝေဇ၀ါ ဖြစ်သွားလေသည်။ သူ၏ နားလည်ထားမှုအရ ထိုဆိုင်ငယ်လေးက ထိပ်သီးကျွမ်းကျင်သူ အများအပြားကို ဆန့်ကျင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ လမ်းကြားလေး၏ အ၀သို့ ရောက်သောအခါ သူက အထဲသို့ လှမ်းကြည့်လိုက်သည်။ လမ်းကြားလေးက တိတ်ဆိတ်ငြိမ်သက်နေပြီး ခွေးတစ်ကောင် ကြောင်တစ်မြှီးမျှပင် မတွေ့ရပေ။


သို့သော် ထိုနေရာတွင် တိုက်ပွဲ၏ အငွေ့အသက်များဖြစ်သော သွေးနံ့များ ပြင်းထန်လှသောကြောင့် သူက အသက်ရှူပင် ကြပ်သွားလေသည်။ ထို့နောက် အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီး လမ်းကြားလေးထဲသို့ လှမ်း၀င်လိုက်လေသည်။ လမ်းကြားလေး၏ မြေပြင်ပေါ်သို့ ခြေချလိုက်ချိန်တွင် သူ၏ ခြေဖဝါးက နစ်မြုတ်သွားသည်ကို ခံစားလိုက်ရလေသည်။ ၀မ့်တင်းက မြေပြင်ကို ငုံ့ကြည့်လိုက်ရာ လမ်းကြားလေး၏ မြေပြင်က ကျောက်မှုန်များအဖြစ် ပြောင်းလဲနေသည်ကို တွေ့လိုက်ရလေသည်။


“ဒီလမ်းထဲမှာ ဘာတွေ ဖြစ်သွားတာလဲ…”


မကောင်းဆိုးဝါး စားဖိုမှုး၏ စိတ်ထဲတွင် တုန်လှုပ်လာပြီး စိတ်မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရသည်။


“အရမ်းကို တိတ်ဆိတ်နေတယ်ဆိုတော့ တိုက်ပဲက တကယ်ပဲ ပြီးသွားပြီပေါ့… ဒါပေမယ့်… ဘာလို့ ဆိုင်က မပျက်ဆီးသေးတာလဲ…”


၀မ့်တင်းက တဖြည်းဖြည်း လျောက်လာပြီး ဆိုင်ငယ်လေး၏ ရှေ့သို့ လျောက်လာသောအခါ ဆိုင်ထဲတွင် လူများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။


“သူတို့က ဆိုင်ကို သိမ်းလိုက်ပြီလား… အဲဒါဖြစ်နိုင်တယ်.. ဒီလို ဖြစ်သွားတာပဲ ဖြစ်ရမယ်…”


မကောင်းဆိုးဝါး စားဖိုမှုးက စိတ်ထဲတွင် သေချာစွာ တွေးလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူက တွန့်ဆုတ်မနေပဲ ကြွေအိုးအဖုံးကို ဖွင့်လိုက်၏။ ပြင်းထန်ဆိုးဝါးလှသော ပုပ်အက်အက် အနံ့များ ထွက်ပေါ်လာသောကြောင့် မကောင်းဆိုးဝါး စားဖိုမှုး ၀မ့်တင်းက နှားခေါင်းရှုံ့လိုက်လေသည်။


“အနံ့ကလည်း ဆိုးဝါးလိုက်တာ…”


သူက ကြွေအိုးထဲမှ စွပ်ပြုတ်များကို တရှိန်တိုး မော့သောက်လိုက်ပြီးနောက် သူ့ခန္ဒာကိုယ်မှ သွေးကြော်များပင် ထောင်ထလာလေသည်။


ခွပ်…


ကြွေအိုးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အစိတ်စိတ် အမွှာအမွှာ ဖြစ်သွားလေသည်။


ထိုအသံက ဆိုင်ထဲမှ လူများအားလုံး၏ အာရုံကို ဆွဲဆောင်သွားလေသည်။ သူတို့အားလုံးက ဆိုင်ပြင်သို့ လှမ်းကြည့်လိုက်ပြီး အကြေားများ ဆွဲနေသကဲ့သို့ တွန့်လ်ိမ်နေသော အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားကြလေသည်။ တခဏမျှ ကြာသောအခါ အကြောဆွဲခြင်းက ရပ်တန့်သွားပြီး မတ်တပ်ထရပ်လိုက်လေသည်။အဖိုးအို၏ မျက်နှာမှ အရေးအကြောင်းများက ပျောက်ကွယ်သွားပြီး အရင်ကထက် ပို၍ နုပျိုလာလေသည်။


မကောင်းဆိုးဝါး စားဖိုမှုး ၀မ့်တင်းက လည်ပင်းလှည့်၍ ဇတ်ကြောများကိုဖြေလျော့လိုက်လေသည်။ သူ၏ ခန္ဒာကိုယ်ထဲတွင် စွမ်းအင်များ ပြည့်လျံနေသည်ဟု ခံစားလိုက်ရသောကြောင့် စိတ်ကျေနပ်စွာနှင့် ရယ်မောလိုက်သည်။


“ဟား…ဟား..ဟား… ဒါက စစ်နတ်ဘုရားတစ်ပါးရဲ့ စွမ်းအင်တွေပေါ့… ဒါကြောင့်လဲ လူတိုင်းကို ဆွဲဆောင်နေနိုင်တာပဲ…. အခု ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို ငါးအတွက် သိမ်းယူဖို့ အချိန်တန်ပြီ…”


၀မ့်တင်းက ခေါင်းမော့၍ ဆိုးညစ်စွာ ပြုံးရယ်လိုက်သည်။ ထို့နောက် သူ့ကို စူးစမ်းကြည့်နေကြသော လူများကို ပြန်၍ စိုက်ကြည့်လိုက်သည်။


……


ပုဖန်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးများကို ယူ၍ မီးဖိုချောင်ထဲသို့ ၀င်လာလိုက်သည်။ တောက်ပသော အလင်းရောင်များ ဖုံးလွှမ်းနေပြီး ကြွယ်၀လှသော စွမ်းအင်များ ထွက်ပေါ်နေသည့် အသီးသုံးလုံးကို ချက်ပြုတ်သည့် ခုံတန်းရှည်ပေါ်တင်လိုက်သည်။ သူက သစ်သီးသုံးလုံးကို သေချာစွာ စိုက်ကြည့်ပြီး မေးကို ပွတ်၍ တွေးတောနေလေသည်။ သူတွေးတောနေသော အကြောင်းအရာများကို မည်သူကမျှ သိလိမ့်မည် မဟုတ်ချေ။


ယခုလက်ရှိ မစ်ရှင်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို အသုံးပြု၍ ဟင်းပွဲချက်ပြုတ်ရန် ဖြစ်သည်။ ထို့အပြင် ထိုဟင်းပွဲက စနစ်၏ အကဲဖြတ်စစ်ဆေးမှုကို ကျော်လွန်နိုင်မှ မစ်ရှင်ပြီးမြောက်မည် ဖြစ်သည်။ ပြသနာကား ထိုသစ်သီးကို မည်သို့ ချက်ပြုတ်ရမည်ကို သူမသိနေခြင်း ဖြစ်သည်။


“ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို သခွားသီးဆလပ် ပြုလုပ်တဲ့ နည်းလမ်းနဲ့ ချက်ပြုတ်လိုက်မယ်ဆိုရင်ရော… ဒါဆိုရင် သူ့ရဲ့ မူလအရသာကို ထိန်းသိမ်းထားနိုင်မှာ သေချာတယ်…”


ပုဖန်က တီးတိုးရေရွတ်လိုက်သည်။သို့သော်လည်း တခဏအတွင်းပင် သူ၏ အကြံဥာဏ်ကို ပယ်ဖျက်လိုက်သည်။ ထိုအကြံဥာဏ်အတိုင်းသာ ချက်ပြုတ်လိုက်ပါက စနစ်၏ အကဲဖြတ်မှုကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ စနစ်၏ နည်းလမ်းများအရ ပုဖန်ကို အလွန်တကူနှင့် အောင်မြင်ခွင့် ပြုလိမ့်မည် မဟုတ်ချေ။


နည်းလမ်းပေါင်းများစွာကို တွေူးတောလိုက်ပြီးနောက် ပုဖန်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို စဉ့်နှီတုန်းပေါ်သို့ တင်လိုက်လေသည်။ ထို့နောက် သူ၏ လက်မှ အစိမ်းရာင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး သာမာန် အရိုးအနက်နှင့် နဂါးအရိုး မီးဖိုချောင်သုံးဓါး ထွက်ပေါ်လာလေသည်။ ပုဖန်က ဓါးကို အသုံးပြု၍ သစ်သီးကို ထက်ခြမ်း ခွဲလိုက်သည်။ သစ်သီးကို ခွဲလိုက်သည်နှင့် သိပ်သည်းမွှေးပျံ့သော ရနံ့က ထွက်ပေါ်လာပြီး မျော်လင့်မထားသော အပူငွေ့ အနည်းငယ်ပါ ထွက်ပေါ်လာလေသည်။ ထို့နောက် အပူငွေ့နှင့် စိုထိုင်းစ အနည်းငယ် ရှိသော သစ်သီးဖက်လေးများနှင့် အရည်များ စီးကျလာလေသည်။


“သစ်သီးတွေကို ခွဲထားရမယ်…”


ပုဖန်က တကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သစ်သီးများကို တစ်ပွဲစာစီ ဖြတ်ပိုင်းလိုက်လေသည်။


“အင်း… အရင်ဆုံး ဟင်းပွဲတစ်ပွဲ စချက်ကြည့်မယ်…”


ပုဖန်က ဗီဒိုထဲမှ ဥတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုဥက အဆင့်ငါး သားရဲ၏ ဥတစ်လုံး ဖြစ်သော်လည်း ငါးလမ်းကြောင်း သိမြင်မှု သစ်သီးနှင့် ယှဉ်၍ မရပေ။ ဥကို ပန်ကန်းတစ်လုံးအတွင်းသို့ ခွဲထည့်လိုက်ပြီး ခလောက်ထားလိုက်သည်။ ထို့နောက် ဒယ်အိုးကို မီးဖိုပေါ်သို့ တင်ထားလိုက်သည်။ ဒယ်အိုးပူလာသည်နှင့် ဆီများ လောင်းထည့်လိုက်သည်။ ဆီဆူလာသည်နှင့် ပုဖန်က သေချာစွာ လှီဖြတ်ထားသော ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို ထည့်လိုက်လေသည်။


လေထုထဲတွင် လွင့်ပျံနေသော စိတ်ဝိဥာဉ် စွမ်းအင်များက အိုးထဲသို့ တပါတည်း ရောစပ်သွားလေသည်။ ဆီများက ပတ်ပတ်လည်သို့ စင်ထွက်နေပြီး အိုးထဲတွင် တရှဲရှဲ မြည်နေလေသည်။ ပုဖန်က သူ၏ အစစ်အမှန် စွမ်းအင်များကို ထိန်းချုပ်၍ အိုးထဲသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် အိုးထဲမှ ပြန့်လွင့်နေသော စွမ်းအင်များကို ဆုံးရှုံးမှု မရှိစေရန် သူ၏ အစစ်အမှန် စွမ်းအင်များနှင့် သေချာစွာ ထိန်းချုပ်ထားလိုက်သည်။


တခဏမျှ မွှေပေးလိုက်ပြီးနောက် အဆင်သင့် ခလောက်ထားသည့် ဥများကို လောင်းထည့်လိုက်လေသည်။ ပါ၀င်ပစ္စည်း နှစ်မျိုးက အိုးထဲတွင် ရောစပ်သွားပြီး ပြင်းထန်သောမွှေးရနံ့များ ပေါက်ကွဲထွက်လာလေသည်။ ထိုရနံ့များက ရှူရှိုက်မိလိုက်သည့် လူတိုင်းကို ယစ်မူးသွားစေနိုင်လေသည်။ ပုဖန်က လေထဲတွင် ပြန့်နှံ့နေသော မွှေးရနံ့များကို ရှူရှိုက်လိုက်မိပြီး သူ၏ ခေါင်းထဲတွင် ကြည်လင်သွားပြီး အလွန်လန်းဆန်းလာသည်ဟု ခံစားလိုက်ရလေသည်။


“အနံ့က မွှေးလိုက်တာ….”


ပုဖန်က ချီးမွန်းပြောဆိုလိုက်ပြီး အိုးကို မွှေပေးလိုက်သည်။ တခဏမျှ ကြာသောအခါ ဥကြော်က စတင်၍ ခဲလာလေသည်။ သို့သော် သစ်သီးမှ စိမ့်ထွက်လာသော အရည်များကြောင့် ဥကြော်က ဝါကျင်ကျင် ဖြစ်မနေပဲ သူ၏ အရောင်က ရေခဲကဲ့သို့ အေးခဲ၍ ကြည်လင်တောက်ပနေလေသည်။


ပုဖန်က အိုးအဖုံးကို တခဏမျှ ပြန်ဖုံးထားလိုက်ပြီး သူ၏ အစစ်အမှန် စွမ်းအင်များကို အသုံးပြု၍ အိုးထဲတွင် ပိုလျှံနေသော စွမ်းအင်များကို ဆွဲထုတ်လိုက်သည်။ သူက အိုးထဲမှ စွမ်းအင်များ သမမျှတအောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။


နောက်ဆုံးတွင် ပုဖန်က အိုးအဖုံးကို ဖွင့်လိုက်ရာ အိုးထဲမှ အပူငွေ့များနှင့် မွှေးရနံ့များ ပြေးထွက်လာပြီး မီးဖိုချောင်ထဲ လှည့်ပတ်နေလေသည်။ သူက ကြွေပန်းကန်လုံး တစ်လုံးကို ယူလိုက်ပြီး ဥမွှေကြော်ကို ပန်းကန်ထဲသို့ လှယ်ထဲ့လိုက်သည်။ သူ၏ ကျွမ်းကျင်လှသော ဟင်းချက်စွမ်းရည်ကြောင့် အပူငွေ့လေးများ ထုတ်လွှင့်နေသော ငါးလမ်းကြောင်း သိမြင်မှု သစ်သီးက အရောင်အမျိုးမျိုး တောက်ပနေလေသည်။


ပုဖန်က ဥမွှေကြော်ကို ပန်းကန်အလယ်တွင် လှလှပပ ဖြစ်အောင် ပြင်ဆင်လိုက်သည်။ ကြည်လင်နေသော ဥမွှေကြော်မှ စိတ်ဝိဥာဉ်စွမ်းအင်များ ဆက်လက် ထွက်ပေါ်နေပြီး ပန်းကန်ထက်တွင် တိမ်ပုံသဏ္ဍာန်များ ဖြစ်ပေါ်နေလေသည်။


“သိမြင်မှုသစ်သီး ဥမွှေကြော်… အာ… ဒီနံမည်က တကယ်ကို ဆိုးလွန်းတယ်… ဒီတော့… ဒါကို ပွင့်လန်းလာသော သိမြင်မှုပန်း… အဲလိုခေါ်ရမယ်… ဒီနံမည်က တော်တော်လေးကောင်းတယ်.. ပြီးတော့ သူ့ရဲ့ ပုံစံနဲ့လဲ တော်တော်လေး လိုက်ဖက်မှု ရှိတယ်…”


ပုဖန်က သူ၏ ဟင်းပွဲကို နံမည်ပေးပြီးနောက် နဂါးအရိုးမီးဖိုချောင်သုံးဓါးကို ဝှေ့ရမ်း၍ လက်ကောက်၀တ်ထဲတွင် ပြန်သိမ်းထားလိုက်သည်။ ထို့နောက် ဟင်းပွဲကို အကဲခတ်လိုက်ရာ ထူးခြားဆန်းကျယ်လှသော ရွှေရောင် တိမ်ပုံသဏ္ဍာန်များ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသောကြောင့် ကြေနပ်သွားပြီး နှုတ်ခမ်းများ နားရွက်ချိတ်မတက် ပြုံးလိုက်လေသည်။


“စနစ်… ဒီဟင်းပွဲက အကဲဖြတ်မှုကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်လား…” ပုဖန်က စနစ်ကို မေးလိုက်သည်။


အကယ်၍ ဤဟင်းပွဲသာ အကဲဖြတ် စစ်ဆေးမှုကို အောင်မြင်သွားပါက ဦးနှောက်ခြောက်ရသော တီထွင်ဖန်တီးရခြင်းက သက်သာသွားမည်ဖြစ်သည်။ ထို့ကြောင့် ပုဖန်က အဖြေကို မျှော်လင့်တကြီး စောင့်စားနေလိုက်သည်။


စနစ်၏ တည်ငြိမ်လှသော အသံက ပုဖန်၏ စိတ်ထဲတွင် အလျင်အမြန် ထွက်ပေါ်လာလေသည်။


“ဟင်းပွဲ၏ အမည်… ပွင့်လန်းလာသော သိမြင်မှုပန်း…


စားဖိုမှုး… ပိုင်ရှင်ပုဖန်…


ဟင်းပွဲထဲတွင် ပါ၀င်သော စိတ်ဝိဥာဉ်စွမ်းအင်ပမာဏ … ခုနစ်ဆယ် ရာခိုင်နှုန်း…


သိမြင်မှု အခြေခံ အကြောင်းများ တိုင်တာချက်… ခုနစ်ဆယ် ရာခိုင်နှုန်း…


အသုံး၀င်မှု အဆင့် အကဲဖြတ်ခြင်း… သူတော်စင်အဆင့် တစ်ယောက်က စစ်နတ်ဘုရားအဆင့်ကို တက်ရောက်ရန်အတွက် ခက်ခဲပေလိမ့်မည်… ထို့ကြောင့် ဤဟင်းပွဲက အကဲဖြတ်မှုကို မအောင်မြင်ပါ…”