အပိုင်း ၂၃၀
Viewers 62k

အခန်း ၂၃၀ “အရိုက်နှက်သာ ခံလိုက်ရတဲ့ မကောင်းဆိုးဝါး စားဖိုမှုး…”


ပုဖန် မျှော်လင့်ထားသကဲ့သို့ပင် အကဲဖြတ်စစ်ဆေးမှုက အောင်မြင်ခြင်းမရှိချေ။ အကဲဖြတ်စစ်ဆေးမကက လွယ်ကူမည်မဟုတ်မှန် သူသိထားပြီး ဖြစ်သည်။


“ဒီတော့ အကဲဖြတ် စစ်ဆေးခြင်းရဲ့ အဓိကစံနှုန်းက စိတ်ဝိဥာဉ် စွမ်းအင် အမြောက်အများ ပါ၀င်ဖို့နဲ့ သိမြင်မှု အချက်အလက်တွေကို စုဆောင်းနိုင်ဖို့ပေါ့…” ပုဖန်ကသူ၏ မေးစိကို ပွတ်၍ တီးတိုးရေရွတ်လိုက်သည်။


သစ်သီးများကို လှီးဖြတ်သည့်အချိန်တွင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အသုံးပြုထားသောကြောင့် စွမ်းအင်များကို ထိန်းသိမ်းထားနိုင်စွမ်း ရှိသည်။ စွမ်းအင်များ ယုတ်လျော့သွားရခြင်း၏ အကြောင်းရင်းမှာ ချက်ပြုတ်နေချိန်တွင် ဝိဥာဉ်စွမ်းအင်များကို ကောင်းစွာ မထိန်းချုပ်နိုင်၍ ဖြစ်ပေလိမ့်မည်။


“ဒီတော့… ဒီဟင်းပွဲက အလဟဿ ဖြစ်သွားပြီပေါ့….”


ပုဖန်က တိမ်ပုံသဏ္ဍာန်လေးများ ဝေ့့ဝဲနေသော ဟင်းပွဲကို နှမျောတသမှုနှင့် ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် နာကျင်စွာ ခံစားလိုက်ရသည်။


“ဆန်းကျယ်တဲ့ ကမ္ဘာထဲမှာ ချက်ပြုတ်ခြင်း နတ်ဘုရားတစ်ပါး ဖြစ်လာချင်တဲ့ သင့်အတွက် မအောင်မြင်တဲ့ ဟင်းပွဲတွေကို ရောင်းချခွင့် ပြုမည်မဟုတ်ပါ…”


စနစ်၏ အသံက ထွက်ပေါ်လာခဲ့သည်။ မအောင်မြင်သော ဟင်းပွဲများကို ရောင်းချခြင်းက စားသုံးသူများနှင့် သူ၏ အချက်အပြုတ် စွမ်းရည်အပေါ် လေးစားမှု ကင်းမဲ့ခြင်းပင် ဖြစ်သည်။ စားဖိုမှုးတစ်ယောက်အနေနှင့် ရောင်းချသည့် ဟင်းပွဲက အောင်မြင်သည့် ဟင်းပွဲတစ်ပွဲ ဖြစ်ရန် လိုအပ်လေသည်။ သို့မှသာ သာမာန်စားဖိုမှုးများထက် ထူးကဲသာလွန်လာပေလိမ့်မည်။


ပုဖန်က ခေါင်းငြိမ့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် အနီးသို့ ရောက်လာသော ဝှိုက်တီ၏ ၀မ်းဗိုက်ကို ထိလိုက်လေသည်။ ဝှိုက်တီ၏ မျက်၀န်းများက တောက်ပလာပြီး အဆုံးမရှိသော တွင်းနက်ကြီးကဲ့သို့ သူ၏ ၀မ်းဗိုက်က လှစ်ဟလာလေသည်။ ထိုတွင်းပေါက်ကြီးက စွန့်ပစ်ပစ္စည်းများကို ဝှိုက်တီ သိမ်းဆည်းသည့် နေရာပင် ဖြစ်သည်။


ပုဖန်က ပန်းကန်ကို ကောင်ကိုက်လိုက်ပြီး ဆွေးဆွေးမြေ့မြေ့ တစ်ချက် ကြည့်လိုက်သည်။ ထိုဟင်းပွဲက အလဟဿ ဖြစ်သွားပြီဖြစ်သည်။ သူ၏ စိတ်ထဲတွင် နှမျောတသ ဖြစ်နေသော်လည်း ထိုခံစားချက်ကို ကြိုးစားတွန်းလှန်လိုက်ပြီး ၀မ်းဗိုက်ထဲသို့ ပန်းကန်ကို ပစ်ထည့်လိုက်သည်။ ပထမဆုံး ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို ဖြုန်းတီးလိုက်မိပြီဖြစ်သည်။


ပထမဆုံး ချက်ပြုတ်သည့် ဟင်းပွဲ ကျရှုံးသွားသော်လည်း ပုဖန်က အနားမယူပဲ ဆက်လက်တွေးတောနေလေသည်။ သူက ဟင်းပွဲထဲတွင် စိတ်ဝိဥာဉ်စွမ်းအင်များ ထိန်းသိမ်းထားနိုင်ရန်နှင့် သိမြင်မှု မှတ်စုများ များပြားစွာ ကျန်ရှိစေနိုင်ရန် အတွေးနက်နေသည်။ စနစ်က ချက်ပြုတ်ရမည့် နည်းလမ်းကို ထောက်ပံ့ခြင်း မရှိသော်လည်း ပုဖန်က ထိုအခြေအနေနှင့် အကျွမ်း၀င်နေပြီဖြစ်သည်။ သူ၏ ဟင်းပွဲအများအပြားကို သူကိုယ်တိုင်ပင် ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ထိုအချက်က စားဖိုမှုးတစ်ယောက်၏ အရေးအကြီးဆုံး ဖြစ်သော တီထွင်ဖန်တီးနိုင်စွမ်းပင် ဖြစ်သည်။


နောက်ဆုံးတွင် ပုဖန်က အကြံတစ်ခု ရလာပြီး သူ၏ သိုလှောင်နယ်မြေအတွင်းမှ ပစ္စည်း တချို့ကို ထုတ်ယူလိုက်သည်။ ခရီးသွားနွားနဂါး အသား နှင့် ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေမှ ရလာသော အဆီများသည့်ငါး စိတ်ဝိဥာဉ် ဟင်းသီးဟင်းရွက်များနှင့် ဆေးဘက်၀င်အပင် များ ဖြစ်သည်။ ထိုပစ္စည်းများက ပုဖန်ကိုယ်တိုင် ရှာဖွေထားသည့် ပစ္စည်းများ ဖြစ်ကြပြီး စနစ်ထောက်ပံ့ထားသော ပစ္စည်းများ မပါ၀င်ချေ။


ထို့အပြင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးနှလုံးသာ ကျန်တော့်လေသည်။ ပုဖန်သာ ဤမစ်ရှင်ကို အောင်မြင်လိုပါက နောက်ထပ် အမှားအယွင်း အဖြစ်ခံ၍ မရတော့ချေ။ ထို့ကြောင့် ပုဖန်က ပစ္စည်းအနည်းငယ်ကို ဝေ့၀ဲ အကဲခတ်လိုက်ပြီး ခရီးသွားနွားနဂါးနှင့် အဆီများသည့် ငါးတို့ကို ကြည့်၍ တွေးတောလိုက်သည်။


“ဒီပါ၀င်ပစ္စည်း နှစ်ခုထဲမှာ ဘယ်ဟာကို ရွေးချယ်ရင် ကောင်းမလဲ…”


ပုဖန်က အကြံရသွားပြီး လက်ဖျောက်တစ်ချက် တီးလိုက်သည်။ အံ့သြစရာ ကောင်းစွာပင် သူက အဆင့်ခုနစ် ခရီးသွားနွားနဂါးကိ်ု မရွေးချယ်ပဲ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နယ်မြေမှ ရလာသော အဆီများသည့် ငါးကိုသာ ရွေးချယ်လိုက်သည်။ ထိုငါးကို ပုဖန်က မြွေလူသားများဆီမှ ရလာခဲ့ပြီး ထိုငါးက အသားဆူဖြိုးပြီး အရည်ရွှမ်းလှကာ ကင်လိုက်လျှင် သူ၏ အရသာက နှစ်လိုဖွယ် ကောင်လှသည်။


သို့သော် ငါးလမ်းကြောင်းသိမြင်မှု နည်းလမ်းက ငါးကင်သည့် နည်းလမ်းများနှင့် သဟဇာတ မဖြစ်သောကြောင့် သည်တကြိမ်တွသင် ပုဖန်က ငါးကို မကင်တော့ချေ။ ပထမဦးစွာ ငါးကို ဆေးကြောလိုက်ပြီး ဗိုက်ဖွင့်လိုက်သည်။ ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်ဓါး၏ ဓါးနှောင့်ကို သုံး၍ ငါးအဆီများကို အသာအယာ ထုချေလိုက်သည်။ စွမ်အင်များက ဓါးနှောင့်မှတဆင့် ငါးအသားထဲသို့ စီး၀င်သွားသည်။


ထို့နောက် ပုဖန်က အသားလွှာထွင်းထုခြင်း နည်းစနစ်ကို အသုံးပြု၍ ငါး၏ ကိုယ်ပေါ်တွင် ပုံစံတချိ်ု့ ရေဆွဲလိုက်သည်။ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို စတင်ပြင်ဆင်လိုက်သည်။ သူက သစ်သီးကိုထက်ခြမ်းခွဲလိုက်ပြီး ထွက်ကျလာသော သစ်သီးအရည်များကို ပန်းကန်လုံးတစ်လုံးထဲ ထည့်သိမ်းလိုက်သည်။ ထို့နောက် သစ်သီးအရည်များကို ဂရုတစိုက်နှင့် ငါး၏ အသားပေါ်တွင် သုတ်လိမ်းလိုက်သည်။ ထိုအသီးရည်များက ငါး၏ အသားထဲသို့ တမဟုတ်ချင်း စိမ့်၀င်သွားလေသည်။


သူက ဖြူပြာရောင် ကြွေပန်းကန်လုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ခြမ်းထားသော သစ်သီးနှစ်ခြမ်းကို ငါး၏ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး လေ၀င်မှု မရှိ်စေရန် ပြုလုပ်လိုက်သည်။ ကျန်နေသေးသော သစ်သီးရည်များကို ငါးပေါ်သို့ လောင်းချလိုက်သည်။ ထို့နောက် အိုးအဖုံးကို ဖွင့်၍ ပေါင့်ခံရန် ပြင်ဆင်လိုက်ပြီး ပြင်ဆင်ထားသော ငါးပန်းကန်ကို ထည့်လိုက်သည်။ သူရွေးချယ်လိုက်သော ဟင်းပွဲက ငါးပေါင်းဖြစ်ကြောင်း သံသယ ရှိရန်ပင် မလိုတော့ချေ။


သို့သော် ဤငါးပေါင်းက တခြားသော ငါးပေါင်းများကဲ့သို့ လွယ်ကူခြင်း မရှိပေ။ သူက အစစ်အမှန် စွမ်းအင်များကို သေချာစွာ ထိန်းချုပ်ပြီး ငါးအတွင်းမှ စိတ်ဝိဥာဉ် စွမ်းအင်များကို ထိမ်းသိမ်းနိုင်ရန် လိုအပ်ပေသည်။ ပါ၀င်ပစ္စည်း၏ အဆင့်မြင့်လာလေလေ စားဖိုမှုး၏ စွမ်းအင်ထိန်းချုပ်နိုင်မှု လိုအပ်ချက်က မြင့်လေလေပင် ဖြစ်သည်။


ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက အလွန်အဆင့်မြင့်သည့် ရတနာတစ်ခု ဖြစ်သည်။ ထိုသစ်သီးထဲတွင် စိတ်ဝိဥာဉ်စွမ်းအင် အမြောက်အများ ပါ၀င်နေသည့်အပြင် သိမြင်မှု အချက်အလက်များလည်း များစွာ ပါ၀င်နေလေသည်။ ထိုစွမ်းအင်များကို ပျက်စီးမှု မရှိစေရန် ပုဖန်က အစစ်အမှန်စွမ်းအင်များနှင့် ကောင်းစွာ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။


ထိုနည်းလမ်းကို အစစ်အမှန် စွမ်းအင်အသုံးပြု၍ ချက်ပြုတ်သည့် နည်းလမ်းဟု ခေါ်ဆိုနိုင်ပြီး စားဖိုမှုးတစ်ယောက်၏ စွမ်းအင်ထိန်းချုပ်နိုင်စွမ်းကို စစ်ဆေးသည့် နည်းလမ်းလည်း ဖြစ်သည်။ ပုဖန်က သူ၏ စွမ်းအင်ဗဟိုမှ အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူ၏ စွမ်းအင်များကို ဖြန့်ကျက်လိုက်ပြီး ပန်းအိုးပေါ်တွင် ကာထားလိုက်သည်။


…….


မကောင်းဆိုးဝါး စားဖိုမှုး ၀မ့်တင်းက ဘ၀င်ခိုက်နေသော အမူအယာနှင့် ဆိုင်ထဲသို့ ၀င်ရောက်လာသည်။ သူ၏ စိတ်ထဲတွင် ဆိုင်ထဲမှ လူများက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို ခွဲဝေနေကြသည်ဟု ထင်မြင်နေပြီး ယခုအချိန်တွင် ၀င်ရောက်လုယူရန် အကောင်းဆုံးအချိန်ဟု တွေးတောနေလေသည်။ လျို့ဝှက်စွာ ပြုလုပ်ထားသော အသားစွပ်ပြုတ်ကြောင့် စစ်နတ်ဘုရားတစ်ပါး၏ စွမ်းအင်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင်သူ၏ ငယ်ရွယ်မှု သန်မာမှုနှင့် ယုံကြည်မှုများကိုလည်း ပြန်လည်ရရှိလာလေသည်။


သို့သော် ဆိုင်ထဲသို့ ရောက်လာသည်နှင့် သူ၏ အမူအယာက ပြောင်းလဲသွားလေသည်။ ဆိုင်အတွင်းတွင် ရှိနေကြသည့် လူများအားလုံးက သူရောက်လာသည့် အကြောင်းရင်းကို သိလိုဟန်နှင့် သင်္ကာမကင်းဟန် ကြည့်နေကြလေသည်။ ထို့ကြောင့် ၀မ့်တင်းက မျက်ခုံးပင့်လိုက်ပြီး ဆိုင်ထောင့်မှ မြေ၀ါရောင် ပန်းအိုးကို လှည့်ကြည့်လိုက်သောအခါ သူ၏ အမူအယာက အေးခဲသွားလေသည်။


ဆိုင်ထောင့်မှ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်လေး၏ သစ်ရွက်များက စိမ်းလန်းလှပြီး စိတ်ဝိဥာဉ်စွမ်းအင်များကို ဖြန့်ကျက် ထုတ်လွှတ်နေသည်။ သစ်ပင်လေးက ကောင်းမွန်စွာ ကြီးထွားလာပြီဖြစ်သည်။ သို့သော် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးများက သူ၏ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်နေလေသည်။ ထိုသူများက သစ်သီးများကို ခွဲခြမ်းယူပြီးကြပြီဟု ၀မ့်တင်းက သေချာသွားလေသည်။


“သေစမ်း… ငါအရမ်းနောက်ကျသွားပြီ…”


မကောင်းဆိုးဝါး စားဖိုမှုးက ခပ်တိုးတိုး ကျန်ဆဲလိုက်ပြီးဆိုင်ထဲမှ လူများကို ဝေ့ကြည့်လိုက်သည်။


“မင်းတို့ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို ခွဲယူပြီးပြီလား… အဲဒီသစ်သီးကို ငါ့ဆီလွဲပေးတဲ့ သူတွေရဲ့ အသက်ကို ချမ်းသာပေးမယ်…”


၀မ့်တင်းက သစ်သီးကို အလွန်လိုအပ်နေသောကြောင့် စိုးရိမ်ပူပန်နေလေသည်။ သူက ထိုသစ်သီးကို ရရှိရန်အတွက် သူ၏ စွမ်းရည်များကို မြင့်မားစေနိုင်သည့် အသားပြုတ် အဆီအနှစ်များကို လျှို့ဝှက်စွာ ပြုလုပ်ထားခဲ့သည်။ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးအတွက် မည်သည့် အရာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။


ဆိုင်ထဲတွင် ထိုင်နေကြသော လူများက ပုဖန်၏ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးနှင့် ချက်ပြုတ်လာမည့် ဟင်းပွဲကို စောင့်မျှော်နေကြခြင်း ဖြစ်သော်လည်း လူတစ်ယောက်ပေါ်လာပြီး သူတို့ကို ခြိမ်းခြောက်ပြီး ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို လက်လွဲပေးရန် တောင်းဆိုနေသောကြောင့် စိတ်မကြည်မလင် ဖြစ်သွားကြလေသည်။


“မင်းအမကိုပဲ ပြန်တောင်းနေလိုက်…. ငါတို့လဲ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို လိုချင်တာပဲ…”


ကျန့်ခုန်းနှင့် ပြန့်ချန်ခုန်းက သူတို့ရှေ့မှလူကို ရန်လိုစွာ ကြည့်လိုက်ကြသည်။ သူတို့က သလင်းကျောက်အမြောက်အများ ပေး၍ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို ၀ယ်ယူရန် ကြိုးစားခဲ့သော်လည်း ပိုင်ရှင်ပုက ရောင်းချခဲ့ခြင်း မရှိပေ။ ယခုအခါ မောက်မာပုံရသော လူတစ်ယောက်က သူတို့ကို လာ၍ ခြိမ်းခြောက်နေလေသည်။


“သူက သူ့ကိုယ်သူ ဘာထင်နေတာလဲ…”


ကျန့်ခုန်းက မတ်တပ်ထရပ်လိုက်သည်။ ပိုင်ရှင်ပုနှင့် ပတ်သတ်၍ သူခံစားခဲ့ရသော စိတ်ဒဏ်ရာများကို ဖွင့်ထုတ်ရပေမည်။ ထိုခဏတွင် သူတို့နှစ်ဖက်လုံး မကျေမနပ် ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။


ပြန့်ချန်ခုန်းကလည်း မတ်တပ်ထရပ်လိုက်သည်။ သူက သက်စောင့်ဆေး စားထားသောကြောင့် ရရှိထားသော ဒဏ်ရာများက ပြန်လည်သက်သာနေပြီဖြစ်သည်။


သူတို့နှစ်ယောက်က တင်းမာသော မျက်နှာထားနှင့် မကောင်းဆိုးဝါး စားဖိုမှုး ရှိနေသည့် တံခါးပေါက်သို့ လျောက်သွားကြသည်။


ယစ်ထုတ်ကြီးက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး မကောင်းဆိုးဝါး ဝိုင်ကို မော့သောက်လိုက်ကာ ပွဲကြည့်ရန် ပြင်ဆင်လိုက်သည်။


“မင်းတို့နှစ်ယောက်က သေချင်နေကြတာလား…”


မကောင်းဆိုးဝါး စားဖိုမှုး ၀မ့်တင်း၏ မျက်နှာက မဲမှောင်သွားပြီး မျက်လုံးများ မှေးစင်းကာ ခြိမ်းခြောက်ပြောဆိုလိုက်သည်။ သူက လက်ရှိတွင် စစ်နတ်ဘုရားတစ်ပါး၏ စွမ်းအင်များကို ပိုင်ဆိုင်ထားလေသည်။ သူ၏ အမြင်အရ သူတစ်ယောက်သာ အမြင့်ဆုံး အခြေအနေကို ပိုင်ဆိုင်ထားလေသည်။ သူ၏ ရှေ့မှ ပုရွက်ဆိတ်နှစ်ကောင်က သေဖို့ ကျွင်းရှာနေခြင်း ဖြစ်နိုင်လေသည်။ သူက လက်ရှိအချိန်တွင် အလွန်ထောင်လွှား မောက်မာနေလေသည်။


“မင်းက ဘယ်သူ့ကို လာပြီး ခြိမ်းခြောက်နေတာလဲ…” ပြန့်ချန်ခုန်းက အေးစက်စွာ ပြောလိုက်ပြီး မကောင်းဆိုးဝါး စားဖိုမှုး ရှိရာသို့ လက်ဝါးဖြင့် တစ်ချက် လွဲရိုက်လိုက်သည်။


မကောင်းဆိုးဝါး စားဖိုမှုး ၀မ့်တင်းက အလွန်ဒေါသထွက်သွားပြီး ကြိမ်းမောင်းပြောဆိုလိုက်သည်။


“သေချင်နေတယ်ပေါ့… ဟုတ်လား….”


ဘန်း…


မကောင်းဆိုးဝါး စားဖိုမှုးက ပြန့်ချန်ခုန်း၏ ရိုက်ချက်ကို ကာကွယ်လိုက်နိုင်သော်လည်း ကျန့်ခုန်း၏ ရိုက်ချက်ကို ကာကွယ်နိုင်ခြင်း မရှိလိုက်ပေ။ သူ၏ မျက်နှာက ချက်ချင်းပင် ရောင်ကိုင်းလာလေသည်။


“ဟမ်… ဒါဘယ်လို အခြေအနေလဲ… ငါ့လို စစ်နတ်ဘုရားအဆင့်ရှိသူရဲ့ မျက်နှာကို ဘယ်သူက ရိုက်နိုင်တာလဲ….”


မကောင်းဆိုးဝါး စားဖိုမှုးက အလွန်အမင်း ဒေါသထွက်သွားပြီး သူ၏ အစစ်အမှန် စွမ်းအင်များကို တိုးမြှင့်လိုက်ကာ ခန္ဒာကိုယ်ထဲမှ စွမ်းအင်များကို တိုးမြှင့်လိုက်သည်။


ဘန်း…


ကျန့်ခုန်းက နောက်တစ်ချက် လွဲရိုက်လိုက်သည်။ သူ၏ မျက်နှာထားက တင်းမာနေပြီး မည်သည့် သက်ညှာမှုကိုမျှ ပြသခြင်း မရှိပေ။ သို့သော်လည်း သူ၏ မျက်နှာဖုံးအောက်မှ မျက်နှာက မထီတရီ ပြုံးနေလေသည်။


“အုပ်ချုပ်သူတစ်ယောက်ကိုတောင် ခြမ်းခြောက်နိုင်ရအောင် မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ…”


ကျန့်ခုန်းက အေးစက်စက် တုန့်ပြန်လိုက်သည်။ သူက ခွေးနက်ကြီးနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသော်လည်း ဤသို့ ကြုံရာလူတစ်ယောက်ကို ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။


“သေစမ်း… ငရဲကို သွားလိုက်တော့…”


ကျန့်ခုန်းက ဒေါသတကြီး ကြိမ်းမောင်းပြောဆိုလိုက်ပြီး အနက်ရောင်မီးခိုးများကို ထုတ်ဖော်လိုက်သည်။ သို့သော် သူ၏ အနက်ရောက် အခိုးအငွေ့များ ထွက်ပေါ်လာသည့် အချိန်တွင် ပြန့်ချန်ခုန်းက ၀မ့်တင်းကို ဆိုင်၏အပြင်ဘက် ပျက်စီးနေသော လမ်းကြားလေးထဲသို့ ကန်ထုတ်လိုက်သည်။


“ဘယ်လိုတောင် နှေးကွေးတာလဲ…”


ပြန့်ချန်ခုန်းနှင့် ကျန့်ခုန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ရယ်မောလိုက်ပြီး ဆိုင်အပြင်ဘက်သို့ ထွက်သွားလိုက်သည်။ သူတို့၏ မကျေနပ်ချက်များ ဒေါသများနှင့် စိတ်ဒဏ်ရာများကို ဖောက်ခွဲရန် အချိန်ရောက်လာပြီဖြစ်သည်။ မည်သည့်နေရာမှ ရောက်ရှိလာမှန်းမသိသော ခရုတစ်ကောင်က သူတို့၏ ဒေါသများကို ဖောက်ခွဲနိုင်ရန် အခွင့်အရေး ပေးနေလေသည်။


ဆိုင်ရှေ့တွင် ပျင်းရိစွာ လှဲလျောင်းနေသော ဘလက်ကီက တစ်ဖက်သတ် အနိုင်ကျင့်နေမှုကို ကြည့်လိုက်ပြီး သမ်းဝေလိုက်သည်။


မကောင်းဆိုးဝါး စားဖိုမှုး၏ နာကျင်၀မ်းနည်းစွာ ငိုကြွေးသံများက အဆုံးမဲ့ ထွက်ပေါ်နေလေသည်။ သူ၏ မြင့်မားလှသော စွမ်းဆောင်ရည်များကို ပြသနိုင်မည်ဟု ယုံကြည်ထားခဲ့သော်လည်း လူနှစ်ယောက်၏ ရက်ရပ်စက်စက် ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ ထိုသူနှစ်ယောက်ကို သူက လက်တုံ့ပြန်နိုင်ခြင်း မရှိသောကြောင့် ထိုနှစ်ယောက်က အစစ်အမှန် စစ်နတ်ဘုရားများ ဖြစ်ကြသည်ကို နားလည်လိုက်လေသည်။


ရှောင်မန်က ဆိုင်၏ တဲခါး၀ကို မှီ၍ ရပ်နေပြီး နာကျင်စွာ ငိုကြွေးနေသော မကောင်းဆိုးဝါး စားဖိုမှုးကို ကြည့်နေလိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း နှစ်သိမ့်ပျော်ရွှင်မှုကို ခံစားနေရလေသည်။


“မင်းရဲ့ ကျွန်တွေကို ခိုင်းစေပြီး ဒီသတင်းကို ပြန့်နှံ့စေခဲ့တယ်… မင်းကြောင့်ပဲ အင်ပါယာ မြို့တော်က မငြိမ်မသက် ဖြစ်ပွားခဲ့တယ်… နောက်ဆုံးတော့လည်း မင်းက ဒီလိုမျိုး အရိုက်ခံနေရပြီပေါ့… မင်းလိုလူမျိုးက ဒီလို အရိုက်ခံရတာနဲ့ ထိုက်တန်တယ်…” ရှောင်မန်က ၀မ့်တင်း၏ ကံမကောင်းမှုကို ကြည့်၍ ၀မ်းသာ ပျော်ရွှင်နေလေသည်။


ထိုအချိန်တွင် မီးဖိုချောင်ဘက်မှ ထူးဆန်းလှသည့် မွှေးရနံ့များ ထွက်ပေါ်လာပြီး အားလုံးကို ဂယက်ထသွားစေသည်။ ပိုင်ရှင်ပု၏ ဟင်းပွဲက ပြီးမြောက်ခါနီးပြီဟု ခံစားလိုက်ရသောကြောင့် လူအားလုံးက မီးဖိုချောင်ဘက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။