အပိုင်း ၂၃၁
Viewers 53k

အခန်း ၂၃၁ “တိမ်ခုန်ဆင်းနဂါး … သက်စောင့်ဟင်းပွဲ..”


ခန္ဒာကိုယ်ထဲတွင် စီးဆင်းနေသော အစစ်အမှန် စွမ်းအင်များက ကုန်ဆုံးလုလု ဖြစ်နေသောကြောင့် ပုဖန်၏ မျက်နှာက ဖြူဖျော့နေပြီး နဖူးမှ ချွေးများပင် စီးကျနေလေသည်။ 


၀ီ…


ပေါင်းအိုးအတွင်းမှ ထူးဆန်းသည့် ပြောင်းလဲမှု အခြေအနေများ ဖြစ်ပေါ်လာသောကြောင့် ပုဖန်၏ မျက်၀န်းများ တောက်ပလာပြီး သူ၏ အစစ်အမှန် စွမ်းအင်ပို့လွှတ်ခြင်းကို ဖြတ်တောက်လိုက်ကာ အိုးအဖုံးပေါ်မှ လက်ကို ရုတ်လိုက်သည်။ ထို့နောက် အသက်၀၀ရှူလိုက်ကာ အိုးအဖုံးကို လှမ်းဖွင့်လိုက်သည်။


“ဟင်းပွဲတော့ ပြီးသွားပြီ… ငါ့ရဲ့ အစစ်အမှန် စွမ်းအင်တွေလဲ ကုန်လုနီးပါးပဲ…. ဒီဟင်းပွဲရဲ့ စွမ်းအင်လိုအပ်ချက်က တော်တော် မြင့်မားတာပဲ…”


ပုဖန်က တီးတိုးရေရွတ်လိုက်သည်။ သူ၏ စွမ်းအင်အဆင့်က ဘုရင်အဆင့်သာ ရှိသေးသောကြောင့် အစစ်အမှန် စွမ်းအင်များက နိမ့်ပါးနေသေးပေသည်။ အကယ်၍ သူချက်ပြုတ်သည့် ဟင်းပွဲတွင် ပါ၀င်သည့် ဟင်းပွဲက အဆင့်မြင့်မားနေလျှင် သူ၏ အစစ်အမှန် စွမ်းအင်များကို ကုန်လုနီးပါး သုံးစွဲရပြီး အားပြတ်မောပန်း သွားပေလိမ့်မည်။


သို့သော် ကံကောင်းထောက်မစွာနှင့် မကြာခင်မှာပင် အဆင့်ခြောက် အင်ပါယာအဆင့်သို့ တက်ရောက်နိုင်တော့မည်ဖြစ်ပြီး သူ၏ စွမ်းအင်များလည်း သိသိသာသာ တိုးပွားလာပေလိမ့်မည်။ ထိုအချိန်သို့ ရောက်လာပါက သူ၏ စွမ်းအင်အသုံးပြုခြင်းက ပိုမိုချောမွေ့လာနိုင်ပြီး အဆင့်မြင့် ပါ၀င်ပစ္စည်းများကို ချက်ပြုတ်ရာတွင် ပြသနာများ နည်းပါးလာပေလိမ့်မည်။ 


ပုဖန်က နွေးထွေးသော စွမ်းအင်များ ပြည့်နှက်နေသည့် အငွေ့များကို ကြည့်လိုက်မိသည်။ ထိုအငွှေ့များထဲတွင် အားကောင်းသန်မာသော စိတ်ဝိဥာဉ်စွမ်းအင်များကို ခံစားမိနေသောကြောင့် ပုဖန်က နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်မိသည်။ ဆွဲဆောင်မှုရှိလှသော မွှေးရနံ့များကြောင့် စားချင်စိတ်များ ဖြစ်ပေါ်လာလေသည်။


အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် ရေနွေးငွေ့များက အလုံးအရင်းနှင့် ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ပြန့်နှံ့သွားလေသည်။ ထိုအငွေ့များကို ရှူရှိုက်လိုက်မိသည်နှင့် စိတ်အတွင်း လန်းဆန်းသွားမှုကို ခံစားလိုက်ရသည်။ ပုဖန်က လေထဲမှ အခိုးအငွေ့များကို လက်ရမ်း၍ ဖယ်ရှားလိုက်ပြီး အိုးအတွင်းသို့ သေချာစွာ စိုက်ကြည့်လိုက်သည်။ အိုးအတွင်း မျက်နှာပြင်က တောက်ပလင်းလက်နေလေသည်။ ထိုတောက်ပမှုက အနည်းငယ်မျှသာ သိသာထင်ရှားနေလေသည်။


“တောက်ပနေတဲ့ ဟင်းပွဲ..”


ပုဖန်က အောင်မြင်မှု ရသည်ကို တွေးလိုက်မိပြီး ကျေကျေနပ်နပ် ပြုံးလိုက်မိသည်။ သူက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချ၍ ပေါင်းအိုးအတွင်းမှ ပန်းကန်ကို ထုတ်ယူလိုက်သည်။ မီးဖိုခန်းအတွင်းမှ အလင်းရောင်နှင့် မီးဖိုမှ အလင်းရောင်များက ဟင်းပွဲပေါ်သို့ ဖြာကျနေသောကြောင့် ဟင်းပွဲ၏ အရောင်က ပို၍ တောက်ပလင်းလက်နေလေသည်။


ကြွေပန်းကန်လုံးထဲတွင် ဆူဖြိ်ုးပြီး ပုံစံမပျက် ရှိနေသော ငါးက အသက်ရှင်နေသည်ဟုပင် ထင်ရလေသည်။ ငါးတစ်ကောင်လုံးတွင် ထူးဆန်းသော လှိုင်းများ စီးဆင်းနေပြီး ထိုလှိုင်းများမှ ပြင်းထန်သောစွမ်းအင်များကို ခံစားနေရလေသည်။ ရေနွေးငွေ့များထဲမှ ငါးပေါင်းက တိမ်များအတွင်းတွင် ကူးခတ်နေသော နဂါးတစ်ကောင်ကဲ့သို့ ထင်ရလေသည်။


သူ၏ အပေါ်တွင် လည်း တိမ်ပုံသဏ္ဍာန်လေးများ ဖုံးလွှမ်းနေလေသည်။ ထိုဟင်းပွဲက အလွန်အံ့အားသင့်စရာ ကောင်းလှသောကြောင့် ပုဖန်ပင် မှင်သက်နေလေသည်။ ဟိုဟင်းပွဲက သူ၏ အချက်အပြုတ် စွမ်းရည်အတွက် မှတ်တိုင်ပင် ဖြစ်လေသည်။ ထိုကဲ့သို့သော ဟင်းပွဲမျိုး ထွက်ပေါ်လာမည်ဟု မည်သူကမျှ ထင်မှတ်ထားလိမ့်မည်မဟုတ်ချေ။


“ဒီဟင်းပွဲက ငါစိတ်ကူးထားတာကိုတောင် ကျော်လွန်သွားပြီ… အရမ်းကို လှပလွန်းတယ်…”


ပုဖန်က တီးတိုးရေရွတ်လိုက်ပြီးနောက် ဟင်းပွဲ၏ နံမည်ကို စတင်စဉ်းစားလိုက်သည်။ 


“သိမြင်မှု ငါးပေါင်း… အင်း… ဒီနံမည်ကြီးက တစ်မျိုး ဖြစ်နေတယ်.. တိမ်ခုန်ဆင်းနဂါးဆိရင်ရော …မဆိုးဘူး… နားထောင်လို့ ကောင်းတယ်…”


ပုဖန်က ထိုဟင်းပွဲကို တိမ်ခုန်ဆင်းနဂါးဟု ခေါ်ဆိုရန် ဆုံးဖြတ်လိုက်သည်။ သိမြင်မှု သစ်သီးကို စားပြီးနောက် ငါးတစ်ကောင်ပင် နဂါးအဖြစ် ခုန်ထွက်လာနိုင်ကြောင်း ဖော်ကြူးလိုခြင်း ဖြစ်သည်။


“စနစ်… ဒီဟင်းပွဲရဲ့ အခြေအနေက ဘယ်လိုလဲ…” ပုဖန်က သိလိုစိတ် ပြင်းပြစွာ မေးလိုက်သည်။


ထိုအချိန်တွင် စနစ်က ချက်ချင်းပြန်မဖြေပဲ အချိန်တခဏမျှ ကြာပြီးမှ ပြန်ဖြေလာလေသည်။


ဟင်းပွဲအမည်… တိမ်ခုန်ဆင်း နဂါး..


စားဖိုမှုး… ပိုင်ရှင် ပုဖန်…


ဟင်းပွဲတွင် ပါ၀င်သည့် စိတ်ဝိဥာဉ် စွမ်းအင်…. ကိုးဆယ်ရာခိုင်နှုန်း..


ဟင်းပွဲတွင် ပါ၀င်သည့် သိမြင်မှုအကြောင်းအရာ… ကိုးဆယ် ရာခိုင်နှုန်း…


နောက်ဆုံးအကဲဖြတ်ချက်… သူတော်စင်အဆင့် တစ်ယောက်က ထိုဟင်းပွဲကို စားလိုက်လျှင် စစ်နတ်ဘုရားအဆင့်သို့ အောင်အောင်မြင်မြင် ချိုးဖြတ်တက်ရောက်နိုင်လိမ့်မည်.. ထို့ကြောင့် ဤဟင်းပွဲက အကဲဖြတ်မှုကို အောင်မြင်သည်။


ပုဖန်က စနစ်၏ ဖော်ပြချက် ပြီးဆုံးသွားသည်နှင့် ပျော်ရွှင်စွာ လက်ဖျောက်တစ်ချက် တီးလိုက်သည်။ တိမ်ခုန်ဆင်းနဂါးဟင်းပွဲကို ချက်ပြုတ်၍ စနစ်၏ အကဲဖြတ်မှုကို အောင်မြင်ခဲ့ခြင်းက လွယ်ကူသည်ဟု ထင်ရသော်လည်း အဆင့်တိုင်ဒက စားဖိုမှုးတစ်ယောက်၏ ကျွမ်းကျင်မှုကို စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်သည်။ ဟင်းပွဲကို ပြင်ဆင်မှု၊ ပေါင်းခံသည့်နေရာတွင် အစစ်အမှန် စွမ်းအင်များကို ထိန်းချုပ်နိုင်မှု စသဖြင့် လိုအပ်ချက်များက များပြားလှပေသည်။ အမှားသေးသေးလေး တစ်ခုကပင် ဟင်းပွဲကို ပျက်စီးသွားစေနိုင်လေသည်။


ဟင်းပွဲအတွင်းမှ စိတ်ဝိဥာဉ်စွမ်းအင်များကို ထိမ်းသိမ်းနိုင်ရန် ပုဖန်က ပေါင်းခံခြင်း နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုနည်းလမ်းက စိတ်ဝိဥာဉ် စွမ်းအင်များကို အကောင်းဆုံး ထိမ်းသိမ်းနိုင်သည့် နည်းလမ်းပင် ဖြစ်သည်။ သိမြင်မှု အချက်အလက်များကို ထိမ်းသိမ်းနိုင်ရန် ပုဖန်က သစ်သီးရည်များကို ငါးပေါ်တွင် သုတ်လိမ်းခဲ့သည်။ ထိုနည်းလမ်းနှင့် သိမြင်မှု အချက်အလက်များကို ထိမ်းသိမ်းပြီး ဖြစ်သွားလေသည်။ 


ပုဖန်က သူက စိတ်အတွင်းမှ ပျော်ရွှင်မှုများကို ထိန်းချုပ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။


“စနစ်… ဒီဟင်းပွဲက အကဲဖြတ်စစ်ဆေးခြင်းကို အောင်မြင်သွားပြီဆိုတော့… ယာယီ မစ်ရှင်ကို ပြီးမြောက်သွားပြီပေါ့… ဒါဆို.. ဒီဟင်းပွဲကို ရောင်းလို့ ရလား…”


“ယာယီမစ်ရှင် ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်… ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို သုံးပြီး ချက်ပြုတ်ထားတဲ့ ဟင်းပွဲက စနစ်ရဲ့ အကဲဖြတ်မှုကို အောင်မြင်သွားပါပြီ… ထိုမစ်ရှင်အတွက် ရရှိမည့် ဆုကို ဖော်ပြပါမည်… လက်ရှိအချိန်တွင် ဟင်းပွဲ၏ ကျသင့်မည့် စျေးနှုန်းကို တွက်ချက်နေပါသည်…”


စနစ်က ဟင်းပွဲ၏ စျေးနှုန်းကို သတ်မှတ်ရန်အတွက် အချိန်များစွာ မယူခဲ့ပေ။


“တိမ်ခုန်ဆင်းနဂါးဟင်းပွဲရဲ့ တန်ဖိုးက သလင်းကျောက် ငါးထောင့်ငါးရာ့ငါးဆယ် ကျသင့်ပါတယ်…”


ပုဖန်က ထိတ်လန့်မှုကြောင့် မှင်သက်သွားလေသည်။


“ဟင်းပွဲတစ်ပွဲကို သလင်းကျောက် ငါးထောင့်ငါးရာ့ငါးဆယ်…”


ဤဟင်းပွဲက စနစ် သတ်မှတ်ပေးသည့် ဟင်းပွဲများထဲတွင် စျေးအကြီးဆုံး ဖြစ်သည်။ ပုဖန်က စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ ဤဟင်းပွဲကို ရောင်းလိုက်ပါက အဆင့်တက်ရန် လိုအပ်သော သလင်းကျောက်များ မြန်မြန်ဆန်ဆန် ပြည့်သွားပေလိမ့်မည်။ ပုဖန်က တိမ်ခုန်ဆင်း နဂါး ဟင်းပွဲကို သယ်ယူလိုက်ပြီး မီးဖိုချောင်ထဲမှ ထွက်လာလိုက်သည်။


မီးဖိုချောင်ထဲမှ ထွက်လာသော ပိန်ပါးသည့် ပုံရိပ်လေးက လူတိုင်းကို ဆွဲဆောင်သွားလေသည်။ ပုဖန်က အပူငွေ့များ ထုတ်လွှင့်နေသော တောက်ပလှသည့် ဟင်းပွဲတစ်ပွဲကို လက်နှစ်ဖက်နှင့် သေချာစွာ သယ်ဆောင်လာလေသည်။ ထိုဟင်းပွဲက အလွန်လှပပြီး ဟင်းပွဲ၏ အပေါ်တွင် တိမ်မြူခိုးလေးများ ဖြစ်ပေါ်နေသောကြောင့် လူတိုင်းက မထိန်းချုပ်နိုင်အောင် ဖြစ်သွားကြလေသည်။


ကျန့်ခုန်းနှင့် ပြန့်ချန်ခုန်းတို့က လက်သီးတင်းတင်း ဆုတ်လိုက်ကြပြီး သက်တောင့်သက်သာ အမူအယာနှင့် ဆိုင်ထဲသို့ ပြန်၀င်လာကြသည်။ 


လမ်းကြားလေးထဲတွင် မကောင်းဆိုးဝါး စားဖိုမှုးက အလွန် စိတ်ပျက်၀မ်းနည်းမှုကို ခံစားနေရလေသည်။ သူ၏ မျက်နှာတစ်ခုလုံး ဖူးယောင်နေပြီး ၀က်ခေါင်းတစ်ခေါင်းနှင့်ပင် တူညီနေလေသည်။ သွေးချောင်းများ အဆက်မပြတ် ဆိုးနေပြီး အသက်ရှူခက်နေလေသည်။ သူ၏ မျက်၀န်းထဲတွင် ဒေါသအရိပ်အယောင်များ ရှိနေသော်လည်း ကြောက်ရွံ့မှုက ပို၍ အားသာနေလေသည်။


……


ပုဖန်က ဟင်းပွဲကို စားပွဲပေါ်သို့ တင်လိုက်သည်။ သိပ်သည်းကြွယ်၀လှသော မွှေးရနံ့များက ဆိုင်တစ်ခုလုံးကို ပြန့်နှံ့လာသောကြောင့် လူတိုင်းက စိတ်သက်သာရာ ရမှုနှင့် ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။ 


“ပိုင်ရှင်ပု… ဒီဟင်းပွဲက ငါးလမ်းကြောင်း သိမြင်မှု သစ်သီးနဲ့ လုပ်ထားတာလား…”


ယစ်ထုတ်ကြီးက သူ့လက်ထဲမှ ဘူးသီးခြောက်ဝိုင်အိုးကို ချထားလိုက်ပြီး ဟင်းပွဲကို မျက်လုံးပြူးများနှင့် ကြည့်၍ မေးလိုက်သည်။ 


ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး လူတိုင်းကို သေချာစွာ ကြည့်၍ ပြန်ပြောလိုက်သည်။


“ဒီဟင်းပွဲကို ငါးလမ်းကြောင်းသိမြင်မှု သစ်သီးနဲ့ ချက်ပြုတ်ထားတာ.. ဒီဟင်းပွဲက သူတော်စင်အဆင့် တစ်ယောက်ကို စစ်နတ်ဘုရားအဆင့် ချိုးဖျက်တက်ရောက်နိုင်အောင် သေချာပေါက် ကူညီနိုင်တယ်…”


ထိုသို့ ပြောလိုက်သည့် အချိန်တွင် အားလုံးက အေးစက်စွာ ပင့်သက်ရှိုက်လိုက်ကြသည်။ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို စားသုံးလိုက်လျှင်ပင် သူတော်စင်အဆင့် တစ်ယောက်ကို စစ်နတ်ဘုရားအဆင့် ချိုးဖျက်နိုင်မည်ဟု အာမမခံနိုင်ပေ။ သို့သော် ပုဖန်က ဤရိုးရှင်းလှသော ဟင်းပွဲကို စားလိုက်ရုံနှင့် စစ်နတ်ဘုရားအဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်မည်ဟု ပြောရဲနေလေသည်။ သူက အလွန် ယုံကြည်မှု လွန်ကဲနေလေသည်။


“ပိုင်ရှင်ပုက နောက်နေတာပဲ ဖြစ်ရမယ်… ဒီလို အံ့အားသင့်စရာ ကောင်းတဲ့ ဟင်းပွဲမျိုး ဘယ်လိုလုပ် ထွက်ပေါ်လာနိုင်ပါ့မလဲ…”


ယစ်ထုတ်အိုကြီးက မယုံကြည်နိုင် ဖြစ်နေသကဲ့သို့ တခြားသူများကလည်း သံသယမကင်း ဖြစ်နေကြလေသည်။


ပုဖန်က ခုံတစ်ခုံကို ဆွဲယူ၍ ထိုင်လိုက်ပြီး အသက်၀၀ ရှူလိုက်သည်။ တိမ်ခုန်ဆင်း နဂါး ဟင်းပွဲကို ချက်ပြုတ်ခဲ့ချိန်က သူ၏ အတွေ့အကြုံများနှင့် စွမ်းအင် အမြောက်အများကို အသုံးပြုခဲ့ရခြင်းကြောင့် အလွန်မောပန်း နေလေသည်။


“ကောင်းပြီ… ဒီဟင်းပွဲကို ငါက တစ်ကြိမ်ပဲ ချက်ပြုတ်လို့ ရနိုင်မှာ အနာဂတ်မှာ ဒီဟင်းပွဲကို စားချင်တယ်ဆိုရင်တောင် အခွင့်အရေး ရှိလာမှာ မဟုတ်တော့ဘူး… ဒါကြောင့် ဒီဟင်းပွဲက အရမ်းကို တန်ဖိုးရှိတယ်… သူ့ရဲ့ အကျိုးသက်ရောက်မှု အတွက်ကတော့… မင်းတို့ ဟင်းပွဲကို အရင်စားကြည့်လိုက်… တကယ်လို့ တစ်ရာရာခိုင်နှုန်း အကျိုးသက်ရောက်မှု မရှိဘူးဆိုရင် ဒီဟင်းပွဲအတွက် ငွေပေးချေစရာ မလိုဘူး…”


ပုဖန်က ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်ပြီး သူ၏ မျက်လုံးထဲတွင်လည်း ဟင်းပွဲအပေါ် ယုံကြည်မှုများ ပြည့်နှက်နေလေသည်။ 


အားလုံးက တိမ်ခုန်ဆင်းနဂါး ဟင်းပွဲကို လေးလေးနက်နက် ကြည့်လိုက်ကြသည်။ ဟင်းပွဲက သူတို့၏ အာရုံများကို ဆွဲဆောင်သွားလေသည်။


“ဒီဟင်းပွဲကို ဘယ်လောက်နဲ့ ရောင်းမှာလဲဆိုတာကို ငါသိပါရစေ…” ကျန့်ခုန်းက မျက်မှောင်ကြုံ့၍ မေးလိုက်သည်။


တခြားသူများကလည်း ထိုအဖြေကို သိလိုလှသောကြောင့် ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ 


ပုဖန်က မေးကို လက်ချောင်းလေးနှင့် ပွတ်သတ်လိုက်ပြီး သူတို့နောက်မှ မီနူးကို ညွှန်ပြလိုက်သည်။


အားလုံးက တခဏမျှ ကြောင်အသွားပြီး နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ သေချာစွာကြည့်လိုက်ကြပြီးနောက် အံ့အားတကြီး အသံများ ထွက်ပေါ်လာလေသည်။


“ငါးထောင့်ငါးရာ့ငါးဆယ်…”  


“ဒီဟင်းတစ်ပွဲကို သလင်းကျောက် ငါးထောင့်ငါးရာ့ ငါးဆယ်…”


“ဘုရားရေ.. ဒီဟင်းပွဲက ဘာလို့ ဒီလောက်တောင် စျေးကြီးနေရတာလဲ…”


“ပိုင်ရှင်ပု… ဒါက ခြိမ်းခြောက်ငွေညှစ်တာပဲ…”


ဟင်းပွဲ၏ ကြီးမြင့်လှသည့် စျေးနှုန်းကြောင့် အားလုံးက စိတ်မသက်မသာ ဖြစ်သွားကြသည်။ ဟင်းပွဲ၏ စျေးနှုန်းက သူတော်စင်အဆင့် တစ်ယောက်၏ ပိုင်ဆိုင်မှုများ အားလုံးနှင့် ညီမျှနေလေသည်။ သို့သော် ကျန့်ခုန်းကဲ့သို့ စစ်နတ်ဘုရားအဆင့် အုပ်ချုပ်သူများအတွက် စျေးပေါသည်ဟုပင် ပြောနိုင်လေသည်။ ထိုဟင်းပွဲက သူတော်စင်အဆင့် တစ်ယောက်ကို စစ်နတ်ဘုရားတစ်ပါးအဖြစ် ရောက်ရှိရန် သေချာပေါက် ကူညီနိုင်သည်ဆိုပါက ထိုစျေးနှုန်းက သက်သာလှပေသည်။


“ဒီဟင်းပွဲက တစ်ပွဲပဲ ရှိတယ်… မင်းတို့ ၀ယ်၀ယ် မ၀ယ်၀ယ် ဒီတစ်ခါပဲ ရမှာ… ငါ့ဆိုင်မှာ နောက်ထပ် ဒီလိုဟင်းပွဲမျိုး ထက်ချက်မှာ မဟုတ်တော့ဘူး…” ပုဖန်က အေးစက်စက် ပြောလိုက်သည်။


“ပိုင်ရှင်ပု… ငါ ဒီဟင်းပွဲကို ၀ယ်မယ်…”


ကျန့်ခုန်းက တွန့်ဆုတ်မနေပဲ ပြောလိုက်သည်။ သူက ဝူယွမ်ပိုင်ကို ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပေးမည်ဟု ပြောခဲ့ပြီး ဖြစ်သည်။ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို မရနိုင်တော့သောကြောင့် ဤဟင်းပွဲကို အစားထိုးရမည်ဖြစ်သည်။ 


“ငါလည်း ဒီဟင်းပွဲကို ၀ယ်ချင်တယ်…” ပြန့်ချန်ခုန်းကလည်း ၀င်ပြောလိုက်သည်။


သူတို့နှစ်ယောက်က ငါးလမ်းကြောင်း သိမြင်မှု သစ်သီးအတွက် အလျော့မပေးတမ်း ပြိုင်ခဲ့ကြပြီး ဤတစ်ကြိမ်တွင်လည်း သစ်သီးစျေးနှုန်းကကဲ့သို့ ဆက်လက် ယှဉ်ပြိုင်ကြရန် တာဆူနေကြလေသည်။


“ပိုင်ရှင်ပု… ငါလည်း ဒီဟင်းပွဲကို ၀ယ်ချင်ပါတယ်…” ဟင်းပွဲကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသော ရှောင်မန်ကလည်း ၀င်ပြောလိုက်သည်။


ပုဖန်က သူတို့ကို ဘာမှပြန်မပြောပေ။ ဟင်းပွဲက တစ်ပွဲသာ ရှိပြီး လိုချင်သူ များပြားနေသောကြောင့် ထိုဟင်းပွဲကို စျေးအမြင့်ဆုံး ပေးနိုင်သူက ပိုင်ဆိုင်သင့်သည်ဟု ဆုံးဖြတ်လိုက်ကြပြီး လေလံဆွဲရန် ဆွေးနွေးလိုက်ကြသည်။ 


ယစ်ထုတ်အိုကြီးက ဝိုင်ကို ပါးစပ်အပြည့် ငုံလိုက်ပြီးနောက် စိတ်ကျေနပ်ဟန်နှင့် မြိုချလိုက်သည်။ ထို့နောက် သူ၏ ဘူးသီးခြောက် ဝိုင်ဘူးကို စားပွဲပေါ်တင်၍ ပြောလိုက်လေသည်။ 


“ငါ ဒီဟင်းပွဲအတွက် သလင်းကျောက် တစ်သောင်းပေးမယ်…”