အပိုင်း ၂၃၂
Viewers 53k

အခန်း ၂၃၂ “မကောင်းဆိုးဝါးစားဖိုမှုး၏ ကျဆုံးခန်း…”


ယစ်ထုတ်အိုကြီး စကားကြောင့် ကျန့်ခုန်းနှင့် ပြန့်ချန်ခုန်းတို့ နှစ်ယောက်က ပြောစရာစကား မဲ့သွားလေသည်။ သူတို့နှစ်ယောက်က လေလံဆွဲရန် ငြင်းခုန်နေစဉ်အချိန်မှာပင် ယစ်ထုတ်အိုကြီးက စတင်လိုက်ပြီဖြစ်သည်။ သို့သော် ယခု အချိန်တွင် သူတို့ လေလံဆွဲနေခြင်းက သေချာခြင်းမရှိပဲ ပြုလုပ်နေကြခြင်းသာ ဖြစ်သည်။


ငါးလမ်းကြောင်းသိမြင်မှု သစ်သီးနှင့် ချက်ပြုတ်ထားသော ဟင်းပွဲက သူတော်စင်အဆင့်မှ စစ်နတ်ဘုရားအဆင့်သို့ တက်ရောက်နိ်ုင်ကြောင်း ပုဖန်က အာမခံသော်လည်း ထိုအချက်က အမှန်ဖြစ်ကြောင်း သူတို့ မသိနိုင်ကြပေ။ သူတို့ကိုယ်တိုင်လည်း စစ်နတ်ဘုရားများ ဖြစ်ကြသောကြောင့် စစ်နတ်ဘုရားအဆင့်သို့ တက်ရောက်ရန် မည်မျှ ခက်ခဲစွာ ကြိုးစားရကြောင်း သိရှိ်နေလေသည်။ ဟင်းပွဲတစ်ပွဲမျှက တစ်ရာရာခိုင်နှုန်း အောင်မြင်နိုင်သည်ဟု ဆိုခြင်းမှာ ယုံနိုင်ဖွယ်ရာပင် မရှိနေပေ။


သလင်းကျောက်တစ်သောင်းမှာ သူတော်စင်အဆင့်များ အတွက် များပြားလှသည့် ပမာဏဟု ဆိုနိုင်သော်လည်း စစ်နတ်ဘုရားများ၏ သုံးစွဲနိုင်သည့် ပမာဏအတွင်းသာ ရှိနေလေသည်။ သို့သော် ထိုဟင်းပွဲက အမှန်တကယ် အကျိုးသက်ရောက်နိုင် မသက်ရောက်နိုင်ကို သူတို့က ရေရာခြင်း မရှိကြပေ။


ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို ဖြတ်တောက်လိုက်သည်နှင့် အသီးအတွင်းမှ စိတ်ဝိဥာဉ် စွမ်းအင်များက ပြန့်လွင့်သွားမည်ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် မည်သို့ အကျိုးသက်ရောက်မှု အပြည့်အ၀ ရှိလိမ့်မည်နည်း။


“မင်းတို့ စျေးခေါ်မှာလား… မဟုတ်ရင်တော့… ဒီဟင်းပွဲက ငါ့အပိုင်ပဲနော်…”


ယစ်ထုတ်ကြီးက လက်ထဲမှ ဘူးသီးခြောက် ဝိုင်ဘူးကို စားပွဲပေါ်အသာတင်လိုက်ပြီး ကျန့်ခုန်းနှင့် ပြန့်ချန်ခုန်းကို လှမ်းကြည့်လိုက်သည်။ ထိုသူနှစ်ယောက်သာ သူနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သူကောင်းကောင်းသိနေလေသည်။


ရှောင်မန်က အကြီးအကျယ် စိတ်သောကရောက်နေလေသည်။ သူက ဟင်းပွဲကို ၀ယ်ယူလိုနေလေ၏။ သို့သော် သလင်းကျောက် များစွာ မသုံးနိုင်ပေ။ သူက သုံးနိုင်လျှင်ပင် သုံးဝံ့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူက တစ်ယောက်တည်းသမား မဟုတ်ပဲ မိသားစုအများအတွက် တာ၀န်ရှိနေလေသည်။ ရှောင်မိသားစုမှ အစောင့်ရာချီ၏ ကျင့်ကြံမှုအတွက် သုံးစွဲရမည့် ပမာဏများနှင့် သူတို့၏ ဘ၀များက သူ့အပေါ်တွင် မူတည်နေလေသည်။


ပုဖန်က စနစ်၏ အလုပ်လုပ်ပုံကို ကောင်းစွာ နားလည်နေသောကြောင့် သူတို့လေလံဆွဲကြမည်ကို အနည်းငယ် စိုးရိမ်နေလေသည်။ သူတို့ မည်မျှပင် စျေးပေးစေကာမူ နောက်ဆုံးတွင် စနစ်မှ သတ်မှတ်ထားသည့် သလင်ေးကျာက် ငါးထောင့်ငါးရာ့ငါးဆယ်ကိုသာ သူလက်ခံရမည်ဖြစ်သည်။ 


ငါးလမ်းကြောင်းသိမြင်မှု သစ်သီးက အနိမ့်ဆုံး အဆင့်ရှစ် ရှိနိုင်သောကြောင့် ထိ်ုဟင်းပွဲကို သလင်းကျောက် ငါးထောင်ကျော်နှင့် ရောင်းချခြင်းက သင့်တော်သည်ဟု ပုဖန် တွေးလိုက်မိသည်။ နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ကို အဆင့်ခုနစ် စိတ်ဝိဥာဉ် ဆေးပင်သုံးမျိုး အသုံးပြုပြီါ် အလွန်ရှုပ်ထွေးလှသည့် နည်းစနစ်များကို အသုံးပြုထားသော်လည်း တစ်ခွက်ကို သလင်းကျောက် ငါးရာနှင့်သာ ရောင်းချနိုင်ခဲ့သည်။ 


များသောအားဖြင့် စနစ်၏ စျေးနှုန်းသက်မှတ်မှုများက ပါ၀င်ပစ္စည်းများ၏ စျေးနှုန်းနှင့် များစွာ ကွာဟနေခြင်း မရှိပေ။ စနစ်မှ ထောက်ပံ့ပေးထားသည့် ချက်ပြုတ်သည့် နည်းလမ်းများကလည်း အလွန်အဖိုးတန်လှပြီး တန်ဖိုးကြီး ပါ၀င်ပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် စျေးကြီးကြီး ပေးရခြင်းက သာမာန်မျှသာ ဖြစ်သည်။


ပုဖန်က ထိုင်ခုံပေါ်တွင် ထိုင်နေလိုက်ပြီး သူ၏ စွမ်းအင်ဗဟိုမှ အစစ်အမှန် စွမ်းအင်များကို တဖြည်းဖြည်းလှည့်ပတ်ကာ ပင်ပန်းနွမ်းနယ်နေသော ခန္ဒာကိုယ်ကို ပြန်လည်အားဖြည့်နေလိုက်သည်။ ထို့နောက် သူ့ရှေ့မှ လူများကို ကြည့်လိုက်သောအခါ မည်သူမျှ စျေးပြိုင်မပေးသည်ကို တွေ့လိုက်ရသောကြောင့် မျက်၀န်းများ ကျဉ်းမြောင်းသွားလေသည်။ 


“ကောင်းပြီလေ… မင်းတို့ ဘယ်သူမှ စျေးထပ်မပေးတော့ဘူးဆိုတော့… ဒီဟင်းပွဲကို သူရသွားပြီပေါ့…” ပုဖန်က လက်ခုပ်ကျယ်ကျယ် တီးလိုက်ပြီး ဟင်းပွဲရရှိသွားသည့် သူကို အသံကျယ်ကျယ်နှင့် ကြေညာပေးလိုက်သည်။


ယစ်ထုတ်အိုကြီးက သူ၏ မုတ်ဆိတ်မွှေးများကို သပ်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ 


ကျန့်ခုန်းနှင့် အခြားသူများက သက်ပြင်းတစ်ချက်စီ ချလိုက်ကြလေသည်။


ထိုအချိန်တွင် ဆိုင်ငယ်လေး၏ အပေါက်၀၌ တံခါးဘောင်ပေါ်သို့ လက်တစ်ဖက် ကျရောက်လာလေသည်။ ထိုလက်ပေါ်မှ ကြွက်သားများက ထူးဆန်းစွာ တွန့်လိမ်နေပြီး အက်ကွဲနေကာ အရည်ပြားမှ သွေးများ စီးကျနေလေသည်။ ထိုသူက ခေါင်းမော့လိုက်ရာ သူ၏ မျက်၀န်းများထဲတွင် ရူးသွပ်နေသည်ကို မြင်လိုက်ကြရလေသည်။ 


၀မ့်တင်း၏ ခန္ဒာကိုယ်က အလွန်အမင်း နာကျင်နေပြီး သူ့တွင် အချိန်များစွာ မကျန်တော့ကြောင်း ကောင်းကောင်း သိနေလေသည်။ ယခုအချိန်တွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို မစားရပါက အသားစွပ်ပြုတ် အဆီအနှစ်၏ ဘေးထွက်ဆိုးကြိုးများကြောင့် သူ၏ ခန္ဒာကိုယ်က အရည်ပျော်ကျ သွားပေလိမ့်မည်။


သူက လောင်းကြေးထပ်ပြီး အသားစွပ်ပြုတ် အဆီအနှစ်များကို သောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ နောက်ဆုံးဝှက်ဖဲလည်း ဖြစ်ပြီး ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို ရရှိလိမ့်မည်ဟု ထင်မြင်နေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ သို့သော် သူက အမှားပြုလုပ်လိုက်မိခြင်းသာ ဖြစ်သည်။ ထိုနှစ်ယောက်က သူ့ကို ဆိုင်ပြင်သို့ ပစ်ထုတ်လိုက်ပြီး ခန္ဒာကိုယ်တစ်ခုလုံးကို တစ်လက်မမကျန် ရိုက်နှက်ခြင်း ခံလိုက်ရသောကြောင့် အလွန်အမင်း စိတ်ဓာတ်ကျသွားလေသည်။ 


ရွဲ…


ခန္ဒာကိုယ်တစ်ခုလုံးကို မီးလောင်ကျွမ်းလာသကဲ့သို့ မကောင်းဆိုးဝါး စားဖိုမှုး၏ အသားများက လျှင်မြန်စွာ ခြောက်သွေ့လာပြီး အက်ကွဲလာလေသည်။ သူ၏ ခန္ဒာကိုယ်မှ သွေးများ စိမ့်ထွက်လာပြီး သူ၏ သွင်ပြင်က အလွန်ကြောက်စရာ ကောင်းနေလေသည်။ သူ၏ ရူးသွပ်မှုများ ပြည့်နှက်နေသော မျက်၀န်းများက စားပွဲပေါ်မှ အပူငွေ့များနှင့် စိတ်ဝိဥာဉ်စွမ်းအင်များ ပြည့်နှက်နေသော တိမ်ခုန်ဆင်းနဂါး ဟင်းပွဲကို စူးစိုက်ကြည့်လိုက်သည်။


ထိုဟင်းပွဲထဲတွင် ငါးလမ်းကြောင်းသိမြင်မှု သစ်သီး ပါ၀င်နေကြောင်း သူက ကောင်းစွာ သိနေလေသည်။ ထိုဟင်းပွဲက သူ၏ နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်လေသည်။ မကောင်းဆိုးဝါး စားဖိုမှုးက နောက်ဆုံးကြိုးပမ်းမှုအနေနှင့် တိမ်ခုန်ဆင်းနဂါး ဟင်းပွဲရှိရာသို့ လျှင်မြန်စွာ ပျံသန်းသွားလိုက်သည်။ သူ၏ လှုပ်ရှားမှုက အလွန်လျှင်မြန်လှသောကြောင့် အနက်ရောင် အရိပ်တစ်ခုအဖြစ်သာ မြင်လိုက်ရလေသည်။


ထိုအခြေအနေကို မမျှော်လင့်ထားသောကြောင့် ပုဖန်အပါအ၀င် အားလုံးက တုန့်ပြန်ရန် ကြောင်အနေလေသည်။


“ဘာကြီးလဲ… ဒါက ဘာကြီးလဲ…” ပုဖန်က ငရဲမှ တက်လာသကဲ့သို့ ထိတ်လန့်ဖွယ် ဖြစ်နေသော မကောင်းဆိုးဝါး စားဖိုမှုးကို ကြည့်၍ ထိတ်လန့်စွာ ပြောလိုက်သည်။


မကောင်းဆိုးဝါး စားဖိုမှုး ၀မ့်တင်း၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ပုပ်အက်အက် ရနံ့ဆိုးများကြောင့် ပုဖန်က မျက်မှောင်ကြုံ့လိုက်မိသည်။


ယစ်ထုတ်အိုကြီး၏ မျက်၀န်းများကလည်း မှေးစင်းသွားလေသည်။ သလင်းကျောက်တစ်သောင်းပေး၍ သူ၀ယ်ထားသော တန်ဖိုးကြီးလှသည့် ဟင်းပွဲကို ညစ်ပေလှသော လက်များနှင် လာရောက် ထိကိုင်လိုက်သောကြောင့် အလွန်အမင်း မကျေမနပ် ဖြစ်သွားပြီး စူးရှစွာ ကြည့်လိုက်လေသည်။ ထို့နောက် သူ၏ မုတ်ဆိတ်ဖြူဖြူများ လှုပ်ခါသွားသည်အထိ ဒေါသတကြီး အောင်ဟစ်၍ ဘူးသီးခြောက်ဝိုင်ဘူးနှင့် ပစ်လွှတ်လိုက်သည်။ ပထမဆုံး အကြိမ်အဖြစ် ယစ်ထုတ်အိုကြီး စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ 


သူ၏ ဘူးသီးခြောက်ဝိုင်ဘူးက အလွန်လျှင်မြန်စွာ ပြန့်ကားလာပြီး လူတစ်ယောက်၏ အရွယ်အစားမျှ ကြီးမားလာလေသည်။ သို့သော် ရူးသွပ်နေပြီဖြစ်သော မည်သည့်အရာကမျှ တားဆီးနိုင်ခြင်း မရှိချေ။ သူ၏ သေဆုံးခြင်းကို ကာကွယ်နိုင်သော တိမ်ခုန်ဆင်းနဂါး ဟင်းပွဲသာ သူ၏ စိတ်ထဲတွင် ရှိနေလေသည်။


ဘန်း…


ဘူးသီးခြောက်ဝိုင်ဘူးက မကောင်းဆိုးဝါး စားဖိုမှုး၏ ခန္ဒာကိုယ်ကို အပြင်းအထန် ထိခိုက်မိသွားပြီး ပြင်းထန်လှသော အစစ်အမှန် စွမ်းအင်များ ထွက်ပေါ်လာလေသည်။ မကောင်းဆိုးဝါး စားဖိုမှုးက ထိတ်လန့်ကြောက်ရွံ့သွားပြီး ရိုင်းစိုင်းသည့် မျက်၀န်းများနှင့် လှည့်ကြည့်လိုက်ကာ ဘူးသီးခြောက် ဝိုင်ဘူးကို ကုတ်ခြစ်လိုက်သည်။


“မင်းလိ်ုမျိုး ဆေးဝါးအကူအညီနဲ့ အဆင့်ရှစ်ကို ရောက်နေတဲ့ အမှိုက်သရိုက်က ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား…”


ယစ်ထုတ်အိုကြီးက လှောင်ပြောင်သရော်လိုက်ပြီး သူ၏ ဝိုင်ဘူးကို စွမ်းအင်များနှင့် လည်ပတ်စေလိုက်လေသည်။ ထို့နောက် ဝိုင်ဘူးအတွင်းမှ မရပ်တန့်နိုင်သော တွန်းအားများ ထွက်ပေါ်လာပြီး မကောင်းဆိုးဝါး စားဖိုမှုးကို ဆိုင်ပြင်သို့ ပစ်ထုတ်လိုက်လေသည်။


ဘုန်း..


မကောင်းဆိုးဝါး စားဖိုမှုးက လေထဲ လွင့်စင်သွားပြီး အပြင်တွင် ရပ်နေသော ယစ်ထုတ်ကြီး၏ မြည်းနောက်သို့ ကျသွားလေသည်။ သူ၏ ခန္ဒာကိုယ်က ထပ်မံထုနှက် ခံလိုက်ရသောကြောင့် အရည်ပြားများပင် ပို၍ အက်ကွဲလာလေသည်။


သူ၏ နောက်ကျောမှ အလွန်ဆိုးဝါးလှသော ရနံ့ဆိုးများ ထွက်ပေါ်လာသောကြောင့် မြည်းက ထိတ်လန့်သွားပြီး မကောင်းဆိုးဝါး စားဖိုမှုး၏ ခေါင်းကို ကန်လိုက်လေသည်။


ပြင်းထန်လှသော မြည်းကန်ချက်ကြောင့် ၀မ့်တင်း၏ ခေါင်းက ဖရဲသီးတစ်လုံးကဲ့သို့ ကွဲအက်သွားလေသည်။ သူ၏ခန္ဒာကိုယ်က ဘေးဘက်သို့ လဲကျသွားပြီး သွေးများ စီးကျလာလေသည်။


ဆိုင်ထဲမှ လူများက ထွက်လာကြပြီး အပေါက်၀တွင် ရပ်၍ မကောင်းဆိုးဝါး စားဖိုမှုး၏ အဖြစ်ဆိုးကို ကြည့်နေကြလေသည်။


ရှောင်မန်ကလည်း မကောင်းဆိုးဝါး စားဖိုမှုး၏ ကြေကွဲဖွယ် အဆုံးသတ်ကို ကြည့်နေလိုက်ပြီး သူ့ရင်ဘက်ပေါ်မှ ၀န်ထုတ်၀န်ပိုးများ လျော့ကျသွားသည်ဟု ခံစားလိုက်ရလေသည်။ မကောင်းဆိုးဝါး စားဖိုမှုးဟု လူသိများလှသော နတ်ဆိုးတစ်ကောင်က နောက်ဆုံးတွင် သူ၏ အပြစ်များအတွက် ပြစ်ဒဏ်ခံလိုက်ရပြီဖြစ်သည်။


ကျန့်ခုန်းကလည်း အရည်ပြားများကွဲအက်၍ သွေးများ စီးကျနေသော မကောင်းဆိုးဝါး စားဖိုမှုး၏ အဖြစ်ကို ကြည့်၍ သူ၏ ငွေရောင် မျက်နှာဖုံးအောက်မှ မျက်နှာက ဆိုးဝါးလာလေသည်။ 


“ဒီလူက ဆေးဝါးတွေကို အသုံးပြုလို့ တန်ပြန်ဆိုးကျိုးကို ခံစားရတယ်ဆိုပေမယ့်… ဘေးထွက်ဆိုးကျိုးက တော်တော်ပြင်းထန်တာပဲ… သူအသုံးပြုလိုက်တဲ့ နည်းလမ်းက ဂိုဏ်းတစ်ခုရဲ့ နည်းလမ်းနဲ့ တော်တော်လေးကို တူနေတယ်လို့ မင်းတို့ မထင်ဘူးလား…” ပြန့်ချန်ခုန်းက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး မည်းမှောင်နေသော မျက်နှာထားနှင့် မေးလိုက်သည်။


ကျန့်ခုန်းနှင့် ယစ်ထုတ်အိုကြီးတို့က တခဏမျှ တုန့်ဆိုင်းသွားပြီးနောက် သူတို့၏ အမူအယာများက ပြောင်းလဲသွားလေသည်။


“မင်းဆိုလိုတာက အဲဒီလူ အသုံးပြုလိုက်တဲ့ဆေးလား…. အဲဒီ ပြင်းထန်တဲ့ ဆိုးကျိုးရှိတဲ့ ဆေးက လွန်ခဲ့တဲ့ နှစ် ထောင်ပေါင်း များစွာက မြောက်ပိုင်းနယ်မြေတွေကို အကြီးအကျယ်ဒုက္ခရောက်စေခဲ့တဲ့ ရှုရာဂိုဏ်းနဲ့ ပတ်သတ်နေတာလား…” ယစ်ထုတ်အိုကြီးက ပြန်မေးလိုက်သည်။


ရှုရာဂိုဏ်းက လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ပျောက်ကွယ်သွားခဲ့သော ကြောက်စရာကောင်းသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။


“မြေရိုင်းလွင်ပြင် ဘုရားကျောင်းရဲ့ မှတ်တမ်းတွေထဲမှာ ဝိဥာဉ်၀ါးမျိုဆေးလို့ ခေါ်တဲ့ ဆေးတစ်မျိုးကို ငါဖတ်ခဲ့ဖူးတယ်… အဲဒီဆေးက လူတစ်ယောက်ရဲ့ လှုပ်ရှားမှုကို ပိုမို အသက်၀င်လာစေပြီး သူ့ရဲ့ စွမ်းအင်တွေကိုလည်း ယာယီ တိုးမြှင့်ပေးနိုင်တယ်… ဒါပေမယ့်… သူ့ရဲ့ ဘေးထွက်ဆိုးကျိုးက တော်တော်ကြောက်ဖို့ကောင်းတယ်…”


“အခု ဒီလူကို ကြည့်ရတာ.. ဝိဥာဉ်၀ါးမျိုဆေးလိုမျိုး အထူးနည်းလမ်းနဲ့ ပြုလုပ်ထားတဲ့ ဆေးတစ်မျိုးမျိုးကို စားထားတာ ဖြစ်ရမယ်…”


ခါးကုန်းကြီး ပြန့်ချန်ခုန်းက မကောင်းဆိုးဝါး စားဖိုမှုး၏ အက်ကွဲနေသော အရည်ပြားများကို ကြည့်၍ ရွံရှာစွာ ပြောလိုက်သည်။


ကျန့်ခုန်းက တင်းမာသော မျက်နှာထားနှင့် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ပြန့်ချန်ခုန်းနှင့် ယစ်ထုတ်အိုကြီးတို့၏ ပုခုံးများကို ဆုတ်ကိုင်၍ ပြောလိုက်သည်။


“တကယ်လို့ ဒီလူကသာ …ရှုရာဂိုဏ်းနဲ့ တစ်ခုခု ပတ်သတ်နေမယ်ဆိုရင်တော့… ငါသူ့ကို ခေါ်သွားရလိမ့်မယ်… မင်းတို့ သိထားတဲ့ အတိုင်းပဲ ရှုရာဂိုဏ်းနဲ့ ငါတို့ တိမ်ဖြူစံအိမ်ကြားမှ သမိုင်းကြောင်းတစ်ချို့ ရှိနေတယ်….”


ပြန့်ချန်ခုန်းနှင့် ယစ်ထုတ်အိုကြီးက ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့နှစ်ယောက်က အရေးပါသည့် အကြီးအကဲများထဲတွင် မပါ၀င်သော်လည်း အကြောင်းအရာ များစွာကို သိကြသည်။ ထို့ကြောင့် ကျန့်ခုန်းက အမှန်ပြောနေသည်ကို သူတို့ သိနေလေသည်။


ကျန့်ခုန်းက ထိုနှစ်ယောက်ကို ကျေးဇူးတင်လိုက်ပြီးနောက် ၀မ့်တင်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ထို့နောက် အလင်းရောင်တစ်ချက် ထွက်ပေါ်လာပြီ သူ၏ လက်ထဲတွင် အနက်ရောင် ကြိုးတစ်ချောင်း ရောက်လာလေသည်။ ကျန့်ခုန်းက ၀မ့်တင်းကို ကြိုးနှင့် တုတ်နှောင်လိုက်သည်။ မြည်း၏ ကန်ချက်ကြောင့် မကောင်းဆိုးဝါး စားဖိုမှုးက မူးဝေနေသော်လည်း လှုပ်ရှားမှု မရှိစေရန် စည်းအချို့ ချထားလိုက်သည်။ 


ပုဖန်က ခြေထောက်ကို ဆန့်၍ ထိုင်ခုံးနောက်ကျောတွင် မှီလိုက်ပြီး ပို၍ သက်တောင့်သက်သာ ရှိစေရန် ပြုလုပ်လိုက်သည်။ ထို့နောက်အပေါက်၀တွင် ရပ်နေသော ယစ်ထုတ်အိုကြီးကို လှမ်းကြည့်၍ ပြောလိုက်သည်။


“အဲဒီတော့… ဒီဟင်းပွဲကို မင်းစားမှာလား… မစားဘူးလား… ဟင်းပွဲအေးသွားတော့မှ ငါက သတိမပေးဘူးလို့ မပြောနဲ့နော်… ဟင်းပွဲအေးသွားရင် အကျိုးသက်ရောက်မှုက အားနည်းသွားလိမ့်မယ်…”