အပိုင်း ၂၃၃
Viewers 62k

အခန်း ၂၃၃ “အဆင့်ချိုးဖျက် တက်ရောက်ခြင်း” 


“မိန်းကလေးနီ… အဲဒီဟင်းပွဲကို သွားစားလိုက်… နင်က နေ့တိုင်း စစ်နတ်ဘုရားအဆင့်ကို ရောက်တော့မယ် ရောက်တော့မယ် ပြောနေပြီး တကယ်ရောက်လာတာလဲ မဟုတ်ဘူး…” ယစ်ထုတ်အိုကြီးက ဝိုင်တစ်ငုံ မော့သောက်လိုက်ပြီး နီယန့်ကို ပြောလိုက်သည်။ 


နီယန်က ကြောင်အမှင်သက်သွားလေသည်။ ထိုယစ်ထုတ်အိုကြီးက သူမအတွက် ဟင်းပွဲ၀ယ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။


ဘေးတွင် ရပ်နေသော ပုဖန်က မျက်ခုံးပင့်လိုက်သော်လည်း ဘာမှ ၀င်မပြောချေ။


“နင်စားမှာလား မစားဘူးလား…. နင်မစားရင်လဲ ငါသွားစားလိုက်တော့မယ်…”


ယစ်ထုတ်အိုကြီးက ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။ ထိုဟင်းပွဲကို ငါးလမ်းကြောင်းသိမြင်မှု သစ်သီးနှင့် ချက်ပြုတ်ထားခြင်းမဟုတ်ပါက နီယန့်ကို သူပေးခဲ့မည်မဟုတ်ချေ။ သူက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို ဝိုင်ချက်လုပ်ရန် လိုအပ်နေခြင်း ဖြစ်သော်လည်း ပုဖန်က ထိုသစ်သီးကို ဟင်းချက်လိုက်ပြီး ဖြစ်သည်။ ထိုဟင်းပွဲကို စားခြင်းဖြင့် စစ်နတ်ဘုရားတစ်ပါးအဖြစ် ချိုးဖျက်တက်ရောက်နိုင်မည် ဟု ဆိုသောကြောင့် သူက နီယန့်ကို ပေးလိုက်ခြင်း ဖြစ်သည်။ 


သူ၏ အပြုအမူက နီယန်၏ ရင်ထဲသို့ပင် ရောက်သွားလေသည်။ သူမနှင့် ယစ်ထုတ်အိုကြီးက မကြာမကြာစကားများ ရန်ဖြစ်ကြပြီး တစ်ခါတစ်ရံတွင် ယစ်ထုတ်အိုကြီး၏ နဂါးရှင်သန်ခြင်း ဝိုင်ကိုပင် သူမက ခိုးသောက်လေ့ရှိသည်။ သို့သော် သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ကောင်းမွန်လှလေသည်။ ထို့ကြောင့် သူမက စကားအပို မပြောတော့ပဲ ပုဖန်ဘက်လှည့်၍ ပြောလိုက်သည်။


“ပိုင်ရှင်ပု… သူ့အတွက် နှင်းခါးမီးတောက် သိမြင်မှုဝိုင်တစ်ခွက်လောက် ယူလာပေးပါ…”


နှင်းခါးမီးတောက် သိမြင်မှုဝိုင်က ဟင်းပွဲလောက် စျေးမကြီးသော်လည်း ဝိုင်နှစ်သက်သော ယစ်ထုတ်အိုကြီးကို ကျေးဇူးတင်ကြောင်း ပြသရန်အတွက် အကောင်းဆုံးပင် ဖြစ်သည်။


“နှင်းခါးမီးတောက် သိမြင်မှုဝိုင်…” ယစ်ထုတ်အိုကြီးက အံ့အားသင့်သွားလေသည်။ 


ပုဖန်က နီယန့်ကို ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်သည်။ ထို့နောက် အပြာဖျော့ရောင် ဝိုင်အိုးတစ်လုံးကို သယ်ဆောင်၍ မီးဖိုချောင်ထဲမှ ပြန်ထွက်လာလေသည်။ မွှေးပျံ့လှသော ရနံ့များက ဆိုင်တစ်ခုလုံးသို့ ပြန့်နှံ့သွားသောကြောင့် ဆိုင်ထဲမှ လူအားလုံးက အနည်းငယ် မူးယစ်မှုကို ခံစားလိုက်ရသည်။


“ဒီဝိုင်ရဲ့ ရနံ့က မွှေးလိုက်တာ….” ယစ်ထုတ်အိုကြီးက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏ စိတ်ထဲတွင်လည်း မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေလေသည်။


“မိန်းကလေး… မင်းက မိတ်ဆွေကောင်း မဟုတ်ဘူးပဲ… ဒီလောက်ကောင်းတဲ့ ဝိုင်ရှိတာကို စောစော မပြောဘူး….”


ယစ်ထုတ်အိုကြီးက ဝိုင်သောက်ရသည်ကို အလွန်အမင်း နှစ်သက်စွဲလမ်းသူ ဖြစ်သည်။ သူ့အတွက် ဝိုင်တစ်ခွက်က လှပသော မိန်းမပျိုတစ်ယောက်ထက် ပို၍ စွဲဆောင်မှု ရှိပေသည်။


နီယန်က ပြန်မပြောပဲ ပြုံးရုံသာ ပြုံးလိုက်လေသည်။ ပုဖန်၏ ဝိုင်က အသစ်ထုတ်လုပ်ထားသော ဝိုင်ဖြစ်သောကြောင့် ယစ်ထုတ်အိုကြီးကို သူမက ပြောမပြရသေးပေ။ သို့သော် ယခုပြောလျှင်ပင် နောက်မကျသေးချေ။


ယစ်ထုတ်အိုကြီးက ပုဖန်ထံမှ ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး အရသာကို ခံစားရန် မျက်လုံးများ မှေးမှိတ်လိုက်သည်။ 


နီယန်က တိမ်ခုန်ဆင်းနဂါး ဟင်းပွဲကို မျက်နှာမလွှဲတမ်း ကြည့်နေလေသည်။ ပန်းကန်ထဲမှ ဆူဖြိုးလှသော ငါးက အသက်ပြန်ရှင်လာသယောင်ပင် ထင်နေရလေသည်။ ပန်းကန်၀န်းကျင်တွင် ဝေ့၀ဲနေသော မြူခိုးငွေ့များက ထူးခြားဆန်းကျယ်သော ခံစားချက်တစ်ချို့ကို ပေးစွမ်းနေလေသည်။ နီယန်က ပုဖန်နှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်ပြီး တူတစ်စုံကို ကောက်ယူလိုက်သည်။ 


အခိုးအငွေ့များ လွှမ်းခြုံနေသည့် နေရာတွင် ထိုင်လိုက်သောကြောင့် သူမ၏ အလှအပက အံ့သြစရာ ကောင်းလောက်အောင် စွဲဆောင်မှု ရှိနေလေသည်။ 


ပုဖန်က အခိုးအငွေ့များကို ဖြတ်၍ နီယန်၏ အံ့သြလောက်ဖွယ် လှပနေသော မျက်နှာလေးကို ကြည့်နေလေသည်။ ထိုအမျိုးသမီးက အမှန်တကယ်ပင် လှပလွန်းလှပေသည်။


တိမ်ခုန်ဆင်းနဂါးဟင်းပွဲ၏ ရနံ့က ပုဖန်ဆိုင်မှ အခြားဟင်းပွဲများလောက် ပြင်းထန်ခြင်း မရှိပေ။ သို့သော် စျေးနှုန်းက အပြတ်အသတ် သာလွန်နေလေသည်။ ဟင်းပွဲတွင် ပါ၀င်သည့် ပါ၀င်ပစ္စည်း သပ်သပ်ကပင် အခြားဟင်းပွဲများထက် တန်ဖိုးကြီးမြင့်လှပေသည်။ 


နီယန်က ငါးအရည်ခွံကို အသားဆွဲဖယ်လိုက်ပြီး အရည်ခွံအောက်မှ ဖြူဖွေးသော ငါးအသားကို အသာအယာ လှစ်ဟလိုက်သည်။ နူးညံ့လတ်ဆတ်လှသော ငါးအသားမှ ရေငွေ့လေးများ ထွက်နေပုံက ကြည်လင်လှသော ကျောက်မျက်ရတနာကဲ့သို့ ထင်ရလေသည်။ 


ထွက်ပေါ်နေသော အပူငွေ့များက လတ်ဆတ်သော ငါးများတွင်သာ တွေ့ရလေ့ရှိသော ချိုမြသည့် ရနံ့များကို ဖယ်ရှားပစ်လိုက်သည်။ ပုဖန်က ငါးညှီနံ့များကို သူ၏ ကိုယ်ပိုင်နည်းလမ်းများနှင့် ဖယ်ရှားထားပြီး ဖြစ်သည်။ ယခုဟင်းပွဲတွင် ငါးအနံ့နှင့် သစ်သီး၏ ရနံ့များ ပျောက်ဆုံးနေပြီး နို့ရည်ကဲ့သို့ လတ်ဆတ်သော ရနံ့မျိုးကို ပေးစွမ်းနေလေသည်။


နီယန်က အသားတစ်ပိုင်းကို ဆွဲယူလိုက်သည်နှင့် စိုအိနေသော အသားက အနည်းငယ် လှုပ်ခါသွားပြီး တူကြားထဲတွင် ပါလာလေသည်။ အသား၏ ပတ်ပတ်လည်တွင် တိမ်ပုံသဏ္ဍာန်လေးများ ၀န်းရံနေသောကြောင့် မျက်စိပဒါသ အလွန် ဖြစ်စေလေသည်။ 


ထိုမြင်ကွင်းက လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားလေသည်။ အံ့သြဖွယ်ကောင်းလှသော ငါးအသားကြောင့် အားလုံး၏ စိတ်ထဲတွင် စားချင်စိတ်များ ဖြစ်ပေါ်လာပြီး သူတို့၏ ဗိုက်များက တစ်ဂွီဂွီ မြည်နေလေသည်။ 


နူးညံ့ချောမွေ့လှသော နီယန့်၏ အသားအရည်က အပူငွေ့ကြောင့် အနည်းငယ် နီမြန်းလာပြီး သူမကို ပို၍ ကြည့်ကောင်းလာစေလေသည်။ နီမြန်းလှသော နှုတ်ခမ်းပါးလေးကို ဖွင့်ဟလိုက်ပြီး ဖြူဖွေးသော သွားစွယ်လေးများ ထွက်ပေါ်လာသည့် မြင်ကွင်းက ပန်းချီစရာပင် လက်မှိုင်ချရလောက်အောင် လှပလွန်းနေလေသည်။ 


အသားပိုင်းလေးက သူမ၏ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် သူမ၏ တစ်ကိုယ်လုံးကို ငါးအရသာက လွှမ်းမိုးသွားလေသည်။ အသားပိုင်းလေးက ပါးစပ်ထဲ ရောက်သည်နှင့် အရည်ပျော်သွားပြီး အစားအိမ်ထဲသို့ စီး၀င်သွားကာ နွေးထွေးမှုကို ခံစားလိုက်ရလေသည်။


အင်း…


နီယန်က စိတ်ကျေနပ်မှုနှင့် အသံတစ်ခု ပြုလိုက်လေသည်။ သူမ၏ မျက်နှာအမူအယာက အရသာထဲတွင် နစ်မျောနေကြောင်း ထင်ရှားနေလေသည်။ ထို့နောက် သူမ၏ ပန်းရောင် လျှာလေးကို ထုတ်လိုက်ပြီး နှုတ်ခမ်းပေါ်တွင် တင်ကျန်နေသော ငါးဟင်းရည်များကို လျှက်လိုက်လေသည်။ ထိုမြင်ကွင်းကလည်း လူတိုင်းကို မျက်စိပဒါသ ဖြစ်စေလေသည်။


လူတိုင်းက အံ့့သြတုန်လှုပ်နေလေသည်။ သူတို့က အရသာရှိလှသော ဟင်းပွဲ၏ ဆွဲဆောင်မှုကို ခံလိုက်ရခြင်း သို့မဟုတ် အလှလေး၏ ဆွဲဆောင်မှုကို ခံလိုက်ရခြင်းကို ဝေခွဲမရနိုင်တော့ချေ။


ပုဖန်က ကူရာမဲ့စွာနှင့် နှာခေါင်းကုတ်လိုက်မိသည်။ 


“ဒီအမျိုးသမီးက ဒီလောက်လှတာ ဖြစ်နိုင်ပါ့မလား…”


“အရသာရှိလိုက်တာ…”


နီယန်က ပြောဆိုလိုက်ပြီး နောက်ထပ် ငါးအသားတစ်ဖက်ကို ဖဲ့ယူလိုက်ကာ ပျော်ရွှင်စွာနှင့် စားသောက်နေလေသည်။ ငါးပေါင်း၏ အရသာက နူးညံ့သိမ်မွေ့လှပေသည်။ သူ၏ အရသာက အခြားငါးပေါင်းများ၏ အရသာနှင့် မတူသလို ငါးမူးပျံဟင်းမှ ဝိုင်ခပ်ပြင်းပြင်း၏ အရသာနှင့်လည်း မတူပေ။ သူ၏ အထူး အရသာက ဆူဖြိုးလှသော ငါးအသားပေါ်တွင်သာ မူတည်နေလေသည်။


ထိုအချက်က ဆူဖြိုးသည့် ငါးကို ပုဖန် ရွေးချယ်ရခြင်း၏ အဓိက အချက်ပင် ဖြစ်သည်။ ပုံရိပ်ယောင် စိတ်ဝိဥာဉ်နွံမြေမှ ငါးများက အဆင့်မမြင့်သော်လည်း ကောင်းမွန်သော ပါ၀င်ပစ္စည်းတစ်ခု ဖြစ်ပေသည်။


ယုဖန်က ထိုငါးဟင်းပွဲကို ကြည့်၍ အံ့သြမှုကြောင့် မေးရိုးများပင် ပြုတ်ကျသွားကာ ပါးစပ်ဟောင်းလောင်း ဖြစ်နေလေသည်။ ထိုငါးများကို နှစ်ပေါင်းများစွာ စားသုံးခဲ့သောကြောင့် တစ်ချက်ကြည့်ရုံနှင့်ပင် ရင်းရင်းနှီးနှီး သီနေလေသည်။


“ဒီငါးက အဲလောက် အရသာရှိလို့လား….”


သို့သော် သူ့ကိုယ်သူပင် မထိန်းနိုင်ပဲ တံတွေးမျိုချမိလိုက်သောကြောင့် သူ၏ လည်ချောင်းက ရွေ့လျားသွားလေသည်။ 


မည်သူမဆို ပုဖန်၏ ဟင်းပွဲကို စတင်စားသောက်လိုက်သည်နှင့် မရပ်တန့်နိုင်တော့ပဲ ပန်းကန်ကို ပြောင်သလင်းခါသည်အထိ စားသောက်ပေလိမ့်မည်။


နီယန်က စက္ကန့်ပိုင်းအတွင်းပင် ဆူဖြိုးလှသော ငါးအသားများကို စားသောက်နေလေသည်။ သူမက ငါး၏ အရသာထဲတွင် နစ်မျောနေပြီး သူမ၏ လက်ထဲမှ တူက ငါးဟင်းပွဲပေါ်တွင်သာ ဝေ့၀ဲနေလေသည်။ ငါးအသားများကို စားပြီးနောက် နီယန့်၏ ပစ်မှတ်က ပြောင်းလဲသွားလေသည်။ သူမက ငါး၏ ပါးစပ်အတွင်းမှ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကို ဖဲ့ယူလိုက်လေသည်။


လူတိုင်း၏ မျက်၀န်းများက တောက်ပလာလေသည်။ သည်အချိန်က အရေးအကြီးဆုံး အချိန်ဖြစ်မှန်း သူတို့အားလုံး သိကြလေသည်။ ဟင်းပွဲကို မလွဲတမ်း စိုက်ကြည့်နေရခြင်းမှာ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးကြောင့်ပင် ဖြစ်သည်။ 


ငါးလမ်းကြောင်းသိမြင်မှု သစ်သီး၏ တန်ဖိုးကြီးမားရသည့် အကြောင်းရင်းမှာ လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်တက်ရောက် စေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဟင်းထဲထည့်ချက်ပြီးသည့် အချိန်တွင် ထိုသို့ အကျိုးသက်ရောက်မှု အပြည့်အ၀ ကျန်နေမည်ဟု သူတို့က မပြောနိုင်တော့ချေ။


နီယန်က သစ်သီးတစ်ဖက်ကို ကောက်ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ချက်ပြုတ်ထားပြီး ဖြစ်သော်လည်း အံ့သြဖွယ်ရာ ကောင်းလောက်အောင်ပင် သစ်သီးက ပျော့မနေပဲ ကြွပ်ရွနေဆဲပင် ဖြစ်သည်။ ငါးလမ်းကြောင်း သိမြင်မှု သစ်သီး၏ အရသာက ဇီးသီးအရသာကဲ့သို့ အနည်းငယ် ချိုချဉ်လေး ဖြစ်နေလေသည်။ သူမက သစ်သီးကို မျိုချပြီးနောက် နောက်ထပ် သစ်သီးတစ်ဖက်ကို ကောက်ယူလိုက်သည်။ 


ထိုအချိန်တွင် သူမ၏ စွမ်းအင်ဗဟိုမှ အစစ်အမှန် စွမ်းအင်များက စတင်လည်ပတ်လာလေသည်။ သူမ၏ စွမ်းအင်လှည့်ပတ်မှုက အရှိန်မြန်လာသောကြောင့် တောက်လောင်နေသော မီးပြင်းဖိုတစ်ခုကဲ့သို့ သူမ၏ သွေးကြောများက ပူလောင်လာလေသည်။ နီယန်က စိတ်ငြိမ်အောင် အသက်ပြင်းပြင် ရှူထုတ်လိုက်ပြီး နောက်ဆုံးကျန်နေသည့် ငါးအသားများကို စားလိုက်လေသည်။


ထိုအချိန်တွင် သူမ၏ မျက်နှာက လုံး၀ပင် နီရဲနေလေသည်။ သူမ၏ အောက်နှုတ်ခမ်းကို ခပ်ဖွဖွလေး ကိုက်ထားပြီး မျက်၀န်းအကြည့်များက ရီဝေနေသည်။ 


သိမြင်မှု မှတ်စုများက သူမ၏ နားထဲတွင် မိုးချုန်းသံကဲ့သို့ ကျယ်လောင်နေသောကြောင့် ပြင်ပမှ အသံများကို မကြားရတော့ပေ။ ထိုအသံများက သူမ၏ ပတ်၀န်းကျင်တွင် ဂီတသံစဉ်လှိုင်းများ ဖြစ်ပေါ်နေသကဲ့သို့ တုန်ခါနေလေသည်။ ထိုအချိန်တွင် သူမက စစ်နတ်ဘုရားအဆင့်သို့ နီးကပ်လာပြီဟု ခံစားလိုက်ရလေသည်။ စစ်နတ်ဘုရားအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု သိနေလေသည်။


ပုဖန်က နီယန်၏ ပတ်၀န်းကျင်မှ အစစ်အမှန် စွမ်းအင် များနှင့် သူမခန္ဒာကိုယ်ပေါ်မှ ပြောင်းလဲမှုများကို ကြည့်နေလိုက်သည်။ ထိုအမျိုးသမီးက ဘုရားသခင်၏ ကောင်းချီးပေးခံရသော ကလေးငယ်ကဲ့သို့ စစ်နတ်ဘုရားအဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်တော့မည်ကို သိလိုက်လေသည်။


ဘုရားသခင်၏ ကောင်းချီးပေးမှု မရှိလျှင် လူတိုင်းက သူတို့၏ အိမ်မက်များကို အကောင်အထည် ဖော်နိုင်ရန် တစ်ဘ၀လုံး ကြိုးစာလျင် ပင် မပြည့်နိုင်သော လူများလည်း ရှိနေလေသည်။


ရှောင်မန်က ခြေချိတ်ထိုင်နေပြီး ကျင့်ကြံမှုတွင် နစ်မြုတ်နေသော နီယန်ကို သေချာစွာ ကြည့်နေလေသည်။ သူက ပုဖန်၏ ဟင်းပွဲများ အကျိုးသက်ရောက်မှုကို ကောင်းစွာ သိနေလေသည်။ ထို့ကြောင့် သူက ပုဖန်၏ တိမ်ခုန်ဆင်းနဂါး ဟင်းပွဲကို စားသောက်လိုခဲ့ခြင်း ဖြစ်သည်။ အခြားသူများက ပုဖန်၏ ဟင်းပွဲပေါ်တွင် သံသယ ရှိနေသော်လည်း သူက ဆိုင်ငယ်လေးကို နက်နက် ရှိုင်းရှိုင်း နားလည်နေလေသည်။ ဆိုင်ငယ်လေးမှ ဟင်းပွဲများက သာမာန် သက်စောင့်ဆေးများထက် ပို၍ အစွမ်းထက်လှပေသည်။


ကျန့်ခုန်းက ထိတ်လန့် အံ့သြမှုကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။ 


“ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို ဖြတ်တောက်လိုက်ပြီးတာတောင် ဘယ်လိုဖြစ်လို့ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုကို ကောင်းကောင်း ကူညီပေးနေနိုင်တာလဲ….”


“ပြီးတော့… သူ့ရဲက အကျိုးသက်ရောက်မှုက တော်တော်လေး လွယ်ကူနေတယ်… ဒီတော့ ပိုင်ရှင်ပု ပြောနေတာပ အမှန်ပေါ့… ဒီဟင်းပွဲကို စားလိုက်ရင် အဆင့်ချိုးဖျက် တက်ရောက်နိုင်ဖို့ တစ်ရာရာခိုင်နှုန်း အာမခံတယ်ဆိုတာ သူလိမ်နေတာမဟုတ်ဘူးပေါ့…”


“အံ့သြစရာကောင်းလိုက်တာ…. ပိုင်ရှင်ပုက ဘယ်လိုမျိုးလုပ်ထားတာလဲ… စိတ်ဝိဥာဉ် သစ်သီးကို ဖြတ်တောက်လိုက်တာနဲ့ စွမ်းအင်တွေက ကုန်ဆုံးသွားမှာလေ… သစ်သီးမှာ ကျန်ခဲ့တဲ့ စွမ်းအင်တွေက ဆယ်ရာခိုင်နှုန်းလောက်ပဲ အကျိုးသက်ရောက်နိုင်တာ မဟုတ်ဘူးလား….”


ကျန့်ခုန်း၏ အတွေးထဲတွင် ယောက်ယပ်ခတ်နေလေသည်။ ထိုအကြောင်းအရာများက သူစိုးရိမ်ပူပန်ခဲ့သည့် အကြောင်းအရာများပင် ဖြစ်သည်။ ထို့ကြောင့်သာ ဟင်းပွဲကို ၀ယ်ရန် သူက ချီတုန်ချတုန် ဖြစ်နေရခြင်း ဖြစ်သည်။ သို့သော် နီယန်က ဟင်းပွဲကို စားသောက်ပြီးသည်နှင့် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို စားလိုက်သည်ထက်ပင် ပို၍ အကျိုးသက်ရောက်မှု ရှိနေလေသည်။ ထိုအချက်က သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ခံစားလိုက်ရစေလေသည်။


သူသိထားသော အချက်များက မှားယွင်းနေလေသည်။ တိမ်ခုန်ဆင်းနဂါးဟင်းပွဲက အကျိုးသက်ရောက်မှု ပြင်းထန်လှပေသည်။ ကျန့်ခုန်းက သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ယခုအချိန်မှ နောင်တရရန် အလွန်နောက်ကျသွားပြီ ဖြစ်သည်။


“ကောင်းလိုက်တဲ့ဝိုင်… ဒါက တကယ့်ကို ဝိုင်ကောင်းပဲ… ဒီလောက်ကောင်းတဲ့ ဝိုင်မျိုး ဘယ်လိုဖြစ်ပြီး ထွက်ပေါ်လာနိုင်တာလဲ… ငါ့ရဲ့ နဂါးရှင်သန်ခြင်း ဝိုင်ထက်တောင် ကောင်းနေသေးတယ်… မဖြစ်နိုင်လိုက်တာ…”


လူအားလုံးက နီယန်၏ အဆင့်ချိုးဖျက် တက်ရောက်ခြင်းကို စိတ်၀င်တစား ကြည့်ရှုနေကြချိန်တွင် စိတ်လှုပ်ရှား အံ့အားသင့်နေသော ယစ်ထုတ်အိုကြီး၏ အသံက ထွက်ပေါ်လာလေသည်။ သူက ပုဖန်ကို ကြည့်၍ ပြောလိုက်လေသည်။


“နောက်ထပ်တစ်ခွက်ပေး…”


နဂါးရှင်သန်ခြင်း ဝိုင်ထက်ပင် ကောင်းမွန်လှသောဝိုင်… ထို၀ိုင်၏ တည်ရှိမှုက ယစ်ထုတ်အိုကြီးကို စိတ်လှုပ်ရှား တုန်ယင်နေစေလေသည်။ 


ပုဖန်က စိတ်လှုပ်ရှားနေသော ယစ်ထုတ်အိုကြီးကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။ 


“ငါ့ဆိုင်မှာ ဒီနေ့အတွက် နှင်းခါးမီးတောက် သိမြင်မှုဝိုင် တစ်ခွက်ပဲ ရောင်းတယ်…”


ယစ်ထုတ်အိုကြီး၏ မျက်နှာအမူအယာက တင်းမာသွားလေသည်။ သူ့ကို ကြည့်ရသည်မှာ ပုဖန်နှင့် ငြင်းခုန်လိုနေပုံ ရနေလေသည်။


သို့သော် သူတစ်ခွန်းမျှ မပြောရသေးခင်မှာပင် စျန်၀င်စားမှုထဲတွင် နစ်မြုတ်နေသော နီယန်၏ ခန္ဒာကိုယ်မှ အစစ်အမှန် စွမ်းအင်လှိုင်းများ ဖြာထွက်လာသည်ကို ခံစားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်လေသည်။


ယစ်ထုတ်အိုကြီးနှင့် အခြားသူများ၏ အမူအယာများက ပြောင်းလဲသွားလေသည်။ နီယန်၏ ခန္ဒာကိုယ်မှ ထွက်ပေါ်နေသော ခန့်ငြားထည်ဝါလှသည့် ဖိအားက သူတော်စင်အဆင့် တစ်ယောက်နှင့် များစွာ ကွာခြားနေလေသည်။


“ဒီမိန်းကလေးက စစ်နတ်ဘုရား အဆင့်ကို ရောက်တော့မယ်…”