အခန်း ၂၃၄ “ပိုင်ရှင်ပု မင်းရဲ့ အေးတိအေးစက်နိုင်မှုက ဘယ်ရောက်သွားတာလဲ”
“ဒါ… ဒါက အဆင့်ရှစ် စစ်နတ်ဘုရားအဆင့်ကို ရောက်တော့မှာပေါ့…” လူတိုင်းက အလွန်အမင်း သိလိုစိတ် ပြင်းပြနေကြသည်။
ကျန့်ခုန်းနှင့် ပြန့်ချန်ခုန်းတို့ကဲ့သို့ စစ်နတ်ဘုရား အဆင့်များက သာမာန်မျှသာ ဖြစ်နေကြသော်လည်း ရှောင်မန် နှင့် ဝူယွမ်ပိုင်တို့ကဲ့သို့ သူတော်စင်အဆင့်များက နီယန်၏ အဆင့်တက်ရောက်မှုကို လေ့လာ၍ အကျိုးကျေးဇူးများ ရရန် ရည်ရွယ်၍ အာရုံစိုက်နေကြသည်။
ထိုအချိန်တွင် အဆင့်ချိုးဖျက် တက်ရောက်ခြင်းက ကြီးကြီးမားမား အခြေအနေတစ်ရပ် ဖြစ်နေလေသည်။ ယစ်ထုတ်ကြီးက နှင်းခါးမီးတောက် သိမြင်မှုဝိုင်ကို သောက်ထားသောကြောင့် အနည်းငယ် မူယစ်ရီဝေနေသော်လည်း သူ၏ သဘောတူညီချက်ကို မေ့လျော့ခြင်း မရှိပဲ နီယန့်အနီးသို့ လျပ်တပျက် ရောက်ရှိလာလေသည်။
“အားလုံးပဲ … အဆင့်တက်နေတဲ့အချိန်က အရေးအကြီးဆုံး အချိန်ပဲ… ဒါကြောင့် အမှားအယွင်း သေးသေးလေးတောင် အဖြစ်မခံနိုင်ဘူး… နည်းနည်းလေး အနှောက်အယှက် ဖြစ်သွားတာနဲ့ ကိုယ်ခန္ဒာကိုရော စိတ်ဝိဥာဉ်ပါ ပျက်စီးသွားနိုင်တယ်… ဒါကြောင့် ဆိုင်ထဲက ခဏလောက် ထွက်သွားပေးကြပါ… ဒီမိန်းကလေးကို ကာကွယ်နိုင်ဖို့အတွက် ဆိုင်ထဲက ထွက်သွားပေးကြပါ…”
ယစ်ထုတ်အိုကြီးက တည်ကြည်လေးနက်သော အမူအယာနှင့် အားလုံးကို ကြည့်၍ ပြောလိုက်သည်။
ပုဖန်က ယစ်ထုတ်အိုကြီးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထိုသူက သူ၏ နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ကို သောက်သုံးထားသော်လည်း သာမာန်အတိုင်းသာ ရှိနေသည့် ပထမဆုံးသူပင် ဖြစ်သည်။
ဆိုင်ထဲမှ လူများအားလုံးက ကျိုးကြောင်းဆီလျော်စွာ တွေးလိုက်ကြသည်။ အဆင့်ရှစ် စစ်နတ်ဘုရားအဆင့်သို့ ချိုးဖျက်တက်ရောက်သည်ကို ကြည့်ရှုလိုကြသော်လည်း ထိုအချိန်တွင် တ်ိတ်ဆိတ်ခြင်းက အရေးကြီးကြောင်း သိကြလေသည်။ အနည်းငယ်သော အနှောက်အယှက်ကပင် ထိုသူ၏ စိတ်ဝိဥာဉ်နှင့် ခန္ဒာကိုယ်ကို ပျက်စီးသွားစေနိုင်လေသည်။ ထို့ကြောင့်ပင် စစ်နတ်ဘုရားအဆင့်သို့ ချိုးဖျက်တက်ရောက်ရန် တိတ်ဆိတ်အေးချမ်းသည့် နေရာကို ရှာဖွေကြခြင်း ဖြစ်သည်။
အားလုံး၏ မျက်နှာပေါ်တွင် စိတ်ပျက်နေမှုများ အထင်းသားပေါ်လွင်နေပြီး နောက်သို့ လှည့်ကြည့်လှည့်ကြည့်နှင့် ထွက်သွားကြလေသည်။
“အားလုံးပဲ ငါ့ရဲ့ အခက်အခဲကို နားလည်ကြမယ်လို့ ထင်ပါတယ်…” ယစ်ထုတ်အိုကြီးက ထွက်သွားသော လူများကို လှမ်းပြောလိုက်သည်။
ပုဖန်က ဆိုင်ထဲမှ ထွက်သွားသူများကို ကြည့်လိုက်ပြီး မေးစိကို ပွတ်၍ ပြောလိုက်သည်။
“အရမ်းလည်း စိတ်ပျက်နေစရာ မလိုပါဘူး… မင်းတို့မှာ ငါးလမ်းကြောင်း သိမြင်မှု သစ်သီးရှိမယ်ဆိုရင် ငါမင်းတို့အတွက် တိမ်ခုန်ဆင်း နဂါး ဟင်းပွဲကို ချက်ပေးနိုင်တယ်… အင်း… အပိုကြေးတော့ ပေးရမှာပေါ့…”
ပုဖန်၏ စကားကို ကြားလိုက်ရသောအခါ အားလုံး၏ မျက်၀န်းများ တောက်ပသွားလေသည်။
ကျန့်ခုန်းနှင့် ပြန့့်ချန်ခုန်းတို့က ပုဖန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။ တိမ်ခုန်ဆင်းနဂါး ဟင်းပွဲကို စားသောက်လိုက်လျှင် စစ်နတ်ဘုရားတစ်ပါး ဖြစ်လာစေရန် တစ်ရာရာခိုင်နှုန်း အောင်မြင်နိုင်ပြီး ငါးလမ်းကြောင်းသိမြင်မှု သစ်သီးသက်သက် စားသုံးရခြင်းထက် ပို၍ အကျိုးရှိပေသည်။
နောင်အနာဂတ်တွင် ဤဆိုင်ငယ်လေး၏ ပိုင်ရှင်ကို အလေးအနက် ထားသင့်ပေသည်။ ဤဆိုင်ငယ်လေး၏ ဝှက်ဖဲများကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ စွမ်းအားမြင့် အဆင့်မြင့်သားရဲကြီးတစ်ကောင် အင်အားကြီးလှသော စက်ရုပ်တစ်ရုပ် အံ့သြဖွယ် စွမ်းရည်များနှင့် စားဖိုမှုးတစ်ဦး၊ ထိုပေါင်းစပ်မှုက အလွန်အလေးအနက် ထားရပေလိမ့်မည်။
လူအားလုံး ထွက်သွားကြသောကြောင့် ဆိုင်အတွင်းပိုင်းက ချက်ချင်းပင် ရှင်းလင်းသွားလေသည်။
ယစ်ထုတ်အိုကြီးက လက်နှစ်ဖက်ကို နောက်ပစ်၍ ပုဖန်ရှိရာသို့ လျောက်လာလိုက်ပြီး ခုံတစ်ခုံကို ဆွဲ၍ ထိုင်လိုက်သည်။ သူက အဆင့်ချိုးဖျက် တက်ရောက်နေသော နီယန်ကို လှည့်ကြည့်လိုက်ပြီး ပုဖန်ကို ပြန်ကြည့်လိုက်သည်။ သူ၏ မျက်၀န်းများကို မှေးစင်း၍ အသက်ပြင်းပြင် တစ်ရှက်ရှိုက်လိုက်ပြီး ပြောလိုက်သည်။
“ပိုင်ရှင်ပု… ဒီ နှင်းခါးမီးတောက် သိမြင်မှုဝိုင်က တကယ့်ကို အကောင်းတကာ့ အကောင်းဆုံး ဝိုင်တစ်ခုပါပဲ… ဒါပေမယ့် ငါ့ရဲ့ဝိုင်ကလည်း မကောင်းတာတော့ မဟုတ်ဘူး…. ဒါက ငါကိုယ်တိုင် ထုတ်လုပ်ထားတဲ့ နဂါးရှင်သန်ခြင်းဝိုင်… ဒါကို ပိုင်ရှင်ပု မြည်းကြည့်နိုင်တယ်…”
ယစ်ထုတ်အိုကြီးက သူ လက်ကို မြှောက်လိုက်လာ ခရမ်းရောင် ဝိုင်ဘူးလေးတစ်ခု ပေါ်လာလေသည်။
“နဂါးရှင်သန်ခြင်းဝိုင်…” ပုဖန်က အံ့သြတသင့်နှင့် တီးတိုး ရေရွတ်လိုက်သည်။
“ဒီလူအိုကြီးက နဂါးရှင်သန်ခြင်းဝိုင်ကို ချက်လုပ်ခဲ့တာလား… နီယန်ပြောခဲ့တဲ့ နဂါးရှင်သန်ခြင်းဝိုင်ကို ချက်လုပ်ထားတဲ့ အကြီးအကဲဆိုတာက သူပဲပေါ့…”
ပုဖန်က ခရမ်းရောင် ဝိုင်ဘူးကို စိတ်၀င်တစား ကြည့်လိုက်သည်။ ဝိုင်ဘူး၏ အရွယ်အစားက သိပ်မကြီးမားသော်လည်း အလင်းရောင်များ ဖြာထွက်နေလေသည်။ တစ်ချက်မျှ ကြည့်လိုက်သည်နှင့်ပင် သာမာန်မဟုတ်ကြောင်း ပြောနိုင်ပေသည်။
“ဟုတ်တယ်… နဂါးရှင်သန်ခြင်းဝိုင်ကို ငါကိုယ်တိုင် ချက်လုပ်ထားခဲ့တာ..”
ယစ်ထုတ်အိုကြီးက ရယ်မောပြောဆိုလိုက်ပြီး လက်တစ်ချက် ဝှေ့ရမ်းလိုက်ကာ ဝိုင်ဘူးကို ပုဖန်ထံသို့ ပစ်လွှတ်လိုက်သည်။
ပုဖန်က အသာအယာပင် ဖမ်းလိုက်သော်လည်း သူ၏ မျက်နှာအမူအယာက ပြောင်းလဲသွားလေသည်။ သူက ဝိုင်ဘူးကို ဖမ်းရန်အတွက် အားအနည်းငယ် သုံးလိုက်ရလေသည်။ ဝိုင်ဘူးလေး သေးငယ်၍ ပေါ့ပါးသည်ဟု ထင်ရသော်လည်း လေးလံလှပေသည်။
ပုဖန်က ခရမ်းရောင် ဝိုင်ဘူးကို ဖွင့်လိုက်သည်နှင့် မွှေးပျံ့လှသည့် ရနံ့များ ထွက်ပေါ်လာပြီး သူ၏ နှာခေါင်းအနီးတွင် ရွစိရွစိ ခံစားလိုက်ရသည်။ ထိုသို့ သိပ်သည်းမွှေးကြိုင်လှသော မွှေးရနံ့များကြောင့် ပုဖန်က စိတ်မထိန်းနိုင်ပဲ နှုတ်ခမ်းတစ်ချက် သပ်လိုက်မိသည်။ ထိုဝိုင်၏ ရနံ့ကို စိတ်၀င်စားမှုကြောင့် ပုဖန်၏ နှုတ်ခမ်းများ တွန့်ကွေးနေလေသည်။ ထို့နောက် ဝိုင်ဘူးကို မြှောက်ပြလိုက်ပြီး ယစ်ထုတ်အိုကြီးကို တစ်ချက်ကြည့်လိုက်ကာ မော့သောက်လိုက်သည်။
ဂလု..ဂလု…
ခရမ်းရောင် ဝိုင်ဘူးလေးထဲမှ ဝိုင်များက ပါးစပ်ထဲရောက်သည်နှင့် ပြင်းထန်လှသော အရသာက ပုဖန်၏ မျက်နှာကို နီရဲသွားစေသည်။ ဝိုင်များ ဗိုက်ထဲသို့ ရောက်သွားသည်နှင့် သူ၏ ၀မ်းဗိုက်ထဲတွင် မီးတောင်ပေါက်ကွဲနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ လည်ချောင်းထဲတွင်လည်း ရေနွေးပူပူကို မျိုချလိုက်မိသကဲ့သို့ ပူလောင်နေလေသည်။
ခန္ဒာကိုယ်မှ အခိုးအငွေ့များ ထွက်နေသကဲ့သို့ ခံစားနေရပြီး အသက်ရှူထုတ်လိုက်သည်နှင့် မီးတောက်များပင် ပြန်ထွက်လာသကဲ့သို့ ခံစားမှုမျိုးက အလွယ်တကူ မေ့နိုင်သော ခံစားမှုမျိုး မဟုတ်ပေ။
“နဂါးရှင်သန်ခြင်းဝိုင်ကို တစ်ငုံသောက်လိုက်တာနဲ့ အသက်ရှူထုတ်လိုက်ရင် မီးတောက်တွေ ထွက်လာတော့မယ်လို့ ခံစားရတယ်… ဒီဝိုင်က ငါသောက်ဖူးသမျှထဲမှ အကောင်းဆုံးနဲ့ အပြင်းဆုံးပဲ…” ပုဖန်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ချီးမွန်းပြောဆိုလိုက်သည်။
သူ၏ ဗိုက်ထဲမှ တောက်လောင်နေသော ခံစားချက်က တဖြည်းဖြည်းလျော့ကျသွားလေသည်။ ထိုခံစားချက်က လေပြေလေညှင်းများအောက်တွင် သူ၏ ဘ၀ထဲသို့ အရာအားလုံး ပြန်လည်ရောက်ရှိလာသကဲ့သို့ ဖြစ်နေလေသည်။ ထိုဝိုင်တစ်ငုံက ပုဖန်ကို အဆုံးမရှိ မူးယစ်စေလေသည်။
လျှာပေါ်မှ ဝိုင်၏ အရာသာ ပျောက်ကွယ်သွားသည်နှင့် ပုဖန်က နှုတ်ခမ်းတစ်ချက် ထပ်သပ်လိုက်သည်။ သူက ဝုိင်၏ အကောင်းမွန်ဆုံး အပိုင်းကိုပင် မခံစားရသေးချေ။ နဂါးရှင်သန်ခြင်းဝိုင်ကို သောက်လိုက်ရသည်က သူ၏ အရင်ဘ၀မှ အပြင်းဆုံးနှင့် အထူးကဲဆုံး အရက် အာကောထုန်ကို သတိရသွားစေလေသည်။ အရသာကသာ အာကောထုန်ထက် အနည်းငယ် သိမ်မွေ့နေပေသည်။
“ဟားဟားဟား… ဒီနဂါးရှင်သန်ခြင်းဝိုင်ကို ချက်လုပ်နိုင်ဖို့အတွက် အကောင်းဆုံးဆိုတဲ့ တခြားဝိုင်တွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့ရတာ… ဒါပေမယ့် နှမျောစရာကောင်းတာက ပိုင်ရှင်ပုရဲ့ နှင်းခါးမီးတောက် သိမြင်မှုဝိုင်နဲ့ အကွာကြီး ကွာနေတာပဲ…” ယစ်ထုတ်အိုကြီးက ခရမ်းရောင် ဝိုင်ဘူးကို လှမ်းဆွဲလိုက်ပြီး ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်သည်။
သို့သော် ပုဖန်၏ မျက်နှာကို လှမ်းကြည့်လိုက်ချိန်တွင် သူ၏ ယုံကြည်မှုများ လွင့်ပါးသွားလေသည်။ သူက နဂါးရှင်သန်ခြင်းဝိုင်ကို ထုတ်လုပ်ရန်အတွက် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့သော်လည်း နှင်းခါးမီးတောက် သိမြင်မှုဝိုင်ကို ထုတ်လုပ်ခဲ့သည့် ပုဖန်က အလွန်ငယ်ရွယ်နေသေးသည်။ သူက လုံး၀အနိုင်ယူခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
ပုဖန်က မူးယစ်နေဟန်နှင့် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် ခုံမှ ထရပ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လျောက်သွားလိုက်ကာ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်တစ်အိုးကို ယူ၍ ပြန်ထွက်လာလိုက်သည်။ သူက ဝိုင်အိုးနှင့် ခွက်နှစ်ခွက်ကို ခုံပေါ်တွင် တင်လိုက်ပြီး ခွက်ထဲသို့ ဝိုင်ဖြည့်၍ ပြောလိုက်သည်။
“ဒီဝိုင်က နဂါးရှင်သန်ခြင်းဝိုင်နဲ့ နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ကို မယှဉ်နိုင်ဘူးဆိုပေမယ့်… သူ့ရဲ့ အရသာက တော်တော်လေးကောင်းတယ်… ငါဒီနေ့ မင်းရဲ့ နဂါးရှင်သန်ခြင်း ဝိုင်ကို သောက်ပြီးသွားတော့… စိတ်ချင်းနီးစပ်တဲ့ သူတွေနဲ့သာ ဆိုရင် ဝိုင်ခွက်တစ်ထာင် သောက်ရလဲ မများဘူးလို့ ရုတ်တရက် ခံစားမိလာတယ်… လာ သောက်ကြစို့… ချီးယားစ်…”
ချီးယားစ်… ယစ်ထုတ်အိုကြီးက ပုဖန်၏ အပြုအမူအတိုင်း လိုက်လုပ်လိုက်မိကာ ခွက်ခြင်းတိုက်လိုက်သည်။
ပုဖန်က ခေါင်းမော့၍ တရှိန်တိုး မော့သောက်လိုက်ကာ စိတ်ကျေနပ်ဟန်နှင့် လေပူများမှုတ်ထုတ်လိုက်သည်။ သူ၏ မျက်၀န်းများက ဝိုင်အရည်ကဲ့သို့ လင်းလက် ရီဝေနေပြီး အကြောင်းမဲ့ ရယ်မောနေလေသည်။
“စိတ်ချင်းနီးစပ်တဲ့ သူတွေနဲ့ သောက်ရမယ်ဆိုရင် ခွက်တစ်ထောင်သောက်ရရင်တောင် များတယ်လို့ မခံစားရဘူး…. ကောင်းလိုက်တဲ့ စကား…”
ထိုလူကြီးနှင့် လူငယ်လေးက ဝိုင်ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေကြပြီး မိတ်ဆွေများ အလိုလို ဖြစ်သွားကြလေသည်။
အခြားတစ်ဖက်တွင် နီယန်က ကြီးမားအိုဟောင်းလှသော တံခါးချပ်ကို တွန်းဖွင့်နေသကဲ့သို့ သူမ၏ ခန္ဒာကိုယ်ထဲမှ စွမ်းအင်များကို ပြောင်လဲနေလေသည်။ သူမက မျက်လုံးတင်းတင်း မှိတ်ထားပြီး မျောလွင့်နေသော စွမ်းအင်များနှင့် မြန်ဆန်လှသော သွေးခုန်နှုန်းများကို ခံစားနေလေသည်။
သူမ၏ စွမ်းအင်ဗဟိုထဲတွင် ထူးဆန်းလှသော ပုံသဏ္ဍာန်လေးများက တဖြည်းဖြည်းချင်း ချပ်၀တ်တန်ဆာ တစ်ခုကဲ့သို့ ဖြစ်လာလေသည်။ ထိုချပ်၀တ်ပေါ်တွင် ထူးခြားဆန်းကျယ်သော တိမ်ပုံသဏ္ဍာန်လေးများ ခပ်ရေးရေး ထင်နေလေသည်။
ဘန်း…
နောက်ဆုံးတွင် နီယန်က မျက်လုံးဖွင့်လိုက်လေသည်။ သူမ၏ အပေါ်တွင် စုစည်းနေသော စိတ်ဝိဥာဉ် စွမ်းအင်များက စတင်၍ လွင့်ပါးပျောက်ကွယ်လာလေသည်။ သူမက အောင်မြင်စွာ အဆင့်ချိုးဖျက် တက်ရောက်သွားပြီ ဖြစ်သည်။ သူမ၏ မျက်၀န်းများက အနည်းငယ် တောက်ပနေလေသည်။ ထို့နောက် သူမက ပါးစပ်ဟ၍ အသက်ပြင်းပြင် ရှိုက်ထုတ်လိုက်ပြီး ခန္ဒာကိုယ်ထဲမှ အညစ်အကြေးများကို ထွက်သွားစေလိုက်သည်။
ခွပ်… ကြွေခွက်ချင်း တိုက်မိနေသံများက အဆက်အပြတ် ထွက်ပေါ်နေလေသည်။
အဆင့်ချိုးဖျက် တက်ရောက်မှု ပြီးဆုံးသွားသော နီယန်က ခေါင်းမော့၍ အသံလာရာသို့ ကြည့်လိုက်လေသည်။ မမျှော်လင့်ထားသော မြင်ကွင်းကြောင့် သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ သူမ မြင်လိုက်ရသည်မှာ မျက်နှာတစ်ပြင်လုံး နီရဲနေသော ယစ်ထုတ်အိုကြီးက အူတက်မတက် ရယ်မောနေသော လူငယ်လေး၏ လည်ပင်းကို သိုင်းဖက်ထားခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်က ကြွေခွက်ချင်း တိုက်လိုက်ကြပြီး ခေါင်းမော့၍ သောက်လိုက်ကြပြန်လေသည်။
“ငါပြောပါရစေဦး ပိုင်ရှင်ပု… ဒီလူအိုကြီးက မင်းနဲ့ စောစောစီးစီး မတွေ့ခဲ့ရတာ အရမ်းကို ဒေါသထွက်ဖို့ကောင်းတာပဲ… ရင်ဘက်ချင်း နီးတဲ့ လူတွေအတွက် ခွက်တစ်ထောင်က မများဘူး… ဒါပေမယ့်… ငါတို့အတွက် ခွက်တစ်သောင်းဆိုရင်တောင် လောက်မှာမဟုတ်ဘူး… လာသောက်ကြစို့… ချီးယားစ်…”
ပုဖန်၏ မျက်နှာက ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း သူ၏ နှုတ်ခမ်းများက နားရွက်ချိတ်မတက် ဖြစ်နေလေသည်။ သူ၏ စိတ်ထဲမှ အတွေးများကို နီရဲနေသော သူ၏ မျက်နှာအမူအယာက မလိုက်နာနိုင်တော့ပေ။
နီယန်က အလွန်အံ့အားသင့်နေလေသည်။
“ဘုရားရေ… ပိုင်ရှင်ပုက ရယ်နေတယ်…”
သူမက ပုဖန်၏အပြုံးကို ပထမအကြိမ် မြင်ဘူးခြင်း ဖြစ်သော်လည်း သူက တစ်ခြားတစ်ယောက်ကို ပြုံးပြနေခြင်းသာ ဖြစ်သည်။
“ငါ့ရဲ့ နှလုံးသားထဲက ကျော့မော့သပ်ရပ် ရက်စက်ပြီးတော့ နှလုံးသားမဲ့တဲ့ ပိုင်ရှင်ပုက ဘယ်ရောက်သွားတာလဲ… ဒီယစ်ထုတ်အိုကြီးနဲ့ စကားပြောရတာ ဘယ်လောက်ပျော်စရာ ကောင်းနေလို့လဲ.. နင်က တော်တော် စိတ်ပျက်ဖို့ကောင်းတာပဲ…”
“ဟေ့.. ကလေးမနီ… နင်အဆင့်တက်တာ ပြီးသွားပြီလား… ဒီကိုလာခဲ့… ငါနင့်ကို ပိုင်ရှင်ပုနဲ့ မိတ်ဆက်ပေးမယ်…”
“သူက ဒီနေ့က စပြီးတော့ ငါ့ရဲ့ ညီအကိုပဲ…. ဒါကြောင့် နောက်တစ်ကြိမ် ပိုင်ရှင်ပုကို တွေ့ရင် ဦးလေးပုလို့ ခေါ်ရမယ်… ကြားလား…” မျက်နှာနီမြန်းနေသော ယစ်ထုတ်အိုကြီးက ၀မ်းမြောက်၀မ်းသာ အမူအယာနှင့် နီယန့်ကို ပြောဆိုလိုက်သည်။
ပုဖန်က နီယန့်ကို စူးစိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။ သူ၏ မျက်နှာကလည်း နီရဲနေလေသည်။
နီယန်က သူ့ရှေ့မှ လူနှစ်ယောက်ကို မှုန်သေသေနှင့် ကြည့်နေလိုက်သည်။
ဦးလေးပု… သွားသေလိုက်ပါလား…. ယစ်ထုတ်အိုကြီး နင်ရဲ့ တာ၀န်က ငါ့ကို စောင့်ရှောက်ဖို့ဆို… သောက်စားပြီး ဦးလေးတစ်ယောက် ရှာပေးလိုက်တယ် ဟုတ်လား…”