အပိုင်း ၂၃၅
Viewers 53k

အခန်. ၂၃၅ “အခြားကမ္ဘာက အစားကောင်းကြိုက်သူတွေအတွက် လမ်းညွှန်မြေပုံ”


အင်ပါယာနန်းတော်၏ အဓိကခန်းမကြီးထဲတွင် ရွှေရောင် နဂါး၀တ်ရုံကို ၀တ်ဆင်ထားသော ဂျိချန်းရွဲ့ကလက်နှစ်ဖက်ကို နောက်ပစ်၍ ခေါက်တုံ့ခေါက်ပြန် လမ်းလျောက်နေလေသည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေလေသည်။ သူက ခြေလှမ်းများကို အနည်းငယ် နှေးလိုက်ပြီး ခပ်လှမ်းလှမ်းသို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ဖြစ်ပျက်နေသည်များကို ပြောပြရန် ခက်လှပေသည်။


ခန်းမ၏ အပြင်ဘက်မှ မိန်းမစိုးငယ်တစ်ယောက်၏ စူးရှသော အသံက ရုတ်တရက် ထွက်လာလေသည်။


“အရှင်မင်းကြီး… စစ်သေနာပတိချုပ်ရှောင် အခစား၀င်ရောက်လာပါတယ်…”


စူးရှသောအသံက ခန်းမထဲသို့ ပဲ့တင်ထပ် ရောက်ရှိလာလေသည်။ 


ဂျိချန်းရွဲ့၏ မျက်နှာက ရုတ်တရက် ရွှင်ပျသွားပြီး ပြန်ပြောလိုက်သည်။


“သူ့ကို ၀င်ခိုင်းလိုက်….”


စစ်၀တ်စုံအပြည့် ၀တ်ဆင်ထားသော ရှောင်မန်က ခါးသီးသော မျက်နှာအမူအယာနှင့် ခန်းမထဲသို့ ၀င်လာလေသည်။ ဂျိချန်းရွဲ့က သူ့ထံမှ သတင်းကို စောင့်မျှော်နေသည်ကို တွေ့လိုက်ရသောကြောင့် သူ၏ ခါးသီးမှုများကို ကြိုးစားထိန်းချုပ်လိုက်ပြီး အရိုအသေ ပေးလိုက်သည်။ ဂျိချန်းရွဲ့က အင်ပါယာ မြို့တော်ကို အုပ်ချုပ်နေသော ဧကရာဇ်မင်းမြတ် ဖြစ်သောကြောင့် သူ့ထက်ငယ်သော်လည်း အစဉ်အလာအတိုင်း လေးစားမှုကို ပြသရမည်ဖြစ်သည်။ 


“စစ်သေနာတိရှောင်… ဆိုင်ငယ်လေးကို သေချာစောင့်ကြည့်ခဲ့လား…. ပြီးတော့ အားလုံး ပြီးသွားပြီလား…” ဂျိချန်းရွဲ့က အလောတကြီး မေးလိုက်သည်။


ထိုကိစ္စကို သူအာရုံစိုက်နေရခြင်းမှာ ပြသနာများက အင်ပါယာ မြို့တော်အတွင်းတွင် ဖြစ်ပွားခဲ့ပြီး စစ်နတ်ဘုရား အဆင့်များပင် ပါ၀င်နေသောကြောင့် ဖြစ်သည်။ ထိုစစ်နတ်ဘုရားများက ရတနာသစ်သီးကို မရသောကြောင့် ဒေါသထွက်၍ အင်ပါယာမြို့ကို မွှေနှောက်လိုက်ပါက မြို့တော်ပင် ပျက်စီးသွားနိုင်ပေသည်။ 


“အရှင်မင်းကြီး…. စိတ်အေးအေးထားပါ.. ဆိုင်ငယ်လေးက ပိုင်ရှင်ပုရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပါတယ်…. ဆိုင်ရဲ့ နောက်ခံနဲ့ သူ့ရဲ့ ဝှက်ဖဲနေတွက ကျွန်တော်မျိုးတို့ မျှော်လင့်ထားတာထက်တောင် ပိုနေပါတယ်…”


ရှောင်မန်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ရှင်းပြလိုက်သည်။ အရာအားလုံးက ပုဖန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း သူ၏ စိတ်ထဲတွင် တုန်လှုပ်နေဆဲပင် ဖြစ်သည်။ ယခင်အချိန်က သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော ထိုစက်ရုပ်က ယခုအချိန်တွင် စစ်နတ်ဘုရားတစ်ပါးကိုပင် ခေါင်းပြတ်နိုင်နေလေသည်။ 


အပေါက်၀တွင် အမြဲတစေ ပျင်းရိစွာနှင့် လှဲလျောင်းနေသော ခွေးနက်ကြီး၏ လှုပ်ရှားမှုကိုလည်း မျက်မြင် ကြုံတွေ့ခဲ့ရသည်။ ထိုခွေးနက်ကြီး၏ လှုပ်ရှားမှုများက ကြောက်ရွံ့ထိတ်ခန့်ဖွယ် ကောင်းလွန်းလှသည်။ ထိုခွေးက အဆင့်မြင့်သားရဲ ဟုတ်မဟုတ် သူက အမြဲသိချင်နေခဲ့သည်။ ယခုအခါ သူ၏ ထင်မြင်ချက်များကို အတည်ပြုနိုင်သွားပြီ ဖြစ်သည်။ ထိုခွေးကြီးက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ထူးခြားဆန်းကျယ်သည့် အဆင့်မြင့် သားရဲကြီးပင် ဖြစ်သည်။


ဂျိချန်းရွဲ့၏ မျက်၀န်းများက လင်းလက်တောက်ပသွားသည်။ သူက နန်းတော်ထဲတွင်သာ ရှိနေသောကြောင့် လမ်းကြားလေးထဲမှ သတင်းအချက်အလက်များကို မသိခဲ့ရပေ။ ယခုအခါ ရှောင်မန့်ဆီမှ သူသိလိုသော အချက်များကို သိလိုက်ရသောကြောင့် ကျေနပ်သွားလေသည်။ 


ရှောင်မန်က ခါးသီးစွာ ရယ်မောလိုက်ပြီး လမ်းကြားလေးထဲတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အစအဆုံး ပြန်လည်တင်ပြလိုက်သည်။


ဂျိချန်းရွဲ့က ရှောင်မန်ပြောသည်ကို ငြိမ်သက်စွာ နားထောင်နေပြီး တခါတရ သက်ပြင်းများပင် ချနေလေသည်။


…….


အင်ပါယာမြို့တော်ထဲမှ သန်မာသော စစ်သည်တော်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။ မြို့တော်အတွင်း ပြည့်နှက်နေသော စစ်နတ်ဘုရားများထွက်ခွာသွားပြီးနောက် အင်ပါယာမြို့တော်က ပြန်လည်၍ ငြိမ်သက်အေးချမ်းလာလေသည်။ 


ကျန့်ခုန်းက မာစတာ အားဝူနှင့် ဝူယွမ်ပိုင်တို့ကို ပြန်လည် ခေါ်ဆောင်သွားလေသည်။ သူတို့မထွက်ခွာခင်တွင် ဝူယွမ်ပိုင်က အားနီကို ရှာ၍ သူ၏ ကတိကို မမေ့ရန် ထပ်မံသတိပေးခဲ့သည်။


မြွေလူသား အားနီ ယုဖူနှင့် ယုဖန်တို့က ပုဖန်ကို သေချာနှုတ်ဆက်ရန် စီစဉ်နေကြသည်။ ထို့ကြောင့် သူတို့က အင်ပါယာ မြို့တော်တွင် ရက်အနည်းငယ် နေရန် ဆုံးဖြတ်လိုက်ကြသည်။ 


ကျန့်ခုန်းကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားသော ကျောက်မူရှန်က အင်ပါယာ မြို့တော်အတွင်းမှ ထွက်သွားပြီး ဖြစ်သည်။ ယခုအချိန်တွင် သူက လျို့ဝှက်သော နေရာတစ်ခုတွင် နေထိုင်နေရလေသည်။ လမ်းကြားလေးထဲမှ ပြင်းထန်လှသော တိုက်ပွဲအတွင်းတွင် သူမပါခဲ့ရခြင်းက သူ့အတွက် ကောင်းချီးပေးခံရခြင်းပင် ဖြစ်သည်။ သူသာ ရှိနေခဲ့လျှင် သွေးအိုင်အဖြစ် ပြောင်းလဲမသွားလျှင်ပင် ယခုထက် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။ 


အဆင့်ချိုးဖျက်တက်ရောက်ပြီးသော နီယန်က ယစ်ထုတ်အိုကြီးကို ဆွဲခေါ်၍ ဆိုင်ထဲမှ ထွက်သွားလေသည်။ သူမ၏ သဘောထားက တင်းမာနေသောကြောင့် ပုဖန်ပင် စိတ်ရှုပ်ထွေးသွားရသည်။


အင်ပါယာမြို့တော်အတွင်းမှ လမ်းကြားလေးအတွင်းတွင် တိုက်ပွဲများ ပြီးဆုံးသွားပြီးနောက် အေးချမ်းတိတ်ဆိတ်နေလေသည်။ ထိုတိုက်ပွဲများက မယုံနိုင်လောက်အောင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ ဆိုင်တံခါးဝရှေ့တွင် မရေမတွက်နိုင်သော စစ်သည်တော်များ ကျဆုံးခဲ့ပြီး ကျောက်ခင်းလမ်းပေါ်တွင် အလွှာတစ်ခုအနေနှင့်ပင် ဖုံးလွှမ်းသွားခဲ့သော်လည်း ယခုအခါ ရှင်းလင်းနေပြီဖြစ်သည်။ 


မိုကျိုး ဓါးမြ ၁၃ ဖော်က တိုက်ပွဲအတွင်းမှ လွတ်မြောက်ခဲ့သူများ ဖြစ်ကြသည်။ သူတို့သာ အလျင်အမြန် မဆုတ်ခွာခဲ့ပါက ခွေးနက်ကြီး၏ ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် သွေးမြူများအဖြစ် ပြောင်လဲသွားရမည်သာ ဖြစ်သည်။ ထိုဓါးမြ ၁၃ ဖော်က စိတ်ဒဏ်ရာ အပြင်းအထန် ရသွားကြပြီး မိုကျိုးပြည်နယ်ရှိ သူတို့၏ မြို့သို့ ညတွင်းချင်း ပြန်သွားကြလေသည်။


“ဒီလို ရှုပ်ထွေးလွန်းတဲ့ မြို့ကြီးမှာ နေတာထက်… ငါတို့ မြို့လေးမှာပဲ နေတာ ပိုပြီး ကောင်းတယ်…” သူတို့အားလုံး၏ စိတ်ထဲတွင် တညီတညွတ်တည်း တွေးနေကြလေသည်။


ညအချိန်တွင် တိုက်ခတ်နေသော လေပြေလေညှင်းများက အေးစက်နေလေသည်။ ကောင်းကင်ထက်မှ လနှစ်စင်းက အလင်းတန်းများကို ထုတ်လွှတ်နေပြီး ခန့်ညားထည်ဝါနေလေသည်။ လနှစ်စင်းကို များပြားလှသော မှိတ်တုတ် မှိတ်တုတ် ကြယ်လေးများက အဆုံးအစမဲ့ ၀န်းရံနေကြပြီး မိုးကုတ်စက်ဝိုင်းတစ်ခွင်က အဆုံးအစ မဲ့လှသော အံ့အားသင့်ဖွယ်များနှင့် ပြည့်နှက်နေလေသည်။ 


အင်ပါယာမြို့တော် ဖန်ဖန်ဆိုင်ငယ်လေးထဲတွင် ပုဖန်က မူးနောက်ရီဝေနေသော ခေါင်းကို အနည်းငယ် ရမ်းခါလိုက်ပြီး ဆိုင်တံခါး ပိတ်လိုက်လေသည်။ သူက မီးဖိုချောင်သို့ မသွားတော့ပဲ သူ၏ အနားယူရန် သူ၏ အခန်းဆီသို့ တက်သွားလေသည်။ 


ရေနွေးနွေးနှင့် ရေချိုးလိုက်ပြီး သူ၏ ခန္ဒာကိုယ်တွင် စွဲထင်နေသော ပြင်းထန်လှသည့်အရက်နံ့များ သန့်စင်သွားသောအခါမှ ရေစက်လက်နှင့် အိပ်ခန်းထဲသို့ ၀င်လာလေသည်။ ရေစိုဆံပင်များကို ခါရမ်းလိုက်ရာ ရေစက်များက နေရာအနှံ့ လွင့်စင်သွားလေသည်။ 


ပုဖန်က ပြတင်းပေါက်အနီးတွင် ထိုင်လိုက်ပြီး ထုံနေသော မျက်နှာကို တစ်ဖတ်ဖတ် ရိုက်နေလိုက်သည်။ လေပြေလေညှင်းများ တိုက်ခတ်နေသောကြောင့် ရေစိုနေသော ဆံပင်များက မျက်နှာကို ရိုက်ခတ်နေလေသည်။ အေးစိမ့်လှသည့် လေများကြောင့် ပုဖန်က တဖြည်းဖြည်း ငိုက်မြည်းလာလေသည်။ ထိုအချိန်တွင် စနစ်၏ အသံက ထွက်ပေါ်လာလေသည်။


“သင်ရရှိထားတဲ့ ဆုတွေကို ဖော်ပြပေးပါမယ်… သေသေချာချာ စစ်ဆေးပါ…”


စနစ်၏ ယာယီ စစ်ဆေးမှုများက တမူထူးခြားနေလေ့ရှိသည်။ ယခုတစ်ကြိမ်က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးကို သုံး၍ ဟင်းပွဲချက်ပြုတ်ခိုင်းခြင်း ဖြစ်သည်။ ထိုတာ၀န်က ပုဖန်၏ လက်ရှိစွမ်းရည်အတွက် စိန်ခေါ်မှု ဖြစ်နေသော်လည်း တာ၀န်းပြီးမြောက်သွားခြင်းကြောင့် သူ၏ အချက်အပြုတ် စွမ်းရည်များ တိုးတက်လာခဲ့လေသည်။ 


စနစ်၏ ယာယီတာ၀န်တိုင်းက ပုဖန်၏ အချက်အပြုတ်စွမ်းရည်ကို တိုးတက်စေနိုင်သော ရည်ရွယ်ချက်များ ပါနေလေသည်။ ဆန်းကျယ်သော ကမ္ဘာထဲတွင် အချက်အပြုတ်နတ်ဘုရားတစ်ပါး ဖြစ်လာပြီး အစားအသောက်များ ထိပ်ဆုံးတွင် ရပ်တည်နိုင်ရန် ကူညီပေးလိုခြင်း ဖြစ်သည်။ အားလုံး၏ ထပ်ဆုံးတွင် ရပ်တည်လိုသော လူတစ်ယောက်အနေနှင့် ပုဖန်က လေ့ကျင့်မှုပေါင်း များစွာကို လုပ်ဆောင်ရမည်ဖြစ်သည်။ စနစ်ကလည်း ပုဖန်ကို နည်းလမ်းများစွာ တတ်ကျွမ်းနားလည်စေရန် အခွင့်အလမ်း များစွာ ပေးအပ်ခဲ့သည်။


ပုဖန်၏ စွမ်းအင်များ မြင့်တက်လာသည်နှင့် စနစ်က ပေးအပ်မည့် ယာယီတာ၀န်များက ပိုမို ခက်ခဲလာမည်ဖြစ်သည်။ ပုဖန်က တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ ပြုံးလိုက်ပြီး စနစ်၏ ဖော်ပြချက်များကို အာရုံစိုက်လိုက်သည်။


ပိုင်ရှင်… ပုဖန်..


လိင်… ယောက်ျား..


အသက် … နှစ်ဆယ့့်တစ်…


အစစ်အမှန် စွမ်းအင်အဆင့် … အဆင့်ခြောက်… (အစစ်အမှန် စွမ်းအင်များကို လက်ခံရရှိပြီးဖြစ်သည်။ ဆန်းကျယ်သော ကမ္ဘာထဲတွင် ချက်ပြုတ်ခြင်း နတ်ဘုရား ဖြစ်လာရန် ရည်ရွယ်ထားသော သူတစ်ယောက်အနေနှင့် လျောက်လှမ်းရမည့် လမ်းမှာ ခက်ခဲကြမ်းတမ်းပါလိမ့်မည်။ အလုပ်ကို ကြိုးစားပါ လူငယ်လေး)


အချက်အပြုတ်စွမ်းရည်… ကြယ်နှစ်ပွင့်


ကျွမ်းကျင်မှုများ… အဆင့်နစ် ကြယ်ပျံဖြတ်တောက်ြ့ခင်း နည်းပညာ(60/100) အဆင့်နှစ် အသားလွှာထွင်းထုခြင်းနည်းလမ်း(0/100)


လက်နှတ်များ … ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး( နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း)


ချက်ပြုတ်ခြင်း နတ်ဘုရား အဆင့်သတ်မှတ်ချက်… ပထမအဆင့် စားဖိုမှုး( နောက်ဆုံးတွင် အချက်အပြုတ်စွမ်းရည်များ ထူးချွန်လာပြီး ပါရမီများ နိုးထလာခဲ့ပြီဖြစ်သည်။ အသားလွှာထွင်းထုခြင်း နည်းပညာနှင့် ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာကို ရရှိထားပြီး ချက်ပြုတ်ခြင်း နတ်ဘုရားဖြစ်လာရန် လမ်းကြောင်းပွင့်နေပြီဖြစ်သည်။)


စနစ်၏ အဆင့်… အဆင့်ခြောက်…(ပြောင်းလဲမှု ရာခိုင်နှုန်း ကိုးဆယ် ရာခိုင်နှုန်း… ပါ၀င်ပစ္စည်းများကို ရှာဖွေဖမ်းဆီးရန် ခွင့်ပြုပါသည်။ အလုပ်သင်ခေါ်ယူရန် ခွင့်ပြုပါသည်။)


စနစ်၏ဆု.. နဂါးအသည်းချက်ပြုတ်နည်းနှင့် နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစ (2/3)


(စနစ်၏ သတိပေးချက်… အခြားကမ္ဘာမှ အစားကောင်းကြိုက်သူများအတွက် လမ်းညွှန်မြေပုံက အသက်၀င်နေပါပြီ။ သင်က အပတ်တိုင်း မြေပုံပေါ်မှ ဒေသအချို့ကို သွားရောက်ရမည်။ ဒေသဆိုင်ရာ အစားအသောက်များကို လေ့လာပြီး စနစ်မှ ယာယီတာ၀န်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။ )


(ဓလေ့ထုံးစံများ အလေ့အကျင့်များ အမျိုးမျိူသော စားကောင်းသောက်ဖွယ်များကို နားလည်ပြီး အစားအသောက် ယဉ်ကျေးမှုကို နားလည်နိုင်ရမည်။ ဆန်းကျယ်သော ကမ္ဘာထဲတွင် ချက်ပြုတ်ခြင်းနတ်ဘုရား ဖြစ်လာပြီး အစားအသောက် ကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်ရန် လမ်းကြောင်းပွင့်နေပြီဖြစ်သည်။)


ပုဖန်က မျက်မှောင်ကြုံ့လိုက်မိသည်။ သူ၏ အဆင့်က အင်ပါယာအဆင့်သို့ ရောက်ရှိလာပြီး စွမ်းအားများ တိ်ုးတက်လာခဲ့သော်လည်း စနစ်၏ တောင်းဆိုမှုများက ပို၍ များပြားလာလေသည်။ 


“အခြားကမ္ဘာက အစားကောင်းကြိုက်သူတွေ အတွက် လမ်းညွှန်မြေပုံ.. ဘာကြီးလဲ…” ပုဖန်က ဇဝေဇ၀ါနှင့် မေးလိုက်သည်။


“အခြားကမ္ဘာက အစားကောင်းကြိုက်သူတွေ အတွက် လမ်းညွှန်မြေပုံဆိုတာက စနစ်က သင့်အတွက် ပြင်ဆင်ပေးထားတဲ့ မြေပုံတစ်ခုပါ… အဲဒီမှာ အစားကောင်းကြိုက်သူတွေအတွက် ကောင်းမွန်တဲ့ အစားအစာ အမျိုးမျိုးကို ဖော်ပြထားပါတယ်… အဲဒီမှာ ဒေသဆိုင်ရာ ဒလေ့ထုံးစံတွေနဲ့ အမူအကျင့်တွေရော ရိုးရာအစားအသောက်တွေကိုပါ စုံစုံလင်လင် ဖော်ပြပေးထားပါတယ်…” စနစ်က ပြန်ဖြေလိုက်သည်။


အစားကောင်း ကြိုက်သူများ မြေပုံ၊ စနစ်မှ အချက်အလက်များအရ သူက နဂါးမြို့ဟောင်း တိုက်ကြီးတစ်ခုလုံးကို လှည့်လည်ခရီးထွက်ရလမ့်မည် ဖြစ်သည်။


“သင့်ရဲ့ လက်ရှိ စွမ်းအင်အဆင့်အရ လေအလင်း အင်ပါယာရဲ့ မြေပုံကိုပဲ ၀င်ရောက်ခွင့် ရှိပါသေးတယ်… တခြားဒေသတွေအတွက် သင်က အဆင့်ချိုးဖျက်တက်ရောက်ပြီးမှပဲ ရနိုင်ပါမယ်…” စနစ်၏ အသံက ထွက်ပေါ်လာလေသည်။ 


ပုဖန်က ခေါင်းငြိမ့်လိုက်သည်။ သူ၏ လက်ရှိ စွမ်းအင်အဆင့်က အင်ပါယာအဆင့် ဖြစ်သော်လည်း စစ်နတ်ဘုရားများ၏ ရှေ့တွင် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် အခွင့်အရေး မရှိပေ။


“ကောင်းပြီလေ… အချက်အပြုတ် အလုပ်သင် ခေါ်ယူခွင့် ရှိတယ်ဆိုတာကဘာလဲ…” ပုဖန်က နဖူးကျောများ တွန့်ရှုတ်လိုက်ပြီး မရှင်းလင်းသည်ကို ထပ်မေးလိုက်သည်။ 


“တခြားကမ္ဘာရဲ့ အစားအသောက် ချစ်သူများ မြေပုံ အသက်၀င်လာလို့ သင်က လေအလင်းအင်ပါယာကနေ တခဏလောက် ပျောက်ကွယ်နေပါလိမ့်မယ်… ဒါကြောင့် ဒီဆိုင်လေးရဲ့ မီးဖိုခန်းမှာ အကူလိုအပ်နေပါတယ်… ဒါကြောင့် သင်က အလုပ်သင် ခေါ်ယူရပါမယ်… သူ ဒါမှမဟုတ် သူမကို အချိန်တိုအတွင်း ဆိုင်ရဲ့ အဓိက ဟင်းပွဲတွေကို သင်ပေးရပါမယ်…”


ပုဖန်က မဲ့လိုက်မိသည်။ 


“ဘာလဲ… သတ်မှတ်ထားတဲ့ အချိန် ပမာဏဆိုတာက ဘာလဲ…”


“အလုပ်သင်ရဲ့ အရည်အချင်းနဲ့ ပါရမီကို စနစ်က အကဲဖြတ် စစ်ဆေးပါမယ်…” စနစ်က လေးလေးနက်နက် ပြန်ပြောလိုက်သည်။


ပုဖန်က နာကျင်သွားလေသည်။ 


“အလုပ်သင် ခေါ်ရမယ်…”


ဤစနစ်တစ်ခုသာ ထိုသို့ လုပ်ပေလိမ့်မည်။ သို့သော် တခဏအတွင်းပင် သူက စိတ်ပြေသွားလေသည်။ အလုပ်သင်ရှိနေပါက လေအလင်းအင်ပါယာမှ ထွက်ခွာသွားချိန်တွင် ဆိုင်ပိတ်ရန် မလိုတော့ပေ။ ဆိုင်မပိတ်ရပါက သူ၏ စီးပွားရေး ပုံမှန်လည်ပတ်နေပြီး သလင်းကျောက်များ ရရှိနေမည်ဖြစ်သည်။ သလင်းကျောက်များက သူ၏ ကျင့်ကြံမှုနှင့် တိုက်ရိုက်အချိုး ကျသောကြောင့် အလုပ်သင် ခေါ်ယူခြင်းက ကောင်းမွန်ပေသည်။ သို့သော် အလုပ်သင်ရှာဖွေရန်က ပြသနာပင် ဖြစ်သည်။


“သင်က အလုပ်သင် နှစ်ယောက် ရှာရပါမယ်… သူတို့ကို ဆိုင်ရဲ့ အမှတ်အသား ဟင်းပွဲတွေဖြစ်တဲ့ ဥထမင်းကြော်.. ၀က်နံရိုးချိုချဉ်ကြော်နဲ့ အနီရောင်အသားနှပ် ဟင်းပွဲတွေကို သင်ပေးရပါမယ်… ယာယီတာ၀န်အတွက် ဆု… ချက်ပြုတ်ခြင်း နည်းလမ်း စာအုပ်…”


ပုဖန်၏ မျက်နှာက မျက်နှာသေ ဖြစ်သွားလေသည်။ သူမျှော်လင့်ထားသည့်အတိုင်းပင် စနစ်မှ နောက်ထပ် ယာယီတာ၀န် ရောက်ရှိလာပြီဖြစ်သည်။


“ဒီလိုပုံစံနဲ့ ဘယ်သူက ရှင်သန်နိုင်မှာလဲ…”