အပိုင်း ၂၃၆
Viewers 53k

အခန်း ၂၃၆ “နင်က ထူးချွန်ပေမယ့် အရမ်းငယ်လွန်းတယ်”


နောက်တစ်နေ့ နံနက်စောစောတွင် တောက်ပလှသော နေရောင်ခြည်များ ဖြာကျနေလေသည်။ ပုဖန်က အိပ်ယာမှ ထလာပြီး သန့်ရှင်းရေးလုပ်လိုက်ကာ မီးဖိုခန်းထဲ၀င်၍ လေ့ကျင့်ခန်းများကို လုပ်ဆောင်လိုက်သည်။


ဖြတ်တောက်ခြင်းနှင့် အသားလွှာထွင်းထုခြင်း နည်းလမ်းတို့တွင် အဆင့်နှစ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် အတော်လေး ကျွမ်းကျင်နေပြီဖြစ်သည်။ ပုဖန်က လက်ထဲမှ ဓါးကို လှည့်ပတ်ကစားလိုက်ပြီး ပါ၀င်ပစ္စည်းများကို အလင်း၏ အလျှင်နှင့် လှီးဖြတ်လိုက်သည်။


သို့သော် ယနေ့တွင် ပုဖန်က သူ၏ အလုပ်အတွင်း စိတ်နှစ်မထားပဲ အခြားတစ်ခုခုကို တွေးတောနေသကဲ့သို့ မျက်မှောင်ကြုံ့ထားလေသည်။ ဖြတ်တောက်ခြင်း နည်းပညာနှင့် အသားလွှာထွင်းထုခြင်း နည်းပညာများကို လေ့ကျင့်ပြီးနောက် ဘလက်ကီ၏ အကြိုက်ဆုံး ဟင်းပွဲဖြစ်သော ၀က်နံရိုး ချိုချဉ်ကြော်ကို ချက်ပြုတ်လိုက်သည်။


ခဏအကြာတွင် မွှေးပြန့်လှသော အချဉ်ရည် အနံ့နှင့် အသားနံ့များက ဆိုင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ပုဖန်က ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို သယ်ဆောင်၍ မီးဖိုခန်းထဲမှ ထွက်လာကာ ဆိုင်တံခါးကို ဖွင့်လိုက်သည်။ ထို့နောက် ဟောက်သံပေး၍ အိပ်ပျော်နေသော ဘလက်ကီ၏ ရှေ့တွင် ဟင်းပွဲကို ချပေးလိုက်သည်။


ဘလက်ကီ၏ ရုတ်တရက် နှာခေါင်းများ ရှုံ့ပွ ရှုံ့ပွ လုပ်လိုက်ပြီး မျက်လုံးဖွင့်လိုက်ကာ မွှေးရနံ့များ ထွက်နေသော ၀က်နံရိုး ချိုချဉ်ကြော် ပန်းကန်ကို ကြည့်လိုက်လေသည်။ ၀က်နံရိုးချိုချဉ်ကြော်က ဘလက်ကီ၏ အကြိုက်ဆုံး အစားအစာပင် ဖြစ်သည်။ ပုဖန်က တစ်လှုပ်လှုပ် ရမ်းနေသော ဘလက်ကီ၏ အမြှီးဖွားဖွားကို ကြည့်၍ နှုတ်ခမ်း တွန့်ရုံ ပြုံးလိုက်လေသည်။


အစားကြီးသူတစ်ယောက်ကဲ့သို့ ပြုမူနေသော ခွေး၀တုတ်က ယမနေ့က လူအုပ်ကြီးနှင့် ရင်ဆိုင်ခဲ့သော ခွေးနက်ကြီးနှင့် နှိုင်းယှဉ်ရန် ခက်လှပေသည်။


ပုဖန်က ဘလက်ကီ၏ နူးညံ့လှပသော အမွှေးများကို ပွတ်သပ်လိုက်ပြီး ဆိုင်ထဲသို့ ပြန်၀င်လာလိုက်သည်။ ထို့နောက် ခုံတစ်ခုံကို ဆွဲယူလိုက်ပြီး အပေါက်၀နားတွင် ချ၍ သက်တောင့်သက်သာ ၀င်ထိုင်လိုက်ကာ ပြတင်းပေါက်မှ တဆင့် တောက်ပနေသော ကောင်းကင်ကို မျက်စိမှေး၍ ကြည့်နေလိုက်သည်။


လမ်းကြားလေးထဲတွင် ပျက်စီးနေသော နံရံနှင့် လမ်းကို ပြင်ဆင်ရန် ဂျိချန်းရွဲ့ စေလွှတ်လိုက်သော အလုပ်သမားများ ပြည့်နှက်နေလေသည်။ လမ်းခင်းကျောက်များက ကြေမွသွားပြီး နံရံများက ဆိုးဆိုးဝါးဝါး ပျက်စီးနေလေသည်။ ထိုအလုပ်သမား များက များပြားခြင်း မရှိသောလည်း အလွန်လျှင်မြန်လှသော အရှိန်နှင့် လမ်းကို ပြန်လည်ပြင်ဆင်နေကြသည်။


“ပိုင်ရှင်ပု… မတွေ့ရတာကြာပြီ…”


ဖက်တီးဂျင်က ပြုံး၍ နှုတ်ဆက်လိုက်ရာ သူ၏ မျက်၀န်းမှေးလေးများက ပိတ်သွားပြီး မျဉ်းကြောင်း တစ်ကြောင်းအသွင် ဖြစ်နေလေသည်။


ခုံပေါ်တွင် အနားယူနေသော ပုဖန်က တစ်စုံတစ်ခုကို သတိရသွားပြီး ဖက်တီးဂျင်၏ တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။


“ပိုင်ရှင်ပုက ဘာဖြစ်နေတာလဲ… စိတ်အနှောက်အယှက် တစ်ခုခု ဖြစ်နေလို့လား…” ဖက်တီးဂျင်က ပုဖန်၏ အမူအယာကို ကြည့်၍ စိတ်ရှုပ်ထွေးသွားလေသည်။


ပုဖန်က ဖက်တီးဂျင်ကို အကဲခတ်လိုက်ပြီးနောက် စနစ်မှ ပေးအပ်ထားသော ယာယီတာ၀န်ကို ပြန်တွေးမိလိုက်သည်။ အလုပ်သင်တာ၀န် ခန့်အပ်ရန်အတွက် ဖက်တီးဂျင်က အရည်အချင်း ရှိမရှိကို သူက သိလိုနေလေသည်။


“ဖက်တီးဂျင်ရဲ့ ပုံပန်းသွင်ပြင်အရတော့ အလားအလာ ကောင်းတွေ အများကြီး ရှိနိုင်တယ်.. ပြီးတော့ သူက အစားကောင်းကြိုက်တဲ့သူဆိုတော့ ချက်ပြုတ်ခြင်းကိုလည်း စိတ်၀င်စားနိုင်တယ်…”


ပုဖန်က တွေးတောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်သည့် အလင်းတစ်ချက် ပေါ်ထွက်လာလေသည်။


ဖက်တီးဂျင်က ပုဖန်၏ အမူအယာကို ကြည့်၍ တုန်လှုပ်သွားလေသည်။


“သေစမ်း… ပိုင်ရှင်ပုဘာဖြစ်နေတာလဲ… သူငါ့ဆီက ဘာလို့ချင်လို့လဲ… သူက ဘယ်လိုဖြစ်လို့ ဒီသခင်လေးကို မြူဆွယ်သလို လာကြည့်နေတာလဲ…”


“မင်းတို့ဘာမှာမှာလဲ…” ပုဖန်က အကြည့်လွှဲလိုက်ပြီး ထိုင်ခုံမှ ထရပ်၍ မေးလိုက်သည်။


ဖက်တီးဂျင်က စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ပိုင်ရှင်ပု၏ ယခုအမူအယာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။ အစောပိုင်းက သူမြင်ခဲ့ခြင်းက စိတ်ဂယောင်ခြောက်ခြား ဖြစ်ခြင်းသာ ဖြစ်ရမည်ဟု တွေးတာ သတ္တိမွေး၍ ဟင်းပွဲများကို မှာယူလိုက်သည်။


ပုဖန်က ဖက်တီးဂျင်တို့ မှာယူသည့် ဟင်းပွဲများကို မှတ်သားလိုက်ပြီး မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်သည်။ တခဏအကြာတွင် မွှေးပျံ့လှသော ရနံ့များက မီးဖိုချောင်အတွင်းမှ ထွက်ပေါ်လာပြီး ထိုရနံ့များက ဆိုင်အတွင်းတွင် ရစ်ဝဲနေလေသည်။ ထိုရနံ့များက ဆွဲဆောင်မှု အလွန် ရှိလှပေသည်။


ပုဖန်က ဟင်းပွဲများကို ယူ၍ မီးဖိုချောင်ထဲမှ ပြန်ထွက်လာလိုက်သည်။ ထို့နောက် အနီရောင် အသားနှပ်ကို ဖက်တီးဂျင်၏ ရှေ့တွင် ချပေးလိုက်ကာ သူ၏ ရှေ့တွင် ခုံတစ်ခုံကို ဆွဲ၍ ၀င်ထိုင်လိုက်သည်။


ဟင်းပွဲကို စားသောက်ရန် ပြင်ဆင်နေသည့် ဖက်တီးဂျင်က ရုတ်တရက် အေးခဲသွားပြီး ပုဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။


“ပိုင်… ပိုင်ရှင်ပု… မင်းငါ့ဆီက တစ်ခုခုလိုချင်နေတာ ရှိလို့လား…” ဖက်တီးဂျင်က အသံတိုးတိုးနှင့် မေးလိုက်သည်။


ပုဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး ပြန်မေးလိုက်သည်။


“သူငယ်ချင်း ဂျင်… အနီရောင် အသားနှပ်ရဲ့ အရသာက ဘယ်လိုနေလဲ…”


“အရမ်းကောင်းတယ်… ပိုင်ရှင်ပုချက်ထားတဲ့ ဟင်းပွဲတွေ အကုန်လုံး အရမ်းကို ကောင်းတယ်…” ဖက်တီးဂျင်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး လက်မထောက်ကာ ချီးမွန်းပြောဆိုလိုက်သည်။


“ဒီလိုဆို အနီရောင်အသားနှပ်ကို နေ့တိုင်း စားချင်လား…”


ဖက်တီးဂျင်၏ မျက်၀န်းများက ပြူးကျယ်ဝိုင်းစက်သွားပြီး ပုဖန်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်သည်။


“ဒါက ဘာအဓိပ္ပါယ်လဲ..”


“ငါ့ဆီကနေ ချက်ပြုတ်တဲ့ နည်းလမ်းတွေကို သင်ယူနိုင်မယ်ဆိုရင် အနီရောင်အသားနှပ်ကို နေ့တိုင်း စားနိုင်လိမ့်မယ်…” ပုဖန်က အလေးအနက် ပြောလိုက်သည်။


ပုဖန်၏ စကားကို ကြားပြီးနောက် ဖက်တီးဂျင်၏ စိတ်လှုပ်ရှားနေသည့် အမူအယာက ချက်ချင်း ပျောက်ကွယ်သွားလေသည်။


“ပိုင်ရှင်ပု… ဒါမလုပ်နိုင်ဘူး… ငါက ကြမ်းတမ်းတဲ့ သူတစ်ယောက်ပါ… အစားအသောက် ချက်တယ်ဆိုတာ… အရမ်းသိမ်မွေ့ပြီး အသေးစိတ် အချက်အလက်တွေကို အာရုံစိုက်ဖို့ လိုအပ်တယ်… ငါက နေ့တိုင်း ဒီကို လာနိုင်ပြီး အစားအသောက်ကောင်းတွေ စားနိုင်တာပဲ လုံလောက်နေပါပြီ…”


ပုဖန်၏ ဖက်တီးဂျင်၏ တုံ့ပြန်မှုကို မမျှော်လင့်ထားခဲ့ချေ။


“သူက အနီရောင် အသားနှပ်ကို စားရတာ ကြိုက်တယ် မဟုတ်ဘူးလား… ဘာလို့ ချက်ပြုတ်တာကို စိတ်မ၀င်စားရတာလဲ…”


ပုဖန် ကြောင်အနေစဉ်တွင် ကွမ်းရှောင်ယီက ဆိုင်ထဲသို့ တက်ကြွစွာ ၀င်လာခဲ့ပြီး သူမ၏ လက်ထဲမှ ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် တစ်နေ့တာ လုပ်ငန်းစတင်ရန် ပြင်ဆင်လိုက်သည်။ သူမက စားပွဲထိုးလုပ်နေသည်မှာ အချိန်အနည်းငယ် ကြာနေပြီဖြစ်သောကြောင့် လုပ်ငန်းဆောင်တာများကို ရင်းနှီးနေပြီဖြစ်သည်။


ဖက်တီးဂျင်က ချက်ပြုတ်ခြင်းတွင် ဝါသနာ မပါသောကြောင့် ပုဖန်က အာရုံလွှဲလိုက်ပြီး အခြားသူများကို ကြည့်လိုက်သည်။ ပုဖန်၏ အကြည့်က ဆိုင်ထဲသို့ ၀င်လာသော ကွမ်းရှောင်ယီပေါ်သို့ ရောက်သွားလေသည်။


“ဒီကလေးမလေးရဲ့ အလားအလာကလဲ မဆိုးဘူး… သူမက ဆိုင်ရဲ့ ထူးဆန်းတဲ့ လေထုနဲ့ အမြဲတစေ ထိတွေ့နေတာဆိုတော့ သူ့ရဲ့ အခြေခံကလည်း မဆိုးဘူးလို့ ပြောလို့ရတယ်…”


“ရှောင်ယီ … ဒီကိုလာဦး…” ပုဖန်က ကွမ်းရှောင်ယီိကို လက်ရမ်းပြ၍ လှမ်းခေါ်လိုက်သည်။


ရှောင်ယီက ဇဝေဇ၀ါ အမူအယာနှင့် ပုဖန်ဆီသို့ လျောက်လာလိုက်သည်။


“စိတ်ပုပ်သူဌေး ငါ့ကို ဘာပြောမလို့လဲ….” ကွမ်းရှောင်ယီက မေးလိုက်သည်။


“ရှောင်ယီ… ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို နေ့တိုင်းစားရတာ ကြိုက်လား….” ပုဖန်က အလေးအနက် မေးလိုက်သည်။


ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို ကြားလိုက်သည်နှင့် ကွမ်းရှောင်ယီ၏ မျက်၀န်းများက လင်းလက်လာလေသည်။ စွပ်ပြုတ်က အရသာ အလွန်ကောင်းမွန်ပြီး သူမအကြိုက်ဆုံး အစားအစာပင် ဖြစ်သည်။ အကြိုက်ဆုံးအစားအစာ ဖြစ်သောကြောင့် ကွမ်းရှောင်ယီက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။


“ဒါပေါ့…”


“ဒီလိုဆိုရင်… ငါ့ဆီက အချက်အပြုတ်ပညာကိုသင်မလား… ဒါဆို…နေ့တိုင်း ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို သောက်နိုင်လိမ့်မယ်…”


“အချက်အပြုတ်သင်ရမယ်…” ကွမ်းရှောင်ယီ၏ မျက်၀န်းများက ပို၍ တောက်ပလာလေသည်။


“ပိုင်ရှင်ပုက ငါ့ကို အချက်အပြုတ်ပညာ သင်ပေးချင်နေတာလား… ဒါက မယုံနိုင်စရာ ကောင်းလွန်းတယ်…”


“ဟုတ်တယ်… နင်သင်မှာလား…” ပုဖန်က အေးစက်စက် ပြန်မေးလိုက်သည်။


“ဒါပေါ့… သင်မှာပေါ့… ဘာလို့ မသင်ရမှာလဲ…”


ကွမ်းရှောင်ယီက မျက်လုံးများ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ အစားကောင်းကြိုက်သူ တစ်ယောက်အနေနှင့် အစားအသောက်များကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ရခြင်းက စိတ်ကျေနပ်ဖွယ် ကောင်းသည်ဟု သူမက ထင်မြင်မိလေသည်။


“သတိပေးချက်… ကွမ်းရှောင်ယီ၏ ပါရမီ အရည်အချင်းကို စနစ်က အကဲဖြတ် စစ်ဆေးပြီးပါပြီ.. သူ့ကို ဥထမင်းကြော် သင်ပေးမယ်ဆိုရင် အချိန်တစ်လ လိုအပ်ပါလိမ့်မယ်…” စနစ်၏ အသံက ပုဖန်၏ စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။


ပုဖန်၏ နှလုံးသားကို မမြင်နိုင်သော မြှားတစ်စင်း စိုက်၀င်လာသည်ဟု ခံစားလိုက်ရလေသည်။


“တစ်လ… ဥထမင်းကြော်ကိုတောင် တစ်လသင်ရမှာလား… သူ့ကို ငါကိုယ်တိုင် သင်ပေးတာတောင်မှလေ….ဒီကလေးမလေးရဲ့ အချက်အပြုတ်စွမ်းရည်က ဘယ်လောက်တောင် ဆိုးဝါးနေတာလဲ…”


ကြည့်ရသည်မှာ ထိုကလေးမလေးက စားဖိုမှုးတစ်ယောက်အဖြစ် မသင့်တော်ပုံ ရလေသည်။ သူသာ သူမကို အကူအဖြစ် ရွေးချယ်လိုက်ပါက အလွန်ပင်ပန်း နွယ်နယ်ရပေလိမ့်မည်။


“အာ… ငါအခုမှစဉ်းစားမိတယ်… မင်းက အရမ်းငယ်သေးတော့ စားဖိုမှုးလုပ်ဖို့ မသင့်တော်သေးဘူး… မင်းအနေနဲ့ ချစ်စရာကောင်းတဲ့ အစားအသောက် ချစ်သူလေးပဲ ဆက်လုပ်နေတာ ပိုကောင်းလိမ့်မယ်…” ပုဖန်က အနည်းငယ် ချောင်းဟန့်လိုက်ပြီး မျက်တောင်တစ်ခတ်ခတ်နှင့် ရှောင်ယီ့ကို ပြန်ပြောလိုက်သည်။


“စိတ်ပုပ်သူဌေး… နင်ငါ့ကို အရူးလုပ်နေတာလား…” ကွမ်းရှောင်ယီက အလွန်ဒေါသထွက်သွားလေသည်။


“ဒီစိတ်ပုပ်သူဌေးက ဘာအဓိပ္ပါယ်လဲ… ဒီအမျိုးသမီးကို အထင်သေးနေတာလား…”


ပုဖန်က မတ်တပ်ရပ်လိုက်ပြီး ကွမ်းရှောင်ယီ၏ ခေါင်းကို အသာပုတ်၍ ပြောလိုက်သည်။


“မဟုတ်ပါဘူး… နင်က ထူးချွန်ပါတယ်.. ဒါပေမယ့့်.. နင်က အရမ်းငယ်နေသေးတယ်…”


“ငါဂရုမစိုက်ဘူး… နင်သင်ပေးမယ်လို့ ပြောထားပြီးပြီ…”


ကွမ်းရှောင်ယီက စိတ်ဆိုးစွာနှင့် နှုတ်ခမ်းဆူထားလိုက်သည်။ သူမက မျှော်လင့်ချက် ကြီးစွာနှင့် ချက်ပြုတ်ခြင်းလမ်းကြောင်းပေါ် လျောက်လှမ်း၍ သူမကိုယ်တိုင် ငါးခေါင်းတို့ဟူးစွပ်ပြုတ် ချက်ပြုတ်သည်အထိ တွေးတောထားပြီး ဖြစ်သည်။ သူမကိုယ်တိုင် ချက်ပြုတ်နိုင်ပါက စားချင်သည့် အချိန်တွင် ချက်ပြုတ်နိုင်ပြီး မကုန်လျှင်ပင် သွန်ပစ်နိုင်မည် ဖြစ်သည်။


“အာ… ဒီလိုဆိုရင်ရော… ဘယ်လိုသဘောရလဲ… နင်အိမ်ပြန်သွားတဲ့ အခါကျရင် ဥထမင်းကြော်တစ်ပွဲကို စမ်းချက်ကြည့်ပြီး နောက်နေ့ယူလာခဲ့… တကယ်လို့ ငါ့ရဲ့ အကဲဖြတ်မှုကို အောင်မြင်မယ်ဆိုရင် နင့်ကို အလုပ်သင်စားဖိုမှုးအဖြစ် လက်ခံပြီး ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာကို သင်ပေးမယ်..”


ကွမ်းရှောင်ယီက သူမ၏ စိတ်မကျေနပ်မှုများကို ဟန့်တားထားလိုက်သည်။


“နင်ပြောတဲ့ စကားကို မှတ်ထားနော်… ပြီးတော့မှ ကတိမဖျက်နဲ့..” ကွမ်းရှောင်ယီက မကျေမနပ်နှင့် ပြန်ပြောလိုက်သည်။


“ဟုတ်ပါပြီ… ငါပြောတဲ့ အတိုင်း လုပ်မှာပါ…”


ပုဖန်၏ အမူအယာက အေးဆေးတည်ငြိမ်နေလေသည်။ စနစ်၏ ကွမ်းရှောင်ယီအပေါ် အကဲဖြတ်မှုအရ သူစိတ်ကျေနပ်သည့် ဥထမင်းကြော် အဆင့်သို့ ရောက်ရန်မှာ အလွန်ခက်ခဲသည့် စမ်းသတ်ချက် ဖြစ်နေလိမ့်မည်ကို သူက သိနေလေသည်။


စားသုံးသူ အမြောက်အများ ဆိုင်ထဲသို့ ၀င်လာသောကြောင့် ပုဖန်က မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်သည်။


ကွမ်းရှောင်ယီက သူမ၏ စိတ်လှုပ်ရှားမှုများကို အနိုင်နိုင် ထိန်းချုပ်ထားရလေသည်။ သူမက ချက်ချင်းပင် အိမ်သို့ ပြန်၍ ပုဖန်စိတ်ကျေနပ်နိုင်မည့် ဥထမင်းကြော်ကို ချက်ပြုတ်လိုနေလေသည်။


မီးဖိုချောင်ထဲတွင် ပုဖန်က ခေါင်းပေါက်မတက် ဆက်လက်စဉ်စားနေလေသည်။


“အလုပ်သင်စားဖိုမှုးအဖြစ် ဘယ်သူ့ကို ရွေးချယ်ရမလဲ…”