အပိုင်း ၂၃၇
Viewers 53k

အခန်း ၂၃၇ “ကွမ်းရှောင်ယီ၏ ဥထမင်းကြော်”


ဆောင်းရာသီက တဖြည်းဖြည်း ကုန်ဆုံးလာသောကြောင့် နွေဦးလေပြေများ တိုက်ခတ်နေပြီဖြစ်သည်။ နွေဦးတွင် ရွာသွန်းလေ့ရှိသော မိုးဖွားလေားများ ကျဆင်းနေပြီး ကောင်းကင်နှင့် မြေပြင်ကို ကုလားကာ တစ်ခုကဲ့သို့ ဆက်သွယ်နေလေသည်။ ဆောင်းရာသီတွင် ပျက်စီးခဲ့သော မြေဆီလွှာများကလည်း ပြန်လည်ကောင်းမွန် လာကြလေသည်။ 


အင်ပါယာမြို့တော်၏ လမ်းမထက်တွင် မြွေလူသား အားနီ ယုဖန်နှင့် ယုဖူတို့က မိုးစက်လေးများကို အန်တု၍ ပုဖန်၏ ဆိုင်သို့ လာနေကြသည်။ သူတို့သုံးယောက် ဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် မွှေးပျံ့လှသော ရနံ့လေးများက သူတို့ကို ကျီဆယ်သွားလေသည်။ ဆိုင်ငယ်လေးက အမြဲလိုလို မွှေးရနံ့များနှင့် ထုံသင်းနေသော ကောင်းမွန်သော ဟင်းပွဲများက စားသုံးသူများကို ဆွဲဆောင်နေလေသည်။ 


သူတို့က ပုဖန်ကို နှုတ်ဆက်ရန် ရည်ရွယ်၍သာ လာခဲ့ခြင်း ဖြစ်သည်။ ယုဖန်က ပုဖန်၏ ဆိုင်ငယ်လေးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ထားခဲ့သော်လည်း ကြီးမားသော အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် သူ၏ ဆုံးဖြတ်ချက်က အလွန် ရယ်စရာ ကောင်းနေသည်ကို သဘောပေါက်သွားလေသည်။ ပုဖန်၏ ဆိုင်က သူ၏ ကာကွယ်စောင့်ရှောက်မှုကို မလိုအပ်ပေ။ တစ်နည်းပြောရပါက သူက အစွမ်းအစက ပုဖန်၏ ဆိုင်မှ အဆင့်သတ်မှတ်ချက်ကို မမှီခဲ့ပေ။


ကြီးကျယ်လှသော သံစက်ရုပ်နှင့် လူအများကို ကြောက်ရွံ့ထိတ်လန့်စေသော ခွေးနက်ကြီးတို့က မြွေလူသားမျိုးနွယ်များပင် ယှဉ်ပြိုင်နိုင်သော တည်ရှိမှုများ မဟုတ်ပေ။ ဆိုင်ငယ်လေး၏ စောင့်ရှောက်သူအဖြစ် သူ၏ ကမ်းလှမ်းချက်က ဟာသအနေနှင့်ပင် သတ်မှတ်နိုင်လေသည်။ ဆိုင်ငယ်လေးကသူတို့၏ ကာကွယ်စောင့်ရှောက်မှုကို မလိုအပ်သောကြောင့် အင်ပါယာ မြို့တော်တွင် ဆက်လက်နေထိုင်ရန် အကြောင်းပြချက် မရှိနေတော့ချေ။ 


အင်ပါယာ မြို့တော်က သူတို့အတွက် နယ်မြေစိမ်း ဖြစ်သောကြောင့် မြွေလူသား မျိုးနွယ်စုများ ရှိရာ သူတို့၏ နေရပ်သို့ ပြန်တော့မည်ဖြစ်သည်။ 


မီးဖိုချောင်ထဲမှ ထွက်လာသော ပုဖန်က ဆိုင်အတွင်းသို့ ရောက်ရှိနေသော မြွေလူသားများကို သတိပြုမိလိုက်သည်။ သားအဖ နှစ်ယောက်နှင့် အားနီက သူ့ကို စိတ်ရင်းနှင့် ကျေးဇူးတင်ကြောင်း ပြောကြလေသည်။ ပုဖန်ကြောင့်သာ မဟုတ်ပါက မြွေလူသား ယုဖန်က နိုးထလာနိုင်မည် မဟုတ်ပေ။ 


ပုဖန်က လက်ဝှေ့ရမ်းပြလိုက်သည်။ မြွေလူသားယုဖန်ကို ကယ်တင်ခဲ့ခြင်းက အကြီးအကဲနှင့် ကတိပေးခဲ့သည့် သဘောတူညီချက်သာ ဖြစ်သောကြောင့် သူက ထိုကိစ္စကို စိတ်ထဲထားမနေပေ။ သူက မျက်၀န်းများ မှေစင်းလိုက်ပြီး မြွေလူသားများကို အကဲခတ်လိုက်သည်။ 


သူ၏ အကြည့်များကြောင့် မြွေလူသား သုံးယောက်က စိတ်မသက်မသာ ဖြစ်နေလေသည်။ အထူးသဖြင့် ယုဖူက ပုဖန်၏ အကြည့်များကို နားမလည်နိုင်ချေ။


“ပိုင်ရှင်ပု… ငါ့ခန္ဒာကိုယ်ထဲမှာ တစ်ခုခု ရှိနေလို့လား…” ယုဖူက ဇဝေဇဝါနှင့် မေးလိုက်ပြီး သူမကိုယ်သူမ ပြန်ကြည့်လိုက်မိသည်။ 


“အားလုံးက ပုံမှန်ပါပဲ…”


ပုဖန်က နှုတ်ခမ်းတွန့်၍ ပြုံးလိုက်ပြီးနောက် ယုဖန်ကို မျက်လုံးချင်းဆုံ၍ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ စိတ်ထဲမှ စနစ်ကို မေးမြန်းလိုက်သည်။


“စနစ်… ဒီမြွေအမျိုးသမီးရဲ့ အချက်အပြုတ် စွမ်းရည်ကရော ဘယ်လိုလဲ…”


စနစ်က တခဏမျှ တိတ်ဆိတ်သွားပြီး တည်ကြည်စွာနှင့် ပြန်ပြောလာလေသည်။ 


“စနစ်ရဲ့့ အကဲဖြတ်မှုအရ မြွေအမျိုးသမီးရဲ့ အချက်အပြုတ်စွမ်းရည်က အရည်အချင်း ပြည့်မှီပါတယ်… သူ့ကို ဥထမင်းကြော်နည်း သင်မယ်ဆိုရင် တစ်ရက်ခွဲပဲ လိုပါလိမ့်မယ်…”


“တစ်ရက်ခွဲ…”


ပုဖန်၏ မျက်၀န်းများက တောက်ပလာလေသည်။ မြွေအမျိုးသမီး၏ အချက်အပြုတ် ပါရမီက ကောင်းမွန်လှသောကြောင့် ဆိုင်ငယ်လေး၏ အလုပ်သင်စားဖိုမှုးတစ်ယောက် ဖြစ်လာနိုင်ပေသည်။ 


“အဟမ်း…”


“ယုဖူ… နင်က အချက်အပြုတ်သင်ဖို့ စိတ်၀င်စားလားဆိုတာ ငါသိချင်တယ်…” ပုဖန်က မေးလိုက်သည်။ 


ပုဖန်၏ စကားကြောင့် မြွေလူသားများက အံ့အားသင့်သွားကြသည်။ 


“ပိုင်ရှင်ပု ပြောလိုက်တာက ဘာအဓိပ္ပါယ်လဲ…”


သို့သော် ပုဖန်က မည်သည့် ဖြေရှင်းချက်မျှ မပေးပဲ မြွေလူသားသုံးယောက်ကို ကြည့်နေလိုက်သည်။ အထူးသဖြင့် ယုဖူကို အာရုံစိုက်ကြည့်နေလေသည်။


ယုဖူ၏ စိတ်ထဲတွင်လည်း တုန်လှုပ် အံ့အားသင့်နေလေသည်။သူမ၏ မျက်နှာက နီရဲလာလေသည်။ ပိုင်ရှင်ပုက သူမကို အကဲခတ်နေစဉ်က စိတ်မသက်မသာ ဖြစ်မှုကို ခံစားခဲ့ရလေသည်။


“ငါ.. ငါ လုပ်နိုင်ပါ့မလား…”


ယုဖူက စိတ်ရှုပ်ထွေးစွာနှင့် ပြန်မေးလိုက်သည်။ သူမက ပုဖန်၏ ဆိုင်မှ စားကောင်းသောက်ဖွယ်များ၏ အရသာကို ပြန်၍ အမှတ်ရသွားလေသည်။ ဟင်းပွဲတစ်ပွဲစီတိုင်းက အနံ့အရသာ အလွန်ကောင်းမွန်လှသောကြောင့် သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိလေသည်။ 


“မင်းလုပ်နိုင်တယ်… ဒါပေမယ့် ငါ့ရဲက အလုပ်သင် စားဖိုမှုး ဖြစ်လာချင်ရင် စမ်းသပ်မှုကို ဖြတ်ကျော်ရမယ်.. မနက်ဖြန်ကျရင် ဥထမင်းကြော်တစ်ပွဲ ချက်ပြုတ်ပြီး ငါအကဲဖြတ်နိုင်အောင် ယူလာခဲ့လိုက်… တကယ်လို့ ငါ့ရဲ့ သတ်မှတ်ချက်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် အလုပ်သင်စားဖိုမှုးအဖြစ် ခန့်အပ်ပြီး ချက်ပြုတ်ခြင်း နည်းစနစ်တွေကို သင်ပေးမယ်…” ပုဖန်က အလေးအနက် ပြန်ပြောလိုက်သည်။ 


ယုဖူက ပုဖန်၏ အလေးအနက် ထားမှုကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူမ၏ မြွေအမြှီးကို ရမ်းခါလိုက်ပြီး တည်ကြည်စွာ ခေါင်းငြိမ့်ပြလိုက်သည်။


အားနီ၏ မျက်၀န်းများက ပြူးကျယ်နေလေသည်။ မထင်မှတ်ထားစွာပင် ယုဖူက ဆိုင်ငယ်လေး၏ အလုပ်သင်စားဖိုမှု ဖြစ်လာနိုင်တော့မည် ဖြစ်သည်။ ထိုအဓိပ္ပါယ်က နောင်အနာဂတ်တွင် ယုဖူက ဆိုင်ငယ်လေး၏ အလုပ်သင် စားဖိုမှုးတစ်ယောက်အနေနှင့် အရသာရှိသော အစားအသောက် ကောင်းများကို ချက်ပြုတ်လာနိုင်တော့မည် ဖြစ်သည်။ ထိုအချက်ကို တွေးမိလိုက်ပြီး အားနီက အားကျမှုကို ခံစားလိုက်ရသည်။


“ပိုင်ရှင်ပု… ငါရော… အချက်အပြုတ်နည်းလမ်းတွေကို သင်ယူလို့ ရလား…” အားနီက သူ၏ ရင်ဘက်ကြွက်သားများကို ပုတ်၍ ပြန်ပြောလိုက်သည်။


ပုဖန်က အားနီကို ကြည့်လိုက်ချိန်တွင် စနစ်၏ အသံက ထွက်ပေါ်လာလေသည်။ 


“အားနီရဲ့ အချက်အပြုတ်စွမ်းရည်က ကွမ်းရှောင်ယီကိုတောင် မမှီနိုင်ဘူး… သူက စားဖို့သက်သက်ပဲ သိတဲ့ ငတုံးတစ်ယောက်ပဲ…”


ယုဖန်က ယုဖူတွင် ထိုကဲ့သို့ ကံကြမာကောင်းများ ရှိလာမည်ဟု မတွေးထားမိခဲ့ချေ။ ဆိုင်ငယ်လေးတွင် အဆင့်မြင့် သားရဲကြီးနှင့် လျို့ဝှက်ဆန်းကျယ်လှသော စက်ရုပ်တစ်ရုပ် ရှိနေသောကြောင့် သူမ၏ လုံခြုံရေးကို စိတ်ပူရန် မလိုအပ်ပေ။ ထို့အပြင် မြွေလူသားမျိုးနွယ်စုသို့ ပြန်ရောက်သည်နှင့် သူက လက်စားချေရန် ပြင်ဆင်ထားလေသည်။ ထိုအချိန်တွင် မြွေလူသားမျိုးနွယ်များက ပရမ်းပတာ အခြေအနေသို့ ရောက်ရှိသွားနိုင်လေသည်။


ထို့ကြောင့် ယုဖူကို ဆိုင်ငယ်လေးတွင် ထားခဲ့ခြင်းက သူမကို ကာကွယ်ပြီးသား ဖြစ်သွားပေလိမ့်မည်။ ယုဖန်၏ မျက်၀န်းများက အနည်းငယ် မှေးမှိန်သွားသော်လည်း သူ၏ စိတ်ထဲတွင် ရှင်းလင်းစွာ ဆုံးဖြတ်ချက် ချပြီး ဖြစ်နေလေသည်။ 


….


သူတို့ သုံးယောက်က သူတို့ နေထိုင်ရာ အိမ်တော်သို့ ပြန်ရောက်လာကြသည်။


“အဖေ… ငါနေခဲ့သင့်လား…” ယုဖူက မျက်လုံးဝိုင်းလေးများနှင့် ယုဖန်ကို ကြည့်၍ မေးလိုက်သည်။


သူမသာ နေခဲ့ပါက ယုဖန်နှင့် အားနီတို့ကို လမ်းခွဲလိုက်ရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေလေသည်။ မြွေလူသား မျိုးနွယ်ထဲတွင် သန်မာသည့် လူများ များစွာ မရှိသောကြောင့် ယုဖန်နှင့် အားနီတို့က ကြာမြင့်စွာ နေထိုင်နိုင်မည် မဟုတ်ပေ။ 


“ငါ့ကလေးလေးက ကံကောင်းတာပဲ… ပိုင်ရှင်ပုက သာမာန်လူတစ်ယောက် မဟုတ်ဘူးလေ… ဒါကြောင့် သူ့ဆီက အချက်အပြုတ်ပညာသင်ယူရတာက ကောင်းချီးပေးခံရတာနဲ့ တူတူပဲ…” ယုဖန်က ခပ်ပြုံးပြုံးနှင့် သူ့သမီး၏ ခေါင်းကို ပုတ်၍ ပြောလိုက်သည်။


“ဟုတ်တယ် ယုဖူ… တကယ်လို့ ပိုင်ရှင်ပုသာ ငါ့ကိုရွေးချယ်ခဲ့မယ်ဆိုရင် ငါက သူ့နောက်ကို ကမ္ဘာမြေ ဆုံးတဲ့ထိ လိုက်နေမှာပဲ… ပိုင်ရှင်ပုသာရှိရင် ဘယ်တော့မှ အစားအသောက် ပျက်မှာ မဟုတ်တော့ဘူး…” အားနီက ကျောမတ်လိုက်ပြီး ရယ်ကျဲကျဲနှင့် ပြောလိုက်သည်။


သူ၏ စကားကြောင့် ယုဖူက ကြောင်အသွားလေသည်။ 


ယုဖန်က ပို၍ လေးနက်လာပြီး ယုဖူကို ကြည့်၍ ပြောဆိုလိုက်သည်။


“ဒီတော့… သမီးက ပိုင်ရှင်ပုဆီမှာနေပြီး အချက်အပြုတ်ပညာကို သင်ယူသင့်တယ်… ဒီလိုသာဆိုရင် ပထမဆုံး မြွေလူသားစားဖိုမှုး တစ်ယောက် ဖြစ်လာနိုင်မယ်…”


သူမဖခင်၏ အားပေ့းထောက်ခံမှုကြောင့် ယုဖူက ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင်လည်း အလေးအနက် အမူအယာများ ဖြစ်လာလေသည်။


ခဏအကြာတွင် ယုဖန်၏ စီစဉ်ပေးမှုနှင့် မီးဖိုချောင်တစ်ခု ဖြစ်လာလေသည်။ သူမက ဥထမင်းကြော်ကို စမ်းသပ်ချက်ပြုတ်ရန် အဆင်သင့် ဖြစ်နေလေသည်။ ထိုဟင်းပွဲကို ပိုင်ရှင်ပုကိုယ်တိုင် မြည်းစမ်းမည် ဖြစ်သောကြောင့် သူမက အလုပ်ပေါ်တွင် အလေးအနက် ထားလိုက်လေသည်။


……


အလုပ်သင် စားဖိုမှုး ရွေးချယ်ရန်အတွက် ပုဖန်၏ စိတ်ထဲတွင် လူများစွာ ရှိနေလေသည်။ ထိုသူများက ဥအနှစ်မုန့်လုပ်ရသည်ကို စိတ်၀င်စားလှသော ကျွင်းအာ မကြာခဏ ဟင်းပွဲများ ချက်ပြုတ်လာပြီး သူ၏ အကဲဖြတ်မှုကို လာရောက်တောင်းခံတတ်သော နီယန်… နူးညံ့သိမ်မွေ့ပြီး လှပလှသော ရှောင်ယန်ယုနှင့် အစားကောင်းကြိုက်တတ်သော ရှောင်ရှောင်လုံတို့ တို့ ဖြစ်ကြပြီး ထိုသူများက ရွေးချယ်ခံရန် အရည်အချင်း ရှိနေလေသည်။


သို့သော် နှမျောစရာ ကောင်းလှသည်က ဆိုင်ပိတ်ချိန် ရောက်လာသည်အထိ ထိုသူများက ရောက်ရှိလာခြင်း မရှိကြချေ။ 


ကွမ်းရှောင်ယီက ပုဖန်ကို နှုတ်ဆက်လိုက်ပြီးနောက် လေအလျင်ကဲ့သို့ လျင်မြန်စွာ ထွက်ခွာသွားလေသည်။ လမ်းကြားလေးကို ဖြတ်ကျော်လာပြီးနောက် ကွမ်းစံအိမ်ရှိရာသို့ တဟုန်တိုး ပြေးလေတော့သည်။ သူမက အရသာရှိသော ဥထမင်းကြော်တစ်ပွဲ ချက်ပြုတ်ပြီး ပုဖန်ကို သက်သေပြရန် စိတ်လောနေလေသည်။ 


ပုဖန်က လျင်မြန်စွာ ပြေးထွက်သွားသော ရှောင်ယီ့ကို ကြည့်၍ နှုတ်ခမ်းတွန့်ကွေးသွားအောင် ပြုံးလိုက်လေသည်။ ထို့နောက် ဆိုင်တံခါးများ ပိတ်လိုက်ပြီး မီးဖိုချောင်အတွင်းသို့ ၀င်လာလိုက်သည်။ သူက ပါ၀င်ပစ္စည်းအချို့ကို ထုတ်ယူလိုက်ပြီး လေ့ကျင့်ချက်ပြုတ်ရန် စတင်လိုက်သည်။


……


ကွမ်းအိမ်တော်တွင် ကွမ်းမိသားစုများက မအိပ်စက်ကြသေးပေ။ ကွမ်းမိသားစု၀င်များက မီးဖိုချောင်၏ အပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန် လျောက်နေကြလေသည်။


ကွမ်းအဖိုးအိုက သူ၏ ရှည်လျားလှသော မုတ်ဆိတ်များကို သပ်၍ မီးဖိုချောင်ရှိရာသို့ မကြာမကြာ လှမ်းကြည့်နေလေသည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ချ၍ ခေါင်းခါရမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ထပ်ချလိုက်သည်။


စစ်သူကြီး ကွမ်းဇောင်ဟန့်ကလည်း ကွမ်းအဖိုးအိုကို တုပ၍ သက်ပြင်းတစ်ချက် ချလိုက်လေသည်။ 


လူရိုင်းညီအကို သုံးယောက်က ရေခဲရုပ်တုများကဲ့သို့ တောင့်တောင့်ကြီး ရပ်နေကြပြီး မီးဖိုခန်းဘက်သို့ ကြည့်နေကြလေသည်။ 


“သခင်ကြီး… ရှောင်ယီ အောင်မြင်မယ်လို့ ထင်လား…” 


ကွမ်းရှောင်ယီ၏ မိခင်က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ကွမ်းရှောင်ယီကို ကြည့်၍ ကွမ်းဇောင်ဟန့်ကို လှမ်းမေးလိုက်သည်။


“ဒါက ရှောင်ယီပထမဆုံး ချက်ပြုတ်တာပဲ… ဒါပေမယ့်… ကလေးမလေးက ဒီစစ်သူကြီးရဲ့ အချက်အပြုတ် စွမ်းရည်ကို အမွေဆက်ခံထားတာ… ဒါကြောင့် စကြာ၀ဠာတစ်ခုလုံး ထိတ်လန့်သွားပြီး နတ်ဘုရားတွေကိုတောင် တုန်လှုပ်သွားစေနိုင်တဲ့ မယုံကြည်နိုင်စရာ ဥထမင်းကြော်ကို ချက်ပြုတ်နိုင်မယ်ဆိုတာ သေချာတယ်…”


ကွမ်းဇောင်ဟန့်က သူ၏ ရင်ဘက်ကို ပုတ်၍ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ 


ကွမ်းအဖိုးအိုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်သည်။


“မင်းရဲ့ အချက်အပြုတ်စွမ်းရည်ကို အမွေဆက်ခံတယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ… သူမက ငါ့ဆီက အမွေဆက်ခံထားတယ်ဆိုတာ အရှင်းကြီးပဲလေ…”


“ငါအရင်က ဧကရာဇ် ချန်းဖန်ကို အဖော်ပြုပြီး အဝါရောင် အာကာသဂိုဏ်းကို သွားခဲ့တာကို မှတ်မိသေးတယ်… အဲဒီစစ်ပွဲမှာ ရိက္ခာပြတ်လတ်သွားပြီး ဧကရာဇ်က တစ်ရက်လုံး ဗိုက်ဟောင်းလောင်းနဲ့ နေခဲ့ရတယ်.. ဒီအဖိုးကြီးက ဧကရာဇ်ရဲ့ ကျန်းမာရေးကို စိတ်ပူမိလို့ အန္တရာယ်နယ်မြေထဲ တိုး၀င်သွားပြီး အဆင့်ငါး သားရဲတစ်ကောင်ကို လှံရှည်နဲ့ သတ်ဖြတ်ခဲ့တယ်…”


“ပြီးတော့..ငါကိုယ်တိုင်ပဲ သေသေချာချာ ချက်ပြုတ်ခဲ့တယ်… အဲဒီအရသာက …. ကျွတ်ကျွတ်… ဘယ်အချိန် ပြန်စဉ်းစားစဉ်းစား အဲဒီ စွဲလမ်းစရာ ကောင်းတဲ့ အရသာကို ပြန်ခံစားမိနေတုန်းပဲ…”


“အပိုတွေ ပြောနေတာမဟုတ်ဘူး… အဲဒီအသားကင်က အရမ်းကို အရသာ ရှိတယ်… ပိုင်ရှင်ပုရဲ့ အနီရောင် အသားနှပ်နဲ့ အကွာကြီး ကွာနေတယ်ဆိုပေမယ့် အရသာ ရှိတာပါပဲ…”


ကွမ်းအဖိုးအိုက အတွေးရေယဉ်ကြောထဲ နစ်မျောသွားလေသည်။ သူက အတိတ်မှ အကြောင်းအရာများကို ပြန်လည်တွေးတောနေမိပြီး စိတ်လှုပ်ရှားစွာနှင့် လက်ဝှေ့ရမ်းလိုက်လေသည်။ 


မီးဖိုချောင်ရှေ့တွင် ရပ်နေသည့် လူများက ရုတ်တရက် ထခုတ်မိမတက် လန့်ဖြန့်သွားကြလေသည်။ မီးဖိုခန်းဘက်မှ အလင်းရောင်များ ထွက်ပေါ်နေပြီး မွှေးပျံ့လှသည့် ရနံ့များ ထွက်ပေါ်နေလေသည်။ 


ကလစ်…


နောက်ဆုံးတွင် မီးဖိုချောင် တံခါး ပွင့်လာလေသည်။ ကွမ်းရှောင်ယီ၏ ဖြူဖွေးနေသော မျက်နှာပေါ်တွင် အိုးမည်းများ ပေပွနေလေသည်။ သူမက ကြွေပန်းကန်လုံး တစ်လုံးကို သယ်ဆောင်၍ မီးဖိုချောင်ထဲမှ ပေလူးနေသော ကြောင်တစ်ကောင်ကဲ့သို့ လျောက်ထွက်လာလေသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။


“အဖိုး… အဖေ… အမေ… ဒါကို လာမြည်းကြည့်ပါဦး… ဒါက ငါ့ရဲ့ ပထမဆုံးလက်ရာ ဥထမင်းကြော်…”