အခန်း ၂၃၈ “မီးသွေးခဲ ထမင်းကြော်”
မီးဖိုချောင်ဘက်မှ ထူးဆန်းသော အနံ့တစ်ခု ထွက်ပေါ်လာလေသည်။ ထိုအနံ့က တစ်စုံတစ်ခု တူးနေသည့် အနံ့ဖြစ်သောကြောင့် အားလုံးက မျက်မှောင်ကြုံ့လိုက်မိကြသည်။
“အာ… ငါ့ရဲ့ ကလေးလေးကို ကြည့်ပြီး ဘာလို့ ၀မ်းနည်းနေတာလဲ…”
ကွမ်းအဖိုးအိုက ရှောင်ယီ၏ မျက်နှာပေါ်မှ အိုးမဲများကို ကြည့်၍ စိတ်ထဲတွင် နာကျင်သွားလေသည်။ သို့သော် ရှောင်ယီ၏ မျက်၀န်းများက လင်းလက်တောက်ပနေပြီး သူမ၏ မျက်၀န်းများထဲတွင် စိတ်လှုပ်ရှားမှုများကို အထင်းသား မြင်နေရပေသည်။
ကွမ်းရှောင်ယီက မျက်နှာတွင် ပေကျံနေသော ပြာမှုန့်များကိုသုတ်၍ ပြုံးပြလိုက်သည်။ ထို့နောက် သူမလက်ထဲမှ ကြွေပန်းကန်ကို ကွမ်းအဖိုးအို၏ နှာခေါင်းနားသို့ မြှောက်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အဖိုး… ဒါကို မြည်းကြည့်ဦး… ဒါက သမီးရဲ့ ပထမဆုံးလက်ရာ ဥထမင်းကြော်…”
“ကောင်းပါပြီ… ဒီအဖိုးက မြည်းကြည့်ပါမယ်…”
ကွမ်းအဖိုးအိုက ရှောင်ယီ့ကို ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်ပြီး သူမ၏ ခေါင်းကိုခပ်ဖွဖွလေး ပုတ်လိုက်သည်။ ထို့နောက် သူ၏ ဘေးတွင် ရပ်နေသော အိမ်စေတစ်ယောက်ဆီမှ ကြွေဇွန်းကို ယူလိုက်သည်။ ထို့နောက် ရှောင်ယီ့လက်ထဲမှ ထမင်းကြော်ပန်းကန်ကို ကြည့်လိုက်လေသည်။ ချက်ချင်းပင် သူ၏ မျက်၀န်းများက တွန့်ဆုတ်သွားလေသည်။
ဒါက..
ဥထမင်းကြော်ပန်းကန်၏ အပေါ်မှ အခိုးအငွေ့များက ထူးဆန်းသည့် အရောင် ဖြစ်နေပြီး ဆန်စိများကလည်း အနက်ရောင်ပြောင်းနေပြီး အနီရောင် အချို့ပင် ရောပါနေလေသည်။ အကျက်လွန်နေသော ဥကြော်တစ်လုံးကို ထမင်းထဲတွင် ရောမွှေထားပုံက ချက်ချင်းပင် ပစ်ထုတ်ချင်ဖွယ် ဖြစ်နေလေသည်။
“ဒါ… ဒါက ဘာလဲ…”
ကွမ်းအဖိုးအိုက ဝေခွဲမရ ဖြစ်သွားလေသည်။ ကြွေဇွန်းကိုင်ထားသော သူ၏ လက်များပင် အနည်းငယ် တုန်ယင်နေလေသည်။
“ပုံမှန် ဥထမင်းကြော်ဆိုရင် ဥအနှစ်လေးတွေက ထမင်းစေ့တိုင်းကို ဖုံးလွှမ်းနေပြီး ထမင်းစေ့က တစ်လုံးခြင်း ဖြစ်နေရမှာ… အခုထမင်းကြော်မှာ ဥက အပြားလိုက်ဖြစ်နေပြီး ထမင်းစေ့လေးတွေကလည်း ခဲနေတယ်… ပိုပြီး အရေးကြီးတာက ထမင်းကြော်ရဲ့ အရောင်က တော်တော် ထူးခြားနေတာပဲ…”
ဂလု…
ကွမ်းအဖိုးအိုက သူ၏ မုတ်ဆိတ်များကို သပ်၍ တံတွေးတစ်လုပ် မျိုချလိုက်သည်။
“အဖိုး… လုပ်ပါ… မြည်းကြည့်ပါ….” ကွမ်းရှောင်ယီက ယုံကြည်မှု အပြည့်နှင့် တိုက်တွန်းလိုက်သည်။
“ဒါပေါ့… ဒါက မြေးမလေးရဲ့ ပထမဆုံးလက်ရာဆိုတော့… အဖိုးက မြည်းကြည့်ရမှာပေါ့…”
ကွမ်းအဖိုးအို၏ စိတ်ထဲတွင် တုန်တုန်ယင်ယင် ဖြစ်နေသော်လည်း ထမင်းတစ်ဇွန်းကို ခပ်လိုက်သည်။ ထို့နောက် လက်ကို မသိမသာ တုန်ယင်စေလိုက်ပြီး ထမင်းအချို့ကို လျောကျသွားစေလိုက်သည်။ သူ၏ လှုပ်ရှားမှုကို မည်သူကမျှ သတ်ိမပြုမိလိုက်ပေ။ ထို့နောက် အဖိုးအိုက ဇွန်းကို နှာခေါင်းအနီးသို့ ကပ်လိုက်ပြီး အနံ့ခံကြည့်လိုက်သည်။
တူးနံ့က သူ၏ နှာခေါင်းထဲသို့ အလုံးအရင်း ၀င်လာသောကြောင့် ကွမ်းအဖိုးအို၏ နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်ယင်သွားလေသည်။ သူ၏ စိတ်ထဲတွင်လည်း စိုးရွံ့တုန်လှုပ်နေလေသည်။
“မြေးလေး… အဖိုးအခုပဲ မြည်းကြည့်တော့မယ်နော်…” နှာခေါင်းမှ လောင်ကျွမ်းနေသော အနံ့ကို လျစ်လျူရှုလိုက်ပြီး အဖိုးအိုက ပြောလိုက်သည်။
“အဖိုး…. ငါက ဒီဥထမင်းကြော်နဲ့ ပိုင်ရှင်ပုကို အနိုင်ယူမလို့…”
ကွမ်းရှောင်ယီက သူမ၏ မျက်နှာကို တစ်ချက်သပ်လိုက်ပြီး ယုံကြည်မှု အပြည့်နှင့် ပြောဆိုလိုက်သည်။
ကွမ်းအဖိုးအိုက အားတင်း၍ ပြုံးပြလိုက်သည်။
“သူ့ကို အနိုင်ယူမယ်… ဒါက ပိုင်ရှင်ပုကို သတ်ဖြတ်တာထက်တောင် ဆိုးနေဦးမယ်….”
အဆင့်ရှစ် စစ်နတ်ဘုရားများ၏ လက်ထဲမှပင် လွတ်မြောက်နိုင်သော ပိုင်ရှင်ပုက သူမ၏ ဥထမင်းကြော်ကြောင့် အဆိပ်မိ သေဆုံးခဲ့ပါက ဟိုးလေးတကျော် ဖြစ်သွားပေလိမ့်မည်။
“စား…” ကွမ်းရှောင်ယီက စူးစူးရှရှ ကြည့်၍ ပြောလိုက်သည်။
ကွမ်းအဖိုးအိုက သူ့လက်ထဲမှ ထမင်းကြော်ကို ကြည့်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ကွမ်းအဖိုးအို၏ မျက်နှာအရောင်က ရုတ်တရက် ပြောင်းလဲသွားလေသည်။ အသက်တစ်ရှိုက်စာ အချိန်အတွင်းတွင် ကွမ်းအဖိုးအို၏ မျက်နှာက အရောင် သုံးမျိုး ပြောင်းသွားလေသည်။ ပထမဆုံး အနီရောင် ထို့နောက်..အနီရောင်… ထို့နောက် အနက်ရောင်သို့ ပြောင်းလဲသွားလေသည်။
ဂျွမ်း… ဂျွမ်း…
ကွမ်းအဖိုးအိုက သတ္တိမွေးလိုက်ပြီး အံကျိတ်၍ ဝါးလိုက်လေသည်။ ကျောက်တုံး ကျေက်ခဲများ တစ်ခုနှင့် တစ်ခု ပွတ်တိုက်သံကဲ့သို့ အသံများ ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် ကွမ်းအဖိုးအို၏ စိတ်ထဲ၌ ခံစားချက်အမျိုးမျိုး ပြည့်နှက်နေလေသည်။ ထိုအရာက ကျောက်တုံးကျောက်ခဲများကို စားနေရသည်ထက် ဆိုးနေလေသည်။ သူက အချို အခါး အဖန်နှင့် အရသာ တချို့ကို ခံစားနိုင်သော်လည်း အရသာကို မခံစားရချေ။
“ဒီလို ဥထမင်းကြော်မျိုးကို နင်တစ်ယောက်ပဲ ချက်နိုင်တာနော်… ငါ့ရဲ့ မြေးမလေး…”
ကွမ်းအဖိုးအို၏ ခန္ဒာကိုယ်က တုန်ယင်နေပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။ ထို့နောက် သူ့ကိုယ်သူ ဖိအားပေးလိုက်ပြီး ပါးစပ်ထဲမှ ထမင်းကြော်များကို မျိုချလိုက်သည်။
“ဘယ်လိုလဲ…. အရသာက ဘယ်လိုနေလဲ…” ကွမ်းရှောင်ယီက သိချင်စိတ်ပြင်းပြစွာနှင့် မေးလိုက်သည်။
“အိုး…. ဒါက ဟာခနဲ ဟင်ခနဲ တွေ့ရတဲ့ အတွေ့အကြုံပဲ… ဗိုက်ထဲမှာ မီးတောက်တွေ တောက်လောက်နေသလို ခံစားရတယ်… မျိုချလိုက်ပြီးတဲ့ အချိန်မှာ ငါက ပြာပုံထဲကနေ ပြန်ရှင်သန်လာသလို ခံစားလိုက်ရတယ်… မြေးမလေးက မင်းအဖေရဲ့ အမွေကို ဆက်ခံထားနိုင်တာပဲ…” ကွမ်းအဖိုးအိုက မျက်နှာသေနှင့် ဝေဖန်ပေးလိုက်သည်။
ကွမ်းဇောင်ဟန့်က သူ့ဖခင်၏ စကားကို ကြားလိုက်ရသောအခါ အနည်းငယ် စိတ်ရှုပ်ထွေးပြီး ကြောင်အသွားလေသည်။
“မြေးလေး… အဖိုးက အရမ်းပင်ပန်းနေလို့ သွားအနားယူလိုက်ဦးမယ်… မင်းအဖေနဲ့ အကိုတွေကို မြည်းကြည့်ခိုင်းပြီးတော့ သူတို့ရဲ့ တုန့်ပြန်မှုကို စောင့်ကြည့်လိုက်ပါဦး…” ကွမ်းအဖိုးအိုက ငိုချင်နေသော အသံနှင့် အကြံပြု ပြောဆိုလိုက်သည်။
ကွမ်းရှောင်ယီက ယခင်ကထက်ပင် ပို၍ စိတ်လှုပ်ရှား တက်ကြွလာလေသည်။ သူမ၏ ဥထမင်းကြော်က ကောင်မွန်ပုံရလေသည်။ ကွမ်းအဖိုးအို၏ သုံးသပ်ချက်ကြောင့် သူမက စိတ်သက်သာရာ အနည်းငယ် ရသွားလေသည်။ သူမ၏ ဟင်းပွဲကို စားပြီးသည်နှင့် ပြန်လည်ရှင်သန်လာသကဲ့သို့ ခံစားရမည်ဟု သူမက မတွေးထားမိခဲ့ပေ။
ကွမ်းရှောင်ယီက နောက်တစ်ခေါက် ပြန်ကြည့်လိုက်သောအခါ ကွမ်းအဖိုးအိုက အစအနပင် မတွေ့ရတော့ချေ။ သူမက အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း သူမ၏ အဖေနှင့် အကိုများဘက်သို့ လှည့်လိုက်လေသည်။
ယနေ့ညက ကွမ်းစံအိမ်အတွက် အိပ်ပျက်ညတစ်ညပင် ဖြစ်သည်။ ကွမ်းမိသားစုဝင်များ အားလုံးက ရေအိမ်နှင့် အိပ်ယာကို ခေါက်တုန့်ခေါက်ပြန် ပြေးလွှားနေရသောကြောင့် မီးများပင် မမှိတ်နိုင်ပဲ ဖြစ်နေကာ စံအိမ်တစ်ခုလုံး လင်းထိန်နေလေသည်။
မီးဖိုချောင်ထဲတွင် နောက်ထပ်ပေါက်ကွဲမှု အသေးစားလေးများ ဖြစ်ပေါ်ပြီးနောက် မီးခိုးငွေ့များနှင့်အတူ ထူးဆန်းသော ရနံ့များ လှိုင်ထွက်နေလေသည်။
……
မနက်ခင်း နေရောင်ခြည်က မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်၍ ကမ္ဘာမြေပေါ်သို့ ဖြာကျလာလေသည်။ အင်ပါယာ မြို့တော် အပြင်ဘက်မှ ကွင်းပြင်များတွင်လည်း မျက်ခင်းစိမ်းလေးများ ရှင်သန်လာကြပြီး ကမ္ဘာ့မြေက စိမ်းလန်းလာလေသည်။ ရှည်လျားလှသော ဆောင်းရာသီတစ်လျောက်လုံး အိပ်စက်နေကြပြီးနောက် နွေဦးလေပြေနှင့် အတူ နိုးထလာကြလေသည်။
အင်ပါယာမြို့တော်၏ လမ်းများထက်တွင် ပြာပန်းခတ်မျှ စည်ကားနေပြီး စျေးသည်များက ကုန်ပစ္စည်းများကို အပြိုင်အဆိုင် အော်ဟစ်ရောင်းချနေကြသည်။
လမ်းကြားလေးထဲမှ ဖန်ဖန်ဆိုင်ငယ်လေးထဲတွင် ပုဖန်က ဆိုင်တံခါးများကို ဖွင့်လိုက်ပြီး အေးမြလတ်ဆတ်သော နံနက်ခင်းလေနုအေးများကို ခံစားနေလေသည်။ သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ခန္ဒာကိုယ်ကို ဆန့်၍ အကြောဆန့်လိုက်လေသည်။ ထို့နော်က သူက မီးဖိုချောင်ထဲသို့ ပြန်သွားလိုက်ပြီး ၀က်နံရိုး ချိုချဉ်ကြော်ကို ယူဆောင်လာကာ ဘလက်ကီ၏ ရှေ့တွင် ချပေးလိုက်သည်။
“ဘလက်ကီ… စားခ်ျိန်ရောက်ပြီ…”
ပုဖန်က ခုံတစ်ခုံကို ဆွဲယူလိုက်ပြီး အပေါက်နားတွင် ထိုင်ကာ ကောင်းကင်ထက်တွင် မျောလွင့်နေသော တိမ်များကို ကြည့်ရှုခံစားနေလိုက်သည်။ ထိုအခိုက်အတန့်တွင် အချိန်များ ရပ်တန့်နေသည်ဟုပင် ထင်ရလေသည်။ သူက ၀က်နံရိုးချိုချဉ်ကြော်ကို မြိန်ရည်ရှက်ရည် စားနေသော ခွေးငပျင်း ဘလက်ကီ၏ အသံကိုကာ ကြားနေရလေသည်။
ထိုကဲ့သို့ အပန်းဖြေရသော အချိန်များက အလွန်တိုတောင်းလှလေသည်။ ဆိုင်ထဲသို့ ပထမဆုံး စားသုံးသူ ရောက်လာသည်နှင့် အလုပ်ရှုပ်သော နေ့တစ်နေ့ စတင်တော့မည်ဖြစ်သည်။
…….
ပုဖန်က ရနံ့များ မွှေးကြိုင်နေပြီး အပူငွေ့ တထောင်းထောင်း ထနေသော ရွှေဝါရောင် အသားပေါင်းဖက်ထုပ်ကို ယူဆောင်လာလေသည်။ အချဉ်ရည်များထဲတွင် နစ်မြုတ်နေသော အသားပေါင်းဖက်ထုပ်လေးများက မြင်ရသူကို သားရည်မထိန်းနိုင် ဖြစ်သွားစေနိုင်သည်။
ထိ့နောက် ငါးမူးပျံဟင်းကို စားပွဲပေါ်သို့ တင်လိုက်လေသည်။ ထိုဟင်းပွဲကလည်း လူတိုင်း၏ စားချင်စိတ်ကို ဆွဲဆောင်နေလေသည်။
ဖန်ဖန်ဆိုင်ငယ်လေး၏ ကျော်ကြားမှုက အင်ပါယာ မြို့တော်တစ်ခွင်ကို ပြန့်နှံ့သွားပြီ ဖြစ်သောကြောင့် လူအများက ဆိုင်အကြောင်းကို သိနေကြပြီဖြစ်သည်။ ထိုဆိုင်တွင် အစားကောင်း ချစ်သူများအတွက် အရသာကောင်းမွန်လှသော စားကောင်းသောက်ဖွယ်များနှင့် ထူးခြားကောင်းမွန်လှသော ဝိုင်များ ရှိနေပြီး နောက်ခံကလည်း အင်အားကြီးမားလှပေသည်။
လမ်းကြားလေးဆီမှ ခြေသံအချို့ ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။
ဖတ်… ဖတ်… ဖတ်…
ပန်းရောင် ပိုးထည် ၀တ်စုံကို ၀တ်ဆင်ထားသော ကွမ်းရှောင်ယီက ပြေးလွှားနေပုံက လေထဲတွင် ပျံသန်းနေသကဲ့သို့ ထင်ရလေသည်။ သူမ၏ နူးညံ့လှပသော မျက်နှာလေးက တောက်ပနေပြီး မျက်၀န်းများက လင်းလက်နေလေသည်။ သူမကို ကြည့်လိုက်ရုံနှင့်ပင် စိတ်လှုပ်ရှား တက်ကြွနေကြောင်း သိနိုင်ပေသည်။ သူမ၏ လက်ထဲတွင် အနီရောင် သစ်သားဗူးတစ်ခုကို ရတနာ တစ်ခုကဲ့သို့ ကိုင်ထားပြီး ကျေနပ်နှစ်သိမ့်နေသော မျက်နှာနှင့် ဗူးလေးကို တစ်ချက်တစ်ချက် ကြည့်နေလေသည်။
“စိတ်ပုပ်သူဌေး… ငါရောက်လာပြီ…” ကွမ်းရှောင်ယီက ဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ဆိုင်ထဲတွင် ရှိနေသော စားသုံးသူများက ရှောင်ယီ့ကို ရင်းနှီးနေကြသောကြောင့် ပြုံး၍ နှုတ်ဆက်လိုက်ကြသည်။
ရှောင်ယီကလည်း သူတို့ကို ပြန်၍ ပြုံးပြနှုတ်ဆက်လိုက်လေသည်။
စားသုံးသူများထဲမှ တစ်ယောက်က ရှောင်ယီ့လက်ထဲမှ ဗူးလေးကို ကြည့်၍ သိချင်စိတ် ပြင်းပြစွာနှင့် မေးလိုက်လေသည်။
ကွမ်းရှောင်ယီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လက်ချောင်းလေးကို ရမ်းခါ၍ ပြန်ပြောလိုက်သည်။
“ဒါက လျို့ဝှက်ချက်…”
မီးဖိုချောင်ထဲမှ ထွက်လာသော ပုဖန်က ကွမ်းရှောင်ယီကို ဇဝေဇ၀ါနှင့် ကြည့်လိုက်လေသည်။ သူက ရှောင်ယီ့လက်ထဲမှ အစားအသောက်ဗူးကို မြင်လိုက်ရသောကြောင့် ကြောင်အသွားလေသည်။
“ဒီ… ဒီကလေးမက အိမ်ပြန်ပြီး ထမင်းကြော် ကြော်လာတာလား…” ပုဖန်က တွေးလိုက်မိသည်။
ထို့နောက် ကွမ်းရှောင်ယီက အချက်အပြုတ် ပါရမီကို စနစ်၏ အကဲဖြတ်ထားမှုကို သတိရလိုက်ပြီး ဆိုးဝါးသည့် ခံစားချက်များကို ရလိုက်လေသည်။
“စိတ်ပုပ်သူဌေး… ငါ့ရဲ့ ဥထမင်းကြော်က နင့်ကို စိတ်လှုပ်ရှားစေမယ်ဆိုရင် ငါ့ကို အလုပ်သင် စားဖိုမှုးအဖြစ် လက်ခံမယ်လို့ ပြောထားတယ် မဟုတ်လား…” ကွမ်းရှောင်ယီက မျက်လုံးများ မှေးစင်း၍ ရယ်မောပြောဆိုလိုက်သည်။
ပုဖန်က ထိုအကြောင်းကို ပို၍ စဉ်းစားရန် လိုသေးကြောင်း ပြောလိုသော်လည်း သူက တခဏမျှ တွေးလိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။
“ဒီဗူးထဲမှာ ငါချက်ထားတဲ့ ဥထမင်းကြော် ရှိနေတယ်… စိတ်ပုပ်သူဌေး နင်နည်းနည်းလောက် မြည်းကြည့်လေ…” ကွမ်းရှောင်ယီက သူမလက်ထဲမှ အနီရောင် သစ်သားဗူးလေးကို ပုတ်၍ ပြုံးရွှင်စွာနှင့် ပြောလိုက်သည်။
အနားတွင် ရှိနေသော စားသုံးသူများက ထိုစကားကြောင့် စိတ်လှုပ်ရှားသွားကြလေသည်။
“ကွမ်းကလေးမလေးက ပိုင်ရှင်ပုရဲ့ အချက်အပြုတ်စွမ်းရည်ကို စိန်ခေါ်ဖို့ ကြိုးစားနေတာလား…”
“ပိုင်ရှင်ပု… ငါတို့မှာထားတာတွေကို စောင့်နိုင်ပါတယ်… ကွမ်းကလေးမလေးရဲ့ ထမင်းကြော်ကို အရင်ဆုံး မြည်းကြည့်လိုက်ပါလား…” တစ်ယောက်က ၀င်ပြောလိုက်သည်။
ရှောင်ယီ့ကို ငြင်းပယ်ရန် အကြောင်းပြချက် ရှာနေသော ပုဖန်ကို ထိုသူကို မျက်လုံးပြူး၍ ကြည့်လိုက်လေသည်။ ထို့နောက် သူ၏ တောင်းဆိုချက်ကို လိုက်လျောလိုက်ရလေသည်။
ကွမ်းရှောင်ယီ၏ မျက်၀န်းလေးများက တောက်ပသွားပြီး စားစရာဗူးကို စားပွဲပေါ်သို့ တင်လိုက်လေသည်။ ထို့နောက် အားလုံး၏ စပ်စုလိုသော အကြည့်အောက်တွင် ဗူးအဖုံးကို ဖွင့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ထူးထူးဆန်းဆန်း ဆိုးဝါးလှသော ရနံ့များက ဗူးထဲမှ ခုန်ထွက်လာလေသည်။ ထိုရနံ့များက ပြင်းထန်လှသောကြောင့် ဆိုင်ထဲမှ အရသာကောင်းလှသည့် ရနံ့များကိုပင် ဖုံးလွှမ်းလုလု ဖြစ်သွားလေသည်။
အားလုံးက ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်လာလေသည်။
“ဒါ… ဒါက ဘာကြီးလဲ…. ဒီလောက်ဆိုးဝါးတဲ့ အနံ့မျိုး ကမ္ဘာပေါ်မှာ ရှိနေတာလား…”
စားသုံးသူများ၏ မျက်နှာအမူအယာက မည်းမှောင်သွားကြပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကာ အသက်ပြင်းပြင် ရှူလိုက်မိကြသည်။
ပုဖန်၏ မျက်နှာကလည်း အေးခဲသွားလေသည်။
သို့သော် ကွမ်းရှောင်ယီက သူမအနီးမှ အံ့သြ ထိတ်လန့်နေကြသော မျက်နှာအမူအယာများကို သတိမပြုမိပဲ စားစရာဗူးထဲမှ မဲတူးနေသော ဥထမင်းကြော် ပန်းကန်ကို သေသေချာချာ ထုတ်ယူလိုက်သည်။
ပုဖန်၏ မျက်၀န်းများက မှေးစင်းလာပြီး သူ့စိတ်ထဲမှ တုန်လှုပ်ခြောက်ခြားစွာနှင့် တံတွေးတစ်လုပ် မျိုချလိုက်မိလေသည်။
“ကလေးမလေး.. ဒီထမင်းကြော်ရဲ့ သွင်ပြင်ကို ကြည့်ပြီး အကဲဖြတ်ရမယ်ဆိုရင်တော့ နင်က ဆိုးဝါးလှတဲ့ အစားအစာနယ်ပယ်… ဒါမှမဟုတ်… ကြောက်စရာကောင်းတဲ့ အစားအစာ နယ်ပယ်မှာ ပါရမီရှိနေတာ အသေအချာပဲ… ငါတို့ ဒီလို အဓိပ္ပါယ်မရှိ လုပ်နေတာတွေကို ရပ်လိုက်ကြစို့…”