အပိုင်း ၂၃၉
Viewers 53k

အခန်း 239 “စားဖိုမှုးတစ်ယောက်၏ ယုံကြည်မှု”


မြွေအမျိုးသမီး ယုဖူက ဖန်ဖန်ဆိုင်ငယ်လေးထံသို့ ဦးတည်နေလေသည်။ သူမ၏ လက်ထဲတွင် စားစရာ ဗူးလေးတစ်ခုကို ကိုင်ဆောင်ထားပြီး သူမ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေလေသည်။ ဗူးထဲတွင် သူမကိုယ်တိုင် ချက်ပြုတ်ထားသော ဥထမင်းကြော် ပါရှိလေသည်။


ပုဖန်က သူ၏ အလုပ်သင် စားဖိုမှုး ဖြစ်လာရန်အတွက် စမ်းသပ်စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ရန် လိုအပ်သည်ဟု ပြောထားလေသည်။ သူမ၏ မြွေလူသား မျိုးနွယ်စု အတွင်းတွင် တစ်ခါတစ်ရံ ချက်ပြုတ်လေ့ ရှိသော်လည်း ချက်ပြုတ်ခြင်း နည်းလမ်းများကို စနစ်တကျ သင်ယူထားရခြင်း မရှိပေ။ ထို့ကြောင့် သူမ ကြော်ချက်ထားသော ဥထမင်းကြော်က စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ကြောင်း သူမအနေနှင့် မသေချာပေ။


ယုဖူက ဆိုင်ထဲသို့ ၀င်ရောက်လိုက်သည်နှင့် ရင်တထိတ်ထိတ် ဖြစ်နေသော လေထုကို ခံစားလိုက်ရလေသည်။ ဆိုင်ထဲတွင် ရှိနေသော စားသုံးသူများက ရယ်ကျဲကျဲ အမူအယာများ ဖြစ်နေကြသည်။ သူတို့က ရယ်ရမလို ငိုရမလို ဖြစ်နေသော အခြေအနေကြောင့် အော်မရယ်မိစေရန် ကြိုးစားထိန်းချုပ်နေကြခြင်း ဖြစ်သည်။


သူတို့အနီးတွင် စိတ်ဆိုးဒေါသထွက်နေသော ကွမ်းရှောင်ယီက ထိုင်နေလေသည်။ သူမ၏ မျက်နှာက စူပုပ်နေပြီး မကျေနပ်မှုများကို ဖော်ပြထားလေသည်။


ပုဖန်က အေးဆေးတည်ငြိမ်စွာနှင့် မီးဖိုခန်းထဲမှ ထွက်လာပြီး မွှေးပျံ့နေသော ဥထမင်းကြော် ပန်းကန်ကို ကွမ်းရှောင်ယီ၏ ရှေ့တွင် ချပေးလိုက်ပြီး သူမ၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်သည်။


ကွမ်းရှောင်ယီက ဒေါသထွက်စွာနှင့် ပုဖန်ကို ဆက်၍ လျစ်လျူရှုထားလေသည်။ သူမက ထမင်းကြော်ပန်းကန်ကို ဆွဲယူလိုက်ပြီး ဇွန်းနှင့် ဒေါသတကြီး ထိုးကော်လိုက်လေသည်။ သူမက ထမင်းကြော်ပန်းကန်ကို ပုဖန်ဟု မှတ်ယူထားပုံ ရလေသည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသော ဘေးမှ လူများက သူတို့၏ ရယ်ချင်စိတ်ကို ထိန်းချုပ်ရန် ခက်ခဲလာလေသည်။


“ပိုင်… ပိုင်ရှင်ပု….” ယုဖူက မဝံ့မရဲ ခေါ်လိုက်သည်။


ပုဖန်က လှည့်ကြည့်လိုက်ပြီး မြွေအမျိုးသမီး ယုဖူကို မြင်လိုက်ရသောကြောင့် မျက်၀န်းများ တောက်ပသွားလေသည်။


“ဟေ့… မင်းရောက်လာပြီလား… ဥထမင်းကြော်ရော ပါလား… ဒါမှ ငါမြည်းကြည့်လို့ရမှာ…”


ယုဖူ၏ အချက်အပြုတ် ပါရမီက ကွမ်းရှောင်ယီထက် အပုံကြီး သာနေသည်ဟု စနစ်က အကဲဖြတ်ထားလေသည်။ ထို့ကြောင့်လည်း ပုဖန်က ယုဖူချက်ပြုတ်လာမည့် ဥထမင်းကြော်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။


ကွမ်းရှောင်ယီ၏ ဥထမင်းကြော်ကို ပုဖန်၏ နှလုံးသားထဲထိပင် ထိတ်လန့်နေလေသည်။ အံ့သြဖွယ်ရာ ကောင်းလှသော အသွင်အပြင်နှင့် ဆိုးဝါးသည့် အနံ့ဆိုးများက စိတ်ပျက်ဖွယ် ကောင်းလှလေသည်။ ထိုသို့ စိတ်ပျက်ဖွယ်ရာ ဥထမင်းကြော်ကို ချက်ပြုတ်နိုင်သည့် လူမျိုးကို ပုဖန်က တစ်ခါမှပင် မမြင်ဘူးခဲ့ပေ။ သို့သော် ထိုသို့ ဖြစ်အောင် ချက်ပြုတ်နိုင်ခြင်းကပင် မယုံနိုင်စရာ ပါရမီ ဖြစ်နိုင်လေသည်။


ယုဖူ၏ ဥထမင်းကြော်က ကွမ်းရှောင်ယီ၏ မီးသွေးခဲဥထမင်းကြော်ကဲ့သို့ ကြောက်စရာ မကောင်းနိုင်ဟု ပုဖန်က မျှော်လင့်နေလေသည်။ ထိုကဲ့သို့ နက်မှောင်လှသော စားစရာ မျိုးက လူတစ်ယောက်၏ အသက်ရှင်သန် လိုစိတ်ကိုပင် ပျောက်ဆုံးသွားစေနိုင်လေသည်။


ပုဖန်၏ အမေးကြောင့် ယုဖူက ခေါင်းငြိမ့်လိုက်ပြီး စားပွဲလွတ် တစ်ခုပေါ်တွင် သူမယူဆောင်လာသော စားစရာဗူးကို တင်လိုက်လေသည်။


အနားတွင် ရှိနေသော လူများ၏ မျက်၀န်းများက နောက်တစ်ကြိမ် တောက်ပသွားကြလေသည်။


“ပိုင်ရှင်ပုက ဘာတွေ လုပ်နေတာလဲ…. ဘယ်လိုဖြစ်လို့ နောက်တစ်ယောက်က ဥထမင်းကြော်ကို ထပ်ယူလာတာလဲ…”


ပုဖန်က ထိုင်ခုံတစ်ခုံကို ဆွဲယူလိုက်ပြီး ၀င်ထိုင်လိုက်သည်။ သူက စိုးရိမ်ပူပန်နေဟန်နှင့် ဗူးအဖုံးကို ဖွင့်နေသော ယုဖူကို စိုက်ကြည့်လိုက်သည်။


တစ်ချိန်တည်းမှာပင် ဥ၏ မွှေးရနံ့နှင့် ထမင်း၏ မွှေးရနံ့တို့ ရောနှောပေါင်းစပ်နေသော ရနံ့တစ်ခုက ဗူးထဲမှ လွင့်ပျံထွက်လာလေသည်။


အနားမှ လူများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထိုရနံ့က ကွမ်းရှောင်ယီ၏ ဥထမင်းကြော်ရနံ့ထက် သာလွန်ကောင်းမွန်နေလေသည်။ ထိုရနံ့က အနည်းဆုံး သာမာန်ဥထမင်းကြော်နှင့် တူနေပေသည်။ သာမာန် ဥထမင်းကြော်များကို ချက်ပြုတ်ပြီးသည်နှင့် ရနံ့မွှေးမွှေးလေးများ ထွက်ပေါ်နေတတ်ပေသည်။


ဥထမင်းကြော်ကို ထူးထူးခြားခြား ဖြစ်အောင် ချက်ပြုတ်နိုင်သော ကွမ်းရှောင်ယီ၏ ပါရမီက အလွန် ထူးချွန်နေပေသည်။


ပုဖန်က အဖြူရောင် ကြွေပန်းကန်ပြားပေါ်တွင် တင်ထားသော ဥထမင်းကြော်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုဥထမင်းကြော်၏ အရောင်က ဆွဲဆောင်မှု မရှ်ိပဲ မှိန်ဖျော့ဖျော့ ဖြစ်နေလေသည်။ ထိုဥထမင်းကြော်က အလင်းရောင်များ ထွက်ပေါ်နေသော သူ၏ ဥထမင်းကြော်ကို မယှဉ်နိုင်သော်လည်း ပါရမီမြင့်မားသော ယုဖူကိုယ်တိုင် ချက်ပြုတ်လာသောကြောင့် ခွင့်လွှတ်ပေးလိုက်ရန် တွေးလိုက်မိသည်။


ပုဖန် အမူအယာက မပြောင်းလဲပဲ ခေါင်းကို တစ်ချက် ငြိမ့်ပြလိုက်သည်။ ထို့နောက် ထမင်းကြော်တစ်ဇွန်းကို ခပ်ယူလိုက်ပြီး နှာခေါင်းနားကပ်၍ အနံ့ခံလိုက်သည်။ မွှေးပျံ့လှသော ရနံ့များကို သူ၏ စိတ်ထဲမှ အသ်ိအမှတ် ပြုလိုက်သည်။


ပုဖန်ပြင်ပေးထားသော ဥထမင်းကြော်ကို စားနေသော ရှောင်ယီက ရနံ့များကြောင့် လှည့်ကြည့်လိုက်လေသည်။


ပုဖန်က ဥထမင်းကြော်ကို သေချာစွာ ဝါးလိုက်သည်။ သူ၏ ပါးစပ်ထဲမှ အံံသြဖွယ်ကောင်းလှသော ဥအနှစ်၏ ရနံ့များ ထွက်ပေါ်နေလေသည်။ ထမင်းကြော်၏ အရသာက ကောင်းမွန်ပေသည်။ ဆန်၏ အရည်အသွေးက နိမ့်ကျသော်လည်း ထမင်းကြော်ကို ပြည့်စုံအောင် ချက်ပြုတ်ထားနိုင်လေသည်။


“မင်းရွေးချယ်ထားတဲ့ ပါ၀င်ပစ္စည်းတွေက ရိုးရှင်းပေမယ့်.. သူ့ရဲ့ အရသာနဲ့ အပူထိန်းချုပ်တာတော့ အဆင်ပြေတယ်… ဥရဲ့ အမွှေးအကြိုင်နဲ့ ထမင်းက ကောင်းကောင်း ရောစပ်သွားတယ်… ဆန်စိတစ်စိစီတိုင်းကို ဥအနှစ်နဲ့ ဖုံးလွှမ်းသွားအောင် မလုပ်နိုင်သေးဘူးဆိုပေမယ့်….. မင်းရဲ့ လက်ရှိအခြေအနေနဲ့ဆို ဒီထမင်းကြော်က လက်ခံလို့ရတဲ့ အနေအထား ရှိတယ်…”


ပုဖန်က အစားအစာများကို ဝေဖန်ရာတွင် အဆက်မပြတ်ပင် ပြောနေလိမ့်မည်ဖြစ်သည်။ ချို့ယွင်းချက်များကိုလည်း ရက်ရက်စက်စက် ထောက်ပြလေ့ရှိပြီး သနားဂရုဏာမှု အနည်းငယ်မျှပင် ပြသလိမ့်မည် မဟုတ်ပေ။


ယုဖူက ခေါင်းငြိမ့်လိုက်မိသည်။ သူမ၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ်သွားပြီး စိတ်ပျက်လက်ပျက် ဖြစ်မှုသာ ကျန်ရစ်နေခဲ့လေသည်။ ပုဖန်၏ စကားများကြောင့် သူမ၏ ဥထမင်းကြော်က လုံး၀ ပျက်စီးသွားပြီဖြစ်သည်။ ထိုထမင်းကြော်တွင် ချို့ယွင်းချက် အများအပြား ရှိနေလေသည်။ သူမက ပုဖန်၏ အလုပ်သင် စားဖိုမှုးတစ်ယောက် ဖြစ်လာရန် အခွင့်အရေး ရှိခဲ့သော်လည်း ထိုအရာက ပျောက်ဆုံးသွားပြီဖြစ်သည်။


“ယုံကြည်မှုရှိပါ… စားဖိုမှုးတစ်ယောက်က ကိုယ်ချက်ပြုတ်လိုက်တဲ့ ဟင်းပွဲကို ယုံကြည်ချက် ရှိရမယ်… မင်းရဲ့ဟင်းပွဲက အကောင်းဆုံး မဖြစ်နိုင်ရင်တောင် မင်းက အတတ်နိုင်ဆုံး သေသေချာချာ ချက်ပြုတ်ရမယ်… ယုံကြည်မှု ရှိခြင်းက မင်းချက်ပြုတ်မယ့် ဟင်းပွဲရဲ့ အရသာအပေါ် လွှမ်းမိုးနိုင်သွားပြီး ဟင်းပွဲကို ပိုကောင်းလာစေနိုင်လိမ့်မယ်…”


ပုဖန်၏ စကားကို ကြားသော ကွမ်းရှောင်ယီက ဒေါသထွက်လာလေသည်။ သူမက ပလုပ်ပလောင်း စားနေရာမှ မျက်လုံးပြူမျက်ဆံပြူးနှင့် အော်ပြောလိုက်သည်။


“ငါက ယုံကြည်မှု ရှိတယ်လေ… ငါထင်တာတော့ ငါ့ဥထမင်းကြော်ရဲ့ အရသာက …”


“နင်က ယုံကြည်မှု အသားလွတ်လွန်ကဲနေတာ…” ပုဖန်က ငြင်းခုန်ရန် ပြင်ဆင်နေသော ရှောင်ယီ၏ စကားကို ဖြတ်ပြောလိုက်သည်။


“နင်က ဥထမင်းကြော်ကို မီးသွေးတုံးဖြစ်အောင် ပြောင်လိုက်ပြီးတာတောင်.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတုန်းလား… အဲဒီယုံကြည်မှုတွေက ဘယ်က ရောက်လာတာလဲ…”


ကွမ်းရှောင်ယီက ဆက်မပြောတော့ပဲ တိတ်ဆိတ်သာ နေလိုက်ပြီး သူမပါးစပ်ထဲမှ ဥထမင်းကြော်ကို ဖိဝါးနေလိုက်သည်။ သူမ၏ ထမင်းကြော်ကို ပုဖန်၏ ထမင်းကြော်နှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိသော်လည်း သူမတွင် တိုးတက်လာနိုင်သော အခွင့်အရေး များစွာ ရှိနေသေးပေသည်။


“မင်းရဲ့ ဥထမင်းကြော်က ချို့ယွင်းချက် အချို့ရှိတယ်ဆိုပေမယ့်…. စိတ်ကျေနပ်ဖို့ကောင်းပါတယ်… ငါ့ကို စိတ်မပျက်စေခဲ့ဖူး… ဒါကြောင့် မနက်ဖြန်ကျရင် ဆိုင်ကို ပြန်လာခဲ့ ငါမင်းကို ဥထမင်းကြော် ဘယ်လိုကြော်ရမလဲဆိုတာကို သင်ပေးမယ်…” ပုဖန်က ပြောလိုက်သည်။


ယုဖူက အံ့အားတသင့်နှင့် ပုဖန်ကို မော့ကြည့်လိုက်သည်။


“ဒီအဓိပ္ပါယ်က ငါ… ပိုင်ရှင်ပုရဲ့ အလုပ်သင်ဖြစ်လာပြီလို့ ဆိုလိုတာလား..”


“ငါအနိုင်ကျင့် ခံနေရတယ်လို့ ခံစားရတယ်…” ကွမ်းရှောင်ယီက ဒေါသတကြီး ပြောလိုက်ပြီး ပုဖန်ကို စူးစူးရှရှ စိုက်ကြည့်နေလိုက်သည်။


“နင့် လက်ခံတာ မခံတာ ကိစ္စ မရှိဘူး… ချက်ပြုတ်ခြင်းနဲ့ ပတ်သတ်လာရင် ပင်ကိုယ်ပါရမီက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါ၀င်နေတာ…”


ပုဖန်က မတ်တပ်ထရပ်လိုက်ပြီး ရှောင်ယီ့၏ ခေါင်းကိုခပ်ဖွဖွပုတ်ကာ ပြောဆိုလိုက်ပြီး မီးဖိုချောင်ထဲ ၀င်သွားလိုက်သည်။


ရှောင်ယီက ပုဖန်၏ နောက်ကျောကိုကြည့်၍ ဒေါသထွက်စွာ ခြေဆောင့်လိုက်လေသည်။ ထို့နောက် ဥထမင်းကြော် ကို တစ်ဇွန်းခပ်၍ စားလိုက်လေသည်။


ယုဖူက ရှောင်ယီ၏ အမူအယာကို ကြည့်ပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်သောကြောင့် ပါးစပ်ကို အုပ်ကာလိုက်လေသည်။ ထို့နောက် သူမက ရှောင်ယီ၏ ဥထမင်းကြော်ကို သိလိုစိတ် ပြင်းပြလာလေသည်။


“ပိုင်ရှင်ပုက ဘာလို့ အဲလို ပြောနေရတာလဲ…”


……


အင်ပါယာနန်းတော်၏ အဓိက ခန်းမထဲတွင် မိန်းမစိုး လျန်ဖုက ခန်းမအလယ်တွင် နွဲ့နွဲ့နှောင်းနှောင်း ရပ်နေပြီး သူ့အနီးတွင် ရှောင်မန် ရန်မို ကွမ်းဇောင်ဟန့်နှင့် အင်ပါယာမှ အခြားအင်အားကြီး စစ်သည်တော်များ ရှိနေလေသည်။ နဂါးပလ္လင်ထက်တွင် ဂျိချန်းရွဲက သူ၏ မေးကိုလက်နှင့် ပွတ်၍ တွေးတောနေလေသည်။


“အရှင်မင်းမြတ်… အင်ပါယာဂူဗိမ္မာန်က ထွက်ပြေးသွားတဲ့ ဘုရင်ခံယုကို ဘယ်မှာမှ ရှာမတွေ့ပါဘူး… ထောက်လှမ်း သိရှိထားရသလောက်တော့ သူ့ကို ကူညီတဲ့သူတွေက မဟာယာနကျွန်းက လူတွေလို့ သိရှိရပါတယ်…” ရှောင်မန်က လက်နှစ်ဖက်ကို ဆုတ်၍ အရိုအသေ ပြုလိုက်ပြီး လေးနက်တည်ကြည်စွာနှင့် လျောက်တင်လိုက်သည်။


ဂူဗိမ္မာန်မှ ဂျိချန်းယု ထွက်ပြေးလွတ်မြောက်သွားခြင်းက အသေးအဖွဲ ကိစ္စတစ်ခု မဟုတ်ပေ။ အင်ပါယာမြို့တော်တွင် သူတော်စင်အဆင့်များ ပြည့်နှက်နေချိန်က ဂျိချန်းရွဲ့ကိုယ်တိုင်ပင် အန္တရာယ်ကြားထဲ ကျရောက်နေသောကြောင့် ထိုကိစ္စကို လျစ်လျူရှုထားခြင်း ဖြစ်သည်။ ယခုအခါ အရာအားလုံး ပြန်လည်၍ အေးချမ်းတည်ငြမ်သွားပြီဖြစ်သောကြောင့် ဘုရင်ခံယုကို အားစိုက်၍ ရှာဖွေရပေမည်။


“အဲဒီမဟာယာနကျွန်းက လည်ချောင်းထဲမှာ ကန့်လန့်ခံနေတဲ့ ငါးရိုးလိုပဲ … ပထမတုန်းက ကျောက်မူရှန်… အခုက ဘုရင်ခံယုကို ခေါ်သွားတယ်ဆိုတော့ သူတို့က ဘုရင်ခံယုရဲ့ အကူအညီနဲ့ လေအလင်းအင်ပါယာကို စိန်ခေါ်ချင်နေတာလား…. ရူးမိုက်တဲ့ အကြံအစည်ပဲ…” ဂျိချန်းရွဲ့က အေးစက်စက် ပြောလိုက်သည်။


“အရှင်မင်းမြတ်… ကျွန်တော်မျိုးကတော့ ဒီလိုမြင်မိပါတယ်… အရင် ဧကရာဇ် နတ်ရွာစံပြီးသွားတဲ့ အချိန်မှာ ဘုရင်ခံယုကို ဂူဗိမ္မာန်မှာ ထိမ်းသိမ်းထားခဲ့တယ်.. ဂူဗိမ္မာန်ကနေ ထွက်ပြေးသွားတာက အကျဉ်းထောင် ဖောက်တာနဲ့ တူညီပြီး တော်၀င်အမိန့်တော်ကို ဗျောင်ကျကျ ချိုးဖောက်လိုက်တာပါပဲ… ဒီလိုအပြစ်မျိုးကို ကျူးလွန်တဲ့အတွက် သူ့ကို ဖမ်းဆီးပြီး အပစ်ပေးရပါမယ်…”


တရားရုံး အရာရှိများ၏ လျောက်တင်သံကြောင့် ဂျိချန်းရွဲ့က မျက်မှောင်ကြုံ့လိုက်လေသည်။ မဟာယာနကျွန်းက သက်တမ်းအရင့်ဆုံး ဂိုဏ်းကြီးဆယ်ဂိုဏ်းအတွင်းမှ တစ်ခု ဖြစ်သည်။ အာကာသအာနန်ဂိုဏ်ကို ဖယ်လိုက်ပါက မဟာယာနကျွန်းက အင်အားအကြီးဆုံးပင် ဖြစ်သည်။ အင်ပါယာမြို့တော်က မဟာယာနကျွန်းကို ဖယ်ရှာလိုလျှင် ဂျိချန်းရွဲ့အနေနှင့် တန်ဖိုးတစ်ခုခု ပေးဆပ်ရမည်ဖြစ်သည်။


နဂါးပလ္လင်ကို သူဆက်ခံပြီးနောက် မြို့တော်ကို ပြန်လည်ထူထောင်မှု မပြုလုပ်ရသေးသောကြောင့် လုပ်ဆောင်စရာ ကိစ္စများစွာ ရှိနေလေသည်။ သူ၏ ဂုဏ်သတင်းက ပြည်သူများ ကြားတွင် ထိပ်ဆုံးသို့ မရောက်ရှိသေးပေ။


ဂျိချန်းယု တစ်ယောက်တည်းအတွက်နှင့် သူက စစ်တပ်ကို ပြင်ဆင်ရဲခြင်း မရှိပေ။ လက်ရှိအချိန်တွင် ဂျိချန်းယုက တစ်နေရာရာတွင် ပုန်းကွယ်နေထိုင်ပြီး သူ၏ တည်ရှိမှုကို သက်သေပြရန် ကြိုးစားနေမည်သာ ဖြစ်သည်။ သူ၏ စွမ်းအင်အဆင့်ကို ပြန်လည်ရရှိပြီးမှ စစ်သားများ စုဆောင်းပြီးစစ်တပ်ဖွဲစည်းနိုင်မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ပြည်သူလူထုအတွက် ပြင်းထန်သော ထိုးနှက်ချက် ဖြစ်လာနိုင်ပေသည်။


သို့သော် ဂျိချန်းရွဲ့က ထိုကိစ္စများအတွက် စိတ်အနှောက်အယှက် ဖြစ်မနေပေ။ ဂျိချန်းယုက မည်မျပင် သန်မာလာသော်လည်း အင်ပါယာ မြို့တော်ကို ခြိမ်းခြောက်ရန် အားနည်းနေလေသည်။ သူ့တွင် အဌ္စမအဆင့် စွမ်းအားမရှိပဲ အင်ပါယာကို ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။


“အရှင်မင်းကြီး ဘုရင်ခံယု လွတ်မြောက်သွားတာက ဒီအစေခံအိုကြီးကြောင့်ပါ… ဒါကြောင့် ကျွန်တော်မျိုးက အပြစ်ရှိသလို ခံစားနေရတာကြောင့် ဘုရင်ခံယုကို ကိုယ်တိုင်သွားဖမ်းဖို့အတွက် အရှင်မင်းကြီးက ခွင့်ပြုပေးပါ…”


လျန်ဖု၏ စကားများကြောင့် အနားမှ လူများက အံံသြသွားကြလေသည်။


ဂျိချန်းရွဲ့ကိုယ်တိုင်လည်း လျန်ဖုက ထိုသို့ ပြောလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် အံ့သြသွားလေသည်။


“ကျေးဇူးပြုပြီး ဒီအစေခံအိုကြီးကို ဘုရင်ခံယုကို သွားရောက် ဖမ်းဆီးခွင့်ပေးပါ… အရင် ဧကရာဇ်ရဲ့ အမိန့်ကို နာခံမှု မရှိတာက မရိုမသေ ပြုလုပ်တာပဲ… သူ့ကို သွားဖမ်းပြီး အရင်ဧကရာဇ်ရဲ့ ဂုဏ်သတင်းကို ပြန်လည်တည်ဆောက်ခွင့် ပြုပါ...”


လျန်ဖု၏ အမူအယာက တင်းမာခက်ထန်နေပြီး သူ၏ အသံက ခန်းမထဲတွင် ပဲ့တင်ထပ်နေလေသည်။