အပိုင်း ၂၄၀
Viewers 53k

အခန်း ၂၄၀ “ပိုင်ရှင်ပု၏ မီးဖိုချောင်”


ခန်းမထဲရှိ လူများက အသက်ရှူပင် အောင့်ထားမိကြပြီး ပလ္လင်ပေါ်မှ ဂျိချန်းရွဲ့ကို စောင့်ကြည့်နေကြလေသည်။ လျန်ဖု၏ လျောက်တင်မှုက ဂျိချန်းရွဲ့က မည်သို့ ဆုံးတ်ြမည်ကို သိလိုနေကြလေသည်။ အကယ်၍ လျန်ဖုအား ဂျိချန်းယုကို ဖမ်းဆီးရန် ခွင့်ပြုလိုက်ပါက ညီအကိုချင်း သတ်ဖြတ်မှု ဖြစ်ပွားပေလိမ့်မည်။


ဂျိချန်းရွဲ့က ဆုံးဖြတ်ချက်ချရန် တွေဝေနေလေသည်။ သူတို့က ညီအကိုဖြစ်သောကြောင့် ထိုသို့ လုပ်ရန် ခက်နေလေသည်။ အကယ်၍ ဂိုဏ်းမှ ဂျိချန်းယုကို ခေါ်ဆောင်သွားလျင် သူတို့နှစ်ယောက်က အနှေးနှင့် အမြန် ရန်သူများ ဖြစ်လာနိုင်ပေသည်။ ဂျိချန်းယုသာ စွမ်းအား ချိတ်ပိတ်ထားခြင်း ပျက်ပြယ်သွားသည်နှင့် အင်အားစုဆောင်းပြီး ပြန်လည်ရောက်ရှိလာနိုင်ပေသည်။ ဂျိချန်းရွဲ့လည်း ပလ္လင်ပေါ်ထိုင်၍ အေးအေးဆေးဆေး စိုးစံနိုင်မည် မဟုတ်တော့ပေ။


“ငါသဘောတူတယ်…”


အချိန်ကြာမြင့်စွာ စဉ်းစားတွေးတောပြီးနောက် ဂျိချန်းရွဲ့က ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက် စကားတစ်ခွန်းမျှ ထပ်မပြောတော့ချေ။


ခန်းမကျယ်ကြီးထဲမှ လူအားလုံးက တိတ်ဆိတ်နေကြလေသည်။ 


နောက်ဆုံးတွင် အဓိက ခန်းမကြီးထဲမှ ညီလာခံက ပြီးဆုံးသွားပြီဖြစ်သည်။ အင်ပါယာ မှ ၀န်ကြီးများ တရားရုံးတော်မှအရာရှိများ နှင့်အတူ ခန်းမထဲမှ ထွက်သွားတော့မည့် ရှောင်မန့်ကို ဂျိချန်းရွဲ့က လှမ်းတားလိုက်သည်။ သူက ခန္ဒာကိုယ်ကို အနည်းငယ် လှည့်၍ ခန်းမကို ဝေ့၀ဲကြည့်ရှုလိုက်သည်။ သူ၏ မျက်၀န်းထဲတွင်လည်း အနက်ရောင်အလင်းတစ်ချက် လက်သွားလေသည်။


နွေဦးရာသီ မိုးဖွဲလေးများက ကမ္ဘာမြေကို နောက်တစ်ကြိမ် ဆေးကြောနေလေရာ တောက်ပလှသော နေရောင်ခြည်က ပျောက်ကွယ်နေပြီး ကောင်းကင်က အနည်းငယ် ညို့မှိုင်းနေလေသည်။


အင်ပါယာမြို့တော်၏ အပြင်ဘက်တွင် သာမာန်၀တ်စုံများ ၀တ်ဆင်ထားသော ဂျိချန်းရွဲ့နှင့် ရှောင်မန်က လျန်ဖုကို လိုက်ပါပိ်ု့ဆောင်နေကြလေသည်။ လျန်ဖု၏ ပုံရိပ် ပျောက်ကွယ်သွားမှ သူတို့နှစ်ယောက်က သက်ပြင်းတစ်ချက် ချလိုက်ကြလေသည်။


အင်ပါယာမြို့တော်တွင် မိသားစုချင်း သတ်ဖြတ်သည့် ကိစ္စများက မထူးဆန်းလှပေ။ ဂျိချန်းရွဲ့ နန်းတက်ပြီးသည့် အချိန်ထိပင် ထိုကဲ့သို့ ရက်စက်မှုများက အဆုံးမသတ်သေးပေ။


အင်ပါယာ မြို့တော်၏ လမ်းမထက်တွင် ဂျိချန်းရွဲ့က လက်နှစ်ဖက်ကို နောက်ပစ်၍ အေးအေးသက်သာ လျောက်လှမ်းနေသည်။ လမ်းမထက်မှ လူများကလည်း အလုပ်များနေသော ပျားလေးများကဲ့သို့ ပြာပန်းခတ် လှုပ်ရှားနေကြလေသည်။ နွေဦးရာသီ ပွဲတော်အတွက် အလုပ်နားရက်များက ပြီးမြောက်သွားပြီ ဖြစ်သောကြောင့် မြို့တော်အတွင်းမှ လူများက သူတို့၏ နေ့စဉ်အလုပ်များကို ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်သည်။


ဂျိချန်းရွဲ့က ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း လူတိုင်းက သူ့ကို မမှတ်မိနိုင်ကြပေ။ သူက လမ်းမပေါ်တွင် ရှိနေသော အလုပ်များနေသည့် အရပ်သားများကို ကျော်ဖြတ်သွားလေသည်။


……


သောကမဲ့စံအိမ်သည် အင်ပါယာမြို့တော်၏ ဆင်ခြေဖုံး ရပ်ကွပ်တစ်ခုအတွင်းတွင် တည်ရှိနေသည်။ ဂျိချန်းရွဲ့က အဆောက်အဦးရှေ့သို့ ရောက်လာသော်လည်း တခဏမျှ ရပ်တန့်လိုက်သည်။ 


သူ၏ နောက်မှ လိုက်ပါလာသော ရှောင်မန်က သောကမဲ့စံအိမ်ကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။


“စစ်သေနာပတိရှောင်…. အထဲကို ၀င်ကြည့်ကြရအောင်…”


ဂျိချန်းရွဲ့က ပြောပြီးသည်နှင့် စံအိမ်ထဲသို့ ရှေကမှ ဦးဆောင်၀င်ရောက်သွားလိုက်သည်။ တော်၀င်တံဆိပ်တစ်ခုကို ပြသလိုက်သောကြောင့် အပေါက်၀တွင် ရှိနေသော အစောင့်များက လမ်းဖယ်ပေးလိုက်ကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က စံအိမ်ထဲသို့ ချောချောမွေ့မွေ့ပင် ရောက်ရှိသွားကြသည်။


စံအိမ်ကို လှပခမ်းနားစွာ ပြင်ဆင်ထားပြီး ခြံ၀န်းအတွင်းမှ မိန်းမပျိုလေးများ၏ တခစ်ခစ် ရယ်မောသံများက အသက်၀င်အောင် အားဖြည့်ထားလေသည်။ မိန်းမပျိုလေးများ ၀န်းရံနေသည့် သန်မာသော လူတစ်ယောက်က ပျော်ရွှင်နေလေသည်။


“သခင်…. ဒီကို တစ်ယောက်ယောက် လာနေတယ်…”


ပိန်ပါးသွယ်လှသော မိန်းမပျိုတစ်ဦးက ဂျိချန်းရွဲ့ကို စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်ပြီး ဂျိချန်းကန်ကို ပြောလိုက်သည်။ 


ဂျိချန်းကန်က နောက်လှည့်ကြည့်လိုက်ရာ ဓါးတစ်စင်းကဲ့သို့ တည့်မတ်စွာ ရပ်နေသော ဂျိချန်းယုကို တွေ့လိုက်ရလေသည်။ သူ၏ မျက်၀န်းများက မချိုမချဉ် ကျဉ်းမြောင်းသွားကြလေသည်။


“သူတို့ကို ဂရုစိုက်မနေနဲ့…”


ဂျိချန်းယုက အရှေ့သို့ ပြန်လှည့်လိုက်ပြီး ခပ်ယောင်ယောင် ပြုံး၍ ပြောလိုက်ကာ မိန်းမပျိုလေး တစ်ယောက်ကို လက်မောင်းကြားထဲ ထွေးပွေ့လိုက်လေသည်။ ထို့နောက် ရယ်မောသံများ ပြန်လည်ထွက်ပေါ်လာလေသည်။ ထိုရယ်သံလေးများက သောကမဲ့စံအိမ် တစ်ခွင်ကို ပျံ့နှံ့နေလေသည်။


“မင်းက ငါ့ဘ၀ကို ဇိမ်ခံပြီး ပျော်ပျော်ပဲ နေစေချင်တာ မဟုတ်လား…. ငါအခု အဲလိုပဲ နေနေတယ်လေ..”


ရှောင်မန်က သက်ပြင်းတစ်ချက် ချလိုက်သည်။


ဂျိချန်းရွဲ့၏ မျက်၀န်းများက မဲမှောင်နေသော်လည်း သူ၏ မျက်နှာအမူအယာက မျက်နှာသေနှင့်ပင် ဖြစ်သည်။


“သွားကြစို့ …”


ဂျိချန်းရွဲ့က မိန်းမလှလေးများ ကြားတွင် ပျော်ပါးနေသော ဂျိချန်းကန်ကို အေးစက်စက် စိုက်ကြည့်၍ ထွက်ခွာသွားလေသည်။ တန်ခိုးအာဏာနှင့် ပြည့်စုံခဲ့သော အိမ်ရှေ့စံတစ်ပါးအတွက် သောကမဲ့စံအိမ်၏ ဘုရင်ခံတစ်ယောက် ဖြစ်လာခြင်းမှာ ဆိုးဝါးခြင်းမရှိပေ။ အနည်းဆုံးအနေနှင့် သူတို့နှစ်ယောက် သွေးထွက်သံယို တိုက်ခိုက်ရန် မလိုတော့ပေ။


……


နောက်တစ်နေ့တွင် မြွေအမျိုးသမီး ယုဖူက နံနက်စောစော နိုးလာခဲ့သည်။ အားနီနှင့် သူမ၏ ဖခင်က မြွေလူသားများ နေထိုင်ရာသို့ ပြန်သွားကြပြီဖြစ်သည်။ ယခုအခါ အင်ပါယာ မြို့တော်ထဲတွင် သူမတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သော်လည်း ကြောက်ရွံ့မနေပဲ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။


သူမက ပုဖန်ဆီမှ အချက်အပြုတ်ပညာများ စတင်သင်ကြားရတော့မည်ဖြစ်သည်။ ယုဖူက မှန်ရှေ့တွင် ရပ်၍ သူမကိုယ်သူမ အလှပဆုံး ဖြစ်စေရန် ပြင်ဆင်လိုက်သည်။ မြွေလူသားမျိုးနွယ်စုထဲတွင် သူမက သူမတူအောင် လှပသော အလှလေးတစ်ယောက်ပင် ဖြစ်သည်။ အနည်းငယ် ပြင်ဆင်လိုက်သည်နှင့် တစ်စုံတစ်ယောက်ကို အသက်ရှူမှားသွားအောင် ဆွဲဆောင်နိုင်ပေသည်။


သို့သော် သူမက သာမန်လောက်သာ ပြင်ဆင်လိုက်လေသည်။ အမွှေးနံ့သာများက အစားအသောက်များကို ပျက်စီးစေနိုင်သည်ဟု ပိုင်ရှင်ပု ပြောမည်ကို သူမက သိနေလေသည်။ ထို့နောက် သူမက နေထိုင်ရာနေရာမှ ထွက်လာလိုက်ပြီး ဆီစိမ်စက္ကူထီးကို ဖွင့်လိုက်သည်။ အစိမ်းရောင် အကြေးခွံများနှင့် ပြည့်နေသော သူမ၏ မြွေအမြှီးကို ရမ်းခါ၍ လမ်းကြားလေးဆီသို့ ဦးတည်လိုက်လေသည်။


အင်ပါယာ မြို့တော်အတွင်းတွင် နေထိုင်ကြသူများက မြွေလူသား မျိုးနွယ်စုများထက် များပြားလှပေသည်။ လူအများက အင်ပါယာ မြို့တော်၏ လမ်းမထက်တွင် ပြေးလွှားလှုပ်ရှားနေကြသည်။ အိမ်နီးချင်းများပင် တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ရင်းနှီးစွာ နှုတ်ဆက်နိုင်ကြခြင်း မရှိကြချေ။ ထိုအချင်းအရာက သူမကို ပစ်ပယ်ထားသည်ဟု ခံစားရစေလေသည်။


သူမက ဆီစိမ်စက္ကူထီးကို ကိုင်၍ အင်ပါယာ မြို့တော်၏ လမ်းမထက်တွင် တစ်ယောက်တည်း လျောက်လှမ်းနေလေသည်။ ကောင်းကင်ထက်မှ တဖွဲဖွဲ ကျဆင်းနေသော မိုးစက်လေးများက အေးမြလန်းဆန်းမှုကို သယ်ဆောင်လာခဲ့သည်။ 


လမ်းကြားလေးကို ဖြတ်ကျော်လိုက်ပြီးနောက် ယုဖူက ဆိုင်ငယ်လေး၏ ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ ဆိုင်၏ အပေါက်၀တွင် ခွေးနက်ကြီးက ကြွေပန်းကန်အတွင်းမှ ၀က်နံရိုးချိုချဉ်ကြော်များကို အငမ်းမရ စားသုံးနေလေသည်။ ယုဖူက တစ်ယောက်တည်း တွေးတော၍ ပြုံးလိုက်ပြီးနောက် ဆိုင်ထဲသို့ ၀င်သွားလိုက်လေသည်။


စားသုံးသူတစ်ယောက် မှာယူနေသည်ကို ရေးမှတ်နေသော ကွမ်းရှောင်ယီက သူမကို သတိပြုမိသွားပြီး ချက်ချင်းပင် နှာခေါင်းရှုံ့၍ မျက်နှာလွှဲလိုက်သည်။ 


မီးဖိုချောင်ထဲမှ ထွက်လာသော ပုဖန်က လက်ကို ရေစင်အောင် သုတ်လိုက်ပြီး သူမကို ခေါင်းညိမ့်ပြလိုက်သည်။


“နင်ခဏတော့ စောင့်ရဦးမယ်… ဆိုင်ပိတ်ချိန်ရောက်မှပဲ ငါနင့်ကို သင်ပေးလို့ရမယ်… လောလောဆယ်တော့ ရှောင်ယီ့ကို ကူညီပြီး စားသုံးသူတွေရဲ့ အမှာတွေကို မှတ်ပေး…” ပုဖန်က ပြောလိုက်သည်။


ယုဖူက ခေါင်းငြိမ့်လိုက်ပြီးနောက် သူမ၏ အမြှီးကို ရမ်းခါ၍ ရှောင်ယီ့အနီးသို့ သွားလိုက်သည်။ 


ကွမ်းရှောင်ယီက မကျေမနပ်နှင့် တစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။ သူမက သိသိသာသာပင် မနာလို ဖြစ်နေလေသည်။ သူမက ယုဖူကို ရွေးချယ်မှုနှင့် ပတ်သတ်၍ ပုဖန်ကို စိတ်ဆိုးနေဆဲပင် ဖြစ်သည်။


ယုဖူက ရှောင်ယီ့၏ အပြုအမူကို စိတ်ထဲမထားနေပေ။ သူမက ဆိုင်သို့ မကြာခဏ ရောက်ဖူးသောကြောင့် ရှောင်ယီ့၏ အပြုအမူများနှင့် ရင်းနှီးနေပြီဖြစ်သည်။ သူမ၏ အကျင့်အရ အချိန်အနည်းငယ် ကုန်သွားသည်နှင့် သူမမျက်နှာပေါ်တွင် အပြုံးများ ပြန်လည်ရောက်ရှိလာမည်သာ ဖြစ်သည်။ 


ပုဖန်က သူမတို့ နှစ်ယောက်ကို တစ်ချက်ကြည့်၍ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး မီးဖိုခန်းထဲသို့ ပြန်၀င်သွားလေသည်။


“ပိုင်ရှင်ပု… အနီရောင် အသားနှပ်… ၀က်နံရိုးချိုချဉ်ကြော်နဲ့ ငါးခေါင်းတို့ဟူးစွပ်ပြုတ် တစ်ပွဲစီ အမှာရှိတယ်…”


ပုဖန်က ယုဖူ၏ ညင်သာသော အသံက ထွက်ပေါ်လာလေသည်။ ထိုကဲ့သို့ အပြောင်းအလဲကို သူက ရုတ်တရက် အသားမကျ ဖြစ်သွားလေသည်။ နေ့စဉ်နေ့တိုင်း ကွမ်းရှောင်ယီ၏ မဆင်မချင် အော်ဟစ်သံများကို ရင်းနှီးကျွမ်း၀င်နေသောကြောင့် ထိုပြောင်းလဲမှုက ကြီးမားလှပေသည်။ သို့သော် ထိုအချက်က ကိစ္စကြီး မဟုတ်သောကြောင့် ပုဖန်က သူ၏ ချက်ပြုတ်ခြင်းကို အာရုံစိုက်လိုက်သည်။


နေ၀င်ချိန်ရောက်သောအခါ တစ်နေ့လုံး အလုပ်ရှုပ်နေသော ဆိုင်ကို ပိတ်သိမ်းလိုက်လေသည်။ ပုဖန်က ဆိုင်အပေါက်၀နားမှ ခုံပေါ်တွင် ထိုင်၍ တခဏမျှ အနားယူလိုက်သည်။ သူက နေ၀င်ချိန်ကို ကြည့်၍ သက်ပြင်းတစ်ချက် ချလိုက်လေသည်။ 


ဆိုင်ထဲတွင် ယုဖူနှင့် ကွမ်းရှောင်ယီတို့က ကပ်ထိုင်နေပြီး ခေါင်းခြင်းဆိုင်၍ တွတ်ထိုးနေကြကာ တစ်ခါတစ်ရံတွင် ရယ်သံများ ထွက်ပေါ်လာလေသည်။ ကွမ်းရှောင်ယီ၏ မျက်လုံးဝိုင်းဝိုင်းလေးများက တစ်ခါတစ်ရံ ရယ်လိုက်သောအခါ ကွေးညွှတ်သွားလေသည်။


တခဏမျှ အနားယူပြီးနောက် ကွမ်းရှောင်ယီက ယုဖူနှင့် ပုဖန်ကို နှုတ်ဆက်လိုက်ပြီး ကွမ်းစံအိမ်သို့ ခုန်ပေါက်ပြေးလွှား၍ ပြန်သွားလေသည်။


ဆိုင်ထဲတွင် ပုဖန်နှင့် စိုးရိမ်ကြောင့်ကြနေသော ယုဖူတို့သာ ကျန်ရစ်ခဲ့လေသည်။


“အရမ်း စိတ်ပူမနေနဲ့ စိတ်အေးအေးထား…. မင်းရဲ့စိတ်အခြေအနေကလည်း ချက်ပြုတ်တဲ့ အပေါ်မှာ အကျိုးသက်ရောက်မှု ရှိတယ်…” ပုဖန်က ယုဖူကို တစ်ချက်ကြည့်၍ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။


ယုဖူ၏ ခန္ဒာကိုယ်က တောင့်တင်းသွားလေသည်။ သူမက ပုဖန်ကို ဦးညွှတ်လိုက်ပြီး လေးလေးနက်နက် ပြန်ဖြေလိုက်သည်။


“ဒီမိန်းကလေးကတော့…” ပုဖန်က နှုတ်ခမ်းတွန့်လိုက်မိသည်။ 


“မင်းမနေ့က လေ့ကျင့် ချက်ပြုတ်ခဲ့တဲ့ ဥထမင်းကြော် ချက်ပြုတ်နည်းကို ငါအခု သင်ပေးမယ်… ဒါပေမယ့် ငါ့ရဲ့ ဥထမင်းကြော်က မနေ့က မင်းချက်ခဲ့တဲ့ ဥထမင်းကြော်နဲ့ အကွာကြီးကွာတယ်… မင်းအနေနဲ့ မြန်မြန်ဆန်ဆန် သင်ယူနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်..” ပုဖန်က မတ်တပ်ရပ်လိုက်ပြီး အကြောအချင်ဆန့်၍ ပြောလိုက်သည်။


ယုဖူ၏ ခန္ဒာကိုယ်က နောက်တစ်ကြိမ် တောင့်တင်းသွားပြီး လေးလေးနက်နက် နှင့် ဟုတ်ကဲ့ဟု ထပ်ဖြေလိုက်လေသည်။


“စိတ်အေးအေးထားပါ… ငါမင်းကို ချက်မစားပါဘူး…”


ပုဖန်က တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က ဆိုင်တံခါးများ ပိတ်လိုက်သည်။ 


ပုဖန်က မီးဖိုချောင်သို့ သွားနေရာမှ ရပ်တန့်လိုက်ပြီး အဝေးတွင် ရပ်နေခဲ့သော ယုဖူကို လက်ညိုးဝှေ့ရမ်း၍ ခေါ်လိုက်သည်။


“ငါ့နောက်က လိုက်ခဲ့… ဒါက ပထမဆုံး အကြိမ်ပဲ…. ဘယ်သူ့ကိုမှ ငါ့မီးဖိုခန်းထဲကို ၀င်ခွင့် မပြုဖူးဘူး…”