အပိုင်း ၂၄၁
Viewers 52k

အခန်း ၂၄၁ “ပုဖန်၏ ချက်ပြုတ်နည်း လမ်းညွှန်ချက်…”


ယုဖူ၏ ချယ်ရီရောင်နှုတ်ခမ်းလေးများက ဝိုင်းစက်သွားပြီး သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်ဟန်များ အထင်းသား ပေါ်ထွက်လာလေသည်။


ပိုင်ရှင်ပု၏ မီးဖိုချောင်က ဆန်းကျယ်မှုများနှင့် ပြည့်နှက်နေသည်ဟု ကောလဟာလများ ရှိနေလေသည်။ သို့သော် ထိုမီးဖိုချောင်အတွင်းသို့ ပိုင်ရှင်ပုမှ လွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ယနေ့အချိန်ထိ ၀င်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ယနေ့တွင် သူမက ပုဖန်၏ မီးဖိုချောင်သို့ ၀င်ရောက်ရန် အခွင့်အရေး ရရှိလာပြီဖြစ်သည်။ ထိုအချက်မှာ အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။


ယုဖူက မြွေအမြှီးကို ရမ်းခါလိုက်ပြီး ပုဖန်၏ နောက်မှ လိုက်သွားလိုက်သည်။ မီးဖိုချောင်ထဲသို့ ၀င်ရောက်လိုက်သည်နှင့် လေထုက ပြောင်းလဲသွားလေသည်။


ဆိုင်ငယ်လေးထဲတွင် လူတစ်ယောက်၏ အတွင်းစိတ်ကို သက်တောင့်သက်သာ ဖြစ်စေနိုင်သော ခံစားချက်မျိုး ရရှိနိုင်ပြီး မီးဖိုချောင်ထဲတွင်မူ မျက်စိမလွှဲနိုင်လောက်အောင် ဖမ်းစားထားနိုင်သော အဆင့်အတန်းမြင့်သည့် ကရိယာ တန်ဆာပလာများနှင့် ပြည့်နှက်နေလေသည်။


ယုဖူက မီးဖိုချောင်ထဲသို့ ၀င်လိုက်သည်နှင့် သံစက်ရုပ်တစ်ရုပ်နှင့် ရင်ဆိုင်လိုက်ရသည်။ ထိုစက်ရုပ်၏ အနီရောင်မျက်၀န်းများက သူမ၏ ခန္ဒာကိုယ်ကို ခြေဆုံးခေါင်းဆုံး အကဲခတ် စစ်ဆေးလိုက်သည်။ စက်ရုပ်က သူမအဖေ ပြောပြခဲ့သော အင်အားကြီးလှသည့် စက်ရုပ် ဖြစ်နိုင်လေသည်။ စက်ရုပ်၏ ပုံသဏ္ဍာန်က လူအများ ပြောဆိုနေကြသကဲ့သို့ ကြောက်စရာမကောင်းပဲ ဗိုက်ပူပူ ၀၀ဖြိုးဖြိုးနှင့် ချစ်စရာ ကောင်းလှပေသည်။


အရှေ့မှ သွားနေသော ပုဖန်က ဝှိုက်တီ၏ ဗိုက်ကို ပုတ်လိုက်ပြီး သူ့အနောက်တွင် ပါလာသော ယုဖူကို မိတ်ဆက်ပေးလိုက်သည်။


“ဒါက ဝှိုက်တီ… ငါ့ရဲ့ လက်ထောက် စက်ရုပ်… မင်းအနေနဲ့ သူ့ကိုငါ့ရဲ့အကူအဖြစ် သတ်မှတ်ထားနိုင်တယ်… ငါတို့ ချက်ပြုတ်ပြီး ကျန်နေတဲ့ ပါ၀င်ပစ္စည်းတွေကို သူက ပြန်လည်သန့်စင်ပေးလိမ့်မယ်…”


ယုဖူက ချက်ချင်းပင် မတ်မတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်၍ ဝှိုက်တီကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။


၀ှိုက်တီ၏ စက်ရုပ် မျက်၀န်းများက ပုတ်ခတ် ပုတ်ခတ် ဖြစ်သွားပြီး သူ၏ ခေါင်းပြောင်ပြောင်ကို လက်မြှောက်၍ ကုတ်လိုက်မိလေသည်။


ပုဖန်က ယုဖူကို ဦးဆောင်၍ မီးဖိုချောင်သုံး မီးဖိုစင်ရှိရာသို့ သွားလိုက်သည်။ ထိုမီးဖိုစင်က ထူးဆန်းပြီး ကြွေထည်ပစ္စည်း တစ်ခုကဲ့သို့ တောက်ပနေလေသည်။ မီးဖိုစင်၏ အပေါ်တွင်လည်း ပစ္စည်းအမျိုးမျိုး ရှိနေလေသည်။ ထိုပစ္စည်းများကို အသုံးပြု၍ ချက်ပြုတ်ပါက ပို၍ လွယ်ကူစွာ ချက်ပြုတ်နိုင်မည်ဟု ခံစားနေရလေသည်။


မီးဖိုစင်၏ အစွန်းတစ်ဖက်တွင် မီးဖိုချောင်သုံး ပစ္စည်းများကို စီစီရီရီ တင်ထားလေသည်။ အရာအားလုံးက မီးဖိုခန်းအတွက် အမှန်တကယ် လိုအပ်သော ပစ္စည်းများ ဖြစ်ကြပြီး လိုအပ်ချက်များကို ရှာမတွေ့နိုင်သည်အထိ ပြည့်စုံနေလေသည်။ ထူးဆန်းသော သစ်တစ်မျိုးနှင့် ပြုလုပ်ထားသော စဉ့်နှီတုန်းမှလည်း ဖျော့တော့သော မွှေးရနံ့တစ်မျိုး ထုတ်လွှင့်နေလေသည်။


မီးဖိုချောင်၏ အပြင်အဆင်က ဆိုင်ငယ်လေး၏ စားသောက်ခန်းနှင့် လုံး၀ပင် ကွာခြားနေလေသည်။ မီးဖိုခန်းက ရိုးရိုးရှင်းရှင်းသာ ဖြစ်ပြီး နံရံပေါ်တွင် ရှိနေသော ပစ္စည်းမျာတွင်လည်း မလိုအပ်သော ပစ္စည်းဟူ၍ မတွေ့ရပေ။ မီးဖိုချောင်ထဲတွင် ဗီဒိုများ ပြည့်နှက်နေပြီး ထိုဗီဒိုများ အားလုံးကို ယုဖူမသိသော သစ်သားများနှင့် သတ္တုများကို ရောစပ်ပြုလုပ်ထားလေသည်။


ယုဖူက ထိုဗီဒိုများကို ထိကြည့်လိုက်သောအခါ အေးစက်စက်ခံစားလိုက်ရလေသည်။ ထို့အပြင် အတွင်းဘက်မှ တစ်ခါတစ်ရံ အလင်းရောင်များ တောက်ပနေလေသည်။


“ဒါက ရေခဲသေတ္တာ.. သူ့ထဲမှာ ပစ္စည်းတွေကို သိမ်းထားနိုင်တယ်.. သူက ပါ၀င်ပစ္စည်းတွေကို လတ်ဆတ်နေအောင် ထိမ်းသိမ်းထားပေးနိုင်တယ်…” ပုဖန်က ရေခဲသေတ္တာ တံခါးကို ဆွဲဖွင့်လိုက်ပြီး အသေအချာ ရှင်းပြလိုက်သည်။


အတွင်းမှ လေအေးများက တမဟုတ်ချင်း ထွက်လာသောကြောင့် ယုဖူ၏ ခန္ဒာကိုယ်က တုန်ယင်သွားလေသည်။


“ဒါက .. မုန့်ဖုတ်စက်… ဒါကို အသုံးပြုပြီးတော့ ငါတို့က ပါ၀င်ပစ္စည်း တော်တော်များများကို မီးဖုတ်တာပဲ ဖြစ်ဖြစ် ကင်တာပဲ ဖြစ်ဖြစ် လုပ်လို့ရတယ်…” ပုဖန်က မုန့်ဖုတ်စက်ကို ဖွင့်၍ ရှင်းပြလိုက်ပြန်သည်။


ရေခဲသေတ္တာ ဓါးသွေးကျောက် မိုက်ကရိုဝေ့ စသည့် ပစ္စည်းများ အားလုံးကို ယုဖူက မမြင်ဘူးပေ။ သူမက ထိုပစ္စည်းများ အားလုံးကို နားမလည်နိုင်သော်လည်း ထိုပစ္စည်းအားလုံးက အဆင့်အတန်း မြင့်သည်ဟု ခံစားမိနေလေသည်။


ပထမဆုံးအကြိမ်အဖြစ် အချက်အပြုတ်တွင် မာစတာတစ်ယောက် ဖြစ်လာစေရန်မှာ သူမတွေးထားသကဲ့သို့ မလွယ်ကူနိုင်ကြောင်း ယုဖူက သတိပြုမိလိုက်သည်။ သူမထံတွင် လေ့လာသင်ယူရမည့် အရာများစွာ ရှိနေသေးပေသည်။


“ဒါက မီးဖိုချောင်သုံး ဓါးစင်… ဒီမှာ အသီးအရွက်လှီးတဲ့ ဓါးအမျိုးမျိုး ရှိတယ်… မင်းအနေနဲ့ ဓါကို အသုံးပြုမယ်ဆိုရင် ကိုယ်ချက်ပြုတ်မယ့် ပါ၀င်ပစ္စည်းနဲ့ ကိုက်ညီမယ့် ဓါးတစ်ခုခုကို ရွေးလိုက်ပေါ့…” ပုဖန်က မီးဖိုခုံပေါ်မှ ဓါးစင်ကို ညွှန်ပြ၍ ပြောလိုက်သည်။


ယုဖူက သိချင်စိတ် ပြင်းပြစွာနှင့် ဓါးစင်ကို လှမ်းကြည့်လိုက်သည်။ ကြီးမားပြီး ထူထဲလှသော အနက်ရောင် အရိုးတပ်ထားသည့် ဓါးကြီးကို မြင်လိုက်ရသောကြောင့် သူမက အံ့သြမှင်သက်သွားလေသည်။


“ဒါ… ဒါကရော မီးဖိုချောင်သုံး ဓါးပဲလား.. ဘယ်လိုဖြစ်လိုပ အဲလောက်ကြီးမားပြီး လေးလံနေရတာလဲ…”


ပုဖန်က နှုတ်ခမ်းတစ်ချက် တွန့်လိုက်ပြီး ထိုဓါးကြီးကို အသာအယာ မယူလိုက်သည်။ ထိုကြီးမားလေးလံလှသော ဓါးကြီးက ဖြတ်တောက်ခြင်း နည်းပညာကို လေ့ကျင့်ရာတွင် အသုံးပြုသည့် ဓါးဖြစ်သည်။ သာမာန်လူများအနေနှင့် ထိုဓါးကြီးကို အသုံးပြုနိုင်ရန် ခက်ခဲပေလိမ့်မည်။


ယုဖူက မီးဖိုချောင်သုံး ဓါးကြီးကို ကြိုးစား၍ မကြည့်လိုက်သည်။ သူမက အားကုန်စိုက်ထုတ်၍ လက်ကောက်၀တ်များ နာကျင်လာသည်အထိ ကြိုးစားလိုက်သော်လည်း ဓါးက အနည်းငယ်မျှပင် ကြွမလာခဲ့ချေ။


“ဒီဓါးက ငါ ဓါးကိုင်ကျွမ်းကျင်လာအောင် လေ့ကျင့်တဲ့ နေရာမှာ သုံးတဲ့ ဓါးပဲ… မင်းအနေနဲ့ တစ်ခြားတစ်ခုကို ရွေးချယ်သင့်တယ်..” ပုဖန်က ပြောလိုက်သည်။


“ပိုင်ရှင်ပုလိုမျိုး ကျွမ်းကျင်နေတဲ့ သူတောင်မှ လေ့ကျင့်ဖို့ လိုအပ်သေးတာလား…” ယုဖူက သိချင်စိတ်နှင့် ပြန်မေးလိုက်သည်။


“လူတစ်ယောက်ရဲ့ အချက်အပြုတ်စွမ်းရည်ဆိုတာ အဆုံးမရှိဘူး… မင်းအနေနဲ့ ထူးချွန်တဲ့ စားဖိုမှုးတစ်ယောက် ဖြစ်ချင်ရင် နေ့စဉ်မပျက် လေ့ကျင့်နေဖို့ လိုအပ်တယ်… လေ့ကျင့်တဲ့နေရာမှာ မင်းရဲ့နှလုံးသားကို နှစ်မြုတ်ထားနိုင်ပြီ ဆိုတာနဲ့ မင်းရဲ့ အချက်အပြုတ်စွမ်းရည်က အတွေ့အကြုံ ပြည့်ဝနေပြီး ဟင်းပွဲရဲ့ အရသာကို ပိုပြီး ကောင်းမွန်လာစေလိမ့်မယ်… ဒီတော့ မင်းက ငါ့ရဲ့ အလုပ်သင်စားဖိုမှုး ဖြစ်လာတာနဲ့ ဓါးကိုင်ပညာက်ို ငါ့လိုပဲ နေ့တိုင်း လေ့ကျင့်ရမယ်…”


ပုဖန်က လေးလေးနက်နက် ပြောလိုက်သည်။ သူ၏ အချက်အပြုတ် စွမ်းရည်က ကောင်းမွန်သော်လည်း နေ့စဉ်နေ့တိုင်း လေ့ကျင့်နေခြင်း မရှိပါက အလျင်အမြန် တိုးတက်လာနိုင်မည် မဟုတ်ကြောင်း ပုဖန်က သိနေလေသည်။


ယုဖူက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမက မီးဖိုချောင်သုံး ဓါးအမျိုးမျိုးကို ကိုင်၍ ရွေးချယ်နေလိုက်သည်။ နောက်ဆုံးတွင် ပုဖန်၏ လက်အရွယ်ရှိသော ဓါးတစ်ချောင်းကို ရွေးချယ်လိုက်သည်။ ထိုဓါးက သူမ၏ လက်ထဲတွင် အဆင်ပြေလှပြီး သူမနှင့် သင့်တော်နေလေသည်။


ပုဖန်က ခေါင်းညိမ့်လိုက်ပြီး ဗီဒိုထဲမှ မိုးကြိုးမုန်တိုင်း ငှက်ဥကို အနည်းငယ်ကို ထုတ်ယူလိုက်သည်။ ထိုဥကို ဥထမင်းကြော်တွင် အသုံးပြုရန် စနစ်က ထောက်ပံ့ပေးထားခြင်းဖြစ်သည်။


“မင်းကို အရင်ဆုံး ပါ၀င်ပစ္စည်းတွေနဲ့ မိတ်ဆက်ပေးမယ်… ဒါက တတိယအဆင့် သားရဲ မိုးကြိုးမုန်တိုင်း ငှက်ဥပဲ… ဒီဥထဲမှာ အစစ်အမှန် စွမ်းအင်တွေ အများအပြား ပါ၀င်နေတယ်…”


ပုဖန်က ပြောပြောဆိုဆိုနှင့် ကြွေပန်းကန်လုံး တစ်လုံးကို ယူလိုက်ပြီး ဥကိုခွဲထည့်လိုက်သည်။ ဥအနှစ်မှ မိုးချုန်းသံသဲ့သဲ့ပင် ထွက်ပေါ်နေလေသည်။


“ကောင်းမွန်တဲ့ ဥထမင်းကြော်ကို ချက်ပြုတ်ချင်တယ်ဆိုရင် မင်းရဲ့ အစစ်အမှန် စွမ်းအင်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ အရေးကြီးတယ်… ပါ၀င်ပစ္စည်းရဲ့ စွမ်းအင်တွေ စိမ့်ထွက်မသွားအောင် ထိန်းချုပ်နိုင်မှ မင်းချက်လိုက်တဲ့ ဟင်းပွဲရဲ့ အရသာက ပျက်စီးမသွားမှာ…”


ပုဖန်က ပြောဆိုလိုက်ပြီး သူ၏ အစစ်အမှန် စွမ်းအင်များကို တူတစ်စုံကဲ့သို့ ခဲစေလိုက်ပြီး ဥကို အသာလေးမွှေနေလိုက်သည်။


“ပါ၀င်ပစ္စည်းတွေမှာရှိတဲ့ အစစ်အမှန် စွမ်းအင်တွေကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာ သိလား…” ပုဖန်က ယုဖူကို ကြည့်၍ လေးလေးနက်နက် မေးလိုက်သည်။


ယုဖူက ခေါင်းခါပြလိုက်သည်။ သူမအနေနှင့် ထိုကဲ့သို့ လေးနက်သော အကြောင်းအရာများကို မသိနိုင်ပေ။


“စည်းချက်… အဲဒါကို ခံစားမိအောင် မင်းရဲ့ နှလုံးသားကို အသုံးပြုရမယ်… အစစ်အမှန် စွမ်းအင်တွေမှာ အတက်အကျ လှိုင်းတွေ ရှိတယ်… ပါ၀င်ပစ္စည်းတွေထဲက အတက်အကျလှိုင်းတွေကို မင်းရဲ့ နှလုံးသားထဲမှာ ခံစားမိပြီ ဆိုတာနဲ့ ချက်ပြုတ်တဲ့ အချိန်မှာ အဲဒီလှိုင်းတွေရဲ့ တည်ငြိမ်မှုကိုထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်… အဲလိုလုပ်နိုင်မှ ပါ၀င်ပစ္စည်းတွေထဲက အစစ်အမှန် စွမ်းအင်တွေ စိမ့်ထွက်လာတာကို တားဆီးထိန်းချုပ်လာနိုင်လိမ့်မယ်…”


ပုဖန်က သေချာစွာ ရှင်းပြလိုက်သည်။ ထို့နောက် သူ၏ လက်များက လျှင်မြန်စွာ လှုပ်ရှားသွားပြီး မိုးကြိုးမုန်တိုင်း ငှက်ဥ၏ အကာကို ဖယ်ရှားလိုက်သည်။ ပုဖန်က သူ၏ အစစ်အမှန် စွမ်းအင်တူကိုအသုံးပြု၍ ငှက်ဥအကာကို အမျှင်လေးတစ်ခုအဖြစ် ဆွဲထုတ်လိုက်သည်။


ထို့နောက် ပုဖန်က ဗီဒိုအောက်မှ အစစ်အမှန် စွမ်းအင်များနှင့် ပြည့်နှက်နေသော ပုလဲရောင်ဆန်ကို ထုတ်ယူလိုက်သည်။ ဆန်ကို ဆေးကျောသန့်စင်လိုက်ပြီး ပေါင်းအိုးထဲသို့ ထည့်လိုက်ကာ ကျက်မည့်အချိန်ကို စောင့်နေလိုက်သည်။


ယုဖူက ပုဖန်၏ နောက်တွင် နာခံစွာနှင့် ရပ်နေပြီး ပုဖန်၏ လှုပ်ရှားမှုများကို မျက်စိမလွဲတမ်း ကြည့်နေလေသည်။


“ပါ၀င်ပစ္စည်းတွေကို ငါဘယ်နေရာက ထုတ်ယူလဲဆိုတာကို မင်းမှတ်ထားရမယ်… နောက်ကျရင် အဲဒီနေရာတွေမှာပဲ လိုအပ်တဲ့ ပါ၀င်ပစ္စည်းတွေကို ထုတ်ယူရမှာ … ဒါကြောင့် သေသေချာချာ မှတ်ထားပါ…” ပုဖန်က ယုဖူကို ပြောလိုက်ပြီးနောက် မီးဖိုကို မီးဖွင့်လိုက်သည်။


ယုဖူ၏ စိတ်ထဲတွင် တုန်ယင်သွားပြီး အလေးအနက် ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ မသိနားမလည်သော မျက်နှာလေးက ကလေးတစ်ယောက်၏ အမူအယာမျိုး ဖြစ်နေလေသည်။


ရွဲ…


ပုဖန်က ဒယ်အိုးထဲသို့ ဆီများ လောင်းထည့်လိုက်ပြီး ကျက်သွားပြီဖြစ်သော ထမင်းကို ထုတ်ယူ၍ ထည့်လိုက်လေသည်။ ထို့နောက် ပုဖန်က အိုးကို မလိုက်ပြီး မီးတောက်များကို အိုးအပေါ်သို့ တက်လာစေလေသည်။ ပုဖန်၏ နောက်တွင် ရပ်နေသော ယုဖူက သူမ၏ အမြှီးပင် တုန်သွားသည်အထိ ထိတ်လန့်သွားလေသည်။


ဒယ်အိုးကို လှုပ်ခါလိုက်သောအခါ ပုလဲရောင် ထမင်းများက မွှေးပျံ့သော ရနံ့များ ထုတ်လွှတ်လာလေသည်။ ထိုရနံ့များက ယုဖူ၏ နှာခေါင်းထဲ တိုး၀င်လာသောကြောင့် သူမက ပါးစပ်ဟ၍ ရှူရှိုက်လိုက်မိသည်။


“ဥထမင်းကြော် ကြော်တဲ့အချိန်မှာ အရေးအကြီးဆုံး သတိထားရမယ့် အချက်က အပူချိန်ပဲ… အပူချိန်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ပြီဆိုရင် ဥထမင်းကြော်က တစ်၀က်ပြီးမြောက်သွားပြီလို့ ပြောလို့ရတယ်…”


ပုဖန်က ဆက်လက်၍ သင်ပြပြောဆိ်ုလိုက်သည်။ သူ၏ စကားလုံးများက အရေးကြီးသည့် အချိန်တိုင်းတွင် ယုဖူကို ပြောဆို ညွှန်ပြနေလေသည်။ ယုဖူက ခေါင်းကို ငြိမ့်နေပြီး အသေးစိတ်အချက်အလက်များကို မှတ်မိစေရန် ကြိုးစားနေလေသည်။


ခလောက်ထားသော ဥအရည်များကို အိုးထဲထည့်လိုက်ချိန်တွင် မွှေးပျံ့လှသော ဥ၏ မွှေးရနံ့က လွှမ်းခြုံသွားလေသည်။ ထိုရနံ့က ဆန်၏ ရနံ့ပင် မယှဉ်နိုင်လောက်အောင် မွှေးပျံ့လှသောကြောင့် ယုဖူကို ဥထမင်းကြော်အတွင်း နစ်မြောသွားစေလေသည်။


ဆန်၏ မွှေးရနံ့နှင့် ဥ၏ ရနံ့တို့ ရောနှောပေါင်းစပ်နေသည့် သိပ်သည်းလှသော မွှေးရနံ့များက လူတစ်ယောက် ရှူရှိုက်လိုက်သည်နှင့် သူ၏ အစာအိမ်ကို နှိုးဆော်ခံလိုက်ရပြီး တံတွေးမျိုချမိပေလိမ့်မည်။


ပုဖန်က ဒယ်အိုးကိုကိုင်၍ ရပ်နေပြီး ကျွမ်းကျင်ပိုင်နိုင်စွာ လှုပ်ရှားနေလေသည်။ သူ၏ လှုပ်ရှားမှုများက အလွန်ကျွမ်းကျင်လှပြီး သဘာ၀ကျလှပေရာ ပန်းချီကားတစ်ချပ်နှင့်ပင် တူနေပေသည်။


ယုဖူက ထိုမြင်ကွင်းကို စိတ်၀င်စားစွာ ကြည့်ရှုနေလေသည်။


အသက်ရှုချိန် အနည်းငယ်အတွင်း ဥထမင်းကြော် ကြော်နေခြင်းက ပြီးဆုံးသွားပြီဖြစ်သည်။ ပုဖန်က ဖြူပြာရောင် ကြွေပန်းကန်လုံး တစ်လုံးကို ထုတ်ယူလိုက်ပြီး ဥထမင်းကြော်ကို လှယ်ထည့်လိုက်သည်။ အနည်းငယ် စီးကပ်နေသော ဥအနှစ်လေးများက ပုလဲရောင် ထမင်းစေ့လေးများကို ဖုံးအုပ်နေသောကြောင့် အပေါ်ယံအလွှာက တောက်ပနေလေသည်။ ထမင်းကြော်အတွင်းမှ အပူငွေ့လေးများ တစ်ငွေ့ငွေ့ ထွက်ပေါ်နေပြီး မွှေးပျံ့လှသော ရနံ့များ ထွက်ပေါ်နေလေသည်။


ယုဖူက သူမ၏ သေးငယ်လှသော ပန်းနုရောင် လျှာလေးနှင့် နီမြန်းနေသော နှုတ်ခမ်းသားလေးများကို လျက်လိုက်မိသည်။ သူမ၏ စိတ်ထဲတွင်လည်း အလွန်အံ့အားသင့်နေလေသည်။ သူမက ဥထမင်းကြော် ကြော်နေသည့် ပုဖန်ကို ပထမဆုံး ကြည့်နေဖူးသူ ဖြစ်နိုင်ပေသည်။ ထိုနည်းလမ်းနှင့် ချက်ပြုတ်လိုက်ပါလျှင် ဥထမင်းကြော်က ရောင်စဉ်တန်းများ ထုတ်လွှတ်နေသော ထမင်းကြော်အဖြစ် ပြောင်လဲသွားသည်ကို မြင်နေရလေသည်။


“အဆင့်တွေ အကုန်လုံးကို မှတ်မိလား… ငါ့ရဲ့ အလုပ်သင်တစ်ယောက် ဖြစ်လာဖို့ လိုအပ်ချက်တွေက မြင့်မားတယ်… လောလောဆယ်တော့ ဒီဥထမင်းကြော်ကို စားလိုက်… ဒါမှ မင်းအလုပ်လုပ်နိုင်လိမ့်မယ်…” ပုဖန်က သူ၏လက်မှ ရေစက်များကို သုတ်နေလိုက်ပြီး ယုဖူကို ပြောလိုက်သည်။


“ငါမင်းအတွက် ထမင်းကြော် သုံးပွဲစာ ပါ၀င်ပစ္စည်းတွေ ပြင်ထားလိုက်မယ်… မင်းစားပြီတာနဲပ အဲဒီပစ္စည်းတွေနဲ့ လေ့ကျင့်ချက်ပြုတ်ကြည့်… သုံးပွဲ ချက်ပြုတ်ပြီးရင်တော့ မင်းအနေနဲ့ တော်တော်လေး နားလည်လောက်ပြီလို့ ငါမျှော်လင့်တယ်…”


“နောင်တစ်ချိန်ကျရင် မင်းချက်ပြုတ်လိုက်တဲ့ ဥထမင်းကြော်ကို ဆိုင်ထဲမှာ သလင်းကျောက်တွေနဲ့ ရောင်းမယ်ဆိုတာကို သတိရပါ.. အချိန်တိုင်းမှလည်း မင်းရဲ့ ဥထမင်းကြော်က သလင်းကျောက်နဲ့ ရောင်းရလောက်အောင် ထိုက်တန်ရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ…”


ပုဖန်က ရေနွေးတစ်ခွက် မော့သောက်လိုက်ပြီး ယုဖူကို တစ်ချက်မျှ ကြည့်၍ မီးဖိုချောင်အတွင်းမှ ထွက်ခွာသွားလိုက်သည်။ မီးဖိုချောင်တံခါး၀ အနီးသို့ ရောက်သောအခါ လှည့်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။


“မင်းရဲ့အခန်းက ဒုတိယထပ်မှာ ရှိတဲ့ ဧည့်သည်အခန်းပဲ… မင်းလေ့ကျင့်ပြီးပြီဆိုရင် အဲဒီအခန်းကို သွားပြီး အနားယူနိုင်တယ်…”


ပုဖန်က ပြောလိုက်ပြီသည်နှင့် သူ၏ အခန်းသို့ သွား၍ အနားယူရန် ပြင်ဆင်လိုက်သည်။ သူ၏ သင်ကြားမှုက ရိုးရှင်းပြီး အကြမ်းထည်ဆန်လှသောကြောင့် မည်မျှ နားလည်နိုင်သည်က ယုဖူ၏ အပေါ်တွင် သာ မူတည်နေလေသည်။


မီးဖိုချောင်ထဲတွင် ကျန်ခဲ့သော ယုဖူက မွှေးရနံ့များနှင့် အငွေ့တထောင်းထောင်း ထနေသော ဥထမင်းကြော်ကို စိုက်ကြည့်နေလေသည်။ သူမ၏ မျက်၀န်းထဲတွင်လည်း စိတ်ပိုင်းဖြတ်ထားဟန်များ ပေါ်လွင်နေလေသည်။


ထို့နောက် သူမက ကြွေဇွန်းကို ယူလိုက်ပြီး ဥထမင်းကြော်ကို စတင်စားသောက်လိုက်သည်။ သူမက ထမင်းကြော်ကို သေသေချာချာ ဝါးနေပြီး ပုဖန်၏ ဥထမင်းကြော် အရသာကို လေ့လာနေလေသည်။