အပိုင်း ၂၄၂
Viewers 52k

အခန်း ၂၄၂ “ဒီတပည့်က….”


ပုဖန်၏ မျက်လုံးများ ပွင့်လာပြီး အိပ်ယာမှ ရုတ်တရက် ထထိုင်လိုက်သည်။ သူက တစ်ချက်မျှ သမ်းဝေလိုက်ပြီး ငိုက်မြည်းနေဆဲဖြစ်သော မျက်ဝန်းများကို ပွတ်သပ်လိုက်သည်။ 


ရေချိုးခန်းထဲတွင် မျက်နှာသစ် ဆေးကြောသန့်စင်ပြီးနောက် အပြင်သို့ ထွက်လာလိုက်သည်။ ဧည့်သည်အခန်းက ယခင်အတိုင်း စေ့စေ့ ပိတ်ထားဆဲပင် ဖြစ်သည်။ ပုဖန်က အောက်ထပ်သို့ ဆင်းလာပြီး မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်။ မီးဖိုချောင်ထဲတွင် သန့်ရှင်းသပ်ရပ်နေပြီး ဖုန်တစ်စက်ပင် တင်ကျန်နေခြင်း မရှိပေ။ ထိုကဲ့သို့ သန့်ရှင်းသပ်ရပ်နေမှုက ကြည့်လိုက်မိသူတိုင်းကို သက်တောင့်သက်သာ ခံစားရစေလေသည်။ 


ပုဖန်က ဝှိုက်တီ၏ ပြည့်ဖောင်းဖောင်း ဗိုက်ကို အသာအယာ ပုတ်လိုက်သည်။ ထို့နောက် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ ပုဖန်က ကြီးမားလေးလံသော ဓါးကို ယူလိုက်ပြီး နေ့စဉ်လေ့ကျင့်နေကျ ဖြစ်သော ဖြတ်တောက်ခြင်း နည်းပညာကို လေ့ကျင့်လိုက်သည်။ ထိုဓါးကြီးက သူ၏ လက်ထဲတွင် ပေါ့ပါးနေသယောင် ထင်ရလေသည်။


မီးဖိုချောင်အတွင်းမှ မွှေးကြိုင်သင်းပျံ့လှသော ၀က်နံရိုး ချိုချဉ်ကြော်ရနံ့များ ထွက်ပေါ်လာသည့် အချိန်တွင် ယုဖူက ဒုတိယထပ်မှ အလျင်အမြန် ဆင်းလာခဲ့သည်။ သူမက မီးဖိုချောင်ထဲသို့ ကြည့်လိုက်ရာ ချက်ပြုတ်ခြင်း နည်းစနစ်ကို လေ့ကျင့်နေသော ပုဖန်ကို တွေ့လိုက်ရလေသည်။ သူမ၏ မျက်နှာပေါ်ဆတွင် နှစ်လိုဖွယ် အမူအယာအချို့ပေါ်ထွက်လာပြီး ပုဖန်ဆီသို့ သွား၍ နှုတ်ဆက်လိုက်သည်။


“မင်္ဂလာ မနက်ခင်းပါ… ပိုင်ရှင်ပု…”


ပုဖန်က ခေါင်းတစ်ချက်သာ ငြမ့်ပြလိုက်ပြီး ချက်ပြုတ်နေသော ၀က်နံရိုးချိုချဉ်ကြော်တွင်သာ အာရုံစိုက်ထားလိုက်သည်။ 


ယုဖူက ချက်ပြုတ်နေသော ပုဖန်ကို စိတ်၀င်တစား ကြည့်နေလိုက်သည်။ ၀က်နံရိုးချိုချဉ်ကြော်မှ သင်းပျံ့လှသော မွှေးရနံ့များ ထုတ်လွှင့်နေသောကြောင့် သူမက သိချင်စိတ် အလွန်ပြင်းပြနေလေသည်။ 


ပုဖန်က ၀က်နံရိုးချိုချဉ်ကြော်ကို ကျွမ်းကျင်စွာ ချက်ပြုတ်နေစဉ်တွင် ယုဖူက ဘေးမှနေ၍ သေသေချာချာ လေ့လာနေလေသည်။ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ အလွန်ပင် သဟဇာတ ဖြစ်လှသည်။


ခဏကြာပြီးနောက် ပုဖန်က အိုးထဲမှ ၀က်နံရိုးချိုချဉ်ကြော်များကို ပန်းကန်ထဲသို့ လှယ်ထည့်လိုက်ပြီး ပန်းကန်ကို သယ်ဆောင်၍ မီးဖိုခန်းထဲမှ ထွက်လာလိုက်သည်။


“ဖြတ်တောက်ခြင်း နည်ပညာနဲ့ အသာလွှာထွင်းထုခြင်း နည်းပညာကို ဆက်ပြီးလေ့ကျင့်ထား… ပြီးရင် ငါမင်းရဲ့ ဥထမင်းကြော်ကို အကဲဖြတ်ပေးမယ်…”


ပုဖန်က ယုဖူကို ပြောလိုက်ပြီး ဆိုင်တံခါးဖွင့်လိုက်သည်။


“ဘလက်ကီ… စားချိန်ရောက်ပြီ….”


ပုဖန်က မွှေးကြိုင်သင်းပျံ့လှသော ဝက်နံရိုးချိုချဉ်ကြော်ကို ဘလက်ကီ၏ ရှေ့တွင် ချပေးလိုက်ပြီး နူးညံ့လှသော အမွှေးများကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ခုံတစ်ခုံပေါ်တွင် ခွေခေါက်၍ ထိုင်နေလိုက်သည်။ မနက်စောစောအချိန်တွင် တိုက်ခတ်လာသော နွေဦးလေပြေက အေးမြမှု အနည်းငယ်ကို သယ်ဆောင်လာလေသည်။ ထိုသို့ အေးမြမြ လေပြေလေးကြောင့် ပုဖန်က ပြန်၍ အိပ်ချင်စိတ်များ ပေါက်လာလေသည်။ 


မီးဖိုချောင်ထဲတွင် ယုဖူက သူမရွေးချယ်ထားသော ဓါးကို ကိုင်လိုက်ပြီး သူမအတွက် ပုဖန်ပြင်ပေးထားသော ပါ၀င်ပစ္စည်းများကို စတင်ဖြတ်တောက်လိုက်သည်။ ကြီးမားလှသော ဇလုံထဲတွင် ပစ္စည်းအများအပြား ရှိနေလေသည်။ ယုဖူက သူမ၏ ဓါးကိုင်လေ့ကျင့်သည်ကို အာရုံစိုက်ထားလိုက်သည်။ ပုဖန်ကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ပင် ပုံမှန်လေ့ကျင့်နေသောကြောင့် သူမက ကိုယ့်အသိစိတ်နှင့်ကိုယ် လေ့ကျင့်ရန် လိုအပ်ပေသည်။


အချိန်များ ကုန်ဆုံးသွားပြီးနောက် ဆိုင်ငယ်လေးထဲတွင် စည်ကားသိုက်မြိုက်လာပြီး ဆူညံသံများ ထွက်ပေါ်လာလေသည်။ ထိုသူတို့က ပုဖန်ကို သူတို့စားသောက်လိုသည့် ဟင်းပွဲများကို ပြောနေလေသည်။ 


ဇလုံထဲမှ ပါ၀င်ပစ္စည်းများက တစ်၀က်သာ လျော့သေးသော်လည်း ယုဖူ၏ လက်ကောက်၀တ်က နာကျင်နေပြီဖြစ်သည်။ သူမ၏ အမူအယာကလည်း အနည်းငယ် ထိတ်ထိတ်ပြာပြာ ဖြစ်နေလေသည်။ 


မီးဖိုချောင်ထဲသို့ ပုဖန်၀င်ရောက်လာပြီးနောက် ပြာတိပြာယာ ဖြစ်နေသော ယုဖူကို ကြည့်၍ မေးလိုက်လေသည်။


“ဘာတွေ ဖြစ်နေတာလဲ… စားဖိုမှုးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်လို့ ငါမပြောခဲ့ဘူးလား… ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမှ စွမ်းရည်တွေ တိုးတက်လာနိုင်မယ်လို့ ငါပြောခဲ့တယ်လေ…”


“ငါ… ငါ ပါ၀င်ပစ္စည်းတွေကို ဖြတ်တောက်လို့ မပြီးသေးဘူး…” ယုဖူ၏ မျက်နှာက နီရဲနေပြီး ရှက်ရွံ့စွာနှင့် ပြောလိုက်သည်။


ပုဖန်က တစ်၀က်မျှသာ လျော့သေးသော ဇလုံကိုလှမ်းကြည့်လိုက်ပြီးနောက် နှုတ်ခမ်း တွန့်ရုံမျှ ပြုံးလိုက်သည်။ ထို့နောက် ယုဖူ၏ ခေါင်းကို ခပ်သာသာ တစ်ချက် ပုတ်လိုက်ပြီး ပြောလိုက်သည်။


“အဲဒီပစ္စည်းတွေ အကုန်လုံးကို ဖြတ်တောက်ထားရမယ်လို့ ငါမပြောခဲ့ပါဘူး… ဒါက လေ့ကျင့်တာ သပ်သပ် ပဲလေ… ကောင်းပြီ… ဒီနေ့အတွက် ဖြတ်တောက်ခြင်း နည်းပညာ လေ့ကျင့်နေတာကို ရပ်လိုက်တော့… အခု ငါမြည်းကြည့်ဖို့အတွက် ဥထမင်းကြော်တစ်ပွဲ ပြင်ပေး…”


ယုဖူက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ တာ၀န်မပြီးမြောက်မှုကြောင့် ပုဖန်က အပြင်းအထန် ဆူလိမ့်မည်ဟု သူမက တွေးခဲ့ခြင်း ဖြစ်သည်။ 


မီးဖိုချောင်ခုံအကြီး၏ဘေးတွင် မီးဖိုခုံ အသေးတစ်ခု ရှိနေလေသည်။ ပုဖန်က သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ထိုခုံ အသေးလေးကို ကြည့်လိုက်သည်။ 


“ဒီခုံက ဘယ်အချိန်က ရောက်လာတာလဲ… အင်း စနစ်က ပြင်ဆင်ပေးထားတယ်ဆိုတာတော့ သံသယရှိစရာကို မလိုဘူး…”


“သွား… အဲဒီမီးဖိုခုံမှာ ဥထမင်းကြော်ကို ပြင်ဆင်ချက်ပြုတ်လိုက်… နောက်ကျရင် မင်းက အဲဒီ မီးဖိုခုံကိုပဲ သုံးရလိမ့်မယ်…” ပုဖန်က မီးဖိုခုံ အသေးလေးကို ညွှန်ပြပြီး ယုဖူကို ပြောလိုက်သည်။


ယုဖူက မီးဖိုခုံ အသေးလေးကို ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် အလွန်အံ့အားသင့်နေလေသည်။


“ဒီ… ဒီခုံက မနေ့က မရှိပါဘူး… ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ပေါ်လာတာလဲ…”


သို့သော် အချို့သော ကိစ္စရပ်များတွင် သူမအတွက် အဖြေမရှိသည်ကို သူမက ကောင်းကောင်းနားလည်နေလေသည်။ ထို့ကြောင့် လိုအပ်သည့် ပါ၀င်ပစ္စည်းများကို ထုတ်ယူလိုက်ပြီး ဥထမင်းကြော် ချက်ပြုတ်ပြင်ဆင်ရန် စတင်လိုက်သည်။ 


ပုဖန်က စားသုံးသူများ မှာယူသည့် ဟင်းပွဲများကို ချက်ပြုတ်ရင်း အလုပ်များနေပြီဖြစ်သည်။ သူ၏ဓါးက လျှင်မြန်လှသည့် အမြန်နှုန်းနှင့် တုန်ခါနေပြီး ပါ၀င်ပစ္စည်းများကို ဖြတ်တောက်နေလေသည်။ သူ၏ လှုပ်ရှားမှုတိုင်းက အလွန်အမင်း မြန်ဆန်လှသောကြောင့် မြင်ကွင်းထဲတွင် မှုန်ဝါးဝါး အရိပ်များသာ တွေ့နေရလေသည်။


အခြားတစ်ဖက်တွင် ယုဖူကမှင်သက်ကြောင်အနေလေသည်။


“ပိုင်ရှင်ပုရဲ့ ဓါးကိုင်ပညာက ကြောက်ဖို့ကောင်းလိုက်တာ…”


ပုဖန်က မွှေးပျံ့ကြိုင်လှိုင်လှသော ဟင်းပွဲများကို ပြတင်းပေါက်ဘောင်ပေါ် တင်လိုက်သည်နှင့် ပြုံးချိုနေသော ကွမ်းရှောင်ယီက လာရောက်သယ်ဆောင်သွားလေသည်။


“ပိုင်ရှင်ပု.. ဥထမင်းကြော် မြည်းကြည့်လို့ရပါပြီ…” ယုဖူက ပုဖန် အားလပ်သွားသည့် အချိန်တွင် ပျော်ရွှင်စွာနှင့် ပြောလိုက်သည်။


ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုချောင်ထဲမှ ထွက်လာလိုက်သည်။ ဆိုင်ထဲမှ စားသုံးသူများက ပုဖန်က ဝိုင်း၍ နှုတ်ဆက်နေကြသောကြောင့် ပုဖန်က ခေါင်းငြိမ့်ပြလိုက်လေသည်။ ထို့နောက် ယုဖူ၏ ဥထမင်းကြော်ကို တင်ထားသော စားပွဲတွင် ခုံတစ်လုံးကို ဆွဲယူ၍ ထိုင်လိုက်လေသည်။


ယုဖူ၏ ဥထမင်းကြော်မှ မွှေးကြိုင်သင်းပျံ့သော ရနံ့လေးများ ထုတ်လွှင့်နေလေသည်။ စမ်းသပ်စစ်ဆေးစဉ်က ချက်ပြုတ်လာခဲ့သော ဥထမင်းကြော်နှင့် နှိုင်းယှဉ်လိုက်ပါက ယခုထမင်းကြော်က ပို၍ ကောင်းမွန်လာပြီဖြစ်သည်။ ထိုအချင်းအရာက ဆိုင်မှ ထောက်ပံ့ထားသော ပါ၀င်ပစ္စည်းများကြောင့်လည်း ဖြစ်နိုင်သေးသည်။ 


ပုဖန်က ထမင်းကြော်ကို ဇွန်းနှင့် ခပ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ မွှေးကြိုင်လှသော ရနံ့များက ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာလေသည်။ မွှေးပျံ့လှသော ဥ၏ ရနံ့နှင့် ထမင်း၏ ချိုမြသော အရသာတို့ ပေါင်းစပ်သွားပြီး ပုဖန် အရသာခံ အာရုံကြောများကို လွှမ်းခြုံသွားလေသည်။ ပုဖန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။


“အပူထိန်းချုပ်မှုက မကောင်းသေးဘူး… အစစ်အမှန် စွမ်းအင် တွေကို ထိန်းချုပ်နိုင်ဖို့တော့ အဝေးကြီးလိုသေးတယ်… အရသာက တော်တော်လေး ကောင်းတယ်ဆိုပေမယ်… ဒါက ပါ၀င်ပစ္စည်းတွေ ကြောင့်ပဲ… ချက်ပြုတ်တဲ့နေရာမှာ စိတ်နှစ်ထားမှ ပြောင်းလဲမှ အဆင့်တိုင်းကို မင်းအနေနဲ့ အာရုံခစားမိလာလိမ့်မယ်…”


ယုဖူက ပုဖန်၏ စကားများကို စိတ်အားထက်သန်စွာနှင့် နားထောင်နေပြီး ခေါင်းငြိမ့်လိုက်သည်။


…….


အချိန်များက လျှင်မြန်စွာ ကုန်ဆုံးသွားပြီး ပုဖန်ဆီတွင် ယုဖူက အချက်အပြုတ်ပညာ သင်ယူနေသည်မှာ ကြာမြင့်လာပြီဖြစ်သည်။ သူမက ကြိမ်ဖန်များစွာ လေ့ကျင့်ပြီးနောက် သူမချက်ပြုတ်ထားသည့် ဟင်းပွဲများ၏ အရသာက ပုဖန် ချက်ပြုတ်ထားသည်နှင့် တူညီလာလေသည်။ ထိုဟင်းပွဲများထဲတွင် သူမအကျွမ်းကျင်ဆုံးက ဥထမင်းကြော်ပင် ဖြစ်သည်။ ထိုဟင်းပွဲက သူမပထမဆုံး သင်ယူခဲ့သည့် ဟင်းပွဲပင် ဖြစ်သည်။ 


ပုဖန်က ၀က်နံရိုးချိုချဉ်ကြော်နှင့် အနီရောင်အသားနှပ် ချက်ပြုတ်နည်များကိုလည်း သင်ပေးခဲ့လေသည်။ ၀က်နံရိုးချိုချဉ်ကြော်ကို ချက်ပြုတ်ရသည်က အလွန်ပင် ခက်ခဲလှပေသည်။ သူမက ကြိမ်ဖန်များစွာ ချက်ပြုတ်ခဲ့သော်လည်း ပုဖန်၏ သတ်မှတ်ချက်နှင့် မကိုင်ညီနိုင်သေးပေ အကြိမ်တိုင်းတွင် ပုဖန်၏ ပြစ်ပြစ် နှစ်နှစ် ဝေဖန်မှုများကို ခံနေရလေသည်။ 


ပုဖန်၏ အကဲဖြတ်ပုံကို သူမက မမြင်ခဲ့ဖူးပေ။ သူက ဟင်းပွဲထဲမှ ချို့ယွင်းချက်များကို အမြဲလိုလို ရှာဖွေတွေ့ရှိနိုင်ပြီး သူမဟင်းပွဲက တန်ဖိုးမရှိဟုပင် ထင်မြင်လာအောင် ပြောနိုင်လေသည်။


ပုဖန်က ဆိုင်အ၀င်၀ရှိ ထိုင်ခုံတစ်ခုံပေါ်တွင် ထိုင်နေပြီး ကောင်းကင်ထက်မှ မျောလွင့်နေသော တိမ်များကို ကြည့်နေလေသည်။ 


ယုဖူက ဟင်းပွဲတစ်ပွဲကို သယ်ဆောင်၍ ထွက်လာပြီး စားသုံးသူ၏ ရှေ့တွင် ချပေးလိုက်ကာ အပြုံးလေးနှင့် ပြောဆိုလိုက်သည်။


“ဒီမှာ မင်းရဲ့ ဥထမင်းကြော်… ကောင်းကောင်းသုံးဆောင်ပါ…”


ထိုစားသုံးသူက ပုံမှန်ဖောက်သည်တစ်ယောက် ဖြစ်သည်။ ပုဖန်က ယုဖူ၏ ဥထမင်းကြော်ကို စားသုံးသူမျာံး အကဲဖြတ်စေခဲ့သည်။ ထိုသူက အကဲဖြတ်ခဲ့သူများထဲမှ တစ်ယောက်ပင် ဖြစ်သည်။ ထိုအချိန်တုန်းက ယုဖူ၏ ဥထမင်းကြော်ကို စားသောက်ပြီး ထိုက်သင့်သည့် သလင်းကျောက်ကိုသာ ပေးချေရန် ပြောဆိုခဲ့သည်။


ထိုထမင်းကြော်၏ အရသာက ပုဖန်ကြော်ထားသည့် ထမင်းကြော်ထက် အနည်းငယ်မျှသာ ကွားခြားသောကြောင့် စားသုံးသူများက သလင်းကျောက်များကို ကျေကျေနပ်နပ် ပေးကြလေသည်။ ထိုအချိန်တွင် ယုဖူက အလွန်ပျော်ရွှင်ခဲ့လေသည်။ သူမ၏ ပြင်းပြင်ထန်ထန် လေ့ကျင့်မှုများ နောက်တွင် ပထမဆုံး ရရှိခဲ့သည့် သလင်းကျောက်ပင် ဖြစ်သည်။


“အခုဆို့ရင် လ၀က်တောင် ရှိသွားပြီ… အခုချိန်ထိ အလုပ်သင်စားဖိုမှုးတစ်ယောက် လိုနေတုန်းပဲ…” ပုဖန်က ကုလားထိုင်ပေါ်တွင် ခပ်လျောလျောထိုင်၍ လေပြေလေညှင်းများကို ခံစားနေရာမှ ရေရွတ်လိုက်သည်။


“ကျန်နေတဲ့ အလုပ်သင် စားဖိုမှုးနေရာကို ဘယ်သူ့ကို ရွေးရမလဲ… ဥအနှစ်မုန့် လုပ်တတ်တဲ့ ကျွင်းအာလား…”


ပုဖန်က လ၀က်အချိန်အတွင်းတွင် လောဆန်းနင်အား မေးမြန်းခဲ့သည်။ လော့ဆန်းနင်က ကျွင်းအာ၏ စိတ်အခြေအနေကို ပြန်လည်ရှင်းပြခဲ့သည်။ ကျွင်းအာက ဥအနှစ်မုန့် လုပ်ခြင်းကိုသာ စိတ်၀င်စားပြီး ပုဖန်၏ အခြားဟင်းပွဲများကို သင်ယူရန် စိတ်မ၀င်စားပေ။ ထို့ကြောင့် ပုဖန်ပင် အံ့အားသင့်ခဲ့ရသည်။ 


လွန်ခဲ့သော ရက်အနည်းငယ်က ပုဖန်ကို နှုတ်ဆက်ရန် နီယန်က ဆိုင်သို့ လာခဲ့လေသည်။ နီယန်က သူ့အတွက် သင့်တော်သည့် လူတစ်ယောက်ဟု ထင်မြင်မိသောကြောင့် ပုဖန်က အလုပ်သင်ခန့်မည့်အကြောင်း ပြောပြရန် ကြိုးစားခဲ့သည်။ သို့သော် သူမက အလျင်လိုနေသောကြောင့် ပုဖန် အဆိုပြုချက်ကို စိတ်၀င်စားနေသော်လည်း အခြားအရေးကြီးသည့် တစ်ခုခု လုပ်ရန် ရှိနေပုံ ရလေသည်။


ထို့နောက် သူမက စိတ်မကောင်းစွာနှင့် ယစ်ထုတ်အိုကြီးနှင့် အတူထွက်ခွာသွားလေသည်။ ပုဖန် ရွေးချယ်ထားသော လူအနည်းငယ်က အကုန်နီးပါး ထွက်ခွာသွားကြပြီး စနစ်ပေးထားသည့် ရက်က နီးကပ်လာသောကြောင့် သူက အနည်းငယ် ထိတ်ထိတ်ပြာပြာ ဖြစ်နေလေသည်။ 


ပုဖန်က သမ်းဝေလိုက်ပြီး ခုံမှထကာ အကြောဆန့်လိုက်သည်။ ထိုအချိန်တွင် လမ်းကြားလေးဆီမှ ကြည်လင်ပြတ်သားသော ခြေသံတချို့ ထွက်ပေါ်လာပြီး ရင်းနှီနေသော ပုံရိပ်နှစ်ခုက ဆိုင်ငယ်လေး အတွင်းသို့ ၀င်ရောက်လာလေသည်။ 


“ပိုင်ရှင်ပု… နောက်ဆုံးတော့ ငါမင်းရဲ့ ဟင်းပွဲတွေကို နောက်တစ်ခေါက် ထပ်စားခွင့်ရပြီပေါ့….”


ပုဖန်က ဆိုင်ထဲသို့ ရောက်လာသော ထိုပုံရိပ်၏ စကားကို ကြားလိုက်ရသည်။ ထိုသူက ချောမောလှပသည့် ကောင်လေး ရှောင်ရှောင်လုံပင် ဖြစ်သည်။။ ထိုလူငယ်လေးက ပို၍ အရပ်ရှည်လာပြီး သူ၏ အသွင်အပြင်က ပို၍ ချောမောနေကာ ပို၍ မိန်းမလျှာ ဆန်နေလေသည်။ ရှောင်ယန်ယုက သူမ၏ ထုံးစံအတိုင်း မျက်နှာကာကို ၀တ်ဆင်ထားပြီး သိမ်မွေ့နူးညံ့လှသော အမူအယာနှင့် နေရာတစ်ခုရှာ၍ ထိုင်နေလိုက်သည်။


ကွမ်းရှောင်ယီက ရှောင်ယန်ယုကို မြင်လိုက်သည်နှင့် ပျော်ရွှင်သွားပြီး ချက်ချင်းပင် ပြေးလာလေသည်။ 


ပုဖန်က ထိုသူနှစ်ယောက်ကိုမြင်လိုက်သည်နှင့် သူ၏ မျက်၀န်းများ တောက်ပလာလေသည်။


“ရှောင်ရှောင်လုံနဲ့ ရှောင်ယန်ယု… ဟုတ်တာပေါ့… ငါဘယ်လိုဖြစ်လို့ သူတို့နှစ်ယောက်ကို မေ့နေတာလဲ…”


“ပိုင်ရှင်ပု… ငါတို့အဖေက ငါတို့ကို လွန်ခဲ့တဲ့ လအနည်းငယ်က တောင်ဘက်မြို့တော်ကို ပို့ထားခဲ့တာလေ… အဲဒါကြောင့် ငါတို့က ပိုင်ရှင်ပုရဲ့ အရသာရှိတဲ့ ဟင်းပွဲတွေကို မစားနိုင်ခဲ့ဘူး… ဒါက တော်တော်လေး နာကျင်စရာ ကောင်းတယ်… ဒါပေမယ့်… ငါတို့ ပြန်ရောက်လာပြီဆိုတော့ အရသာရှိတဲ့ အစားအစာတွေ သေချာပေါက် စားရတော့မှာပေါ့…”


ရှောင်ရှောင်လုံက နှုတ်ခမ်းသပ်လိုက်ပြီး စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။


တောင်ပိုင်မြို့တော်က လေအလင်းအင်ပါယာ၏ တောင်ဘက်တွင် ရှိသော ကြီးမားလှသည့် မြို့ကြီး တစ်မြို့ ဖြစ်ပြီး အင်ပါယာ မြို့တော်ကဲ့သို့ပင် ကြီးကျယ်ခန်းနားလှသည်။ 


ပုဖန်က ရှောင်ရှောင်လုံ့ကို ဂရုမစိုက်ပဲ ရှောင်ယန်ယုကို ကြည့်၍ အချက်အပြုတ် ပညာ သင်ယူ၍ အလုပ်သင် ဖြစ်လာရန် စိတ်၀င်စားခြင်း ရှိမရှိ မေးမြန်းလိုက်သည်။ 


ရှောင်မောင်နှမက ပုဖန်ကို ကြောင်အစွာ စိုက်ကြည့်နေလေသည်။ 


“ငါတို့ အင်ပါယာမြို့တော်က ထွက်သွားပြီးတော့ ဘာတွေ ဖြစ်ခဲ့တာလဲ… ပိုင်ရှင်ပုက အလုပ်သင်တွေ လက်ခံနေတာလား…”


“ဒီကမ်းလှမ်းချက်က အရမ်းပဲ စိတ်၀င်စားဖို့ကောင်းတယ်.. ဒါပေမယ့် နှမျောဖို့ကောင်းတာက နောက်ရက်အနည်းငယ်ဆိုရင် ငါက တောင်ပိုင်းမြို့တော်ကို ပြန်သွားရမယ်… ငါ့မှာ ပိုင်ရှင်ပုဆီက အချက်အပြုတ် ပညာကို သင်ယူဖို့ အခွင့်အရေး ရှိမယ်မထင်ဘူး…”


ရှောင်ယန်ယုက အလွန်စိတ်မကောင်း ဖြစ်နေလေသည်။ သူမက ပုဖန်ထံမှ အချက်အပြုတ် ပညာကို သင်ယူရန် တောင်ပိုင်းမြို့တော်သို့ မသွားရန်ပင် တွေးလိုက်မိသည်။ သို့သော် တောင်ပိုင်းမြို့တော်တွင် သူမအတွက် လုပ်ဆောင်စရာ ကိစ္စကြီး တစ်ခု ရှိနေသောကြောင့် သွားရမည်သာ ဖြစ်သည်။


ပုဖန်က မျက်မှောင်ကြုံ့လိုက်မိသည်။ 


“ရှောင်ယန်ယုကလည်း မအားဘူးလား…”


ပုဖန်ကို မျက်လုံးပြူးနှင့် စိုက်ကြည့်နေသော ရှောင်ရှောင်လုံ၏ မျက်နှာက မကျေမနပ် အမူအယာသို့ ရုတ်တရက် ပြောင်းလဲသွားလေသည်။ 


“ပိုင်ရှင်ပု…မင်းက ငါ့အမကိုတော့ မေးပြီး… ငါ့ကို ဘာလို့ မမေးတာလဲ… ငါရော အချက်အပြုတ် ပညာကိုသင်ဖို့ စိတ်၀င်စားလားဆိုတာကို မင်းမသိချင်ဘူးလား….” ရှောင်ရှောင်လုံက ဒေါသတကြီး ပြောဆိုလိုက်သည်။ သူကို့ ပုဖန်က လျစ်လျုရှုထားသည်ဟု ခံစားနေရလေသည်။


ပုဖန်က အနည်းငယ် အံ့အားသင့်သွားပြီး ရှောင်ရှောင်လုံ့ကို သေသေချာချာ ကြည့်လိုက်သည်။


“စနစ်… ရှောင်ရှောင်လုံရဲ့ အချက်အပြုတ် ပါရမီကရော… ဘယ်လိုလဲ…”


“စနစ်ရဲ့ အကဲဖြတ်မှုအရတော့ ရှောင်ရှောင်လုံရဲ့ ပါရမီက ပြည့်စုံပါတယ်.. တကယ်လို့ သင်ကသာ သူ့ကို ဥထမင်းကြော် ချက်ပြုတ်နည်း သင်ပေးမယ်ဆိုရင် သူက တစ်ရက်ခွဲလောက်ပဲ သင်ယူရပါလိမ့်မယ်...”


ပုဖန်က ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။


“ဒီအစားပုပ်… ဒီအစားပုပ်က ကောင်းမွန်တဲ့ ပါရမီ ရှိနေတာပဲ…. စနစ်… ဒါက ဖြစ်နိုင်ပါ့မလား… တစ်ယောက်ယောက်နဲ့များ မှားတာလား… သူက ရှောင်ရှောင်လုံနော်… ရှောင်ယန်ယု မဟုတ်ဘူး….”